နိုင်ငံခြားစက်ပစ္စည်းများတင်သွင်းရာမှာ လက်ရှိစီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက အသစ်စက်စက် (Brand New)ကိုသာ တင်သွင်းရမည်ဟုမူဝါဒချမှတ်ထား ပါတယ်။ Usedသုံးလက်စ စက်အဟောင်းများကို လုံးဝတင်သွင်းခွင့်မပြုပါဘူး။ ပြန်လည်ပြုပြင်ထားတဲ့ Reconditioned စက်များကို လုပ်ငန်းရှင်မှတ်ပုံတင်ရှိထားသူများကိုသာ ကန့်သတ်ကာ ထောက်ခံစာ များ၊ တင်ပြဝန်ခံချက်များ လက်မှတ်ရေးထိုးပြီး တင်သွင်းခွင့်လျှောက်ထားနိုင်ကြပါတယ်။ လုပ်ငန်းသစ် လုပ်ကိုင်မယ့်သူများအတွက် ခွင့်ပြုချက်မရှိပါဘူး။ အသစ်စက်စက် စက်တစ်လုံးရဲ့ဈေးနှုန်းဟာ ဒေါ်လာသိန်းသန်းချီတန်ပြီးတော့ Used သုံးလက်စအဟောင်း စက်တစ်လုံးရဲ့တန်ဖိုးမှာ ဒေါ်လာ ထောင်သောင်းဂဏန်းသာရှိသဖြင့်လုပ်ငန်း စတင်တည်ထောင်လိုသူများအတွက် သုံးလက်စ Used စက်အဟောင်းများဖြင့် လုပ်ငန်းစမည်ဆိုပါက သစ်မရခင်စပ်ကြား ဝါးပေါင်းကွပ်ဆိုသလို အဆင်ပြေ ကြပါတယ်။ ဖွံ့ဖြိုးပြီးစက်မှုနိုင်ငံကြီးများမှာပင် စက်အဟောင်းများကို အချင်းချင်းလှည့်လည်သုံးစွဲကြ တာကို တွေ့ရပါတယ်။ ဥပမာအဖြစ် လုပ်ငန်းအမျိုးအစားများကို တင်ပြဖို့အတွက် ကျွန်တော် Press Offsetအုပ်စုတွေ တင်ပြလိုပါတယ်။
ကျွန်တော်တို့ လွှတ်တော်မှာပင် လွှတ်တော်ပုံနှိပ်တိုက်၊ ဒီလွှတ်တော် Press ဆိုတာ မလွဲမသွေထားရှိရမှာလို့ ထင်ပါတယ်။ Press နဲ့ပတ်သက်ပြီးတော့( Prepress၊ press၊ Post press) ဆိုပြီးတော့ လုပ်ငန်းရောစက်အမျိုးအစားများပါ ကွဲပြားမှုရှိပါတယ်။ Prepress အပိုင်းမှာတော့ ကင်မရာ။ (Image Sector, Plate Sector, Plate )ခွဲစက်တွေဖြစ်ပြီးတော့ Press အပိုင်းမှာ ရိုးရိုး Press၊ Offset Press ၊ Wax Offset Press) စတာတွေ ရှိပါတယ်။ ဒီ Wax Offset Press ဆိုတာ အခု မြန်မာ့အလင်း၊ ကြေးမုံရိုက်နေတဲ့ အလိပ်လိုက်ထွက်တဲ့စက်တွေ ဖြစ်ပါတယ်။ အဲဒီမှာ (One Colour, Two Colour, Four Colour)ဆိုပြီးတော့ အရောင်တွေနဲ့ခွဲတဲ့ ရိုက်စက်တွေ ဖြစ်ပါတယ်။ ဒီ Post Press အပိုင်းမှာဆိုရင် ချုပ်တာတွေ၊ ဖြတ်တာတွေ၊ ခေါက်တာတွေဆိုတဲ့ (Binding, Cutting, Folding Machine)တွေဖြစ်တဲ့ ဒီ (Binder, Cutter, Folder) စက်တွေဖြစ်ပါတယ်။ မြန်မာပြည်မှာ အများဆုံးသုံးကြတဲ့ ဂျပန်၊ ဂျာမဏီ Offset Press များဖြစ်တဲ့ ပုံနှိပ်စက်တန်ဖိုးတွေကို အနည်းငယ်တင်ပြခွင့်ပြုပါ။ (Four Colour) လေးရောင်ထွက်တဲ့ (Brand New) စက်အသစ်ဟာ One Million US ဒေါ်လာ၊ ဒေါ်လာတစ်သန်းနဲ့ နှစ်သန်းကြားမှာ ဈေးနှုန်းရှိ ပါတယ်။ တကယ်လို့ Used Good Second Hand ဖြစ်မယ်ဆိုရင်သူက ဒေါ်လာ ၁၀၀၀၀၀ အောက်ဖြစ်တဲ့အတွက် သောင်းဂဏန်းသာရှိပါတယ်။ အဲဒီတော့ ဒေါ်လာ တစ်သန်းနဲ့ နှစ်သန်းကြားနဲ့ တစ်သိန်း တော်တော်ကွာတဲ့သဘောရှိပါတယ်။ နောက် Two Colour မှာဆိုရင် Brand New ဟာ ငါးသိန်းဝန်းကျင်ရှိပါတယ်။ အဲ့ဒါကို Good Second Hand၊ Brand New မဟုတ်ဘဲနဲ့ Good Second Hand ဖြစ်ခဲ့မယ်၊ Used ဖြစ်ခဲ့မယ်ဆိုရင် ဒေါ်လာသုံးသောင်းနဲ့ လေးသောင်းကြားမှာ ရှိပါတယ်။ One Colour ရိုးရိုးစက်တွေအနေနဲ့တော့ Brand New ဟာဒေါ်လာတစ်သိန်း ဝန်းကျင်ရှိပါတယ်။ Used Good Second Hand ဆိုရင်တော့ ဒေါ်လာတစ်သောင်းအောက် ရှိတဲ့အတွက် ဒေါ်လာငါးထောင်နဲ့ ရှစ်ထောင်ကြားမှာ ရှိပါတယ်။ မြဝတီပုံနှိပ်တိုက်မှာ သုံးနေတဲ့ Four Colour Offset ဆိုရင် ဒေါ်လာ တစ်သန်းလောက်တန်ပါတယ်။ အဲဒါက အိန္ဒိယက သွင်းတဲ့စက် ဖြစ်ပါတယ်။ သတင်းစာတိုက်တွေမှာ အခုသုံးနေတဲ့ Wax Offset တစ်နာရီမှာ ရိုက်ချက် သုံးသောင်း ကနေခုနစ်သောင်း ထွက်တဲ့ဟာတွေဆိုလို့ရှိရင် မြန်မာနိုင်ငံမှာ ကိုးလုံးပဲရှိတယ်လို့ လေ့လာသိရှိ ရပါတယ်။ ဒါဟာဆိုရင် US ဒေါ်လာ တစ်သန်းလောက် တန်ပါတယ်။ ဒါအိန္ဒိယထွက်ဖြစ်ပါတယ်။ တကယ်တော့ ဂျပန်နဲ့ ဂျာမဏီ Made က မြန်မာနိုင်ငံမှာ အများဆုံးသုံးကြတာဖြစ်ပါတယ်။ တကယ်လို့ ဂျပန်နဲ့ဂျာမဏီ Made သာ အသစ်သုံးမယ်ဆိုရင်တော့ ဒေါ်လာဆယ်သန်းဝန်းကျင် ရှိပါတယ်။ အခုသုံးနေတဲ့ စက်တွေထက်၊ နောက် Used သို့မဟုတ် Second Hand သုံးလက်စ စက်တွေကို ဝယ်ယူသုံးမယ်ဆိုရင် လုပ်ငန်းရှင်များ အနေနဲ့ ဆယ်နှစ်မှ အနှစ်နှစ်ဆယ် အတွင်း သုံးစွဲရရင်တောင်မှ တော်တော်တွက်ချေကိုက်နေပြီလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဒီ Press တစ်လုံးဝယ်ထားပြီဆိုရင် ကျွန်တော်တို့နိုင်ငံမှာ သားစဉ်မြေးဆက်သုံးနေကြရပါတယ်။ ဘာလဲဆိုရင် ကျွန်တော်တို့ တရိုတသေနဲ့တီထွင်ကြံဆပြီးတော့မှ ကောင်းအောင်လုပ်ပြီးတော့ သုံးနေကြတာကို မျက်မြင်တွေ့ရှိနေရပါတယ်။ နောက်ဆုံးလေ့လာတွေ့ရှိချက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံမှာ စက်ကိုတင်သွင်းတဲ့အခါမှာ အသစ်ပေါ်တာ တင်သွင်းရန် ငွေမပြည့်စုံသဖြင့် ငွေကြေးမပြည့်စုံတဲ့အတွက် ရင်းနှီးမတည်ငွေနဲ့ ပြန်လည်ရရှိလာမယ့်ဝင်ငွေ Return မကိုက်သဖြင့် စက်အသစ် (Brand New)များကို လက်တွေ့တင်သွင်းခြင်းမှာ ခန့်မှန်း ၅ ရာခိုင်နှုန်း ခန့်ရှိပြီး Used သုံးလက်စစက်အဟောင်းတွေကို အများဆုံး ၉၅ ရာခိုင်နှုန်းခန့်ထိ တင်သွင်းနေကြပါတယ်။ ဒါ ကျွန်တော်ပထမလေ့လာတွေ့ရှိချက်ပါ။ အခုနောက်ဆုံးလေ့လာတွေ့ရှိချက်အနေနဲ့တော့ ကျွန်တော်တို့ နိုင်ငံမှာတင်သွင်းတဲ့စက်တွေဟာ ၉၉ ရာခိုင်နှုန်းဟာ အသစ်မဟုတ်ကြပါဘူး။ အော့ဖ်ဆက် အသစ်ကြီးများ စက်သစ်ကြီးများဖြင့် ရိုက်ပေးနေပါပြီလို့ကြော်ငြာကြတာ တကယ်တော့ သူတို့တွေ စက်အသစ်ကြီးနဲ့ ဝယ်ပြီးသုံးကြမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံမှာ အဲလောက်ကြီးမတင်သွင်း နိုင်ကြပါဘူး။ ဒီ Brand New သွင်းပြီးတော့ သုံးနေတဲ့လုပ်ငန်းရှင်ဟာ မရှိသလောက်ဖြစ်ပါတယ်။ US ဒေါ်လာတစ်သန်းလောက်နဲ့ တင်သွင်းပြီးတော့မှ ပုံနှိပ်ရေးလုပ်ငန်း လုပ်မယ်ဆိုရင်လည်း ကျွန်တော်တို့ နိုင်ငံအနေနဲ့ မဖြစ်နိုင်သေးဘူးလို့ထင်ပါတယ်။ အဲတော့ ဒီ Brand New အသစ်သာသွင်းရမယ်ဆိုတဲ့ မူဝါဒကန့်သတ်ချက်ကြောင့် ဆိပ်ကမ်းတွေမှာ သုံးလက်စ စက်အဟောင်းများကို ညှိနှိုင်းထုတ်ယူနေကြ ရပါတယ်။
ညှိနှိုင်းထုတ်ယူမှုဆိုတာ ခြစားမှုကို ဖြစ်စေတယ်။ လုပ်ငန်းရှင်များကိုလည်း အပိုဝင်ငွေကုန်ကျစေတဲ့အပြင် နိုင်ငံတော်ကိုဝင်မယ့် အခွန်အခ ဆုံးရှုံးခြင်းကို ဖြစ်စေပါတယ်။ ဒါကြောင့်မို့လို့ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ရဲ့မေးခွန်းဟာ လက်ရှိကုန်သွယ်ရေးမူဝါအရ အသစ်သာ တင်သွင်းရမည်ဟုကန့်သတ်ထားခြင်းမှာ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံမျိုးအတွက် မဆီလျော်ရုံမက လုပ်ငန်းရှင်များရဲ့အမှန်တကယ်လိုအပ်ချက်နဲ့လည်း ကိုက်ညီခြင်းမရှိပါဘူး။ စက်မှုလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးကိုအဟန့်အတားပြုရာကြနေသည်ဟု စက်မှုလုပ်ငန်းရှင်များက ထင်မြင်ယူဆကြပါသဖြင့် စက်အသစ် Brand New များသာမက ပြန်လည်ပြုပြင်ထားသော Reconditioned စက်များအပါ အဝင် သုံးလက်စ Used Good Second Hand စက်အသစ်များ၊ စက်အဟောင်းများကိုပါ တင်သွင်းခွင့်ပြုနိုင်ရန် ကုန်သွယ်ရေးမူဝါဒကို ပြင်ဆင်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်(ခ)ဦးခင်မောင်ရည်မှ မေးမြန်းထားတဲ့စက်အသစ် Brand New များသာမကဘဲ Reconditioned စက်အဟောင်းများကိုပါ တင်သွင်းခွင့်ပြုရန် ကုန်သွယ်ရေးမူဝါဒကို ပြန်လည် ပြင်ဆင်ရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းအပေါ် ဖြေကြားမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ တက်ရောက်လာကြသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများ၊ ဧည့်သည်တော်များခင်ဗျား။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဟာ စက်ပစ္စည်းများနဲ့ ပတ်သက်ပြီးတော့ ပုဂ္ဂလိကလုပ်ငန်းရှင်များအား စက်အသစ် Brand New များအားလုံးကို ကန့်သတ်မှု မရှိဘဲ တင်သွင်းခွင့်ပြုထားပြီးဖြစ်ပါတယ်။ ပြန်လည်ပြုပြင်ထားတဲ့ Reconditioned စက်ပစ္စည်းများ အတွက် စက်မှုကဏ္ဍဖွံ့ဖြိုးရေးမှာ အဓိကအရေးပါတဲ့ အသေးစားနဲ့အလတ်စားစက်မှုလုပ်ငန်းများ အတွက် တင်သွင်းရန် ခွင့်ပြုပေးထားခြင်းများကို ဆောင်ရွက်ခွင့်ပေးထားပါတယ်။ ဒါ့အပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဟာ ပြည်တွင်းကုန်ထုတ်လုပ်ငန်းများအတွက် စက်ရုံ တည်ထောင်ရင်းနှီးမြှုပ်နှံတဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်များကို ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများ ငှားရမ်းခြင်းအပါအဝင် ဆောင်ရွက်နိုင်ရန်အတွက် ပြန်လည်ပြုပြင်ထားတဲ့စက်ပစ္စည်း များကို (က) အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းများအတွက် အသုံးပြုနိုင်မယ့်စက်ပစ္စည်းများ ဖြစ်ရမည်။ (ခ) တင်သွင်းမယ့်စက်ပစ္စည်းသည် အပြည့်အဝပြန်လည်ပြုပြင်ပြီး Full Reconditioned ဖြစ်ရမည်။ (ဂ) တင်သွင်းပြီးနောက် ၁၀ နှစ်အတွင်း လိုအပ်သောအပိုပစ္စည်းများ ရရှိနိုင်သည့် စက်ပစ္စည်းဖြစ်ရမည်။ (ဃ) တင်သွင်းပြီးနောက် ၁၀ နှစ်အတွင်း ကောင်းမွန်စွာသုံးစွဲနိုင်ကြောင်း နိုင်ငံခြားမှစက်ပစ္စည်းရောင်းသူ၏ အာမခံချက်ရှိရမည်ဆိုတဲ့ စည်းကမ်းချက်များနှင့်အညီတင်သွင်းခွင့် ပြုထားပါတယ်။
ဒါ့အပြင် ပြည်ပမှမော်တော်ယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် ယန္တရားများကို တင်သွင်းခွင့် ပြုရာမှာ အသစ်နဲ့အပြည့်အဝပြုပြင်ပြီး ယာဉ်များကိုလည်း တင်သွင်းခွင့်ပြုထားပါတယ်။ ပြုပြင်ပြီး အဆင့် Reconditioned အတွက်သတ်မှတ်ထားသည့် (က)အင်ဂျင်နှင့် အခြားလိုအပ်တဲ့ အစိတ်အပိုင်းများအား ပြီးပြည့်စုံအောင် စမ်းသပ်စစ်ဆေးပြီး ဖြစ်ရမည်။ (ခ) Brake အပါအဝင် မော်တော်ကားအောက်ပိုင်းနှင့် အခြားလိုအပ်သည့် အစိတ်အပိုင်းများအား ပြီးပြည့်စုံအောင် စမ်းသပ်စစ်ဆေးပြီးဖြစ်ရမည်။ (ဂ)မော်တော်ကားကိုယ်ထည်အား ပြီးပြည့်စုံအောင်ပြင်ဆင်ထားပြီး၊ ဆေးသုတ်ထားပြီးဖြစ်ရမည်။ (ဃ)မော်တော်ကားအတွင်းပိုင်း သန့်ရှင်းနေရမည်။ (င) ဘက်ထရီနှင့် တာယာအသစ်ဖြစ်ရမည်။ (စ) အစိုးရမှ ခွင့်ပြုထားသည့်စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးပြီးဖြစ်ရမည် စတဲ့အချက် ြခောက်ချက်အတိုင်း အပြည့်အဝထည့်သွင်း ပြုပြင်ဆောင်ရွက်ပြီးတော့ တင်သွင်းခွင့် ပြုထားပါတယ်။ ဒါကြောင့် ပြုပြင်ပြီးယာဉ်များအား တင်သွင်းခွင့်ပြုထားခြင်းဟာ သုံးလက်စ Used ပစ္စည်းများ၊ အဟောင်းများကို တင်သွင်းခြင်းထက် ပိုပြီးစိတ်ချလုံခြုံမှုများကို ရစေပါတယ်။ သုံးလက်စ Used များကိုသာ အကန့်အသတ်မရှိ တင်သွင်းခွင့်ပြုမည်ဆိုပါက မိမိနိုင်ငံအတွင်း အခြားနိုင်ငံမှ အသုံးမဝင်တော့တဲ့ စက်ပစ္စည်းအဟောင်းများ စုပြုံဝင်ရောက်လာမှာဖြစ်ခြင်း၊ စက်ပစ္စည်း အဟောင်းများ စုပြုံလာနိုင်ခြင်းကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ဖြစ်ပေါ်လာနိုင်ခြင်း စက်ပစ္စည်း အဟောင်း Spare Part ရရှိမှုနည်းပါးနိုင်ခြင်း၊ Spare Part ရရှိမှု နည်းပါးတဲ့အတွက် စက်ရုံ အလုပ်ရုံလည်ပတ်မှု ရပ်ဆိုင်းလာနိုင်ခြင်း စက်ပစ္စည်းအဟောင်းများကြောင့် စက်ရုံထုတ်ကုန် ပစ္စည်းများအရည်အသွေးညံ့ဖျင်းနိုင်ခြင်း မိမိနိုင်ငံထုတ်ပစ္စည်းများ စံချိန်စံညွှန်းနှင့်မကိုက်ညီပါက နိုင်ငံတကာဈေးကွက်ကို မထိုးဖောက်နိုင်ခြင်း ဖြစ်ပေါ်လာနိုင်သည့်အတွက် ရေရှည်မှာ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။
