(က)-ထီးချိုင့်မြို့နယ်၊ ထီးချိုင့်မြို့မဈေးလမ်းအနောက်ဘက်ရှိ စားသုံးသူရေးရာဦးစီးဌာနပိုင်လက်ရှိ အသုံးမပြုသေးသော မြေကွက်အား ထီးချိုင့်မြို့မဈေးတိုးချဲ့အသုံးပြုရန် လွှဲပြောင်းပေးနိုင်ခြင်း ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၁၁.၆.၂၀၁၈)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ ထီးချိုင့်မြို့မဈေးသည် တိုးပွားလာသည့် မြို့ပြလူဦးရေနှင့် ၎င်းတို့နေ့စဉ်စားသောက်သုံးဆောင်ကြသည့် စားသုံးကုန်၊ အသုံးအဆောင်၊ အစားအသောက်တို့အတွက် ခင်းကျင်းရောင်းချရသော ဈေးဆိုင်ခန်းများ၏ ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသည့် အခြေအနေဖြစ်ပါကြောင်း၊ ဈေး၏အနောက်ဘက် အများသူငါ  သွားနေသည့် လမ်းမကြီးနံဘေးတွင် ကျူးကျော်ဝင်ရောက် ရောင်းချလာခဲ့သည်မှာ ၁၀ စုနှစ်ခန့်ရှိပြီ ဖြစ်ပါကြောင်း၊ ယခင်က လမ်းသွားလမ်းလာများအတွက် အနှောင့်အယှက် မဖြစ်သော်လည်း ယခုအခါ ဆွမ်းခံဆရာတော်များပင် လူကြည့်ရှောင်ကွင်းသွားရသည့် အနေအထားရောက်နေပြီး အထူးသဖြင့် မီးသတ်ကားဝင်မရသည့် ပြဿနာက မြို့အတွက် အကြီးမားဆုံးစိန်ခေါ်မှု ဖြစ်နေပါကြောင်း၊ ၎င်းကိစ္စကို ဖြေရှင်းရန်အတွက် မိမိတို့အပါအဝင် မြို့မိမြို့ဖများ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီများ စုပေါင်းညှိနှိုင်းသည့်အခါ  မြို့မဈေးတည်ရှိရာ အောင်ဇေယျာရပ်ကွက်တွင် ယခင်ကုန်သွယ်ရေး၊ ယခုစားသုံးသူရေးရာဦးစီးဌာနပိုင် ကွင်းအမှတ် (၈၃၇) ရှိ မြေကွက်အမှတ် (၄၁၇)၊ ဧရိယာ ဝ.၇၄ ဧကရှိ ဂိုဒေါင်ပါ ဝန်းတစ်ဝန်းနှင့် မြေကွက်အမှတ် (၃၉၄)၊ ဧရိယာ ဝ.၉၁ ဧကရှိ ဝန်းတစ်ဝန်း စုစုပေါင်းနှစ်ဝန်းရှိသည့်အနက် ယခုမြို့မဈေးနှင့် လမ်းမတစ်ခုသာခြားသော မြေကွက်အမှတ် (၃၉၄) ကို ဈေးအဖြစ်တိုးချဲ့ရန် တိုင်ပင်ကြရာက အဆိုပါမြေကွက်သည် ဌာနပိုင်အဆောက်အဦ လုံးဝမရှိသေးသည့် မြေကွက်တစ်ခုဖြစ်ပြီး လက်ဖက်ရည်ဆိုင်များ၊ ဈေးဆိုင်များနှင့် ကားဂိတ်များကို ဌာနမှနှစ်စဉ်စာချုပ်ဖြင့် အငှားချထား ပေးလျက်ရှိပါကြောင်း၊

ထို့ကြောင့် စားသုံးသူရေးရာဦးစီးဌာနပိုင် မြေကွက်အမှတ် (၃၉၄) ကို မြို့မဈေးတိုးချဲ့နိုင်ရေးအတွက် ထီးချိုင့်မြို့နယ် စည်ပင်သာယာရေးကော်မတီသို့ လွှဲပြောင်းပေးအပ်နိုင်ခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး
အဖြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့၊ အမှတ် (၂) ရပ်ကွက်၊ ကွင်းအမှတ် (၈၃၇)၊ ဦးပိုင်အမှတ် (၃၉၄/၈၇၅) ရှိ သိုလှောင်ရုံအမှတ် (ထီးချိုင့်-၄) နှင့် (ထီးချိုင့်-၆) တည်ရှိခဲ့သည့် မြေနေရာများဖြစ်ပြီး နိုင်ငံတော်အနေနှင့် စပါးဝယ်ယူရေးကိစ္စကို ရပ်ဆိုင်းခဲ့တာကြောင့်တစ်ကြောင်း၊ သိုလှောင်ရုံများ အနေနှင့် ပျက်စီးမှုရှိလာတာကြောင့်တစ်ကြောင်း သိုလှောင်ရုံနှစ်ခုကို ထုခွဲရောင်းချခဲ့ပြီးနောက် ဖြစ်ပေါ်လာသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက စီမံခန့်ခွဲလျက်ရှိသည့် နိုင်ငံတော်ပိုင်မြေ ဝ.၉၁ ဧက ဖြစ်ပါကြောင်း၊ အဆိုပါမြေကွက်သည် ထီးချိုင့်စည်ပင်သာယာဈေးနှင့် တစ်ဆက်တစ်စပ်တည်း မဟုတ်ဘဲ လမ်း၏တစ်ဘက်ခြမ်း၊ ဘုရားနှင့် လူနေအိမ်များ၏ အနောက်ဘက်တွင် သီးခြားတည်ရှိပါကြောင်း၊

၎င်းမြေများကို နိုင်ငံတော်အကျိုးအတွက် ဝန်ကြီးဌာနက စီမံခန့်ခွဲလျက်ရှိရာ ယင်းမြေအနက် ဝ.၀၅ ဧကကို တစ်လလျှင် ကျပ် ၃၀၀၀၀ နှင့် ပုဂ္ဂလိကလုပ်ငန်းရှင် ဦးယဉ်ထွေးအားလည်းကောင်း၊ မြေ ဝ.၆၈၈ ဧကကို တစ်လလျှင် ကျပ် ၁၅၀၀၀၀ ဖြင့် ရွှေထီးဧရာမော်တော်ယာဉ်အသင်းအား လည်းကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် သုံးနှစ်သက်တမ်းအတွက် ၁-၁၂-၂၀၁၆ ရက်နေ့မှ စတင်ငှားရမ်းခဲ့ပါကြောင်း၊ မူလငှားရမ်းခအပေါ်တွင် တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းထက် မနည်းတိုးမြှင့်ပြီး တစ်နှစ်တစ်ကြိမ်စာချုပ်ဖြင့် ငှားရမ်းလျက်ရှိပါကြောင်း၊ ယင်းသို့မြေယာငှားရမ်းမှု စာချုပ်သက်တမ်းသည် ၁-၁၂-၂၀၁၉ ရက်နေ့တွင် ကုန်ဆုံးမည် ဖြစ်ပါကြောင်း၊

အဆိုပါမြေများကို ထီးချိုင့်ဈေးမြေနေရာတိုးချဲ့၍ စည်ပင်သာယာဈေးအဖြစ် ပြည်သူများ အကျိုးအတွက် တည်ဆောက်လိုပါက မြေယာစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က နိုင်ငံတော်သမ္မတရုံးထံ အသုံးပြုခွင့်ရရှိရေးကို တင်ပြနိုင်ပါကြောင်း၊ ယင်းမြေကွက်ကို ထီးချိုင့်စည်ပင်သာယာဈေးအတွက် အသုံးချနိုင်ရန် နိုင်ငံတော်က သဘောတူညီပါက လက်ရှိငှားရမ်းစာချုပ်သက်တမ်းကုန်ဆုံးသည့် ၁-၁၂-၂၀၁၉ ရက်နေ့ နောက်ပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုအောက်ကို လွှဲပြောင်းပေးနိုင်ရန်အလို့ငှာ တည်ဆဲမြေအသုံးချမှုဆိုင်ရာ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ နိုင်ငံတော်သို့ အပ်နှံပေးသွားနိုင်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။