(င)-၂၀၀၅ ခုနှစ်တွင် နိုင်ငံတော်က သိမ်းဆည်းဆောင်ရွက်ခဲ့သော လိုင်စင်မဲ့မော်တော်ယာဉ်ပိုင်ရှင်များအား အထူးအစီအစဉ်ဖြင့် ကားတင်သွင်းခွင့်ပါမစ်များ ချထားပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ဒုတိယနေ့ (၁၉.၁၀.၂၀၁၂)

ယခင်အစိုးရလက်ထက် ၂၀၀၅ ခုနှစ် မတ်လအတွင်း ပြည်သူလူထုလက်ဝယ်တွင်ရှိသော လိုင်စင်မဲ့မော်တော်ယာဉ်များကို နိုင်ငံတော်သို့ အပ်နှံရန် နိုင်ငံပိုင်သတင်းစာနဲ့ ရုပ်မြင်သံကြားများတွင် ကြေညာချက်များအရ ရဟန်းသံဃာများ အပါအဝင် လူလတ်တန်းစားယာဉ်ပိုင်ရှင်များဟာ လိုင်စင်မဲ့မော်တော်ယာဉ်များကို ဥပဒေနဲ့အညီ ဒေသအသီးသီးရှိ ရဲစခန်းများသို့ အပ်နှံခဲ့ကြပြီး အစိုးရထံမှ မော်တော်ဆိုင်ကယ်များနည်းတူ လိုင်စင် ပြုလုပ်ရေးအခွင့်အရေးတစ်ခုခု ဆောင်ရွက်ခွင့်ရကြမည်ဟု မျှော်လင့်စောင့်စားနေခဲ့ကြပါတယ်။ လိုင်စင်မဲ့မော်တော်ယာဉ်များကို ပြည်သူများမနစ်နာစေရန် ဥပဒေနဲ့အညီ အစိုးရက ဆောင်ရွက် ပေးမည်ဟု ယုံကြည်၍ ရိုးရိုးသားသားအပ်နှံခဲ့ကြသူများရှိခဲ့သလို နီးစပ်ရာစက်မှုဇုန်များတွင် ဇုန်ထုတ်ကားများအဖြစ် အသွင်ပြောင်းဆောင်ရွက်ခဲ့ကြသည့်ပိုင်ရှင်များ ရှိခဲ့ကြသည်ကိုလည်း လေ့လာသိရှိရပါတယ်။ နိုင်ငံတော်သို့ အပ်နှံခဲ့သည့် လိုင်စင်မဲ့မော်တော်ယာဉ်များ ပြည်တွင်းသို့ နည်းအမျိုးမျိုးဖြင့် သယ်ဆောင်ဝင်ရောက်လာခဲ့ရာ နောက်ဆုံး မသိနားမလည်သော ပြည်သူ့လက်ဝယ် သို့ ရောက်ရှိလာပြီး အမှန်တကယ်လိုအပ်၍ သုံးစွဲနေသောပြည်သူများသာ ထိခိုက်နစ်နာခဲ့ရပါတယ်။ နိုင်ငံတော်မှ သိမ်းဆည်းခဲ့သော မော်တော်ယာဉ်များကို ဌာနဆိုင်ရာအသီးသီးများတွင်လည်းကောင်း၊ အရာရှိကြီးများသို့လည်းကောင်း ပေးအပ်အသုံးပြုစေခဲ့ပြီး လေလံပစ်၍ အစိုးရဌာနမှ ငွေလက်ခံ ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော်အတွက် အထိုက်အလျောက် အကျိုးဖြစ်ထွန်းခဲ့ပါတယ်။ သို့ဖြစ်ပါ၍ အ‌ြခေခံဥပဒေနှင့်အညီ ပေါ်ပေါက်လာသော နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် ပြည်သူ့အစိုးရအဖြစ် ပြည်သူ့အသံကို နားထောင်၍ ပြည်သူလူထုကို ပြန်လည်ကူညီစောင့်ရှောက် သောအားဖြင့် ၂၀၀၅ ခုနှစ်တွင် နိုင်ငံတော်မှ သိမ်းဆည်းဆောင်ရွက်ခဲ့သော လိုင်စင်မဲ့မော်တော်ယာဉ် များအတွက် မော်တော်ယာဉ်ပိုင်ရှင်များအား အထူးအစီအစဉ်ဖြင့် ကားတင်သွင်းခွင့်ပါမစ်များ ချထား ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း
အဖြေ

တရားမဝင်တင်သွင်းလာသော လိုင်စင်မဲ့မော်တော်ယာဉ်များကို ၂၀၀၅ ခုနှစ်၊ မတ်လအတွင်း မှာ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းများသို့ အပ်နှံစေခဲ့ပြီး အဆိုပါသိမ်းဆည်းယာဉ် များအား အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဗဟိုစက်ပစ္စည်းစာရင်းအင်း နှင့် စစ်ဆေးရေးဦးစီးဌာန (ECC) မှတစ်ဆင့် ဌာနဆိုင်ရာများသို့ ခွဲဝေချထားခြင်း၊ လေလံပစ်ခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ ပြည်တွင်းသို့ နယ်စပ်များမှ ဥပဒေချိုးဖောက်၍ တရားမဝင်ယာဉ်များ တင်သွင်း၍ ပြည်တွင်း၌ အများအပြားရောက်ရှိနေခြင်း၊ တည်ဆဲ ၁၉၆၄ ခုနှစ် မော်တော်ယာဉ် ဥပဒေပုဒ်မ ၃ နှင့် ပုဒ်မ ၁၅ ပုဒ်မခွဲ(၁)တို့အရ တရားဝင်မှတ်ပုံတင်ထားရှိခြင်း မရှိသော မော်တော်ယာဉ်ကို အများပြည်သူဆိုင်ရာလမ်းပေါ်တွင် မောင်းနှင်အသုံးပြုခွင့်မရှိသဖြင့် မှတ်ပုံတင်မဲ့ ယာဉ်များအားလက်ဝယ်ထားရှိခြင်း၊ အသုံးပြုခြင်းများ စိစစ်တွေ့ရှိပါက ယာဉ်ကို နိုင်ငံပိုင်သိမ်းဆည်း ၍ လက်ဝယ်ရယူထားသူများအား ဥပဒေနှင့်အညီ တရားစွဲဆိုရမည်ဖြစ်သော်လည်း မသိနားမလည်၍ လက်ဝယ်ရယူထားသူများအား ဥပဒေနှင့်အညီ တရားစွဲဆိုခြင်းမပြုဘဲ သိမ်းဆည်းအပ်နှံစေခြင်းသာ ပြုလုပ်စေခဲ့ရခြင်း ဖြစ်ပါတယ်။ ထိုစဉ်က ကုန်သွယ်မှုမူဝါဒကောင်စီ အစည်းအဝေးအမှတ်စဉ် (၄၂/၂၀၀၅) ဆုံးဖြတ်ချက်အရ သိမ်းဆည်းအပ်နှံ လိုင်စင်မဲ့ မော်တော်ယာဉ် ၁၂၁၇၄ စီးကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ပါတယ်။ အဆိုပါယာဉ်များမှ ပြုပြင်သုံးစွဲနိုင်သည့် မော်တော်ယာဉ် ၉၀၇၉ စီးကို ဌာနဆိုင်ရာများသို့ ခွဲဝေထုတ်ပေးခဲ့ပြီး မော်တော်ယာဉ် ၃၀၈၅ စီးကို လေလံတင် ရောင်းချခဲ့ပြီး ၁၀ စီးကို သံရည်ကျိုဖျက်ဆီးရန်အတွက် ကာကွယ်ရေးဝန်ကြီးဌာန စစ်ထောက်ချုပ်ရုံးသို့ အပ်နှံခဲ့ပါ တယ်။ တစ်ဖန် ၂၀၁၀ ခုနှစ်အတွင်းမှာ ပြည်ပမှတရားမဝင် တင်သွင်းရောက်ရှိလာတဲ့ မှတ်ပုံတင်မဲ့ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ ထပ်မံတွေ့ရှိရတဲ့အတွက် ကာလတန်ဖိုး၏ ၈၅ ရာခိုင်နှုန်း အခွန်အခကောက်ခံ၍ မှတ်ပုံတင်ပေးခြင်းလုပ်ငန်းကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဝန်ကြီးရုံး၏ ၂၀၁၀ ခုနှစ်၊ ဇူလိုင်လ ၁ ရက် နေ့စွဲပါစာအမှတ် ဘခ-၂/၇- ၁၆၇၉-၂၀၁၀ ဖြင့် ညွှန်ကြားချက်အရ သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီး၊ ခရိုင်ရုံးများအလိုက် ၂၀၁၀ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့မှ စက်တင်ဘာ ၂၂ ရက်နေ့အထိ စုစုပေါင်း မော်တော်ယာဉ် ၆၂၂၆ စီးကို မှတ်ပုံတင် ဆောင်ရွက် ပေးခဲ့ပြီး ဖြစ်ပါတယ်။ ထိုသို့ ဆောင်ရွက်ပေးခဲ့ရာမှာ ကာလတန်ဖိုး စိစစ်သတ်မှတ်ရန်အတွက် ပြည်တွင်းအခွန်များဦးစီးဌာနမှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့မှ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပြီး တရားဝင်မှတ်ပုံတင်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ယခုအခါ ပြည်တွင်းရှိ အိုမင်းဟောင်းနွမ်းနေသော နှစ် ၄၀၊ နှစ် ၃၀၊ နှစ် ၂၀ မှတ်ပုံတင် ယာဉ်သက်တမ်းကြာမြင့် မော်တော်ယာဉ်များအား ဆန္ဒအလျောက် ပယ်ဖျက်အပ်နှံစေ၍ ၁၉၉၅ ခုနှစ် မော်ဒယ်နှင့်အထက် မော်တော်ယာဉ်များအား ပြည်ပနိုင်ငံများမှ အစားထိုးတင်သွင်းခွင့်ပြုခြင်းကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ One Stop Service ဖွဲ့စည်းပြီး မော်တော်ယာဉ်အစားထိုး တင်သွင်းခွင့်ပါမစ်များ ထုတ်ပေးခြင်းကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ထို့အပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၄၅/၂၀၁၁) ဖြင့် မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာကြီးကြပ်ရေး ကော်မတီဖွဲ့စည်း၍ ပို့ကုန်သွင်းကုန်လုပ်ငန်း ရှင်များ၊ ဟိုတယ်ခရီးသွားလုပ်ငန်းရှင်များ၊ နိုင်ငံခြားသ‌င်္ဘောသားများ၊ ကျောက်မျက်လုပ်ငန်းရှင်များ၊ ပြည်ပနိုင်ငံများတွင် သွားရောက်ထမ်းဆောင်နေသော သံတမန်ဝန်ထမ်းများ၊ ကာလရှည်ပညာသင် သွားရောက်နေသော နိုင်ငံ့ဝန်ထမ်းများကိုလည်း ပြည်ပမှမော်တော်ယာဉ်များ တင်သွင်းခွင်‌့ပြုခြင်းကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ တစ်ဖန် ၂၀၁၂ ခုနှစ်၊ မေလ ၄ ရက်နေ့မှစတင်ပြီး နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ထားသူ နိုင်ငံသားတိုင်းအား ၂၀၀၇ ခုနှစ် မော်ဒယ်အထက် မော်တော်ယာဉ် တစ်စီးစီကို တင်သွင်းခွင့်ပြုပေးနေပြီ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီး ဦးသိန်းထွန်းဦး မေးမြန်းတဲ့မေးခွန်းနဲ့ ပတ်သက်၍ နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် လိုင်စင်မဲ့ယာဉ်များအား အရေးယူဆောင်ရွက်ခဲ့သည့် ဖြစ်စဉ်မှာပုံမှန်အရ ဥပဒေနှင့်အညီ လိုင်စင်မဲ့ ယာဉ်ပိုင်ရှင် လူပုဂ္ဂိုလ်များကိုပါ အရေးယူဆောင်ရွက် ရမည့်ကိစ္စဖြစ်သော်လည်း အရေးမယူဘဲ ယာဉ်ကိုသာ သိမ်းဆည်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ကို  တွေ့ရှိရမှာဖြစ်ပါတယ်။ ယခုအခါ ဟောင်းနွမ်း နေသော ယာဉ်အိုယာဉ်ဟောင်းပိုင်ရှင်များကို ယာဉ်ဟောင်းအပ်နှံ၍ ပြည်ပမှ အစားထိုးဝယ်ယူ တင်သွင်းခွင့်ပြုခြင်း၊ ပြည်တွင်းကားအရောင်းစင်တာများတွင် ရွေးချယ်ဝယ်ယူနိုင်ခြင်း၊ တရားဝင် နိုင်ငံခြားငွေစာရင်းဖွင်‌့လှစ်ထားသော နိုင်ငံသားတိုင်းအား ပြည်ပမှမော်တော်ယာဉ်တစ်စီးစီ တင်သွင်း အသုံးပြုခွင့်ပေးထားပြီးဖြစ်တဲ့အတွက် ၂၀၀၅ ခုနှစ်မှာ နိုင်ငံတော်မှ သိမ်းဆည်းဆောင်ရွက်ခဲ့သော လိုင်စင်မဲ့မော်တော်ယာဉ်များအတွက် မော်တော်ယာဉ်ပိုင်ရှင်များအား အထူးအစီအစဉ်ဖြင့် ကားတင် သွင်းခွင့်ပါမစ်များ ချထားပေးရန် ပြည်ထောင်စုအစိုးရမှ စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်မရှိသေး ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။