(က)-နိုင်ငံတော်မှ ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်း ပြည်ပသို့ တရားဝင်တင်ပို့ခွင့်ပြုခဲ့သဖြင့် ကောင်းကျိုး ဆိုးကျိုးများ ရှိလာနိုင်ပါ၍ နိုင်ငံတော်မှ မည်သို့ စီမံဆောင်ရွက်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၂၈) ရက်မြောက်နေ့ (၁၆.၈.၂၀၁၂)

 

၁၉၉၀ ဝန်းကျင်မှစ၍ မြန်မာနိုင်ငံကို ပြည်သူများစားသုံးရန်အတွက် စားအုန်းဆီကို တင်သွင်းခဲ့ပါတယ်။ တစ်လကို တန် ၅၀၀၀ မှစ၍ တဖြည်းဖြည်း တန် ၁၀၀၀၀၊ ထို့နောက် ၂၀၀၀၀၊ ထို့နောက် ၃၀၀၀၀ အထိ တင်သွင်းလာတာကို တွေ့ရပါတယ်။ ၁၉၉၀ မှ ၂၀၀၉-၂၀၁၀ အချိန်အထိ အခြေအနေကို အကျဉ်းမျှတင်ပြလိုပါတယ်။ စားအုန်းဆီဟာ ပြည်တွင်းတွင် စိုက်ပျိုးထုတ်လုပ်တဲ့ မြေပဲဆီ၊ နှမ်းဆီတို့ထက် ဈေးနှုန်းများစွာလျော့နည်းပါတယ်။ တစ်ပိသာကို ၁၀၀၀ နှင့် ၁၅၀၀ ထိအောင် လျော့နည်းတာ ကိုတွေ့ရပါတယ်။ စားအုန်းဆီ အဝင်များလာသည်နှင့်အမျှ ဆီထွက်သီးနှံ စိုက်ပျိုးတဲ့ တောင်သူများရဲ့ သီးနှံဈေးဟာကျပြီးတော့ အကျိုးအမြတ်မရှိတဲ့ အခြေအနေကို ရောက်ခဲ့ ပါတယ်။ ထိုအနှစ် ၂၀ ခန့်အတွင်း မြေပဲစိုက်ပျိုးတဲ့ဒေသများဟာ စိုက်ပျိုးမှုလျှော့ချခဲ့ရပါတယ်။ တစ်ပြည်လုံးမှာရှိတဲ့ မြေပဲစိုက်ပျိုးမှုအနေနဲ့ ၇၀၊ ၇၅ ရာခိုင်နှုန်းအထိ လျော့သွားနိုင်တယ်လို့ မှန်းဆ ကြပါတယ်။ ၎င်းအချိန်ကာလက မြေပဲကို ပြည်ပသို့ လုံးဝတင်ပို့ရောင်းချခြင်းမပြုခဲ့ပါဘူး။ ထို့နောက် ပြည်ပမှာ ဈေးကောင်းရနေတဲ့အချိန် နှမ်းမှာ နှမ်းအမဲရောင်နှင့် နှမ်းအဖြူရောင်တို့ကို တင်ပို့ရောင်းချ ခွင့်ပြုခဲ့ပါတယ်။ ကျန်နှမ်းအရောင်များဖြစ်တဲ့ အနီတို့၊ အညိုတို့၊ အဝါတို့၊ အကျားတို့ကိုတော့ ပြည်တွင်းမှာ ဆီကြိတ်စားသုံးရန်အတွက် ပြည်ပကို တင်ပို့ရောင်းချခွင့်မပြုခဲ့ပါဘူး။ ဒါကြောင့်မို့ ပြည်ပကို တင်ပို့ခွင့်မရတဲ့ မြေပဲနှင့် နှမ်းတို့ဟာ ဈေးကောင်းမရဘဲ တောင်သူများဟာ အရှုံးနှင့် ရင်ဆိုင်ခဲ့ကြ၍ စိုက်ဧက အထူးလျော့သွားတာတွေ့ရှိရပါတယ်။ သို့သော်လည်း ပြည်ပပို့ခွင့်ရတဲ့ နှမ်းအမဲနှင့် နှမ်းအဖြူတို့က ဈေးကောင်းရတဲ့အတွက် စိုက်ဧက တိုးလာတာကို တွေ့ရပါတယ်။ ထူးထူးခြားခြားကတော့ ဒီမြေပဲစိုက်ပျိုးမှုဧကများ သိသာထင်ရှားစွာ လျော့ကျသွားတာကို တွေ့ရ ပါတယ်။ ၂၀၁၁-၂၀၁၂ ဒီမိုကရေစီနိုင်ငံတော် စတင်ထူထောင်သည့်အချိန်မှစပြီးတော့ မြေပဲနှင့် နှမ်းအနီတို့၊ အညိုတို့၊ အဝါတို့၊ အကျားတို့ စိုက်ဧကတိုးလာဖို့ရန် ရည်ရွယ်ပြီးတော့ ပြည်ထောင်စု အစိုးရကနေပြီးတော့ ပြည်ပကို တင်ပို့ရောင်းချခွင့်ပြုခဲ့ပါတယ်။ ၎င်းကဲ့သို့ စတြင်ပီးတော့ပြည်ပကို တင်ပို့ရောင်းချခွင့်ရသည့်အချိန်မှစပြီးတော့ မြေပဲတို့၊ နှမ်းတို့ ဈေးများဟာ တစ်ရိပ်ရိပ်တက်ခဲ့တာ တွေ့ရှိရပါတယ်။ မကြုံစဖူးအတက်ထူးလာတာကိုလည်း တွေ့ရပါတယ်။ ပြည်ပဝယ်လက်များက လည်း ရသလောက်ဝယ်၍ ဝယ်ရသလောက် ပြည်ပသို့တင်ပို့ခဲ့တာကို တွေ့ရပါတယ်။ တရုတ် နယ်စပ်မှတစ်ဆင့် တရုတ်ပြည်တွင်းသို့ တင်ပို့ရောင်းချမှုဟာ ပို၍များခဲ့တာကို တွေ့ရှိရပါတယ်။ မြေပဲဆံကုန်ကြမ်းဈေးဟာ ယခုနှစ်များအတွင်းမှာ ယခင်ကာလများထက် ၆၀ ရာခိုင်နှုန်းခန့် လည်းကောင်း၊ ဆီကြိတ်နှမ်းများဟာ ၄၀ ရာခိုင်နှုန်းခန့်လည်းကောင်း ဈေးနှုန်းများ တက်လာတာကို တွေ့ရှိရပါတယ်။ ဥပမာအားဖြင့် ဆီကြိတ်မြေပဲဆံ တစ်ပိသာ ၂၆၀၀၊ နှမ်းညို သုံးတင်းတစ်အိတ် ၈၂၀၀၀ အထိ ဈေးများဖြစ်ခဲ့ပြီး စိုက်ပျိုးတဲ့တောင်သူများကတော့ မကြုံဖူးတဲ့ဈေးကို ဈေးကောင်းရခဲ့ ကြပါတယ်။ အထက်ပါအခြေအနေ အရပ်ရပ်များကြောင်‌့ ကောင်းကျိုးများရခဲ့သလို ဆိုးကျိုးများ ကိုလည်း ဖြစ်စေခဲ့ပါတယ်။ ရရှိတဲ့ကောင်းကျိုးများကတော့ ဆီထွက်သီးနှံဈေးများ ဈေးကောင်းရခဲ့တဲ့ အတွက် ယခင်စိုက်ဧကများ လျော့ကျနေတာကို နောက်နှစ် နောက်နှစ်များမှာ တောင်သူများမှာ ပိုမိုစိုက်ပျိုးပြီးတော့ စိုက်ဧကတိုးလာဖို့ဟာ သေချာသလောက် ဖြစ်နေပါတယ်။ နောက်ဆိုးကျိုးတွေ ကတော့ ပြည်ပကို ဆီထွက်သီးနှံ ကုန်ကြမ်းများ ထွက်ရှိသွားတဲ့အတွက် ပြည်တွင်းမှာ စားသုံးဆီ ထုတ်လုပ်မှုကျဆင်းသွားပါတယ်။ ဒါကြောင့်မို့လိုအပ်တဲ့ စားသုံးဆီကို ွပည်ပမှပိုမိုမှာယူရမှာ ဖြစ်တဲ့အတွက် ွပည်ပသုံးငွေကို ပိုမိုသုံးစွဲရမှာွဖြစ်ပီး နိုင်ငံအတွက် နစ်နာမှုကိုဖြစ်စေပါတယ်။ ပြည်ပမှ ပြန်လည်တင်သွင်းတဲ့ စားအုန်းဆီဟာလည်းပဲ ပြည်ဝဆီအမျိုးအစား ွဖစ်တဲ့အတွက် ွပည်သူများ ကြာရှည်စွာ စားသုံးက သွေးတိုး၊ ဆီးချို၊ နှလုံး၊ အသည်းအဆီဖုံး၊ ကျောက်ကပ်ရောဂါများကို ရစေပါ တယ်။ ယခုတင်သွင်းနေတဲ့ အဆင့်မြင့် Cloud Point 8 စားအုန်းဆီသည်ပင်လျှင် ကြာရှည်စွာစားသုံး ပါက အထက်ပါရောဂါများကို ရစေသည်လို့ သမားတော်များမှ သုံးသပ်တာကို တွေ့ရှိရပါတယ်။ အထက်ပါ ရောဂါများကိုရ၍စားသုံးသူများဟာ ဆေးဖိုးဝါးခများ အပိုကုန်ကျစေပါတယ်။ ထို့အပြင် အချိန်မတိုင်မီ လုပ်အားများလျော့၍ လူသားအရင်းအမြစ်ကို ဆုံးရှုံးစေပါတယ်။ ထို့အပြင် ဆီစက်လုပ်ငန်းများဟာ ယခုအချိန်မှာ ကုန်ကြမ်းရှားပါးမှုကြောင့် ၇၀ ရာခိုင်နှုန်းခန့် ရပ်သွားရပါတယ်။ ထို့ကြောင့် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများ တိုးတက်စေရမည်ဆိုတဲ့ နိုင်ငံတော်၏ မူဝါဒကလည်း အရာမရောြက်ဖစ်ခဲ့ရပြီး၊ လုပ်သားများ၏ အလုပ်အကိုင်အခွင့်အလမ်းများလည်း လျော့နည်းသွားစေပါတယ်။ ဆီစက်များ ရပ်ဆိုင်းသွားတဲ့အတွက်ကြောင့် တိရစ္ဆာန်အစားအစာနှင့် ကြိတ်ဖတ်များ ရှားပါးပြတ်လတ်မှုကို ွဖစ်စေပါတယ်။ ဥပမာအားဖြင့် လွန်ခဲ့သော ၅ နှစ်၊ ၁၀ နှစ်ခန့်က ဈေးနှင့်နှိုင်းယှဉ်ပါက ကြိတ်ဖြတ်ဖစ်တဲ့ ပဲဖတ်တို့ နှမ်းဖတ်တို့ဟာ ၂ ဆ နီးပါးတက်လာတာကို တွေ့ရှိရပါတယ်။ တစ်ချိန်မှာ ဝယ်ရန်ခက်ခဲတဲ့ အ‌ွခေအနေကိုရောက်သွားွပီး မှေးမြူ‌ရေးနှင့် ရေလုပ်ငန်းများ လျော့ပါးရပ်ဆိုင်းသွားခြင်းကို ဖြစ်စေနိုင်ပါတယ်။ အများွပည်သူများ အားပြုစားသုံး နေကြတဲ့ သားငါးပုစွန်ဈေးများ တက်သွားနိုင်ပါတယ်။ ထို့အပြင် သားငါးပုစွန်မှရတဲ့ နိုင်ငံခြား ဝင်ငွေလည်း လျော့ပါးသွားနိုင်ပါတယ်။ သားငါးမွေးမြူရေးလုပ်ငန်းများ လျော့ကျရပ်ဆိုင်းသွားပါက ွပည်တွင်းလုပ်သားများ၏ အလုပ်အကိုင် အခွင့်အရေးများလည်း ထပ်မံ၍လျော့ပါးသွားနိုင်ပါတယ်။ အ‌ွခေအနေအရတော့ အရည်လည်းမရ အဖတ်လည်းမရတဲ့ ဆိုးကျိုးများကို ဖြစ်စေပါတယ်။ အထက်ပါကောင်းကျိုးနှင့် ဆိုးကျိုးများကို နှိုင်းယှဉ်ချိန်ဆ၍ နိုင်ငံတော်နှင့်ွပည်သူများ၏ ရေရှည် အကျိုးကိုမျှော်ကိုး၍ သက်ဆိုင်ရာဝန်ကြီးဌာနမှ မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း
အဖြေ

မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းထုတ်လုပ်သော စားသုံးဆီ လုံလောက်မှုမရှိခဲ့တာကြောင့်လည်းကောင်း၊ ပြည်ပမှစားသုံးဆီများ တင်သွင်းရမှု သက်သာစေရန် အတွက်လည်းကောင်း၊ ဆီထွက်သီးနှံများဖြစ်တဲ့ ဆီထွက်နှုန်းကောင်းသော နှမ်းနီ၊ နှမ်းညို၊ မြေပဲဆံစတဲ့ ဆီထွက်သီးနှံများကို ပြည်ပသို့ တင်ပို့ခွင့်မပြုခဲ့ဘဲ ဆီထွက်နှုန်းနည်းတဲ့ နှမ်းဖြူနှင့် နှမ်းနက်ကိုသာ တင်ပို့ခဲ့ ခွင့်ပြုခဲ့ခြင်း ဖြစ်ပါတယ်။ ဒါဟာလည်း နိုင်ငံခြားငွေကုန်ကျမှု သက်သာစေရေးအတွက် စားသုံးဆီများ တင်သွင်းမှု နည်းနိုင်သမျှ နည်းအောင် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။

   ၂၀၁၁ ခုနှစ်အတွင်းမှာ ပြည်ပတင်ပို့ခွင့်မပြုထားတဲ့ နှမ်းနီ၊ နှမ်းညိုနှင့် မြေပဲဆံများကို တရား မဝင်လမ်းကြောင်းများမှ မှောင်ခိုထွက်ရှိနေကြောင်း သတင်းများရရှိခဲ့ပါတယ်။ ကွင်းဆင်းလေ့လာ စိစစ်ချက်များအရလည်း လမ်းကြောင်းမျိုးစုံကနေ နှမ်းနီ၊ နှမ်းညို၊ မြေပဲဆံများ တစ်ဖက်နိုင်ငံသို့ တရားမဝင် ထွက်ရှိနေကြောင်း သိရှိခဲ့ပါတယ်။ ဒါကြောင့် တရားဝင်ကုန်သွယ်မှုလမ်းကြောင်းမှ တင်ပို့ နိုင်ရန်နှင့် ပြည်ပတင်ပို့လိုသူများ ရေရှည်ခိုင်မာတဲ့ဈေးကွက်ကို တရားဝင်လွတ်လပ်စွာ တင်ပို့နိုင်ရန် အတွက်လည်းကောင်း၊ စိုက်ပျိုးထုတ်လုပ်သူတောင်သူများ ဈေးကောင်းရရှိစေရန်အတွက်လည်း ကောင်း၊ ရည်ရွယ်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၁၉၄၇ ခုနှစ် သွင်းကုန် ထုတ်ကုန်ကြီးကြပ်ရေးယာယီအက်ဥပဒေပုဒ်မ ၃ ပုဒ်မခွဲ (၁)အရ ပြည်ပတင်ပို့ခွင့်မပြုသော ဆီထွက် သီးနှံများအနက်မှ မြေပဲ၊ မြေပဲဆီနှင့်ဆီကြိတ်ရာတွင် အသုံးပြုသော နှမ်းနီ၊ နှမ်းညို၊ နှမ်းဆီများကို ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၉ ရက်မှ စတင်ပြီး ပြည်ပသို့ လွတ်လပ်စွာတင်ပို့ခွင့် ပြင်ဆင်သတ်မှတ် ခဲ့ပါတယ်။

      လက်ရှိ နှမ်းနီ၊ နှမ်းညိုဈေးနှုန်းအရ နှမ်းဆီတစ်တန်ရရှိရန်အတွက် ကုန်ကြမ်းဖိုး၊ စက်ကြိတ်ခ၊ အလုပ်သမားခများအပါအဝင် ငွေကျပ် ၁၇ သိန်းကျော် ကုန်ကျတာကြောင့် ယနေ့ ဒေါ်လာငွေလဲလှယ် နှုန်းနှင့်တွက်ချက်ရင် နှမ်းဆီတစ်တန်ကို ဒေါ်လာ ၁၉၀၀၊ ၂၀၀၀ ဝန်းကျင်ခန့်ကျသင့်ပါတယ်။ အလားတူ မြေပဲဆီတစ်တန် ရရှိဖို့အတွက် ငွေကျပ် ၂၄ သိန်းနီးပါး ကုန်ကျတာကြောင့် မြေပဲဆီ တစ်တန်ကို ဒေါ်လာ ၂၇၀၀၊ ၂၈၀၀ ခန့် ကျသင့်ပါတယ်။ လက်ရှိ စားအုန်းဆီတစ်တန် ရန်ကုန် ဆိပ်ကမ်းအရောက် ကျသင့်ငွေက ဒေါ်လာ ၁၀၀၀ မှ ၁၀၅၀ ပတ်ဝန်းကျင် ရှိပါတယ်။ လက်ရှိ ပြည်တွင်းဈေးကွက်မှာ လက်ရှိ စားဆီတစ်ပိသာ ပေါက်ဈေးများမှာ မြေပဲဆီ ၄၅၀၀ ကျပ်၊ နှမ်းဆီ ၃၇၀၀ ကျပ်၊ စားအုန်းဆီ ၁၈၅၀ ကျပ် အသီးသီးဖြစ်ပြီး စားအုန်းဆီကို ကျန်းမာရေးညီညွတ်အောင် FDA မှ စစ်ဆေးပြီး စားသုံးရန်သင့်တော်တဲ့ စားအုန်းဆီကိုသာ တင်သွင်းခွင့်ပေးခဲ့ပါတယ်။ ယခုဆိုလျှင် အရည်အသွေးပိုမိုကောင်းမွန်စေရန်အတွက် Cloud Point 10 အစား  ထိုင်း၊ စင်ကာပူ၊ မလေးရှား စသော နိုင်ငံများ စားသုံးမှုနည်းတူ Cloud Point 8 ကိုသာ တင်သွင်းရောင်းချလျက်ရှိပါတယ်။ ဈေးကွက်နှင့် စားသုံးသူအနေအထားအရ ပဲဆီ၊ နှမ်းဆီ စစ်စစ်ဈေးနှုန်းများဟာ မြန်မာနိုင်ငံစားသုံးသူ ၃၀ ရာခိုင်နှုန်းခန့်ကသာ ဝယ်ယူစားသုံးနိုင်တာကို တွေ့ရှိရပါတယ်။  ဈေးကွက်စီးပွားရေးစနစ်အရ  ဈေးကောင်းရတဲ့ လယ်ယာထွက်ကုန် သီးနှံဖြစ်တဲ့ နှမ်းနီ၊ နှမ်းညိုနှင့် မြေပဲဆံတွေကို ပြည်ပသို့ တင်ပို့ရောင်းချခြင်းဖြင့် စိုက်ပျိုးသူတောင်သူများ ဝင်ငွေတိုးစေပါတယ်။ တစ်ဖက်ကလည်း နိုင်ငံရဲ့ လက်ရှိ တစ်ဦးချင်းဝင်ငွေအခြေအနေနှင့် လိုအပ်ချက်များအရ စားသုံးရန်သင့်တော်တဲ့ FDA စစ်ဆေး ပြီးသော စားအုန်းဆီကို ပြည်သူများ ဈေးနှုန်းသက်သာစွာနှင့် စိတ်ချမ်းသာစွာ ဝယ်ယူစားသုံးနိုင်ဖို့ တင်သွင်းခြင်း ဖြစ်ပါတယ်။

          နှမ်းနီ၊ နှမ်းညိုနှင့် မြေပဲဆံများ ပြည်ပသို့ တင်ပို့ခွင့်ပြုခဲ့တဲ့အတွက် ယခင်ဘဏ္ဍာနှစ်များထက် ပိုမိုတင်ပို့နိုင်သလို ပြည်ပဝင်ငွေလည်း ပိုမိုရရှိခဲ့ပါတယ်။ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ နှမ်းတန်ချိန် ၇၉၀၀ ခန့် တန်ဖိုးဒေါ်လာ ၁၁၄သန်းခန့်သာ တင်ပို့နိုင်ခဲ့ရာက ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ နှမ်းတန်ချိန် ၁၁၈၀၀၀ ခန့် တန်ဖိုးဒေါ်လာသန်း ၁၇၀ ခန့်အထိ  ပိုမိုရရှိခဲ့ပါတယ်။ ယခု ဘဏ္ဍာနှစ် ဇူလိုင်လအထိ နှမ်းတန်ချိန် ၁၇၀၀၀ ခန့် တန်ဖိုးဒေါ်လာ ၂၅ သန်းခန့် တင်ပို့ထားပြီး ဖြစ်ပါတယ်။ မြေပဲဆံဟာဆိုရင်လည်း ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်အထိ တင်ပို့မှုမရှိခဲ့ဘဲနဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် မှာ မြေပဲဆံ ၁၂၂၈၃ တန် တန်ဖိုး ၁၇.၇၁၅ ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ် ဇူလိုင်လ အထိ မြေပဲဆံ တန်ချိန် ၃၀၀၀၀ ကျော် တန်ဖိုး ဒေါ်လာသန်း ၅၀ ခန့် တင်ပို့ထားပြီး ဖြစ်ပါတယ်။

          မြန်မာနိုင်ငံမှာ ဆီစက်အကြီး ၁၈၈ လုံး၊ ဆီစက်အလတ် ၉၂၄ လုံး၊ ဆီစက်အငယ် ၁၉၁၄ လုံး၊ စုစုပေါင်း ၃၀၂၆ လုံးရှိကြောင်း စာရင်းများ ကောက်ယူရရှိပါတယ်။ ဒါကြောင့် ဆီစက်ပိုင်ရှင် ၃၀၀၀ ကျော်ခန့်၊ ဆီစက်လုပ်သားဦးရေ ၄၊ ၅ သောင်းခန့် ရနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ လူဦးရေဟာ သန်း ၆၀ ခန့်ရှိပြီး ဒီလူဦးရေသန်း ၆၀ ရဲ့ ၇၀ ရာခိုင်နှုန်းခန့်ဖြစ်သော သန်း ၄၀ ကျော် ဟာ တောင်သူလယ်သမားများ၊ ၎င်းတို့ရဲ့ မိသားစုများ၊ လယ်ယာလုပ်သားများ အစရှိတဲ့ စိုက်ပျိုးရေး ကဏ္ဍကို အဓိကအားထားရပ်တည်နေသူများ ဖြစ်ပါတယ်။ ယခုလို မြေပဲဆံနှင့် နှမ်းနီညိုကို ပြင်ပသို့ တင်ပို့ရောင်းချခွင့်ပြုခြင်းကြောင့် ယခင်နှစ်က မြေပဲဆံတစ်ပိသာ ၁၅၀၀ ကျပ် တစ်တန် ၉ သိန်း ပတ်ဝန်းကျင်ရှိရာမှ ယခုနှစ်မှာ မြေပဲဆံတစ်ပိသာ ၂၃၀၀ ကျပ်ခန့် တစ်တန် ၁၄ သိန်းခန့်ထိ ဈေးမြင့် တက်လာခဲ့လို့ တစ်တန်ကို ၅ သိန်းကျပ်ခန့် ပိုမိုရရှိခဲ့ပါတယ်။ တရားဝင်ထုတ်ပြန်တဲ့ စာရင်းဇယားများ အရ တစ်နှစ်ကို မြေပဲတောင့် တန် ၁၃.၉ သိန်း ခန့်မှန်းမြေပဲဆံ ၃.၅ သိန်းခန့်ထွက်ရှိတဲ့အတွက် စိုက်ပျိုးသူ တောင်သူလယ်သမားများအတွက် တစ်နှစ်ကျပ် ၁၇၅ ဘီလီယံခန့် ဝင်ငွေပိုမိုရရှိလာမှာ ဖြစ်ပါတယ်။ အလားတူ နှမ်းနီညိုမှာလည်း ယခင်နှစ်ကတစ်တန် ၇ သိန်းကျပ်ခန့်ရှိရာမှ ယခု တစ်တန် ၁၀ သိန်းဖြစ်လာတဲ့အတွက် တစ်တန်ကို ၃ သိန်းကျပ်ခန့် ပိုမိုရရှိခဲ့ပါတယ်။  တရားဝင်ထုတ်ပြန်တဲ့ စာရင်းဇယားများအရ နှမ်းထွက်ရှိမှု ၈.၆ သိန်းတန်အပေါ်မှာ စိုက်ပျိုးတောင်သူများအနေဖြင့် ၂၅၈ ဘီလီယံခန့် ဝင်ငွေပိုမိုတိုးတက်ရရှိလာတာကို သုံးသပ်ရရှိရပါတယ်။ အထက်ဖော်ပြပါအချက်များဟာ မြေပဲဆံ၊ နှမ်းကုန်ကြမ်းများကို ဈေးကောင်းရ ပြည်ပသို့ တင်ပို့ရောင်းချခြင်းဖြင့် ရရှိတဲ့အကျိုးများ ဖြစ်ပါတယ်။

          ဒါကြောင့် မြန်မာနိုင်ငံရဲ့ ပြည်သူအများစုဖြစ်တဲ့ ကျေးလက်နေတောင်သူများ၊ အခြေခံလူတန်း စားများအကျိုးကို အဓိကဦးတည်ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် နိုင်ငံတကာ ဈေးကွက်မှာ ဈေးကောင်းရတဲ့ နှမ်းနီ၊ နှမ်းညို၊ မြေပဲဆံ၊ မြေပဲဆီနှင့် နှမ်းဆီများကို ပြည်ပသို့ တင်ပို့ရောင်းချခွင့်ပြု ပြီးဈေးနှုန်းသက်သာပြီး FDA က စိစစ်ခွင့်ပြုထားတဲ့ စားအုန်းဆီများကို ပြည်ပက တင်သွင်းခွင့်ပြု လျက်ရှိနေခြင်း ဖြစ်ပါတယ်။ ကောင်းကျိုးများရှိသလို တစ်ဖက်မှာလည်း ဆိုးကျိုးအနေနဲ့ ဆီစက် လုပ်ငန်းရှင်များ ပြည်တွင်းကြိတ်ခွဲရောင်းချနိုင်မှု၊ ယှဉ်ပြိုင်နိုင်မှုမှာ အခက်အခဲများ ရှိလာသလို မွေးမြူ ရေးလုပ်ငန်းရှင်များအတွက် တိရစ္ဆာန်အစားအစာများဖြစ်တဲ့ ပဲဖတ်၊ နှမ်းဖတ် ထွက်ရှိမှုလည်း ထိခိုက် တာကို တွေ့ရှိရပါတယ်။

       လက်ရှိအနေအထားမှာ နှမ်းဆီ၊ မြေပဲဆီများကို ပြည်ပတင်ပို့ ခွင့်ပြုနေပြီ ဖြစ်ပေမယ့် ပြည်တွင်းမှာရှိတဲ့ ဆီစက်များရဲ့အနေအထားအရ ပြည်ပဈေးကွက်မှ လက်ခံသော အဆင့်မီဆီများ ကြိတ်ခွဲတင်ပို့နိုင်ခြင်း မရှိသေးတာ တွေ့ရှိရပါတယ်။ ထို့ကြောင့် အဆင့်မီဆီများ ကြိတ်ခွဲထုတ်လုပ် နိုင်တဲ့ ဆီစက်များ ဖြစ်အောင် အဆင့်မြှင့်တင်သွားရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်းတို့နှင့်ပူးပေါင်းပြီး မြန်မာနိုင်ငံဆီစက်လုပ်ငန်းရှင်အသင်းကို မကြာမီ ဖွဲ့စည်းနိုင်အောင် ဆောင်ရွက်လျက်ရှိပြီး ဖွဲ့စည်းပြီးပါက မြေပဲဆီ၊ နှမ်းဆီများကို အဆင့်မီ ကြိတ်ခွဲထုတ်လုပ်ပြီး တန်ဖိုး မြှင့်ပစ္စည်းအဖြစ်တင်ပို့သွားနိုင်ရန်အတွက် ဆီစက်များ အဆင့်မြှင့်တင်ရေး၊ စက်အစိတ်အပိုင်းများ ပြောင်းလဲတပ်ဆင်ရေးတို့ကို ညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။

          မြန်မာနိုင်ငံ၏ အဓိကပို့ကုန်တစ်မျိုးဖြစ်တဲ့ ပဲမျိုးစုံဈေးကွက်ဟာ အိန္ဒိယနိုင်ငံဈေးကွက် တစ်ခုတည်းကိုပဲ အားကိုးနေရတဲ့အတွက် ရေရှည်တွင် ပိုမိုခိုင်မာတဲ့ လယ်ယာထွက်ကုန် ဈေးကွက် များရရှိအောင် ကြိုးပမ်းတဲ့နေရာမှာ မြေပဲ၊ နှမ်းစသည်တို့ဟာ အဓိကပို့ကုန်များ ဖြစ်ပါတယ်။ ဈေးကွက်အသစ်များ ရရှိအောင် အလေးပေးဖော်ထုတ်သွားရမှာ ဖြစ်ပါတယ်။ မြေပဲ၊ နှမ်းစသည်တို့ ပိုမိုထွက်ရှိလာအောင်လည်း စိုက်ဧကတိုးချဲ့ခြင်း၊ မျိုးကောင်းမျိုးသန့် အထွက်နှုန်းတိုးမျိုးများ ပြောင်းလဲစိုက်ပျိုးခြင်း၊ ရိတ်သိမ်းချိန်လွန် အလေအလွင့်များ နည်းနိုင်သမျှနည်းပါးအောင် ဆောင်ရွက် ခြင်းစတဲ့ နည်းလမ်းများဖြင့် စိုက်ပျိုးသူ၊ အထူးပြုကုမ္ပဏီများ အသင်းအဖွဲ့များ၊ အစိုးရဌာနများမှ ပူးပေါင်းဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။

          မြန်မာနိုင်ငံကို ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ဖော်ဆောင်သွားနိုင်ရန်အတွက် ခေတ်မီ နည်းပညာများ၊ ခေတ်မီစက်ရုံ၊ အလုပ်ရုံများ ပေါ်ထွက်လာအောင် အဆင့်ဆင့်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ယခုလို မြေပဲ၊ နှမ်းစိုက်ပျိုးထုတ်လုပ်မှုနှင့် ဆီစက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားနိုင်ရန်ကိစ္စမှာ နိုင်ငံတော်အစိုးရ၊ အသင်းအဖွဲ့များနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ Public Private Partnership ပုံစံဖြင့် ညီညီ ညွတ်ညွတ်ပူးပေါင်းပြီး ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။