(က)-ကာလအလိုက်၊ ဒေသအလိုက်၊ သီးနှံအမျိုးအစားအလိုက် အချိန်ကာလသတ်မှတ်၍ အနိမ့်ဆုံးဈေးနှုန်း အာမခံမှု (Minimum Purchase Guarantee Price )ကို ဈေးကွက်စီးပွားရေး မူဘောင်အတွင်းမှ နိုင်ငံတော် အစိုးရ၏ ကြီးကြပ်မှုဖြင့် ကြိုတင်သတ်မှတ် ဆောင်ရွက်ပေးနိုင်ရေး နှင့်စပ်လျဉ်းသည့် မေးခွန်း။
ကျွန်တော် ဒီနေ့ တင်သွင်းမယ့် မေးခွန်းဟာ မဲဆန္ဒနယ် တစ်ခု၊ နှစ်ခုအတွက်သာမကဘဲ တစ်နိုင်ငံလုံးလွှမ်းခြုံစေမယ့် မေးခွန်းဖြစ်ပါတယ်။ တစ်နိုင်ငံလုံး လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလူဦးရေရဲ့ ကိစ္စဖြစ်တဲ့အတွက်ကြောင့် ဒီမေးခွန်းပေါ်ပေါက်ရတဲ့ အကြောင်းအရင်းကို အတိုချုပ်နှစ်ချက်လောက် တင်ပြခွင့်ပြုပါခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ စာပေ ကျမ်းဂန်လာအဆိုအရ ကမ္ဘာဦးလူတို့စတင်ရာမှာ မိမိခြေထောက်အောက်က မြေဆီကို အသင့်စားသုံး နိုင်သည်လို့ ဆိုပါတယ်။ အဲဒီနောက် ပဒေသာပင်ကို အဆင်သင့်စာသုံးနိုင်သည်လို့ ဆိုပါတယ်။ ဒီနောက်မှာ လူသားတို့ရဲ့အတ္တ၊ မာန်မာန၊ ကိလေသာကြီးထွားလာမှုကြောင့် နောက်ပိုင်းမှာတော့ မိမိတို့ရဲ့ရိက္ခာကို ခက်ခက်ခဲခဲပင်ပင်ပန်းပန်း စိုက်ပျိုးကြိတ်ခွဲချက်ပြုတ်ပြီးမှသာ စားသောက်လို့ ရတယ်လို့ အဆိုရှိပါတယ်။ အဲ့ဒီနေရာတွေမှာ ဒီရိက္ခာတွေကို ဖြည့်တင်းပေးတဲ့ သူတွေဟာ ကမ္ဘာဦးကတည်းက ကျေးဇူးရှင်နေရာအဖြစ်ကို ရောက်ရှိလာတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့မှာ ဒီလို ကျေးဇူးရှိတဲ့သူတွေဟာ ကျန်တဲ့လူသားအားလုံးနဲ့ ကံဇာတာ လိပ်ပြာမြင့်တယ်လို့ ဆိုကြပါတယ်။ ဒီလို ကံဇာတာလိပ်ပြာမြင့်တဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို အားပေးအားမြှောက် ပြုနေတဲ့နိုင်ငံတွေ ဟာလည်း ဒီနေ့ ကြီးပွားချမ်းသာနေကြတယ်လို့ အဆိုရှိပါတယ်။ အရှေ့ဖျားက ပစိဖိတ်ဒေသက နိုင်ငံတချို့ဆိုရင် ဆန်မစားတာတောင်မှ ဆန်စိုက်တာ သူတို့အကြောင်းပြချက်ကတော့ အရေး အကြောင်းကျရင် သူတို့လူသားတွေဟာ သူတို့တိုင်းပြည်က လူတွေဟာ ဆန်မစိုက်တတ်တော့မှာစိုးလို့ ကို အစိုးရက စိုက်ထုတ်ပြီးတော့ စိုက်ခိုင်းတယ်လို့ပဲ ကျွန်တော်တို့ မှတ်သားမိပါတယ်။ ဒါက ပထမတစ်ချက်ဖြစ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ ကျွန်တော်တို့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့မှာ ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွတ်ရဲ့ အဆိုတစ်ခုဟာ အတည်ပြုပြီး တော့ အောင်ခဲ့ပါတယ်။ အဆိုကတော့ ကာလအလိုက်၊ ဒေသအလိုက်၊ သီးနှံအမျိုးအစားအလိုက် အချိန် ကာလသတ်မှတ်၍ အနိမ့်ဆုံးဈေးနှုန်းအာမခံမှု (Minimum Purchase Guarantee Price)ကို ဈေးကွက်စီးပွားရေးမူဘောင်အတွင်းမှ နိုင်ငံတော်အစိုးရ၏ ကြီးကြပ်မှုဖြင့် ကြိုတင်သတ်မှတ် ဆောင်ရွက်ပေးနိုင်ရေးအဆိုဟာ အတည်ပြုအဆိုဖြစ်ခဲ့ပါတယ်။ အထက်ပါအဆိုကို မပြီးပြတ်သေးသော လွှတ်တော်ဆိုင်ရာလုပ်ငန်းအဖြစ် ပြည်သူ့လွှတ်တော်အစိုးရ၏ အာခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီက စိစစ်ချက်အရ စီးပွားရေးနဲ့ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက နိုင်ငံတော်အရန်ဆန်ထားရှိရေး ကော်မတီနှင့်ညှိနှိုင်းချက် တင်ဒါ စနစ်ဖြင့် အောက်ပါအတိုင်းဝယ်ယူရန် တင်ဒါအောင်မြင်ကြောင်း ပြန်ကြားချက်ရရှိပါတယ်။ ဒီပြန်ကြားချက်ကိုလည်း ယခု ဆဋ္ဌမပုံမှန်အစည်းအဝေးမှာ ကော်မတီရဲ့အစီရင်ခံစာတင်သွင်းပြီး ဖြစ်ပါတယ်။ အစီရင်ခံစာပြန်ကြားချက်အရ (၁) ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွက် ရန်ကုန်တိုင်း ဒေသကြီးတွင် ဆန်တန်ချိန် ၆၈၀၀၊ (၂) ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းမှာပဲ ဧရာဝတီတိုင်း ဒေသကြီးမှာ ဆန်တန်ချိန် ၂၈၀၀၊ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွက် တန်ချိန် ၂၀၀၀၀၊ ၂၀၁၃ ခုနှစ် ယခု ဇန်နဝါရီလအတွက် တန်ချိန် ၁၀၀၀၀ တို့ကို ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ မန္တလေးနှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့မှာ တင်ဒါခေါ်ယူပေးရန် စီစဉ်ထားကြောင်း ပြန်ကြားချက်တွေ့ရှိရပါတယ်။ သို့သော်လည်းပဲ အဆိုအတည်ဖြစ်ခဲ့တဲ့ အဓိကအကြောင်းအရာဖြစ်တဲ့ ကာလဒေသအလိုက်၊ သီးနှံ အမျိုးအစားအလိုက်၊ အနိမ့်ဆုံးဈေးနှုန်းအွခေခံအာမခံမှုနှင့်ပတ်သက်လို့ ထိရောက်တဲ့ အကောင် အထည်ဖော်မှုကို မတွေ့ရတဲ့အတွက် ဒီနေ့ မေးခွန်းကို တင်ပြအပ်ပါတယ်။ သို့ဖြစ်ပါ၍ ကျွန်တော် မေးမြန်းလိုသည့် ကြယ်ပွင့်ပြမေးခွန်းမှာ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၇-၉-၂၀၁၁ ရက်နေ့၌ အတည်ဖြစ်ခဲ့သော ဇလွန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွတ်၏ ကာလအလိုက်၊ ဒေသအလိုက်၊ သီးနှံအမျိုးအစားအလိုက် အချိန်ကာလသတ်မှတ်၍ အနိမ့်ဆုံးဈေးနှုန်းအာမခံမှု (Minimum Purchase Guarantee Price) တစ်နည်းအားဖြင့် (Basic Guarantee Price)ကို ဈေးကွက်စီးပွားရေးမူဘောင်အတွင်းမှ နိုင်ငံတော်အစိုးရ၏ ကြီးကြပ်မှုဖြင့် ကြိုတင်သတ်မှတ် ဆောင်ရွက်ပေးနိုင်ရေးအဆိုနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက လက်ရှိမည်သို့ အကောင်အထည်ဖော်ဆောင်ရွက်နေသည်ကို သိရှိလိုသည့်အတွက် မေးမြန်းပါသည်။
ကျွန်တော်တို့နိုင်ငံမှာ စိုက်ပျိုးထုတ်လုပ်တဲ့ သီးနှံများထဲမှာ ပမာဏ အများဆုံးဖြစ်ပြီး ပြည်သူအားလုံး စားသုံးတဲ့ အဓိကစားနပ်ရိက္ခာ (Staple Food) ဖြစ်တဲ့ ဆန်စပါး ကဏ္ဍနဲ့ ပတ်သက်ပြီး ဦးစွာတင်ပြလိုပါတယ်။ ဆန်စပါးလုပ်ငန်းကို အစိုးရက တိုက်ရိုက်ရောင်းဝယ် ခြင်း မပြုတော့တဲ့အတွက် ယခင်က ရှိခဲ့တဲ့ နိုင်ငံပိုင်ဆန်စက် ၆၉ လုံး၊ ဖွဲနုဆီစက် ၁၈ လုံး၊ သိုလှောင်ရုံ ၁၉၆၅ လုံးကို လွှဲပြောင်းခြင်း၊ ရောင်းချခြင်းများ ဆောင်ရွက်ထားခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဆန်စပါး လုပ်ငန်းနှင့်ပတ်သက်လို့ အစိုးရက တိုက်ရိုက်ရောင်းဝယ်ခြင်းမပြုဘဲ ပုဂ္ဂလိက ကဏ္ဍကို လွတ်လွတ် လပ်လပ်ဆောင်ရွက်ခွင့် ပြုထားခဲ့ပေမယ့်လည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေနဲ့ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု၊ ပြည်တွင်းစီးဆင်းမှု၊ ပြည်ပသို့ တင်ပို့ရောင်းချမှု၊ ဈေးနှုန်း အခြေအနေနဲ့ ဈေးကွက်ဖြစ်ပေါ်မှုများကို မျက်ခြေပြတ်မခံဘဲ မပြတ်လေ့လာ သုံးသပ်စိစစ်ဆောင်ရွက် ပေးလျက်ရှိပါတယ်။ အထူးသဖြင့် တောင်သူလယ်သမားများရဲ့ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် အပေါ် အကျိုးအမြတ်ရရှိမှုအခြေအနေ၊ တစ်ဖက်ကလည်း စားသုံးသူပြည်သူအများစုအတွက် ဝန်ထုပ် ဝန်ပိုး မဖြစ်ပေါ်စေတဲ့ ဈေးနှုန်းဖြစ်ပေါ်နိုင်တဲ့ အခြေအနေများကို စိစစ်သုံးသပ်ပြီး လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်အောက်မှာရှိတဲ့ ဆန်စပါးဆိုင်ရာ အသင်းအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး လျက်ရှိပါတယ်။ ၂၀၁၁ ခုနှစ် အစိုးရသစ်တာဝန်ယူပြီးနောက်ပိုင်းကာလမှာ တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်တဲ့ သီးနှံများ ဈေးနှုန်းအထိုက်အလျောက်ပိုမိုရရှိဖို့နဲ့ ပြည်ပတင်ပို့မှု လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ဖို့အတွက် ဆန်စပါးအပါအဝင် လယ်ယာထွက် ပို့ကုန်သီးနှံများ ပြည်ပ တင်ပို့ရာမှာ ယခင်က ကောက်ခံခဲ့တဲ့ ကုန်သွယ်လုပ်ငန်းခွန် ၈ ရာခိုင်နှုန်းကို ကင်းလွတ်ခွင့်ပြုပေးခဲ့ပါ တယ်။ ဒါ့အပြင် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနဲ့ လယ်ယာသုံးစက်ကိရိယာများကို ပြည်ပမှ တင်သွင်း ခြင်း၊ ပြည်တွင်းထုတ်လုပ်ခြင်းများအတွက် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံခြင်းမပြုဘဲ ကင်းလွတ် ခွင့်ပြုပေးခဲ့ပါတယ်။ ဒါ့အပြင် ကုန်ပစ္စည်းအရည်အသွေးကောင်းမှ ဈေးကောင်းရနိုင်မှာ ဖြစ်လို့ ဆန်စပါးကြိတ်ခွဲတင်ပို့ရောင်းချမှုလုပ်ငန်းများ ခေတ်မီဖွံ့ဖြိုးတိုးတက်စေဖို့နှင့် အရည်အသွေးမြင့်မား တဲ့ ဆန်များ ကြိတ်ခွဲထုတ်လုပ်နိုင်ရန်အတွက် ကမ္ဘာ့အဆင့်မီဆန်စက်နှင့် ဆန်စက်ပစ္စည်း အစိတ်အပိုင်း များပိုမိုပြီးတင်သွင်းနိုင်ရေးကို ပံ့ပိုးကူညီအားပေးတဲ့အနေနဲ့ ဆန်စက်နှင့် ဆန်စက်အစိတ်အပိုင်းများ ကို လယ်ယာကဏ္ဍနှင့် သက်ဆိုင်တဲ့စက်ကိရိယာအဖြစ် သတ်မှတ်ပြီး အခွန်အခကင်းလွတ်ခွင့် ရအောင် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့ပါတယ်။
လယ်ယာထွက်သီးနှံများအပါအဝင် ကုန်ပစ္စည်းများအားလုံးရဲ့ ဈေးနှုန်းဖြစ်ပေါ်မှုဟာ ဈေးကွက်စီးပွားရေးပုံစံနဲ့သွားနေတာဖြစ်တဲ့အတွက်လည်း ကမ္ဘာ့ဈေးနှုန်းများ ပြောင်းလဲဖြစ်ပေါ်မှုနှင့် အညီ ကျွန်တော်တို့ နိုင်ငံအနေနဲ့ လိုက်ပါပြောင်းလဲနေမှာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ဖြစ်ပေါ်လာတဲ့ ကမ္ဘာ့ငွေကြေးအကြပ်အတည်း ယခင်နှစ်က ဖြစ်ပေါ်ခဲ့တဲ့ ဥရောပတိုက် ကြွေးမြီပြဿနာများကြောင့် ကမ္ဘာ့စီးပွားရေးကျဆင်းခဲ့တဲ့အတွက် လယ်ယာထွက်ကုန်သီးနှံများရဲ့ ဈေးနှုန်းများလည်း ကျဆင်းခဲ့ရ ပါတယ်။ ဥပမာပြရရင် ကမ္ဘာမှာ ဆန် ဒုတိယအများဆုံးတင်ပို့တဲ့ ဗီယက်နမ်နိုင်ငံရဲ့ ဧည့်မထ ၂၅ မတ် ဆန်တစ်တန် ပျမ်းမျှဈေးနှုန်း ဟာ ၂၀၁၁ ခုနှစ်မှာ ၄၆၅ ဒေါ်လာ၊ ၂၀၁၂ ခုနှစ်မှာ ၃၉၅ ဒေါ်လာနှင့် ယခု ၂၀၁၃ ခုနှစ်မှာ ၃၈၅ ဒေါ်လာအထိ တစ်နှစ်ပြီး တစ်နှစ်ကျဆင်းနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဧည့်မထ ၂၅ မတ်ဆန်တစ်တန်ပျမ်းမျှဈေးနှုန်းများကို ကြည့်ရင်လည်း ၂၀၁၁ ခုနှစ်မှာ ၃၉၁ ဒေါ်လာ၊ ၂၀၁၂ ခုနှစ်မှာ ၃၄၃ ဒေါ်လာနှင့် ယခု ၂၀၁၃ ခုနှစ်မှာ ၃၃၀ ဒေါ်လာအထိ ကျဆင်းခဲ့တာ တွေ့ရှိရမှာ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်း မေးမြန်းထားတဲ့ ကာလအလိုက်၊ ဒေသအလိုက်၊ သီးနှံအမျိုးအစားအလိုက် အချိန်ကာလသတ်မှတ်၍ အနိမ့်ဆုံးဈေးနှုန်းအာမခံမှု (Minimum Purchase Guarantee Price) ကို ဈေးကွက်စီးပွားရေးမူဘောင်အတွင်းမှ နိုင်ငံတော်အစိုးရ၏ ကြီးကြပ်မှုဖြင့် ကြိုတင်သတ်မှတ်ဆောင်ရွက်ပေးနိုင်ရေးအဆိုနှင့်စပ်လျဉ်းပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက မည်သို့အကောင်အထည်ဖော်ဆောင်ရွက်မည်ကို သိရှိလိုသော မေးခွန်းကို ဆက်လက် တင်ပြရမယ်ဆိုရင် အနိမ့်ဆုံးဈေးနှုန်းအာမခံမှု သတ်မှတ်ပေးရာတွင် အဓိကကျတဲ့ အချက် ၂ ချက်ရှိပါ တယ်။ ပထမအချက်ကတော့ အနိမ့်ဆုံးဈေးနှုန်းအာမခံမှု (Minimum Purchase Guarantee Price) သတ်မှတ်ခြင်းအားဖြင့် စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူလယ်သမားများက စိုက်ပျိုးစရိတ် (Production Cost) ကာမိပြီးတော့ ထိုက်သင့်တဲ့ အကျိုးအမြတ်ရမှာ ဖြစ်တဲ့အတွက် သီးနှံကို စိတ်ဝင်တစား ပိုမိုတိုးချဲ့စိုက်ပျိုးလိုစိတ်များ ဖြစ်ပေါ်လာခြင်းဖြင့် သီးနှံထုတ်လုပ်မှုနှင့် တောင်သူများရဲ့ လူမှုစီးပွားရေးဘဝတိုးတက်လာမှာ ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ သီးနှံများရဲ့ ဈေးနှုန်းများ သင့်တင့်မျှတစွာတည်ငြိမ်မှု (Price Stability) ဖြစ်ပေါ်နေစေဖို့ တစ်နည်းအားဖြင့် အများစားသုံးတဲ့ အဓိကသီးနှံဖြစ်လို့ စားသုံးသူပြည်သူလူထုအတွက် သင့်တင့်မျှတတဲ့ ဈေးနှုန်းရှိနေစေရန်ဆိုတာကို လည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ ဆန်စပါးအများအပြားထုတ်လုပ်ပြီး ပြည်ပတင်ပို့ရောင်းချတဲ့ နိုင်ငံအချို့ရဲ့ အခြေအနေကို အနည်းငယ်တင်ပြခွင့်ပြုပါ။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ စပါး စိုက်ပျိုးတဲ့ လယ်သမားတွေအတွက် ဈေးနှုန်းထောက်ပံ့မှုအစီအစဉ်ကို ကျင့်သုံးလျက်ရှိပြီး ထောက်ပံ့ တဲ့ဈေးနှုန်းဟာ ဈေးကွက်ပေါက်ဈေးနှင့် ဆက်စပ်ပြီး သတ်မှတ်လေ့ရှိကြောင်း တွေ့ရှိရပါတယ်။ ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ အစိုးရသိုလှောင်ရုံ အဖွဲ့အစည်း (Public Warehouse Organization-PWO) မှတစ်ဆင့် လယ်သမားများဆီက အပေါင်ခံဝယ်ယူပေးလျက်ရှိပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ စပါးအပေါင်ခံတဲ့ ဈေးနှုန်းကို တိုးမြှင့်သတ်မှတ်ပေးခဲ့တာကြောင့် လယ်သမားများရဲ့ အပေါင်ခံတဲ့စပါးတန်ချိန်လည်း အဆပေါင်း များစွာ မြင့်တက်လာခဲ့ရပါတယ်။ စပါးအပေါင်ခံဈေးနှုန်းမြင့်တက်မှုကြောင့် ထိုင်းဆန်များ ပြည်ပ တင်ပို့မည့် FOB ဈေးနှုန်းမှာ ကမ္ဘာ့ဈေးကွက်ပေါက်ဈေးနှုန်းထက် မြင့်နေတဲ့အတွက် တွက်ခြေကိုက်မှု မရှိဘဲ ယခုနှစ်မှ တင်ပို့မှုများစွာ လျော့နည်းခဲ့ရပါတယ်။ ကမ္ဘာ့ဆန်တင်ပို့မှုမှာ ပထမအဆင့်နဲ့ နှစ်ကာလကြာရှည်စွာ ရပ်တည်ခဲ့တဲ့ ထိုင်းနိုင်ငံဟာ ၂၀၁၂ ခုနှစ်မှာ တတိယနေရာသို့ ဆင်းပေးခဲ့ရပါ တယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ တောင်သူတွေရဲ့ ဝင်ငွေမြင့်မားရန် အစီအစဉ်နဲ့ စပါးအပေါင်ခံမှု မှာ ထုတ်လုပ်မှုပမာဏ ဆန်တန်ချိန် ၃၁.၆၀ သန်းအနက် ၆၈ ရာခိုင်နှုန်းဖြစ်တဲ့ တန်ချိန် ၂၁.၅ သန်း အထိ အပေါင်ခံခဲ့ပါတယ်။ စပါးအပေါင်ခံအစီအစဉ်အသစ်ကြောင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ သုံးစွဲခဲ့တဲ့ငွေဟာ ထိုင်းအစိုးရအနေနဲ့ ဒေါ်လာ ၁၀.၄ ဘီလီယံခန့် ရှိပါတယ်။ ပြန်လည်ရောင်းချရာက ရရှိနိုင်မည့်ငွေမှာ ဒေါ်လာ ၇.၁၅ ဘီလီယံခန့်သာ ဖြစ်တဲ့အတွက် အရှုံးခံရမှုဟာ အမေရိကန်ဒေါ်လာ ၃.၂၅ ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ၃၀ ရာခိုင်နှုန်းခန့် ဖြစ်ခဲ့ကြောင်း သတင်းများအရ သိရှိရပါတယ်။ ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်မှာ အစိုးရသိုလှောင်ရုံ အဖွဲ့အစည်း (Public Warehouse Organization-PWO)ကို ဥပဒေပြဋ္ဌာန်းဖွဲ့စည်းထားရှိပြီး ထို အဖွဲ့အစည်းမှ စပါးအပေါင်ခံသောစနစ် (Paddy Pleding System) ဖြင့် အနိမ့်ဆုံးစပါးဈေးနှုန်း သတ်မှတ်မှုကို ဆောင်ရွက်လျက်ရှိပါတယ်။ ဗီယက်နမ်နိုင်ငံမှာဆိုရင် ဆန်စပါးမူဝါဒကို ၅ နှစ်တစ်ကြိမ် ပြောင်းလဲကျင့်သုံးလျက်ရှိပါတယ်။ နိုင်ငံပိုင် ဗီယက်နမ်စားနပ်ရိက္ခာအဖွဲ့ (Vietnam Food Association) ဟာ ဆန်စပါးလုပ်ငန်းနှင့်ပတ်သက်ပြီး ပြည်တွင်းမှာ ဆန်ဈေးကွက်တည်ငြိမ်ရန် ဆောင်ရွက်ရတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ တောင်သူများ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်၏ ၃၀ ရာခိုင်နှုန်းကို ထပ်ဆောင်း၍ အနိမ့်ဆုံးဈေးနှုန်းအာမခံချက် (Minimum Purchase Guarantee Price) အဖြစ် နိုင်ငံပိုင်ဗီယက်နမ်စားနပ်ရိက္ခာအဖွဲ့ (Vietnam Food Association)မှ ကာလ အလိုက်ဈေးနှုန်းကြိုတင်အသိပေးသတ်မှတ်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။
အိမ်နီးချင်းအိန္ဒိယနိုင်ငံအနေနဲ့လည်း လယ်သမားများအတွက် ကြမ်းခင်းဈေးအာမခံပေးတဲ့ အစီအစဉ်အရ အနိမ့်ဆုံးပံ့ပိုးဈေးနှုန်း နှစ်စဉ်သတ်မှတ်ပြီး အရန်ဆန်ဝယ်ယူသိုလှောင်မှုအား ဆောင်ရွက်လျက်ရှိပါတယ်။ အစိုးရအထောက်အပံ့နှင့် ဖွဲ့စည်းပေးတဲ့ အဖွဲ့အစည်းများက အရှုံးခံပြီး ဝယ်ယူပေးခြင်း၊ အရှုံးခံပြီး ပြန်လည်ရောင်းချပေးခြင်းများဖြင့် လယ်သမားများနှင့် စားသုံးသူပြည်သူ များအကြား သင့်တင့်မျှတတဲ့ ဈေးနှုန်းဖြစ်ပေါ်အောင် စီမံဆောင်ရွက်ပေးလျက်ရှိပါတယ်။ အနိမ့်ဆုံး ပံ့ပိုးဈေးနှုန်းသတ်မှတ်ခြင်းကို စီးပွားရေးဆိုင်ရာဝန်ကြီးများ အစည်းအဝေးက နှစ်စဉ်သတ်မှတ် ဆုံးဖြတ်ပေးလျက် ရှိပါတယ်။ အိန္ဒိယနိုင်ငံဟာ နှစ်စဉ်စပါးတန်ချိန်သန်း ၉၀ မှ သန်း ၁၀၀ ဝန်းကျင် ထုတ်လုပ်လျက်ရှိပြီး အစိုးရစပါးဝယ်ယူမှုအနေနဲ့ စုစုပေါင်းထုတ်လုပ်မှုရဲ့ ၃၅ ရာခိုင်နှုန်းခန့် ဝယ်ယူ တာကို လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့်အနိမ့်ဆုံးဈေးနှုန်းအာမခံမှု သတ်မှတ်ပေးခြင်းဟာ တောင်သူလယ်သမားများ အကျိုးအမြတ်ရရှိအောင် ဆောင်ရွက်ပေးရမည့်ကိစ္စဖြစ်တဲ့အတွက် အကျိုးအမြတ်ကို ဦးတည်တဲ့ စီးပွားရေးပုံစံနဲ့ ဆောင်ရွက်လို့မရပါကြောင်းနှင့် ငွေကြေးအရ အဆုံးအရှုံးခံထောက်ပံ့ပေးတဲ့ Subsidy စနစ်ဖြင့် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ငွေကြေးအရှုံးခံ ဆောင်ရွက်ခြင်းဖြစ်လို့ အစိုးရရဲ့ ထည့်ဝင်ငွေနှင့်သာ ဆောင်ရွက်ရမှာဖြစ်ပြီး ပုဂ္ဂလိက အဖွဲ့အစည်း များရဲ့ ငွေကြေးထည့်ဝင်ဆောင်ရွက်ရန် မသင့်တဲ့အတွက် အစိုးရက သီးခြားတာဝန်ပေးတဲ့ အဖွဲ့အစည်းအဖြစ်သာ ဖွဲ့စည်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ အနိမ့်ဆုံးဈေးအာမခံမှု ဆောင်ရွက် မယ်ဆိုရင် ပြင်ပပုဂ္ဂလိကမှ ဝယ်ယူသူမရှိလျှင်လည်း အစိုးရမှ ငွေကြေးစိုက်ထုတ်ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် လုံလောက်တဲ့ဘဏ္ဍာငွေကို ဖြည့်ဆည်းပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရက ဝယ်ယူထားတဲ့ သီးနှံပေါက်ဈေးများ ကျဆင်းပါကလိုအပ်လျှင် အရှုံးခံ Subsity ဆောင်ရွက်နိုင်ဖို့ အတွက် ဆောင်ရွက်တဲ့ အဖွဲ့အစည်းကို ဥပဒေတစ်ရပ်ပြဋ္ဌာန်းပြီး ကာကွယ်ပေးထားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့လည်း တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်ထွက်ရှိတဲ့ သီးနှံများ အပေါ် အနိမ့်ဆုံးဈေးနှုန်းသတ်မှတ်ဆောင်ရွက်ပေးရာမှာ ဥပဒေရေးဆွဲပြဋ္ဌာန်းခြင်း၊ သီးခြား အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းတာဝန်ပေးခြင်း၊ လိုအပ်တဲ့ ဘဏ္ဍာငွေဖြည့်တင်းပေးခြင်းများ ပြုလုပ်ပေး နိုင်မှသာ ရေရှည်ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒါမှသာ အနိမ့်ဆုံးဈေးနှုန်း အာမခံချက် (Minimum Purchase Guarantee Price) စနစ်ကို ပီပီပြင်ပြင် ချမှတ်ဆောင်ရွက်နိုင်မှာဖြစ်ပြီး လက်ရှိအနေအထားများအရကတော့ တောင်သူများအတွက် အနိမ့်ဆုံးအခြေခံဈေးနှုန်း (Minimum Basic Price)ကို သတ်မှတ်ဆောင်ရွက်သွားသင့်ပါတယ်လို့ တင်ပြလိုပါတယ်။ စပါးစိုက်ပျိုးသူ တောင်သူလယ်သမားများအတွက် အနိမ့်ဆုံးအခြေခံဈေးနှုန်း တွက်ချက်သတ်မှတ်နိုင်ဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနများ ဆန်စပါးကဏ္ဍနှင့်သက်ဆိုင်တဲ့ အသင်းအဖွဲ့များနှင့် တောင်သူလယ်သမား ကိုယ်စားလှယ်များပါဝင်ပြီး ညှိနှိုင်းအစည်းအဝေးများ ပြုလုပ်ခဲ့ပါတယ်။ အစည်းအဝေးများရဲ့ ဆွေးနွေးညှိနှိုင်းချက်များအရ ၂၀၁၂-၂၀၁၃ ခုနှစ်ထွက် စပါးများဈေးနှုန်းကျဆင်းပြီး တောင်သူ လယ်သမားများ မထိခိုက်စေရန်အတွက် အစိုးရက ဝိုင်းဝန်းဖြေရှင်းပံ့ပိုးဆောင်ရွက်ပေးတဲ့အနေဖြင့် တောင်သူစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်အပေါ်မှာ သင့်တင့်သည့် လူမှုနေထိုင်စရိတ်ရရှိစေဖို့ ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ဈေးနှုန်းကို စပါးအုပ်စုအလိုက် အနိမ့်ဆုံးအခြေခံဈေးနှုန်းအဖြစ် သတ်မှတ် ပေးနိုင်ရန်အတွက် ညှိနှိုင်းခဲ့ပါတယ်။ ညှိနှိုင်းချက်များကတော့-
(က) အရည်အသွေးကောင်း ဧည့်မထစပါးဈေးနှုန်းကို ၃၅၀၀၀၀ ကျပ်၊ ရိုးရိုးဧည့်မထ စပါး ကို ၃၃၀၀၀၀ ကျပ်၊
(ခ ) အရည်အသွေးကောင်း ငစိန်စပါး ဈေးနှုန်းကို ၃၃၀၀၀၀ ကျပ်၊ ရိုးရိုးငစိန်စပါးဈေးနှုန်း ကို ၃၁၀၀၀၀ ကျပ်၊
(ဂ ) အရည်အသွေးကောင်း ငကျွဲ (ပေါ်ဆန်း) စပါးဈေးနှုန်းကို ၇၀၀၀၀၀ ကျပ်၊ ငကျွဲ (ပေါ်ဆန်း) ရိုးရိုးစပါးဈေးနှုန်းကို ၅၀၀၀၀၀ ကျပ် ဈေးနှုန်းနှင့် တွက်ချက်ညှိနှိုင်းရရှိခဲ့ ပါတယ်။
ယခုသတ်မှတ်တဲ့ ဈေးနှုန်းများဟာ အနိမ့်ဆုံးအခြေခံဈေးနှုန်းများသာ ဖြစ်ပြီးတော့ အမှန်တကယ်ဝယ်ယူတဲ့ နေရာမှာ ယခုဈေးထက်ပိုမိုတိုးမြှင့်ဝယ်ယူနေတာကို တွေ့ရှိရပါတယ်။ နမူနာ အားဖြင့် ဧည့်မထအုပ်စုဝင် အရည်အသွေးကောင်းတဲ့ ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ဈေးနှုန်းများကို တင်ပြရရင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်မှာ ဆင်းသွယ်လတ်စပါးကို ၃၈၆၀၀၀၊ အိမ်မဲ မြို့နယ်မှာ နှံကားမြီးကောက်စပါးကို ၄၂၀၀၀၀၊ ပဲခူးတိုင်းဒေသကြီး ပေါင်းတည်နှင့် ပြည်မြို့နယ် များမှာ ကရင်မထိပ်ဆောင်း စပါးကို ၃၉၅၀၀၀၊ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုနှင့် ရေဦးမြို့နယ်မှာ စောရှုပ်စပါးကို ၄၈၀၀၀၀ အသီးသီးအရောင်းအဝယ်ဖြစ်နေပါတယ်။ ထိုကဲ့သို့ပဲ ရွှေဝါထွန်း ပြည်ပသို့ ဧည့်မထ ၂၅ မတ် ကြိတ်စပါးဆိုရင်လည်းပဲ ၃၇၀၀၀၀ မှ ၃၈၀၀၀၀ ထိရှိတာ လေ့လာသိရှိရပါတယ်။ ဒီလိုစပါးဈေး ဖြစ်ပေါ်လာမှုအကြောင်းတရားထဲမှာ အရန်ဆန် ဝယ်ယူခြင်းကို တင်ဒါစနစ်ဖြင့် တောင်သူတွေ ရောင်းချလိုတဲ့နေရာတွေမှာ စပါးအဖြစ် တိုက်ရိုက်ဝယ်ယူပေးခြင်းနှင့် ပြည်ပဆန် တင်ပို့မှုကို ဈေးကွက်ဖြစ်ပေါ်မှုအပေါ် လိုက်လျောညီထွေဖြစ်အောင် စီစဉ်ပေးနိုင်မှုစတဲ့ အကြောင်း ကိစ္စရပ်များ ပါဝင်ကြောင်း သုံးသပ်ရရှိပါတယ်။ ဒါကြောင့် အနိမ့်ဆုံးအခြေခံဈေးနှုန်း သတ်မှတ်ရာမှာ မျှမျှတတဖြစ်စေရေးကို အထူးအလေးထား ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ ရိုးရိုးစပါးအမျိုးအစားနဲ့ အရည်အသွေးကောင်း စပါးအမျိုးအစား ခွဲခြားသတ်မှတ်ခြင်းနှင့်ပတ်သက်လို့ ရှင်းလင်းတင်ပြရရင် ဆန်ကြိတ်ထွက်နှုန်း (Out Turn)၊ စားသုံးမှုအရည်အသွေး (Eating Quality)၊ ဆန်အမြင်ကောင်းမှု (Appearance)၊ ဈေးကွက်ဝယ်လိုအားရှိမှု (Market Demand)ရှိမှုတို့အပေါ် ခွဲခြားသတ်မှတ် သွားမှာဖြစ်ပြီး သတ်မှတ်အရည်အသွေးမမီတဲ့ စပါးများအတွက်ကတော့ ဖြတ်တောက်နှုန်းထားများနဲ့ ဝယ်ယူသွားမှာ ဖြစ်ပါတယ်။ အရည်အသွေးကောင်း စပါးအမည်တွေကို တိုင်းဒေသကြီး/ပြည်နယ် အလိုက် ညှိနှိုင်းသတ်မှတ် ကြေညာပေးသွားမှာ ဖြစ်ပါတယ်။
စပါးအရည်အသွေးသတ်မှတ်ချက်များကို အများပြည်သူသိရှိနိုင်ရန် ကြိုတင်ထုတ်ပြန်ပေးသွား မှာဖြစ်သလို အရည်အသွေးသတ်မှတ်ချက် မမီတဲ့စပါးများအတွက် ဖြတ်တောက်ဝယ်ယူရမယ့် နှုန်းထားများကိုလည်းပဲ သတ်မှတ်ချက် တစ်ခုချင်းစီအပေါ် ကြိုတင်ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။ ယခုသတ်မှတ်ပေးထားတဲ့ အနိမ့်ဆုံးအခြေခံဈေးနှုန်းများဟာ တောင်သူလယ်သမားများ အထိုက် အလျောက် အကျိုးအမြတ်ရရှိစေမှာဖြစ်သလို စားသုံးသူပြည်သူများအတွက်လည်းပဲ ဝန်ထုပ်ဝန်ပိုး မဖြစ်ပေါ်စေနိုင်ဖို့ ပေါင်းစပ်ညှိနှိုင်းတွက်ချက်ထားခြင်းပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆန်စပါးဟာ ပြည်တွင်းစားသုံးမှုထက် ပိုလျှံမှုရှိနေတဲ့အတွက် ဆန်စပါးဟာ ပြည်ပတင်ပို့မှုအပေါ်မူတည်တဲ့ (Export Oriented Crop) သီးနှံလည်း ဖြစ်ပါတယ်။ ဆန်စပါးဈေးနှုန်းတွေ သိပ်မြင့်တက်နေရင် ပြည်ပ တင်ပို့သူများအနေနဲ့ တွက်ခြေကိုက်မှုမရှိတာကြောင့် ပြည်ပတင်ပို့မှုလုပ်ငန်းများ နှောင့်နှေးသွားမှာ ဖြစ်ပါတယ်။ ပိုလျှံမှုရှိနေတဲ့ ဆန်စပါးကို ပြည်ပတင်ပို့မှုမပြုလုပ်နိုင်ရင် ပြည်တွင်းလက်ကျန်များပြီး ဆန်စပါးထုတ်လုပ်ရောင်းဝယ်တင်ပို့မှု လုပ်ငန်းစဉ် (Supply Chain) တစ်ခုလုံး လည်ပတ်မှုတုန့်နှေး သွားနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဆန်စပါးရောင်းဝယ်လည်ပတ်မှု တုန့်နှေးသွားတာနှင့်အမျှ ဆန်စပါး ဈေးနှုန်းများအပေါ် ထိခိုက်လာနိုင်မှာ ဖြစ်ပါတယ်။ ယခုအခါ ကမ္ဘာပေါ်မှာ ရာသီဥတုဖောက်ပြန်မှု ကြောင့် နိုင်ငံအတော်များများဟာ အရန်စားနပ်ရိက္ခာစုဆောင်းနေတဲ့ကာလ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့လည်းပဲ အဓိက အစားအစာဖြစ်တဲ့ ဆန်စပါးကို အရန်ဆန်အဖြစ် စတင်ဝယ်ယူနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် အရန်ဆန်ထားရှိရေးကြီးကြပ်မှုကော်မတီကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားနိုင်ဖို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တာဝန်ရှိသူများပါဝင်သော အဖွဲ့များဖြင့် ပြန်လည်ဖြည့်စွက် ပြင်ဆင်ဖွဲ့စည်းသွားမှာပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာ ၂၀၁၁-၂၀၁၂ ခုနှစ်ထွက် မိုးစပါးများ စတင်ပေါ်ထွက်လာချိန်တွင် စပါး ဈေးနှုန်းများ ကျဆင်းခဲ့မှုကြောင့် တောင်သူလယ်သမားများအတွက် အကျိုးစီးပွားမထိခိုက်စေဖို့ အထောက်အကူပြုတဲ့အနေနဲ့ အရန်ဆန်ဝယ်ယူခြင်းကို ၂၀၁၂ ခုနှစ် နှစ်စပိုင်းမှာ စတင်ဆောင်ရွက် ပေးခဲ့ပါတယ်။ စပါးအနေဖြင့် မိုးစပါးတင်း ၁၃.၂၇ သိန်း၊ နွေစပါးတင်း ၃.၆၉ သိန်း၊ စုစုပေါင်း စပါး တင်း ၁၇.၂၃ သိန်းအပြင် ဆန်အနေဖြင့် နွေဆန် ၂၁၄၂၄ တန်ကို ဝယ်ယူခဲ့ပါတယ်။ ထိုကဲ့သို့ ဝယ်ယူခဲ့တဲ့အတွက် ဈေးကွက်မှာ တစ်နှစ်လုံး ဆန်စပါးဈေးနှုန်းများဟာ တည်တည်ငြိမ်ငြိမ်နှင့် သင့်တင့်တဲ့ ဈေးနှုန်းဖြစ်ခဲ့ပါတယ်။ ယခု ၂၀၁၂-၂၀၁၃ ခုနှစ်ထွက် မိုးစပါးများ ထွက်ပေါ်လာချိန်မှာ လည်း အရန်ဆန်ဝယ်ယူရေးအတွက် မိုးစပါးများ စတင်ထွက်ပေါ်တဲ့ နိုဝင်ဘာလမှာ အချိန်မီ စတင် ဆောင်ရွက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က နောက်ကျသွားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် လယ်သမားတွေ အတွက် တိုက်ရိုက်အကျိုးခံစားခွင့် မရှိပါဘူး။ ဒီနှစ်တော့ နိုဝင်ဘာလထဲက စတင်ပြီး ဆောင်ရွက် ခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှာ ပထမအကြိမ်ဖြင့် ဆန်တန်ချိန် ၂၀၀၀၀ တင်ဒါခေါ် ဝယ်ယူခဲ့ရာမှာ တန်ချိန် ၁၅၉၀၀ တင်ဒါအောင်မြင်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလအတွင်းမှာ ဒုတိယ အကြိမ်အဖြစ် ဆန်တန်ချိန် ၃၀၀၀၀ တင်ဒါခေါ်ယူခဲ့ရာမှာ တန်ချိန် ၂၂၀၀ တင်ဒါအောင်မြင်ခဲ့ပါတယ်။ ဒါကတော့ အပြင်မှာ ဈေးကွက်တွေ မြင့်တက်လာတဲ့အတွက် တင်ဒါသွင်းတာနည်းခြင်းဖြစ်ပါတယ်။ ယခုလက်ရှိအချိန်မှာ အနိမ့်ဆုံးဈေးသတ်မှတ်ပြီး အရန်ဆန်ကို တင်ဒါစနစ်ဖြင့် ဝယ်ယူနေသလို စပါးဖြင့်သာ ရောင်းချလိုကြောင်း ဆန္ဒပြုဆက်သွယ်တင်ပြလာပါကလည်း တောင်သူများထံမှ စပါး အနေဖြင့် အရန်ဆန်ထားရှိရေးကြီးကြပ်မှုကော်မတီက ဝယ်ယူပေးနေပြီလည်းဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ အရန်ဆန်ထားရှိရေးကြီးကြပ်မှုကော်မတီမှ ဧည့်မထစပါးတင်း ၁၀၀ ကို ကောင်းလျှင် ၃၅၀၀၀၀ ကျပ်နှုန်း၊ သင့်လျှင် ၃၃၀၀၀၀ ဈေးနှုန်းများဖြင့် စပါးများ တိုက်ရိုက်သွားရောက်ဝယ်ယူခဲ့ရာ မှာ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်မှာလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ်မှာလည်းကောင်း စပါးများ ဝယ်ယူပေးလျက်ရှိနေပါတယ်။ ဆက်လက်ပြီးတော့ တောင်သူ လယ်သမားများမှ စပါးရောင်းချလိုကြောင်း တောင်းဆိုလာပါက အရန်ဆန်ထားရှိရေးကြီးကြပ်မှု ကော်မတီအနေဖြင့် ဆက်လက်ဝယ်ယူပေးသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ဆန်စပါးဈေးနှုန်းများ နိမ့်ကျနေခြင်းကြောင့် အရန်ဆန်ဝယ်ယူ ပေးရန် ရခိုင်ပြည်နယ် ဒေသခံလယ်သမားများရဲ့ ညှိနှိုင်းမေတ္တာရပ်ခံချက်အရ အရန်ဆန်ထားရှိရေး ကြီးကြပ်မှုကော်မတီမှ သွားရောက်ကွင်းဆင်းဝယ်ယူပေးခဲ့ပါတယ်။ ဧည့်မထ ၂၅ မတ်ဆန်တစ်တန် လျှင် ကျပ် ၂၇၀၀၀၀ နှုန်း၊ ငစိန် ၂၅ မတ်ဆန်တစ်တန်လျှင် ကျပ် ၂၅၀၀၀၀ နှုန်းဖြင့် စာချုပ်ချုပ်ဆို ဝယ်ယူပေးလျက်ရှိကြောင်း တင်ပြအပ်ပါတယ်။ အစိုးရသစ်လက်ထက်မှာ ဆန်များ လွယ်ကူ လျင်မြန်စွာ ပြည်ပတင်ပို့နိုင်ရေးအတွက် ဖြေလျှော့မှုများကို ဆောင်ရွက်ပေးခဲ့တဲ့အပြင် ဈေးကွက်မှာ ရှိတဲ့ နယ်စပ်ဒေသများသို့ပါ တင်ပို့ခွင့်ပြုပေးခဲ့ရာမှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၉ လအတွင်း ဆန်တန်ချိန် တစ်သန်းကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ၄၆ နှစ်အတွင်းမှာ အများဆုံးတင်ပို့နိုင်သည့် နှစ်ဖြစ်ခဲ့ ပါတယ်။ ယခုနှစ်မှာ အနည်းဆုံးဆန်တန်ချိန် ၁.၂ သန်းကျော်အထိ ရည်မှန်းချက်ထား ဆောင်ရွက် လျက်ရှိရာ ယခု ဇန်နဝါရီ လကုန်မှာ ဆန်တန်ချိန် ၁.၂ သန်း တင်ပို့နိုင်ခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဆန်ကြိတ်ခွဲရန် အခက်အခဲရှိတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်ဒေသများမှာ စိုက်ပျိုးထွက်ရှိသော ကောက်ညှင်းစပါးများ ပိုလျှံနေတဲ့အတွက် ပြည်ပတင်ပို့ရန် ဒေသခံပြည်သူများက တင်ပြလာတဲ့ အတွက် ဒေသစားသုံးမှုထက် ပိုလျှံသည်များကို ပြည်ပသို့ လိုင်စင်ထုတ်ပေးပြီး တင်ပို့ခွင့်ပြုပေး လျက်ရှိပါတယ်။
ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် ရည်ရွယ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ဆန်စပါးအသင်းများ အစီအစဉ်နှင့် တောင်သူလယ်သမားများကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မတ်လ ၂ ရက်နေ့မှာ မြန်မာ့ ဆန်စက်နှင့် လယ်ယာထွက်ကုန်တန်ဖိုးမြင့်စက်ကိရိယာပြပွဲ ၂၀၁၃ ကို ရန်ကုန်မြို့ မင်းဓမ္မလမ်း MCC ခန်းမမှာ နိုင်ငံတကာအဆင့်မီ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီပြပွဲမှာ လယ်ယာသုံးကိရိယာများ အပါအဝင် ဆန်စက်များ၊ ဆီစက်များ၊ ပဲခွဲစက်များကို ပြည်တွင်းပြည်ပကုမ္ပဏီကြီးများက လာရောက် ပြသကြမှာဖြစ်သလို ရောင်းသွားမှာလည်း ဖြစ်ပါတယ်။ ပြည်တွင်းဝယ်ယူလိုသူများကိုလည်း အရစ်ကျ စနစ်ဖြင့် ဘဏ်များမှတစ်ဆင့် ချိတ်ဆက်ဝယ်ယူနိုင်အောင်လည်း စီစဉ်ပေးမှာ ဖြစ်ပါတယ်။ အရန်ဆန် ထားရှိရေးကြီးကြပ်မှုကော်မတီအနေနဲ့ ဆန်ပိုလျှံဒေသတွေက ဆန်စပါးများကို ဝယ်ယူပေးလျက်ရှိ သလို တစ်ဖက်ကလည်းပဲ စားနပ်ရိက္ခာလိုအပ်တဲ့ ကချင်ပြည်နယ် ပူတာအိုဒေသကို ဆန်များပေးပို့ရန် စီစဉ်လျက်ရှိကြောင်း တင်ပြလိုပါတယ်။ ကချင်ပြည်နယ်အစိုးရရဲ့ မေတ္တာရပ်ခံချက်အရ ပူတာအို ဒေသအတွက် လိုအပ်မယ့်ဆန်တန် ၁၅၀၀ ကို မီးရထားတွဲများနဲ့ မြစ်ကြီးနားမြို့အထိ အရန်ဆန်ထားရှိ ရေး ကြီးကြပ်မှုကော်မတီက ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀ နေ့ကစပြီး စီစဉ်တင်ပို့နေပြီ ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။
တင်ပြပါအခြေအနေများအရ ပထမအဆင့်အနေနဲ့ အနိမ့်ဆုံးအခြေခံဈေးနှုန်း (Minimum Basic Price) သတ်မှတ်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက် နေပြီဖြစ်ပါတယ်။ အထက်မှာတင်ပြခဲ့သလို သီးခြားအဖွဲ့အစည်းတစ်ခု ဖွဲ့စည်းခြင်း၊ လုံလောက်သော ငွေကြေး ဘဏ္ဍာငွေခွင့်ပြုချထားခြင်း၊ အဖွဲ့အစည်းအတွက် အထောက်အကူပေးမယ့် ခိုင်မာတဲ့ ဥပဒေ တစ်ရပ် ပြဋ္ဌာန်းပေးခြင်းများ ဆောင်ရွက်ပြီးမှသာလျှင် အနိမ့်ဆုံးဈေးနှုန်းအာမခံမှု (Minimum Purchase Guarantee Price) ကို သတ်မှတ်ဆောင်ရွက်နိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်သွား သင့်ပါတယ်။ ဒါကြောင့် လက်ရှိအခြေအနေနဲ့ ကိုက်ညီပြီး အမြန်ဆုံး အကောင်အထည်ဖော်နိုင်မယ့် အနိမ့်ဆုံးအခြေခံဈေးနှုန်း (Minimum Basic Price) သတ်မှတ်ခြင်းလုပ်ငန်းကို ဦးစွာ သတ်မှတ်စီစဉ် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်းနှင့် စိုက်ပျိုးထုတ်လုပ်သူလယ်သမားများရဲ့ အကျိုးစီးပွား မထိ ခိုက်စေရေးကို အဓိကအလေးထားစီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းတင်ပြအပ်ပါ တယ်ခင်ဗျား။
ဦးဝင်းသန်း(သာပေါင်းမဲဆန္ဒနယ်)။ ။ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၁၆ (က)အရ တစ်ဆက်တစ်စပ်တည်း မေးခွန်း မေးမြန်းခွင့် ပြုပါခင်ဗျား။ ယခုလို တင်သွင်းတဲ့ တစ်နိုင်ငံလုံးတောင်သူလယ်သမားကိစ္စမေးခွန်းကို ပြည်ထောင်စု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက အကျယ်တဝင့်ရှင်းလင်းတင်ပြသွားတဲ့အတွက် အထူး ပဲ ကျေးဇူးတင်ပါတယ်။ အားလည်း အားရမိပါတယ်။ ဒါကြောင့်မို့လို့ တစ်ဆက်တစ်စပ်တည်း မေးခွန်း ၃ ခုရှိလာပါတယ်။ ဒီမေးခွန်းကို ယခုဖြေဆိုနိုင်ရင်လည်း ပြန်လည်ဖြေဆိုဖို့ ပန်ကြားလိုပြီးတော့ တွက်ချက်ဖြေဆိုရဦးမယ်ဆိုရင်လည်း နောင်မှ စာဖြင့်ဖြေဆိုရန် ဦးစွာ ပန်ကြားလိုပါတယ်။ ပထမ တစ်ခုကတော့ ကျွန်တော်တို့ရဲ့ မဝေးတဲ့နိုင်ငံတွေမှာ အစိုးရအဖွဲ့က အရှုံးခံပြီးတော့ နှစ်စဉ် စီစဉ် ဆောင်ရွက်နေတယ်ဆိုတာကို ကြားသိရတဲ့အတွက် အားလည်း အားကျမိပါတယ်။ ထိုနည်းတူစွာပဲ ကျွန်တော်တို့နိုင်ငံမှာလည်း ဒီလိုလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ အစိုးရက ဖွဲ့စည်းသော အဖွဲ့အစည်းနဲ့ ဒီလိုအရှုံးခံဆောင်ရွက်ပေးနိုင်ဖို့အတွက် ဥပဒေပြဋ္ဌာန်းပေးရန်ဆိုတဲ့မူကိုလည်း လက်ခံကျေနပ်မိပါ တယ်။ အဲဒီလိုဆောင်ရွက်တဲ့အခါမှာ လက်ရှိအရန်ဆန်ထားရှိရေးကြီးကြပ်မှုကော်မတီကိုပဲ ဒီဥပဒေ ဘောင်အတွင်းမှာ ထည့်သွင်းစဉ်းစားပြီးတော့ ပြောင်းလဲဆောင်ရွက်မှာလား သို့မဟုတ် အခြား အစီအစဉ်သစ်နဲ့ဆိုရင် ဒီဥပဒေကြမ်းကို ဘယ်တော့လောက် လွှတ်တော်ကို တင်သွင်းဖို့ ရှိပါသလဲ။ ဒါမေးခွန်း အဆက်အစပ် (၁) ဖြစ်ပါတယ်။ ဒုတိယအဆက်အစပ် မေးခွန်းကတော့ ဈေးနှုန်းညှိနှိုင်းမှု များ ကွင်းဆင်းဆောင်ရွက်ခဲ့တယ်လို့ သိရှိရပါတယ်။ အကြမ်းဖျင်းအားဖြင့် ၃၃၀၀၀၀ ကနေ ၃၈၀၀၀၀ ရှိတာကိုလည်း တွေ့ရှိရပါတယ်။ အကယ်၍ ၃၈၀၀၀၀ နဲ့ လက်ရှိဝယ်တဲ့ ဈေးနှုန်းနဲ့ဆိုရင်တောင်မှ ကျွန်တော်တို့ လွှတ်တော်ထဲမှာလည်း စပါးတကယ်စိုက်တဲ့ လယ်သမားတွေလည်း ပါပါတယ်။ တောင်သူလယ်သမားတွေနဲ့ အနီးကပ်လေ့လာတဲ့ ကော်မတီရဲ့တွက်ချက်မှုအရဆိုရင် ၃၈၀၀၀၀ လယ်သမား မိသားစု ၄ ဦး၊ အလယ်တန်းကျောင်းသားတစ်ဦး၊ မူလတန်းကျောင်းသားတစ်ဦးအပါအဝင် နဲ့ ဇနီးရော၊ ခင်ပွန်းရော နှစ်ယောက်လုံး လယ်ထဲကို ဆင်းပါတယ်။ အဲ့ဒီလို အသေးစိတ်တွက်လိုက်တဲ့ အခါမှာ ပေါက်ပြား၊ ထွန်တုံး၊ မြက်ခုတ်ဓားကအစ တွက်လိုက်တဲ့အခါမှာ ၃၈၀၀၀၀ ဈေးနှုန်းနဲ့ဆိုလို့ ရှိရင် ကျွန်တော်တို့ တစ်ဦးရဲ့ တစ်နှစ်ဝင်ငွေဟာ ၈၅၇၅၀ ကျပ် ဖြစ်ပြီးတော့ တစ်နည်းအားဖြင့် လယ်သမား ၄ ဦး မိသားစုက တစ်ယောက်ရဲ့ တစ်ရက်ဝင်ငွေဟာ ၂၈၄ ကျပ်ပဲရှိပါသေးတယ်ဆိုတာ တွေ့ရှိရပါတယ်။ ဒါ ၃၈၀၀၀၀ ဈေးနဲ့ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဝန်ကြီးဌာနက ကွင်းဆင်းတွက်ချက် တဲ့အခါမှာ လယ်သမားတကယ်သုံးခဲ့ရတဲ့ သွင်းအားစုအသေးစိတ်ကို ထည့်သွင်းတွက်ချက်မှု ရှိခဲ့ပါ သလား သိလိုပါတယ်။ မတွက်ချက်ရသေးရင်လည်း ပြန်လည်တွက်ချက်စဉ်းစားပေးဖို့ အစီအစဉ် ရှိပါ သလား သိလိုပါတယ်။ ဒါ ဒုတိယမေးခွန်းဖြစ်ပါတယ်ခင်ဗျား။ နောက်ဆုံးဆက်စပ်မေးခွန်းကတော့ အရှုံးခံပြီးဝယ်ရတယ်ဆိုတာတောင် ဆန်အရည်အသွေးအရကတော့ ကောင်းဖို့အတွက် စပါး အရည်အသွေးကို စိစစ်ရတယ်လို့ပြောပါတယ်။ ကျွန်တော်တို့ လက်တွေ့မှာကြုံနေရတာတော့ စပါး ဈေးကျတာဟာ Price Stability ဆောင်ရွက်ရတယ်ဆိုတာကိုလည်း သဘောပေါက်ပါတယ်။ လက်ခံ ပါတယ်။ ဒါပေမယ့်လို့ လက်တွေ့ကြုံနေရတာက ကျွန်တော်တို့နိုင်ငံမှာ စပါးဝယ်တဲ့အချိန်၊ စပါး ထွက်တဲ့အချိန်မှာပဲ စပါးဈေးကကျပြီးတော့ ဒီကျနေတဲ့ဈေးနှုန်းအတိုင်း နောက်ဆုံးစားရတဲ့ ဈေးကွက် ထဲကလူက မခံစားရတာများပါတယ်။ End User သည် နောက်ဆုံးဆန်ကို ပေါက်ဈေးနဲ့ပဲ တော်တော် မြင့်မြင့်ဝယ်ယူရတဲ့ အနေအထားရှိပါတယ်။ တစ်နည်းအားဖြင့် လက်ထဲမှာ ဝမ်းစာမကျန်တော့တဲ့ လယ်သမားဟာ သူဆန်ပြန်ဝယ်စားရတဲ့ အချိန်မှာ သူအရှုံးခံရောင်းလိုက်ရတဲ့ဈေးနဲ့ ပြန်ဝယ်စားခွင့် ဘယ်တုန်းကမှ မရရှိခဲ့ပါဘူး။ ဒီလိုဖြစ်ရတဲ့အချိန်ဟာ ကျွန်တော်တို့ နိုင်ငံမှာ ခုန ဝန်ကြီးတင်ပြသွားတာ ရှိပါတယ်။ အကောင်းဆုံးခေတ်မီဆန်စက်ကို တန် ၂၄၀ ဓာတ်ပုံထဲမှာ တွေ့လိုက်ပါတယ်။ ကျွန်တော်တို့ ကပ်လျက်နိုင်ငံက ကျွန်တော်တို့အစိုးရအဖွဲ့က သွားလေ့လာပြီးတော့ TV မှာ တင်ပြခဲ့တာရှိပါတယ်။ တန် ၃၀၀၀ ဆန်စက်ဖြစ်ပါတယ်။ သူတို့ရဲ့ ခေတ်အမီဆုံးက တန် ၂၄၀ ဖြစ်ပါတယ်။ တကယ်တမ်းက ၂၄၀ ခေတ်မီဆန်စက်က နေရာတိုင်းမှာမရှိတဲ့အတွက် ဝန်ကြီးတင်ပြသွားတဲ့ ဓာတ်ပုံထဲက တော်တော် များများ သာမန်ဆန်စက်တွေကပဲ လယ်သမားရဲ့ စပါးကို ဝယ်ပြီးကြိတ်ခွဲရတာဖြစ်ပြီးတော့ သူတို့ရဲ့ ဆန်စက်ကိုတော့ အရည်အသွေးမြင့်ဖို့ မကြိုးစားနိုင်တဲ့အခါမှာ လယ်သမားရဲ့ စပါးအိတ်ကို မီးသတ် ပိုက်ခေါင်းလိုဟာမျိုးနဲ့ အကုန်လုံးကျေ၊ မကျေရိုက်ကြည့်ပြီးမှ ဝယ်တယ်လို့ လယ်သမားအများစုရဲ့ တင်ပြတာကိုလည်း မှတ်သားရရှိပါတယ်။ ဒါကြောင့်မို့လို့ တတိယနောက်ဆုံးမေးခွန်းအနေနဲ့ ဆန် အရည်အသွေးထိန်းဖို့၊ ဈေးကောင်းရဖို့၊ အရှုံးသက်သာဖို့၊ စပါးသစ်အရည်အသွေးကို စိစစ်ဝယ်ယူတဲ့ နေရာမှာ ဆန်စက်များအပိုင်းကလည်း သူတို့ Update လုပ်ဖို့၊ တိုးတက်ဖို့အတွက် ဝန်ကြီးဌာနက မည်သို့ မည်ပုံတွန်းအားပေး ဆောင်ရွက်ထားရှိပါကြောင်း သိရှိလိုပါတယ်ခင်ဗျား။
ဦးဝင်းမြင့်(ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)။ ။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ဦးဝင်းသန်း မေးခွန်းတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဒီအစိုးရအဖွဲ့ က အရှုံးခံဆောင်ရွက်ကြတယ်။ ပြည်ပနိုင်ငံတွေမှာ ကျွန်တော်တို့အနေနဲ့လည်း ထိုကဲ့သို့သော အစီအစဉ်များရှိပါသလားဆိုတာကတော့ ကျွန်တော်တို့အနေနဲ့က မလွဲမသွေတော့ လုပ်ကြရမှာပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံဟာ အဓိကက လယ်ယာစိုက်ပျိုးရေးကို အွခေခံတဲ့နိုင်ငံဖြစ်သလို အဓိက ၇၀ ရာခိုင်နှုန်းသော ကျွန်တော်တို့ လယ်သမားတွေဖြစ်နေတဲ့ အနေ အထားတွေရှိပါတယ်။ အဲ့ဒီအတွက်လည်းပဲ အစိုးရအဖွဲ့အနေနဲ့ တခြားနိုင်ငံများကဲ့သို့ ထိုင်းတို့၊ ဗီယက်နမ်တို့လို အဖွဲ့အစည်းတွေပေါ့။ တစ်ချိန်တုန်းကလည်း ကျွန်တော်တို့ SAMP တို့ရှိခဲ့သလို MAPP တို့ ရှိခဲ့သလို ဖက်စပ်စနစ်ဆန်စပါးလုပ်တဲ့ အဖွဲ့အစည်းတွေရှိခဲ့ပါတယ်။ ဒါတွေလည်းပဲ ကျွန်တော်တို့ ညှိနှိုင်းတိုင်ပင်ပြီး ဆက်လက်ပြီး လုပ်ဆောင်ရမှာဖြစ်ပါတယ်ခင်ဗျား။ နောက်ဈေးနှုန်း ညှိနှိုင်းမှုနဲ့ ပတ်သက်ပြီးတော့ လယ်သမားတွေရဲ့ ကုန်ကျစရိတ်အနေနဲ့တော့ ကျွန်တော်တို့ အမှန်အတိုင်းပြောရရင်တော့ အကြမ်းဖျင်းပဲ တွက်ချက်တာရှိပါတယ်ခင်ဗျား။ ကျွန်တော် ဒီဈေးနှုန်းများ သတ်မှတ်ဖို့အတွက် နယ်တွေကို ဆင်းတဲ့အခါမှာ ရွှေဘိုဘက်ကို ရောက်တဲ့အခါမှာ ရွှေဘိုမှာရှိတဲ့ လယ်သမားတွေရဲ့ နွေစပါးစိုက်ပျိုးမှု မိုးစပါးစိုက်ပျိုးမှုနဲ့ ရရှိတဲ့ဈေးနှုန်းရရှိမှုနဲ့ဆိုရင် သူတို့ဟာ နွေစပါးစိုက်ပျိုးမှုပေါ်မှာ ပိုသလို ဖြစ်ပါတယ်။ သို့သော်လည်းပဲ ဧရာဝတီတိုင်းဒေသကတချို့၊ ပဲခူးတိုင်းဒေသကြီးတချို့၊ ဒေသတချို့ဟာ ခုနက ရေကြီးနစ်မြုပ်တဲ့ အခြေအနေတွေ ပြီးတော့ စပါးမျိုး မကောင်းတဲ့အွခေအနေတွေပြီးတော့ ဆန်ဈေးကလည်း ခုနက ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်ကြီးမေးသွားသလို တကယ်ရရှိမယ့်အချိန်တွေမှာ မိမိရောင်းရတဲ့အချိန်တွေမှာ ဆန်ဈေးကျနေတဲ့အချိန်တွေကြောင့် နလန်မထူနိုင်ဘူးဖြစ်နေတာ။ ဒါကြောင့်လည်းပဲ ကျွန်တော်တို့ တွက်ချက်တဲ့နေရာမှာ ဒီထက် အသေးစိတ်စနစ်တကျတွက်ချက်ဖို့လိုတယ်လို့ တင်ပြလိုပါတယ်။ နောက် နံပါတ်သုံးမေးခွန်းကတော့ ကျွန်တော်တို့ စပါးဈေးကျတာဟာ စပါးဈေးကျပေမယ့်လည်း တကယ့် End User စားသုံးတဲ့သူဟာ ဈေးကြီးပေးရတယ်ဆိုတာ မှန်ပါတယ်။ ကျွန်တော်တို့ဆိုရင် စောစော ပြီးခဲ့တဲ့ တစ်လလောက်က စပါးဈေးတွေက သုံးသိန်းအောက်ထိ ကျသွားတဲ့အခါမှာ အင်မတန်စိုးရိမ်မိပါ တယ်။ လယ်သမားတွေအတွက် စိုးရိမ်မိပါတယ်။ အဲဒီနောက်ပိုင်းမှာကျွန်တော်တို့ အရန်ဆန် ဝယ်ယူလိုက်တယ်။ ပြည်ပကိုလည်း ၁.၂ သန်းကျော်လောက်အထိပို့ခဲ့ပါတယ်။ ပို့ခဲ့တဲ့ အချိန်မှာ ချက်ချင်းမှာပဲ စပါးဈေးဟာ ၂၀၀၀၀ ကနေ ၅၀၀၀၀ လောက်အထိ စပါးတစ်ရာကို တက်သွားသလို့ဆန်ဈေးလည်း တက်သွားပါတယ်။ အခုတချို့ဒေသတွေမှာ စပါးဈေးက ၄၀၀၀၀၀ ကျော်အထိ ဖြစ်သွားပါတယ်။ ဆန်ဝယ်စားရတဲ့သူတွေ အတွက်ကတော့ ကျွန်တော်တို့ အင်မတန်မှ ဆန်ရှားတဲ့ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာလလောက်မှာဆိုရင် စိုးရိမ်ရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ အရန်ဆန်ဝယ်ယူသွားရမှာဖြစ်သလို တစ်ဖက်ကလည်းပဲ စားသုံးသူ တွေအတွက်ကို သင့်တင့်မျှတအောင်အတွက် ဒါကျွန်တော်တို့ အဖွဲ့အစည်းတွေကနေဆောင်ရွက် ပေးရမှာ ဖြစ်ပါတယ်။ ဦးဝင်းသန်း မေးတာနဲ့ပတ်သက်လို့ ဆန်စက်များအနေနဲ့မှန်ပါတယ်။ ပြည်ပနိုင်ငံတွေမှာ တန် ၃၀၀၀ ကျဆန်စက်တွေ ကျွန်တော် ထိုင်းရောက်တဲ့အခါမှာ တန် ၃၀၀၀ ကျဆန်စက်တွေ ရှိပါတယ်။ ကျွန်တော်တို့ လွတ်လပ်ရေးမရခင်ကတောင် ကျွန်တော်တို့နိုင်ငံမှာ ခနောင်တိုချောင်းထဲမှာ တန် ၁၀၀၀ ကျဆန်စက် ရှိခဲ့ဖူးပါတယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံးဆန်စက် မြန်မာပြည်မှာ ရှိခဲ့ဖူးပါတယ်။ အခုက အကြီးဆုံးဆန်စက်က တန် ၂၀၀ ပဲ ရှိပါတယ်။ ဒါကြောင့်လည်းပဲ ကျွန်တော်တို့အခု Loans တွေ၊ Grant တွေ၊ ချေးငွေတွေရရင် လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ အဓိကဆန်စက်တွေ ပြုပြင်သင့်ပါတယ်။ ဆန်စက်တွေပြုပြင်သင့်ပါတယ်။ အဓိကကတော့ စောစောက ကျွန်တော်တို့ တင်ပြသွားသလို ၂၀၁၃ ခုနှစ်၊ မတ်လ ၂ ရက်နေ့ကို ကြိုဆိုသောအားဖြင့် ကျွန်တော်တို့ ဆန်စက်ပြပွဲလုပ်ပါမယ်။ အဲဒီမှာ ဆန်စက်တွေ၊ အင်မတန် နာမည်ကြီးတဲ့ ဆာတာကေးဆန်စက်တို့၊ အဘူလာဆန်စက်တို့အပါအဝင် တရုတ်နိုင်ငံကထုတ်လုပ်တဲ့ ဆန်စက်တွေ၊ ထိုင်းနိုင်ငံကထုတ်လုပ် တဲ့ဆန်စက်တွေပါ လာရောက်ပြသမှာ ဖြစ်ပါတယ်။ အဲဒီဆန်စက်တွေကလည်း အရွယ်အစား တန် ၁၀၀ ကနေပြီး ထောင်နဲ့ချီပြီးတော့ ၂၄ နာရီကို တန် ထောင်နဲ့ချီပြီးတော့ကျတဲ့ ဆန်စက်တွေပါမှာ ဖြစ်ပါ တယ်။ ဒါတွေကို ကျွန်တော်တို့ ဒီမှာ အထူးပြုကုမ္ပဏီတွေအပါအဝင် ကုမ္ပဏီကြီးတွေရော ကျန်တဲ့ ဒေသမှာရှိတဲ့သူတွေကို ဝယ်နိုင်အောင်ဆိုပြီးတော့ အစီအမံတွေလည်း လုပ်ထားတာလည်း ဖြစ်ပါ တယ်လို့ တင်ပြလိုပါတယ်။ ပြည့်ပြည့်စုံစုံကိုလည်းပဲ စနစ်တကျပြန်ဖြေသွားမယ်လို့ တင်ပြလိုပါတယ်။
