မိမိတို့နိုင်ငံတွင် ၂၀၁၂ ခုနှစ် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေတွင် ကျွဲ နွားများကို အရေးကြီး ကုန်စည်အဖြစ်သတ်မှတ်ခဲ့ပြီး ကျွဲ၊ နွားအရှင်များကို ပြည်ပသို့ တရားဝင်တင်ပို့ခွင့်နှင့်စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ၉-၁၀-၂၀၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၉/၂၀၁၇) ဖြင့် ထုတ်ပြန်ခဲ့ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် တိုင်းပြည်အခွန် ဘဏ္ဍာပိုမိုရရှိစေရန်၊ မှောင်ခိုဈေးကွက်များ ပပျောက်ရန်၊ ဒေသခံတောင်သူများ ကျွဲ၊ နွားများမွေးမြူသူများ ဈေးကောင်းကောင်း ရရှိရန် ရည်ရွယ်ခဲ့သော်လည်း အောက်ခြေတွင် အခွန်ဘဏ္ဍာကို ထိထိရောက်ရောက် ရရှိအောင် မကောက်နိုင်ခြင်းများသည် မည်သည့်အတွက်ကြောင့် ဖြစ်နေပါသနည်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များကို မသိခြင်း သို့မဟုတ် မသိချင်ယောင် ဆောင်နေခြင်းလားဆိုသည်မှာ မေးစရာဖြစ်လာပါကြောင်း၊ ထိုသို့ပြောရခြင်းမှာ တိုင်းဒေသကြီး/ပြည်နယ်များရှိ ခိုင်းကျွဲ၊ ခိုင်းနွားများသည် အမြို့မြို့အနယ်နယ်တွင် ဝယ်ယူ မည်ဆိုပါက သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးထံ လိပ်မူ၍ သယ်ဆောင်ခွင့်ပြုမိန့်ကို ကြိုတင်ပြီး သယ်ဆောင်မည့်ကျွဲ၊ နွားအကောင်အရေအတွက်၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ထောက်ခံချက်ဖြင့် ခရိုင်အတွင်း ဝယ်ယူစုဆောင်း သယ်ဆောင်မည်ဆိုပါက ခရိုင်စီမံခန့်ခွဲမှုကော်မတီခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရမည်ဖြစ်သော်လည်း အမှန်တကယ်မြေပြင်တွင် ထင်သလိုသယ်၊ ထင်သလိုသွားနေပါကြောင်း၊ မိမိမဲဆန္ဒနယ်တွင် ၁၃-၄-၂၀၁၈ ရက်နေ့တွင် ငဖဲမြို့နယ်ဘက်မှ ကျွဲ ၁၀ ကောင်ကို မိုးကာအလုံပိတ်ပြီး သယ်ဆောင်လာသည့် ကားတစ်စီးကို တံတားလုံခြုံရေးအဖွဲ့များမှ မသင်္ကာ၍ စိစစ်သည့်အခါ တရားမဝင်သယ်ဆောင် လာသည့် ကျွဲများဖြစ်နေပါကြောင်း၊ ထိုကျွဲများသည် တရားရုံးရောက်နေလား၊ ရဲစခန်းရောက်နေလား ဆိုသည်မှာ ယနေ့အထိ မသိရသေးပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အတွင်း ခရိုင်ကျော်ဝယ်ယူ စုဆောင်းသယ်ယူ မည်ဆိုပါက ခရိုင်အချင်းချင်းချိတ်ဆက်ပြီး ထောက်ခံချက်စာရွက်စာတမ်း အပြည့်အစုံဖြင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ထံ တင်ပြဆောင်ရွက်ပြီးမှ သယ်ဆောင်ခွင့် ခွင့်ပြုခြင်းဖြစ်သော်လည်း တိုင်းဒေသကြီး/ ပြည်နယ်အစိုးရမသိဘဲ တိုင်းဒေသကြီး၊ ပြည်နယ်များအား ကျော်၍သယ်ဆောင်ပြီး နယ်စပ်တွင် ဖမ်းမိခြင်းများ၊ သယ်ဆောင်ခွင့်လက်မှတ်များအား နှစ်ကျော့ပြန် သုံးခြင်းများရှိပါကြောင်း၊ ပြည်ထောင်စုအစိုးရမှ ခွင့်ပြုပေးလိုက်သည့် ကုမ္ပဏီများ စုဆောင်းထားရှိမည့် စုရပ်များကို တိုင်းဒေသကြီး/ပြည်နယ် အစိုးရမှမသိသည်များရှိပါကြောင်း၊ ထိုကိစ္စများသည် ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရတို့အချိတ်အဆက် မမိခြင်းဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများမှလည်း ထိထိရောက်ရောက်ဆောင်ရွက်မှုများ အားနည်း နေပါကြောင်း၊ အမှန်တကယ် နိုင်ငံတော်မှတိုင်းပြည် အခွန်ဘဏ္ဍာတိုးအောင် မွေးမြူရေးသမားများ၊ တောင်သူလယ်သမားများ အကျိုးရှိစေရန် စေတနာထားဆောင်ရွက်သော်လည်း လုပ်ထုံးလုပ်နည်း လွဲမှားခြင်း၊ ကိုယ့်အတွက်အကျိုးမရှိသဖြင့် မသိကျိုးကျွံပြု နေခြင်းများသည် တိုင်းပြည်အတွက်၊ နိုင်ငံအတွက်များစွာနစ်နာပြီး လူတစ်စု၊ အဖွဲ့အစည်းတစ်ခုအတွက် အကျိုးစီးပွားဖြစ်ထွန်းမည် ဖြစ်သည့်အတွက် ပြည်သူလူထုကိုယ်စား သိရှိလို၍ မေးခွန်းမေးမြန်းခဲ့သည်။
ကျွဲ၊ နွားများအား ပြည်တွင်းသယ်ယူ ရောင်းချခြင်းနှင့်ပတ်သက်၍ ကျွဲ၊ နွားများကို ဒေသတစ်ခုမှ တစ်ခုသို့ သယ်ဆောင်မည်ဆိုပါက ကျွဲ၊ နွားများမှတစ်ဆင့် လူကိုကူးစက်အန္တရာယ်ဖြစ်စေသည့် ရောဂါမဖြစ်ပွားစေရန် တိရစ္ဆာန်ကျန်းမာရေး ထောက်ခံချက်လက်မှတ်၊ ရောဂါကင်းရှင်းကြောင်း ထောက်ခံချက် လက်မှတ်များဖြင့် သယ်ယူခွင့်ပြုခြင်း၊ သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ နွားပွဲဈေးအရောင်း အဝယ်လက်မှတ်များကိုင်ဆောင်၍ သယ်ဆောင်ခွင့်ပြုခြင်းများကို ခွင့်ပြုလျက် ရှိပါကြောင်း၊ တိုင်းဒေသ ကြီး/ပြည်နယ်ရှိ ခိုင်းကျွဲ၊ ခိုင်းနွားများအား အမြို့မြို့အနယ်နယ်မှ ဝယ်ယူမည်ဆိုပါက သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးထံလိပ်မူ၍ သယ်ဆောင်ခွင့်ပြုမိန့်ကို သယ်ဆောင်မည့်ကျွဲ၊ နွားအရေအတွက်၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ထောက်ခံချက်ဖြင့် လည်းကောင်း၊ ပြည်သူလူထုစားသုံးရန် သားသတ်လိုင်စင် ရရှိသူများမှ ကျွဲ၊ နွားများအားသက်ဆိုင်ရာ ခရိုင်/မြို့နယ်အတွင်း ဝယ်ယူစုဆောင်း သယ်ဆောင်ရန် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနများ၏ ထောက်ခံချက်ဖြင့် မြို့နယ်/ခရိုင် စီမံခန့်ခွဲမှုကော်မတီသို့ ကြိုတင်ခွင့်ပြုချက် ရယူဆောင်ရွက်ကြပြီး ခရိုင်အတွင်းဝယ်ယူစု ဆောင်းသယ်ဆောင်မည်ဆိုပါက ခရိုင်စီမံခန့်ခွဲမှု ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊
တိုင်းဒေသကြီး/ပြည်နယ်များအတွင်း ခရိုင်ကျော်ဝယ်ယူ စုဆောင်းသယ် ဆောင်လိုလျှင် သွားရောက် ဝယ်ယူရမည့်ခရိုင်နှင့် ဝယ်ယူလိုသည့်ခရိုင်အပေါ်မူတည်၍ သက်ဆိုင်ရာ ခရိုင်စီမံခန့်ခွဲမှု ကော်မတီအချင်းချင်း ချိတ်ဆက်လျက် လိုအပ်သော ထောက်ခံချက်စာရွက်စာတမ်း အပြည့်အစုံဖြင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရက ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ အခြားတိုင်းဒေသကြီး/ပြည်နယ်တို့မှ တိုင်းကျော်/ပြည်နယ်ကျော် ဝယ်ယူသယ်ဆောင်လိုပါက သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ ခွင့်ပြုချက်ဖြင့် သယ်ဆောင်ရာလမ်းကြောင်းတစ်လျှောက် ဖြတ်သန်းသွားလာ နိုင်ရေးကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များ၏ အကူအညီဖြင့် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မေးမြန်းချက်တွင်ပါရှိသည့် မှောင်ခိုဈေးကွက်၊ တရားမဝင်လမ်းကြောင်းမှ ရောင်းချခြင်းနှင့်ပတ်သက်၍ တင်ပြရလျှင် ကျွဲ၊ နွားများ တရားဝင် တင်ပို့ခွင့်မပြုမီ ထိုင်းနိုင်ငံ မဲဆောက် အကောက်ခွန်ဌာနမှ ရရှိသည့် စာရင်းများအရ မြန်မာနိုင်ငံမှ ကျွဲ၊ နွားများကို ထိုင်းနိုင်ငံဘက်သို့ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ၈၄၆၈၉ ကောင်ခန့်၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ၆၁၄၄၉ ကောင်ခန့်၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ၈၆၄၆၆ ကောင်ခန့် တရားမဝင် တင်ပို့ခဲ့ပါကြောင်း၊ ထို့အပြင် မြေပြင်သတင်းများအရ တရုတ်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့လည်း တရားမဝင်တင်ပို့လျက် ရှိကြောင်း၊ သို့ဖြစ်၍ ကျွဲ၊ နွားအရှင်များကို ပြည်ပသို့ တရားမဝင်တင်ပို့မှုများ လျော့နည်းစေပြီး နိုင်ငံ၏ ပို့ကုန်ဝင်ငွေနှင့် အခွန်တိုးမြှင့်ရရှိစေရန်၊ နယ်စပ်ဖြတ်ကျော်ကူးစက်ရောဂါများကို ထိန်းချုပ်နိုင်ရန်နှင့် တောင်သူများအနေနှင့် မိသားစုစားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုစေရန် စသည့်ရည်ရွယ်ချက်များဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ကျွဲ၊ နွား ပြည်ပတင်ပို့ရောင်းချခွင့်ကို ၉.၁၀.၂၀၁၇ ရက်နေ့တွင် ခွင့်ပြုပေးခဲ့ပါကြောင်း၊ တစ်ဖက်တွင်လည်း နိုင်ငံအတွင်း ကျွဲ၊ နွားအရင်းအမြစ်များ စဉ်ဆက်မပြတ် တည်တံ့စေရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနမှ ကြီးကြပ် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်း၊ ရှေ့ပြေးစီမံကိန်း စာရင်းများအရ မြန်မာနိုင်ငံတွင် ကျွဲကောင်ရေ ၁၈ သိန်း၊ နွားကောင်ရေ ၉၇ သိန်း စုစုပေါင်း ၁၁၅ သိန်းရှိသည်ဟု ခန့်မှန်းထားပါကြောင်း၊
ပြည်ပတင်ပို့သည့် လုပ်ငန်းစဉ်နှင့်ပတ်သက်၍ စံသတ်မှတ်ထားသည့် လုပ်ငန်းစဉ် (Standard Operating Procedure-SOP) ကို ရေးဆွဲချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တင်ပို့ခွင့်ပြုရာတွင် အသက်ငါးနှစ်နှင့် အထက် ကျွဲ၊ နွားများကိုသာ တင်ပို့ခွင့်ပြုထားပြီး နွားထီးများကို သင်းကွပ်ပြီး တင်ပို့စေပါကြောင်း၊ ပြည်တွင်းပြည်ပကို တင်ပို့ရောင်းချနေသော ကျွဲ၊ နွားများကို ကာကွယ်ဆေး ထိုးပြီးကြောင်း ထောက်ခံချက်လက်မှတ်၊ တိရစ္ဆာန်ကျန်းမာရေး ထောက်ခံချက်လက်မှတ်၊ မွေးမြူရေးခြံ လုပ်ငန်းမှတ်ပုံတင်လက်မှတ် တို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပေးပါကြောင်း၊ ထောက်ခံချက်တစ်စောင်လျှင် အကောင်ရေ ၁၀၀ အတွက်ထုတ်ပေးပြီး ယင်းထောက်ခံချက်များအတိုင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပို့ကုန်လိုင်စင် ခွင့်ပြုထုတ်ပေးလျက် ရှိပါကြောင်း၊ ပို့ကုန်လိုင်စင် ထုတ်ပေးထားရှိမှု အခြေအနေများကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များကို အသိပေး၍ သယ်ဆောင်ရာ လမ်းကြောင်းအလိုက် လွယ်ကူလျင်မြန် ချောမွေ့စွာ ဖြတ်သန်းသွားလာရေးကိုလည်း ကူညီဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ကျွဲ၊ နွား ပြည်ပတင်ပို့ခွင့်ပြုသည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၈ ခုနှစ် နိုင်ဝင်ဘာလ ၁၆ ရက်နေ့အထိ တရားဝင်တင်ပို့ခွင့်ပြုသည့် အရေအတွက်မှာ ကျွဲ ၂၈၆၃၂ ကောင်နှင့် နွား ၁၈၆၇၀၁ ကောင် စုစုပေါင်း ၂၁၅၃၃၃ ကောင်၊ တန်ဖိုးငွေ အမေရိကန် ဒေါ်လာ ၂၆၁.၂၆၄ သန်းမျှရှိပါကြောင်း၊ ရောဂါကင်းရှင်းသည့် ကျွဲ၊ နွားများတင်ပို့ရေးအတွက်လည်း မြန်မာနိုင်ငံ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ယူနန်ပြည်နယ် ကုန်ပစ္စည်းအရည်အသွေး ထိန်းချုပ်ရေး၊ စစ်ဆေးရေးနှင့် ပိုးမွှားကင်းစေရေး အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့နှင့် ညှိနှိုင်းလျက်ရှိပြီး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်အောင် ကြိုးပမ်းလျက်ရှိပါကြောင်း၊ နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်ဘဏ္ဍာများ မှန်မှန်ကန်ကန်ရရှိရေး ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် ပြည်တွင်း/ပသို့ တင်ပို့ရောင်းချသော ကျွဲ၊ နွားများကို ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံချက် လက်မှတ်ထုတ်ပေးခြင်း၊ တိရစ္ဆာန်ကျန်းမာရေး ထောက်ခံချက်ထုတ်ပေးခြင်း၊ မွေးမြူရေးခြံလုပ်ငန်း မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်း စသည်တို့အတွက်ရရှိသည့် အခကြေးငွေများကို တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေကို ပေးသွင်းလျက်ရှိပါကြောင်း၊ ထို့အပြင် ပြည်ပသို့တင်ပို့မည့် ကျွဲ၊ နွားများအတွက် ကျန်းမာရေးစစ်ဆေးသည့် Animal Quarantine Fees အခကြေးငွေကို ပြည်ထောင်စု အစိုးရအဖွဲ့ ရန်ပုံငွေသို့ ပေးသွင်းဆောင်ရွက် လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
