ယနေ့မြန်မာနိုင်ငံမှာ လက်ရှိ အခြေအနေ အရ ဒေါ်လာငွေဈေးနှုန်း ကျဆင်းမှုကြောင့် ရင်းနှီးမြှုပ်နှံသူများ၊ ကုန်ထုတ်လုပ်သူများ စီးပွားရေး ကျဆင်းပြီး လုပ်ငန်းရပ်တန့်နိုင်တဲ့အခြေအနေအထိ ရောက်ရှိခဲ့ပါတယ်။ ၎င်းအခြေအနေမှ ကျော်လွှား နိုင်ရန် ကုန်ထုတ်လုပ်မှုစရိတ်ကိုလျှော့ချရန် အရေးကြီးအကြောင်းတစ်ရပ်အဖြစ် ဖြစ်ပေါ်လာရာ သယ်ယူပို့ဆောင်မှုစရိတ် ကြီးမြင့်မှုလျှော့ချရေးဟာ လွန်စွာအရေးပါပါတယ်။ လက်ရှိမော်တော်ယာဉ် တင်သွင်းမှုပုံစံဟာ အလွန်ကျပ်တည်းလွန်းနေပါသဖြင့် လုပ်ထုံးလုပ်နည်းများကို ခေတ်စနစ်နဲ့အညီ ပြန်လည်ပြင်ဆင်ပြီး မော်တော်ယာဉ်များတင်သွင်းခွင့်ကို ဖြေလျှော့ပေးသင့်ပါတယ်။ တည်ဆဲ မော်တော်ယာဉ်တင်သွင်းမှုမှာ လုပ်ထုံးလုပ်နည်းများအတိုင်းမကျင့်သုံးဘဲ လျှောက်ထားသည့်အပေါ် ကြည့်ပြီးတော့ မော်တော်ယာဉ်တင်သွင်းမှုပြုခြင်းဟာ ပါမစ်ခေတ်သို့ရောက်အောင် ပြုလုပ်ပေး သကဲ့သို့ဖြစ်နေ၍ မူရင်းကားတန်ဖိုးထက် ၅ဆ မှ ၁၀ ဆအထိ ပြည်သူများဈေးကြီးပေးဝယ်ယူပြီးတော့ သုံးစွဲနေရပါတယ်။ ယာဉ်တန်ဖိုးဟာ သယ်ယူပို့ဆောင်မှုများမှာ တစ်နေ့ထက်တစ်နေ့ခက်ခဲလာတဲ့ အပြင်စရိတ်စက ပိုမိုကြီးမြင့်လာပါတယ်။ မော်တော်ယာဉ်ဈေးမြင့်တက်လာသည်ကို အခွင့်ကောင်းယူ ၍စက်မှုဇုန်များမှ ပြည်တွင်းကားထုတ်လုပ်မှုကိုအကာအကွယ်ယူပြီးကားမှောင်ခိုတင်သွင်းခြင်းကြောင့် ကုန်ထုတ်လုပ်ရေးလုပ်ငန်းများ ခက်ခဲလာပြီး စရိတ်စက ကြီးမြင့်စေပါတယ်။ မြန်မာနိုင်ငံဟာ စီးပွားရေးတိုးတက်စေရန် ကုန်ထုတ်လုပ်ငန်းကို အဓိကထားဆောင်ရွက်ရမယ့်အချိန်မှာ ဘယ်မောင်း ယာဉ်အသစ်ကိုသာ အကန့်အသတ်ဖြင့် တင်သွင်းစေခြင်း၊ ဈေးနှုန်းသတ်မှတ်ရာမှာ အမှန်အတိုင်း တင်သွင်းခွင့်မရခြင်း၊ တစ်ပတ်ရစ်ယာဉ်များ၊ ညာမောင်းယာဉ်များ တင်သွင်းခွင့် မပြုခြင်းများကို ဆောင်ရွက်လျက်ရှိတဲ့အတွက် မော်တော်ယာဉ်များ ပြည်တွင်းမှာ ဈေးနှုန်းမြင့်မားလျက်ရှိပြီး ကုန်ထုတ် လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံရမယ့်အစား သယ်ယူပို့ဆောင်ရေးစနစ်မှာ များစွာရင်းနှီးမြှုပ်နှံကြရပါ၍ ကုန်ထုတ်လုပ်ငန်းများ ချောမွေ့စွာဆောင်ရွက်နိုင်ခြင်းမရှိဘဲ စရိတ်စကကြီးမြင့်လာရပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့လည်း လမ်းတံတားဖြတ်သန်းမှုကို အာဆီယံစံနှုန်းသတ်မှတ်လျက် ရှိရာ ကုန်တင်မော်တော်ယာဉ်ကြီးများ ပိုမိုလိုအပ်လာပြီး သယ်ပို့ယာဉ်များအတွက် ထပ်မံရင်းနှီးရန် လိုအပ်လာပါတယ်။ လက်ရှိသယ်ယူပို့ဆောင်ရေးစရိတ်များဟာ လယ်ယာထွက်ပစ္စည်းများအတွက် များစွာ ဝန်ပိလျက်ရှိပါတယ်။ ရောင်းရငွေတစ်တန်မှာ အမေရိကန်ဒေါ်လာ ၃၀၀ မှ ၄၀၀ အထိ တန်ဖိုးရှိတဲ့ကုန်ပစ္စည်းများကို မိုင် ၅၀၀ ခရီးအတွက် သယ်ယူပါကကားခ ယူအက်စ်ဒေါ်လာ၊ အမေရိကန်ဒေါ်လာ ၈၀ ဝန်းကျင်နဲ့ အခြားခေါက်တို စရိတ်များနဲ့တွက်ချက်ပါက အမေရိကန်ဒေါ်လာ ၁၂၀ ကျော်အထိ ရောက်ရှိနေပြီးဖြစ်တဲ့အတွက်ကြောင့် ၃၀၀-၄၀၀ ရောင်းရတဲ့ကုန်ပစ္စည်းတစ်ခု အပေါ်မှာ သယ်ယူပို့ဆောင်စရိတ်က ၁၂၀ ထိ ရောက်ရှိနေတဲ့အတွက် ရောင်းရငွေရဲ့ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ကုန်ကျလျက်ရှိနေတာကို တွေ့ရပါတယ်။ ရန်ကုန်-နေပြည်တော်ခရီးစဉ် လေယာဉ်ခမှာ ၂၁၀၀၀ ပေးရတဲ့အချိန်မှာ မြို့တွင်းမှရန်ကုန်လေယာဉ်ကွင်းကားခ ၅၀၀၀ မှ ၁၀၀၀၀ အထိလည်းကောင်း၊ နေပြည်တော်လေယာဉ်ကွင်းမှ မြို့တွင်းကားခကို ၈၀၀၀ မှ ၁၀၀၀၀ အထိ လည်းကောင်း၊ အောင်မင်္ဂလာကားဂိတ်နဲ့ ရန်ကုန်မြို့ထဲကို နေပြည်တော်-ရန်ကုန် မိုင် ၂၀၂ မိုင်မှာ မော်တော်ကားခ ၆၀၀၀ ပေးရတဲ့အချိန်မှာ မြို့တွင်းကားငယ်များဟာ ယာဉ်စီးခ ၅၀၀၀ မှ ၁၀၀၀၀ အထိလည်းကောင်းပေးနေရခြင်းဟာ မော်တော်ယာဉ်များ ရှားပါးခြင်းနဲ့မလိုအပ်ဘဲ ဈေးနှုန်းမြင့်စွာ ဝယ်ယူသုံးစွဲနေရခြင်းကြောင့် ဖြစ်ပါတယ်။ သို့ပါ၍ သယ်ယူပို့ဆောင်စရိတ်ကျဆင်းလာပြီး ကုန်သွယ်မှု မြင့်တက်လာစေရန်လည်းကောင်း၊ ဒေါ်လာနဲ့ မြန်မာငွေကြေးလဲလှယ်ရာမှာ ဈေးနှုန်းကျဆင်းမှုကြောင့် သက်ရောက်လျက်ရှိသော ဆိုးကျိုးများကို ကာကွယ်ရန်အတွက်လည်းကောင်း၊ ခေတ်စနစ်နဲ့အညီ လုပ်ထုံးလုပ်နည်းများကို ပြန်လည်ပြင်ဆင်ပြီး မော်တော်ယာဉ်နှင့် လုပ်ငန်းသုံးယာဉ်များကို တင်သွင်းခွင့် ပြုရန်အစီအစဉ် ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
ဆက်လက်ပြီးတော့ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ရဲ့ မေးခွန်းကို ဖြေကြားသွားမှာ ဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ တက်ရောက်လာကြသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဧည့်သည် တော်များခင်ဗျား။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဟာ မော်တော်ယာဉ်များ၊ လုပ်ငန်း သုံးယာဉ်များနှင့် ယန္တရားယာဉ်များလိုင်စင်လျှောက်ထားမှုနဲ့ ပတ်သက်ပြီး သွင်းကုန်လုပ်ငန်းရှင် များက လွတ်လပ်စွာ တင်သွင်းလျှောက်ထားဖို့အတွက် (က) ထရပ်ကားများအတွက် လွန်ခဲ့သော ခုနစ်နှစ် အတွင်း ထုတ်လုပ်သောယာဉ်၊ ဘယ်မောင်းယာဉ်အဖြစ်သာ တင်သွင်းခွင့်ပြုရန် (ခ) ယန္တရား ယာဉ်များ အတွက်လွန်ခဲ့သော ခုနစ်နှစ်အတွင်း ထုတ်လုပ်သော ယာဉ်အဖြစ်သာတင်သွင်းခွင့် ပြုရန် (ဂ)မီနီဘတ်စ်နဲ့ ဘတ်စ်ကားကြီးများကို အသစ်ဘယ်မောင်းယာဉ်များအဖြစ်သာ တင်သွင်းခွင့် ပြုရန် ဆိုတဲ့ မူချမှတ်ဆောင်ရွက်ထားရှိပါတယ်။ လက်ရှိအခြေအနေမှာ နိုင်ငံတော်အစိုးရဟာ ပြည်သူများရဲ့ အကျိုးငှာခေတ်စနစ်နဲ့အညီ လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်။ ပြင်ဆင် ဆောင်ရွက်လျက်ရှိတဲ့ နေရာမှာလည်းပဲ အိုမင်းဟောင်းနွမ်းနေတဲ့ ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များ အစားအစားထိုးလဲလှယ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ ၂၀၁၁ စက်တင်ဘာ ၁၁ ရက်နေ့ သတင်းစာများမှာလည်း အသေးစိတ်ဖော်ပြထားပြီး ဖြစ်ပါတယ်။ ထိုကဲ့သို့ လဲလှယ်ရန်အတွက် သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရဝန်ကြီးများ ပူးပေါင်းပြီး ဆောင်ရွက်လျက် ရှိပါတယ်။ သတင်းစာပါ အချက်အလက်များနဲ့ အဓိကကျတဲ့ အချက်အချို့ကို တင်ပြရမယ်ဆိုရင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ မှတ်ပုံတင်ထားတဲ့ မော်တော်ယာဉ်များအနက် မှတ်ပုံတင် သက်တမ်း နှစ် ၄၀ ကျော် ယာဉ်များ၊ နှစ် ၃၀ ကျော်မှ ၄၀ ကြားယာဉ်များ၊ အနှစ် ၂၀ ကျော်မှ အနှစ် ၃၀ ကြားယာဉ်များကို သတ်မှတ်ထားပါတယ်။ အထက်ပါမော်တော်ကားများကို မှတ်ပုံတင်သက်တမ်း အနှစ် ၄၀ ကျော် ယာဉ်များမှစပြီး တစ်ဆင့်ပြီးတစ်ဆင့် အစားထိုးလဲလှယ်နိုင်ရေး ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ကားဟောင်းများ အပ်နှံရေးကိစ္စမှတ်ပုံတင်ပြီးစီးပါက အပ်နှံမှုအမှတ်အသား တစ်စောင် ထုတ်ပေးမှာ ဖြစ်ပြီးတော့ ယာဉ်ဟောင်းအားဆက်လက်အသုံးပြုနိုင်က ထုတ်လုပ်တဲ့ မူလနိုင်ငံက ရောင်းဈေး ဒေါ်လာ ၃၅၀၀ ထက်မပိုသော ယာဉ်တစ်စီးအား ဝယ်ယူခွင့်ပါမစ်ထုတ်ပေးမှာ ဖြစ်ပါတယ်။ အဆိုပါ ဝယ်ယူခွင့်ပါမစ်ဖြင့် ၁၉၉၅ ခုနှစ် အထက်ရှိတဲ့ယာဉ်များကို နိုင်ငံခြားမှ မှာယူတင်သွင်းရန်ဖြစ်ပါတယ်။ ၎င်းကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း စီးပွားကူးသန်းဝန်ကြီးဌာနဟာ One Stop Service နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိပြီးတော့ အများပြည်သူများ အဆင်ပြေရေး အတွက်လိုအပ်လျှင် ရုံးပိတ်ရက် မှာပါ ဆောင်ရွက်ပေးလျက်ရှိကြောင်း တင်ပြလိုပါတယ်။
ဒါ့အပြင် ဂျပန်နိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ မလေးရှားနိုင်ငံ နဲ့ ထိုင်းနိုင်ငံစတဲ့နိုင်ငံတွေက ကားထုတ်လုပ်တဲ့ ကုမ္ပဏီများနဲ့ဆက်သွယ်ပြီး မြန်မာနိုင်ငံမှာ ယာဉ် အရောင်းပြခန်း Show Room များဖွင့်လှစ်ဆောင်ရွက်နိုင်ရေး ခွင့်ပြုပေးသွားမှာလည်း ဖြစ်ပါတယ်။ အပ်နှံတဲ့ယာဉ်ဟောင်း အမျိုးအစားအလိုက် လူစီးယာဉ်၊ လိုက်ထရပ်၊ ထရပ်နဲ့ဘတ်စ် အမျိုးအစား များကို လျှောက်ထားခွင့်ပြုမှာ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း နိုင်ငံခြားပို့ကုန် လုပ်ငန်း၊ ဟိုတယ်ခရီးသွားလာမှုလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လုပ်ကိုင်သူများ၊ နိုင်ငံခြားမှာ တရားဝင် သွားရောက်အလုပ် လုပ်ကိုင်သူများနဲ့ သင်္ဘောသားများဟာလည်းပဲ နိုင်ငံတော်ဘဏ်များမှာ တရားဝင် နိုင်ငံခြားငွေစုဆောင်းထားရှိပါက မော်တော်ယာဉ်ဝယ်ယူခွင့် ပါမစ်အား စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ခွင့်ပြုပေးသွားရန် အစီအစဉ်ရှိပါကြောင်း တင်ပြအပ်ပါတယ်။ ဒါ့အတွက်ကြောင့် မော်တော်ယာဉ်များ ဈေးကြီးပေးဝယ်နေရခြင်းများ မော်တော်ယာဉ် ရှားပါးမှုကြောင့် လမ်းပန်းဆက်သွယ်ရေးမှာ စရိတ်စကကြီးမြင့်လာရခြင်းများ ခေတ်စနစ်နဲ့အညီ လုပ်ထုံးလုပ်နည်းများ ကိုပြန်လည်ပြင်ဆင်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေ ကြားပါသည်။
