၂၃-၄-၂၀၁၂ နေ့ကတည်းက မေးမြန်းထားတဲ့မေးခွန်း ဖြစ်ပါတယ်ခင်ဗျား။ ယခုအခါမှာ မြန်မာနိုင်ငံတစ်ဝန်းမှာ လူမှုကူညီရေးအသင်းများ ပေါ်ပေါက်လာပြီးတော့ ပြည်သူလူထုရဲ့ နာရေးကိစ္စများကို ယာဉ်ကားများနဲ့ ကူညီဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးနှင့်ထိခိုက်မှုများရှိလို့ရှိရင် ယာဉ်ကားများနှင့် ကူညီဆောင်ရွက် ပေးခြင်းများ ရှိပါတယ်။ ဒီလိုကူညီဆောင်ရွက်ပေးတဲ့အတွက်ကြောင့်လည်း ပြည်သူလူထုက အားကိုး အားထား ပြုနေရတာရှိပါတယ်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ရှိတဲ့ လူမှုရေးအသင်းများအား အသင်းရဲ့လုပ်ငန်းအကြီးအသေး၊ အဆင့်မီလုပ်ငန်းသုံး နာရေးယာဉ်၊ လူနာတင်ယာဉ်များကို အခွန် ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပေးနိုင်ခြင်း ရှိ၊ မရှိ သိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လူနာတင်ယာဉ်၊ နာရေးယာဉ်များ တင်သွင်းခွင့် ပြုသည့် အစီအစဉ်များကို ရှေးဦးစွာရှင်းလင်း ဖြေကြားသွားမှာ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာအခြားဝန်ကြီးဌာန များ၏ လုပ်ငန်း လိုအပ်ချက်အရ တင်သွင်းသော လူနာတင်ယာဉ်၊ နာရေးယာဉ်၊ နိဗ္ဗာန်ယာဉ်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် တင်သွင်းခွင့်ပါမစ်များ၊ လိုင်စင်များ ထုတ်ပေးလျက် ရှိပါတယ်။ လူမှုရေးအသင်းအဖွဲ့ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်း၊ သာရေးနာရေး ကူညီမှုအသင်းအဖွဲ့များ အနေနဲ့ တင်သွင်းလိုပါက ၎င်းအသင်းအဖွဲ့ ဆေးရုံ၊ ဆေးခန်းများသည် သက်ဆိုင်ရာဝန်ကြီးဌာနများ မှာ တရားဝင်မှတ်ပုံတင် ခွင့်ပြုထားသော အသင်းအဖွဲ့၊ ဆေးရုံ၊ ဆေးခန်းများ ဖြစ်ရန် လိုအပ်ပါတယ်။ လျှောက်ထားလာမှုများအပေါ် မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ ကြီးကြပ်မှု ကော်မတီ၏ ခွင့်ပြုချက် ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တင်သွင်းခွင့် လိုင်စင်ပါမစ်များ ထုတ်ပေးမှာ ဖြစ်ပါတယ်။ ဆက်လက်၍ လူမှုရေးအသင်းအဖွဲ့ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်း၊ သာရေးနာရေး ကူညီမှု အသင်းအဖွဲ့များမှ တင်သွင်းလာသော အဆိုပါ လူနာတင်ယာဉ်၊ နာရေးယာဉ်များအတွက် ပေးဆောင် ရမည့် အခွန်ကိစ္စ၊ ယာဉ်မှတ်ပုံတင်ခကိစ္စများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ညွှန်ကြားချက်များဖြင့် ပေါင်းစပ်ဖြေကြားသွားမှာ ဖြစ်ပါတယ်။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေဖြင့် လူနာတင်ယာဉ်များ ကို အကောက်ခွန် (Custom Duty) ၁ ရာခိုင်နှုန်းနှင့် ကုန်သွယ်လုပ်ငန်းခွန် (Commercial Tax) ၅ ရာခိုင်နှုန်း ကောက်ခံလျက်ရှိပါတယ်။ သို့သော် အဆိုပါအသင်းအဖွဲ့များအနေဖြင့် အခွန်ကင်းလွတ် သက်သာခွင့် လိုအပ်၍ လျှောက်ထားမည်ဆိုပါက အဆိုပါယာဉ်များသည် အသင်းအဖွဲ့၏ အမည် ပေါက်ရန် လိုအပ်ပြီး စီးပွားဖြစ် သုံးရန်မဟုတ်ဘဲ လူမှုရေးကိစ္စ သက်သက်သာ အသုံးပြုရန်ဖြစ်ကြောင်း အကျိုးအကြောင်းဖော်ပြ၍ ကိစ္စတစ်ရပ်ချင်း အလိုက် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသို့ လျှောက် ထားရန် လိုအပ်ပါတယ်။ ဝန်ကြီးဌာနမှ ကိစ္စရပ်တစ်ခုချင်းစိစစ်၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ အတည်ပြုချက်ဖြင့် ကင်းလွတ်ခွင့် အမိန့်ကြော်ငြာစာ ဆောင်ရွက်ပေး နိုင်ပါတယ်။ နိဗ္ဗာန်ယာဉ်များ အား ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာန၏ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၃၁၁/၂၀၁၂) နှင့် (၃၁၂/၂၀၁၂) တို့အရ အကောက်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များအား ကင်းလွတ်ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီး ရထားပို့ဆောင်ရေးဝန်ကြီးဌာန ရဲ့ ဖြေကြားချက်အရ လူနာတင်ယာဉ်များမှာ ၁၉၈၉ ခုနှစ် မော်တော်ယာဉ်နည်းဥပဒေများ အပိုဒ် ၂၂(ဂ) ၃ အရ မှတ်ပုံတင်ခ ကင်းလွတ်ခွင့်ရှိသော်လည်း နိုင်ငံပိုင်ဌာနအဖွဲ့အစည်းများအနေဖြင့် မှတ်ပုံတင်ထားသည့် ပြည်သူ့ ဆေးရုံ၊ ဆေးပေးခန်းများ၊ ကျန်းမာရေးဌာနများတွင် အများပြည်သူကျန်းမာရေးအတွက် အသုံးပြုသော လူနာတင်ယာဉ်များကိုသာ မှတ်ပုံတင်အခွန်အခ ကင်းလွတ်ခွင့် ပြုထားပါတယ်။ ပုဂ္ဂလိက အဖွဲ့ အစည်း ဆေးရုံအထူးကုဆေးခန်းများတွင် အသုံးပြုရန် တင်သွင်းသော လူနာတင်ယာဉ်များအတွက်ကို ပြည်ပတင်သွင်းယာဉ် မှတ်ပုံတင်ခအဖြစ် ၁၀ ရာခိုင်နှုန်း ကောက်ခံမှာ ဖြစ်ပါတယ်။ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဘာသာရေး အဖွဲ့အစည်းများ၊ လူမှုကူညီရေး အသင်းအဖွဲ့များ၏ နာရေးကူညီမှုအဖြစ် အသုံးပြုမည့် နိဗ္ဗာန်ယာဉ်များအား မှတ်ပုံတင်ပေးရာတွင် ပြည်ပမှ မူလစက်ရုံထုတ်ပုံစံ နိဗ္ဗာန်ယာဉ်များအပြင် ယာဉ်အမျိုးအစားအလိုက် ပြည်တွင်း၌ နိဗ္ဗာန်ယာဉ်အဖြစ် ပြုပြင်ထားသည့် ယာဉ်များကိုလည်း မှတ်ပုံတင်ပေးလျက် ရှိပါတယ်။ နာရေးကူညီမှုအသင်းအဖွဲ့များအနေဖြင့် ပြည်ပမှတင်သွင်းလာသောယာဉ်ကို နိဗ္ဗာန်ယာဉ်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာန၏အသင်းအဖွဲ့ မှတ်ပုံတင်ခွင့်ပြုစာအရ မှတ်ပုံတင်ခွင့်လျှောက်ထားလာပါက မှတ်ပုံတင် ခွင့်ပြုပြီးတော့ မှတ်ပုံတင်သက်တမ်းတစ်လျှောက်မှာ နိဗ္ဗာန်ယာဉ်အဖြစ်သာ အသုံးပြုခွင့် ရှိ၍ နိဗ္ဗာန်ယာဉ်အမျိုးအစားမှ အခြားယာဉ်အမျိုးအစားသို့ ပြန်လည်ပြောင်းလဲခွင့်မပြု၊ ကန့်သတ် ချက်ဖြင့် ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခ ကင်းလွတ်ခွင့်ပြုမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
