(က)-၁၆-၁၁-၂၀၁၆ နေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် အရပ်ရပ် ကုန်ဈေးနှုန်း တရိပ်ရိပ်တက်နေမှုအား ထိန်းချုပ်မည့် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၂၀.၂.၂၀၁၉)

၁၆-၁၁-၂၀၁၆ နေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် အရပ်ရပ် ကုန်ဈေးနှုန်း တရိပ်ရိပ်တက်နေမှုအား ထိန်းချုပ်မည့်အစီအစဉ်ရှိ/မရှိနှင်‌့စပ်လျဉ်းသည့်မေးခွန်း၏ တစ်ဆက်တစ်စပ်တည်းမေးခွန်းနှင့် ပတ်သက်၍ ဆောင်ရွက်ထားမှုအား မည်သို့ဖြေရှင်းမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

 

မေးခွန်းမေးမြန်းရသည့် အကြောင်းအရာ (၃) ချက် ရှိပါကြောင်း၊ အချက် (၁) ၁၆-၁၁-၂၀၁၆ ရက်နေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် အရပ်ရပ်ကုန်ဈေးနှုန်း တရိပ်ရိပ် တက်နေမှုအား ထိန်းချုပ်မည့် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသောမေးခွန်းကို မေးမြန်းခဲ့ပါကြောင်း၊ အဆိုပါ မေးခွန်းဖြေကြားရာတွင် ဖြေကြားချက်များ လိုအပ်နေသည်ဟုယူဆ၍ လည်းကောင်း၊ ထိုစဉ်က မေးခွန်းနံပါတ် (၃) ပါ စီစဉ်ဆောင်ရွက်မှုသည် ပြည်သူလူထု၏ လူမှုဘဝတွင် မည်မျှအထိ အကျိုးသက်ရောက်နိုင်သည်ဆိုသည့်မေးခွန်းကို ဖြေဆိုချက်တွင် မပါဝင်ဘူးဟုယူဆ၍ လည်းကောင်း တစ်ဆက်တစ်စပ်တည်းမေးခွန်းကို မေးမြန်းခဲ့ပါကြောင်း၊ အဆိုပါ ဖြေကြားချက်တွင် ကျယ်ကျယ် ပြန့်ပြန့် ဖြေရှင်းနိုင်ရန်အတွက် နောက်တစ်ကြိမ်တွင်ခွင့်ပြုရန် ပြောကြားခဲ့ပါကြောင်း၊ သို့ရာတွင် နှစ်နှစ် ကျော်ကြာ ယနေ့အချိန်အထိ စာဖြင့်ဖြေကြားချက်မရရှိသေးခြင်းကြောင့် ယခုကဲ့သို့ မေးမြန်းရခြင်း၊ အချက် (၂) အရပ်ရပ်ကုန်ဈေးနှုန်းများသည် တရိပ်ရိပ်ထပ်တက် နေခြင်းကြောင့် ဝင်ငွေအကန့် အသတ်ရှိသူများနှင့် ပုံမှန်ဝင်ငွေမရှိသူများဖြစ်သည့် မြန်မာပြည်သူပြည်သား အများစုအတွက်‌ နောက်ဆက်တွဲ အကျပ်အတည်းများစွာကို ရင်ဆိုင်ကြရခြင်း၊ အချက် (၃) စီးပွားရေးရှုထောင့်အရ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးနှင့်နိုင်ငံရေးသည် ခွဲခြားမရခြင်းကြောင့် နိုင်ငံရေးတည်ငြိမ်ရန်နှင့် စီးပွားရေး တွင်လည်း တည်ငြိမ်ပြီးဖွံ့ဖြိုးတိုးတက်ရန်လည်း လိုအပ်ပါကြောင်း၊ ယခုအချိန်တွင် မြန်မာနိုင်ငံ အနေဖြင့် အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် Inflation Rate ငွေကြေးဖောင်းပွမှုနှုန်းက အမြင့်ဆုံးဖြစ်နေခြင်းကြောင့် ထိုအခြေအနေကသာ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဖြစ်ပေါ်စေပါကြောင်း၊ ထို့ကြောင့် အစိုးရမှလိုအပ်သောမူဝါဒများချမှတ်ပြီး ကုန်ဈေးနှုန်းကို ထိန်းညှိဆောင်ရွက်ပေးနိုင်ရန် ဖြစ်ပါကြောင်း၊

မိမိတို့တာဝန်အရ ယခုလိုထိန်းညှိသည့် မေးခွန်းများကြောင့် အစိုးရလုပ်ဆောင်နေသော မူဝါဒနှင့် အစီအမံများကို ပြည်သူများက အချိန်နှင့်တစ်ပြေးညီသိရှိနိုင်မည် ဖြစ်ပါကြောင်း၊ သို့မှသာ ပြည်သူ များ၏ ယုံကြည်မှုများရရှိနိုင်ပြီး နိုင်ငံ၏အသွင်ကူးပြောင်းနေသောကာလမှသည် စနစ်ကောင်း ရောက်သည်အထိ ပြည်သူနှင့်အတူ လျှောက်လှမ်းနိုင်မည်ဖြစ်ပြီး အောင်မြင်နိုင်မည်လည်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကုန်ဈေးနှုန်းများတက်နေခြင်းကို မည်သို့စီစဉ်ဆောင်ရွက်ပေးပါမည်နည်း နှင့် ပန်းတောင်းတွင် လူထုတွေ့ဆုံပွဲများပြုလုပ်သည့်အခါ ပန်းတောင်းမဲဆန္ဒနယ်မှ ပြည်သူအချို့က တင်ပြခြင်းရှိသကဲ့သို့ မြန်မာပြည်သူအများစုလည်း သိလိုနေကြသဖြင့် အထက်ပါမေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
စီးပွားရေးနှင်‌့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး
အဖြေ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) ပုဒ်မ ၃၅ တွင် နိုင်ငံတော် ၏စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ဈေးကွက် စီးပွားရေးစနစ်တွင် ကုန်စည်ဈေးနှုန်းများကို ဈေးကွက်ရောင်းလိုအားနှင်‌့ ဝယ်လိုအားတို့က သတ်မှတ် ပါကြောင်း၊ ဗဟိုထိန်းချုပ်မှုရှိသည့်စနစ်တွင် အစိုးရအနေဖြင့် ဈေးကွက်ကို တိုက်ရိုက်ဝင်ရောက် စွက်ဖက်မှုမရှိသော်လည်း ဖြစ်သင်‌့သည့်ဈေးနှုန်းထက်ကျော်လွန်၍ ကုန်ဈေးနှုန်းများအလွန်အမင်း မြင့်တက်မှု မဖြစ်ပေါ်စေရန်နှင့် မှန်ကန်မျှတသည့် ဈေးကွက်စီးပွားရေးစနစ် ဖြစ်ပေါ်စေရန်အတွက် သွယ်ဝိုက်ထိန်းချုပ်သော နည်းလမ်းများဖြင့် လက်ရှိအစိုးရက ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကမ္ဘာ့ဈေးကွက်များနှင့် ဆက်စပ်နေသည့် မြန်မာနိုင်ငံတွင် ပြည်တွင်းကုန်ဈေးနှုန်းများသည် ကမ္ဘာ့ကုန်စည်ဈေးနှုန်းများနှင့်လည်း ဆက်စပ်နေသည်ကို တွေ့ရှိရပါကြောင်း၊

ကမ္ဘာ့ဘဏ်၏စာရင်းများအရ ၁၉၈၃ ခုနှစ်မှ ၂၀၁၇ ခုနှစ် အထိ ကမ္ဘာ့ဈေးနှုန်းများနှင့် မြန်မာနိုင်ငံ ဈေးနှုန်းများ ဆက်စပ်နေသည်မှာ ကမ္ဘာ့ဈေးနှုန်းများနှင့် မြန်မာ့ဈေးနှုန်းများသည် ၂၀၁၁ ခုနှစ် နောက်ပိုင်း ပိုမိုဆက်စပ်မှုရှိလာသည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံ၏ ကုန်ဈေးနှုန်းများ မြှင်‌့တက်မှု သို့မဟုတ် ငွေကြေးဖောင်းပွမှုကို လေ့လာလျှင် ၂၀၀၉ ခုနှစ်မတိုင်မီက ၁၀ ဂဏန်းကျော် သည့် ငွေဖောင်းပွမှု (Double Digit Inflation) ဖြစ်ခဲ့ပြီး ၁၉၉၈ ခုနှစ်နှင့် ၂၀၀၂ ခုနှစ် များတွင် Hyper Inflation ခေါ်နိုင်သည့် ၅၀ ရာခိုင်နှုန်းထက် မြင့်မားသည့် ကုန်ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့ သည်ကို တွေ့ရှိရပါကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်ကို ကူးပြောင်းပြီးချိန်တွင် မြန်မာနိုင်ငံ၏ ကုန်စည် ဈေးနှုန်းမြင့်တက်မှုသည် ၁၀ ရာခိုင်နှုန်းအောက်တွင် ရှိလာခဲ့ပြီး ကမ္ဘာ့ဈေးနှုန်းများ မြင့်တက်မှုနှင့် လိုက်လျောညီထွေမှု ရှိလာသည်ကို တွေ့ရှိရပါကြောင်း၊

လွန်ခဲ့သည့်သုံးနှစ်အတွင်း မြန်မာနိုင်ငံ၏ ကုန်ဈေးနှုန်းမြင့်တက်မှုသည် ဗဟိုစာရင်းအဖွဲ့၏စာရင်းများ အရ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ၅.၄၂ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ၈.၃၃ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ပါကြောင်း၊ သို့သော်လည်း အဆိုပါ ကုန်ဈေးနှုန်းတိုးတက်မှုသည် ၁၀ ရာခိုင်နှုန်းကျော်သည့် ငွေဖောင်းပွမှု (Double Digit Inflation) မဟုတ်သကဲ့သို့ ထိန်းချုပ်မရသည့် ငွေဖောင်းပွမှု (runaway inflation) သို့မဟုတ် (Hyper Inflation) မဟုတ်ကြောင်းကိုလည်း တွေ့ရှိ ရမည် ဖြစ်ပါကြောင်း၊ ကုန်ဈေးနှုန်းများ တက်ရခြင်းကို လေ့လာဆန်းစစ်ရာတွင် ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ ဝယ်လိုအားနှင့်ရောင်းလိုအား မညီမျှခြင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက် လာခြင်း၊ ပြည်တွင်းလှည့်လည်ငွေကြေးပမာဏ တိုးတက်လာခြင်း၊ ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်မားနေခြင်း၊ သိုလှောင်သယ်ယူပို့ဆောင်စရိတ် (Logistic Cost) မလျှော့ချနိုင်ခြင်း၊ အခြားမလိုလား အပ်သော အဆင့်ဆင့်ကုန်ကျစရိတ် များရှိနေခြင်းနှင့် ကုန်သွယ်မှုလိုငွေ (Trade Deficit) ဖြစ်ပေါ် နေခြင်းစသည့်အကြောင်းများကြောင့် ဖြစ်သည်ဆိုသည်ကို တွေ့ရှိရပါကြောင်း၊ ကုန်စည်ဈေးနှုန်းများ တည်ငြိမ်ရေးအတွက် ထုတ်လုပ်မှုစွမ်းအားတိုးတက်ရန် ဆောင်ရွက်ခြင်း၊ ကုန်စည်စီးဆင်းမှု မှန်ကန် အောင် ဆောင်ရွက်ခြင်း၊ ပုဂ္ဂလိကလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင် မှုကို ပိုမိုလွယ်ကူစေခြင်း (Ease of doing business)၊ တစ်နေရာတည်းတွင် ကုန်စည်ရှားပါးမှု မဖြစ် အောင် ဈေးကွက်စောင့်ကြည့်ခြင်းနှင့် ထုတ်လုပ်မှုဖြင့် ဈေးကွက်သတင်းအချက်အလက်များ ဖြန့်ဝေခြင်း၊ ရာသီအလိုက် ပြောင်းလဲနေသော ကုန်စည်ဈေးကွက်များတွင် ဈေးနှုန်းထိန်းညှိနိုင်ရန် အချိန်ပိုင်းအလိုက် ပြည်ပမှတင်သွင်းခွင့်ပြုခြင်းများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ကုန်စည်ဈေးနှုန်း ကျဆင်းရေးအတွက် အကောက်ခွန် နှုန်းထားများ လျှော့ချလျက်ရှိရာ အကောက်ခွန်နှုန်းလိုင်းအများစု၏ ကောက်ခံမှုသည် သုည ရာခိုင်နှုန်းသို့ လျှော့ချနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအတွက် မြန်မာ အလိုအလျောက်ကုန်ပစ္စည်းရှင်းလင်းရေးစနစ် (Myanmar Automated Cargo Clearance System) ကို ရန်ကုန်မြို့နှင့် မြဝတီမြို့တွင် စတင်ကျင့်သုံး ဆောင်ရွက်လျက်ရှိပါကြောင်း၊

နိုင်ငံတော်၏ လမ်းပန်း/အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်စေရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အငယ်စား၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ်ဓာတ်အားပိုမိုရရှိရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပြန်လည်ထူထောင် ရေးကိစ္စများကို သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ပြည်တွင်း/ ပြည်ပရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေရန်လည်း အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်း ပြောင်းလဲခြင်းကြောင့် ပြည်ပမှတင်သွင်းရသည့် စားအုန်းဆီ၊ စက်သုံးဆီ၊ ဆေးဝါးစသည့် ကုန်ပစ္စည်းများ၏ဈေးနှုန်းကို ပြောင်းလဲစေရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် မြန်မာကျပ်ငွေလဲလှယ်နှုန်း တည်ငြိမ်စေရန်၊ နိုင်ငံခြားသုံးငွေစီးဆင်းမှု လွယ်ကူချောမွေ့ စေရန်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းများ ကွာဟချက်နည်းပါးစေရန်အတွက် အစီအစဉ်များ ချမှတ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ သယ်ယူပို့ဆောင်မှုစရိတ်မြင့်တက်မှုကြောင့် ကုန်စည်ဈေးနှုန်းများ မြင့်တက်ခြင်းကို လျော့ပါးသက်သာစေရန်အတွက် ၁-၄-၂၀၁၆ ရက်နေ့မှစ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ ဂိတ် ၁၆၁ ဂိတ်တွင် လမ်းအသုံးပြုခကောက်ခံခြင်းမပြုဘဲ ဖြေလျှော့ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း တံတားကိုးစင်းတွင် ဖြတ်သန်းခများကောက်ခံခြင်းကို ၁-၄-၂၀၁၇ ရက်နေ့မှစ၍ရပ်ဆိုင်းခဲ့ပြီး ဆိပ်ကမ်းများတွင် ကုန်စည်စီးဆင်းမှုမြန်ဆန်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်လျက် ရှိပါကြောင်း၊

ပြည်ပကုန်သွယ်မှုအပိုင်းတွင်လည်း မရှိမဖြစ်လိုအပ်သော ကုန်စည်မဟုတ်သည့် သွင်းကုန်များ လျှော့ကျနိုင်ရန် လိုင်စင်ထုတ်ပေးမှုကို ပမာဏနှင့်အချိန်ကာလကန့်သတ်၍ တင်သွင်းနိုင်ရန် ဆောင်ရွက်ထားပြီး တစ်ဖက်တွင်လည်း ပို့ကုန်မြှင့်တင်နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ ကို ရေးဆွဲအကောင်အထည်‌ဖော်လျက် ရှိပါကြောင်း၊ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်တံ့ခိုင်မြဲစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယင်းစီမံကိန်းတွင် စီးပွားရေးအဆောက်အဦ ခိုင်မာအားကောင်းလာစေရန်နှင့် မေခရိုစီးပွားရေး တည်ငြိမ်စေရေး ကိစ္စရပ်များ ပါဝင်ပါကြောင်း၊ MSDP ကိုအောင်မြင်စွာ အကောင်အထည်ဖော် နိုင်သည်နှင့်အမျှ စီးပွားရေးတိုးတက်မှုဖြင့် ကုန်ဈေးနှုန်းများတည်ငြိမ်မှုကို အထောက်အကူ ပြုစေမည် ဖြစ်ပါကြောင်း၊ အထက်တွင် ဖော်ပြသကဲ့သို့ မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသော ဈေးနှုန်းအတက်အကျသာ ဖြစ်ပါကြောင်း၊ ထူးကဲသော ကုန်ဈေးနှုန်း မြင်‌့တက် ခြင်းများကို ကြုံတွေ့ရပါကလည်း အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေနှင့်အညီ ကန့်သတ် တားဆီးမှုများ ပြုလုပ်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များနှင့်ပေါင်းစပ်ညှိနှိုင်း၍ ထိန်းညှိမှုကိုဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ တွင် အရပ်ရပ်ကုန်ဈေးနှုန်း တစ်ရိပ်ရိပ်တက်နေမှုကို သင့်လျော်သည့် ကုန်သွယ်ရေးမူဝါဒ၊ ငွေကြေး မူဝါဒနှင့် ဘဏ္ဍာရေးမူဝါဒများဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက ပူးပေါင်း၍ ထိန်းညှိဆောင်ရွက်လျက် ရှိနေပါကြောင်း ရှင်းလင်းဖြေကြားပါသည်။