လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားတဲ့ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသာဝင်း ဖြစ်ပါတယ်။ ကျွန်တော်မေးမြန်းလိုတဲ့မေးခွန်းကတော့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၆)ရက်မြောက်နေ့မှာ ဇလွန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွတ် အဆိုတင်သွင်းခဲ့တဲ့သီးနှံများကို ကာလအလိုက်၊ ဒေသအလိုက်၊ သီးနှံ အမျိုးအစားအလိုက် အချိန်ကာလသတ်မှတ်၍ အနိမ့်ဆုံးဈေးနှုန်းအာမခံမှု (Minimun Purchase Guarantee Price)ကို ဈေးကွက်စီးပွားရေးမူဘောင်အတွင်းမှ ပြည်ထောင်စုအစိုးရ၏ ကြီးကြပ်မှုဖြင့် ကြိုတင်သတ်မှတ် ဆောင်ရွက်ပေးနိုင်ရေးအဆိုကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးပြီး အတည်ပြုပေးခဲ့ကြပါတယ်။ ယနေ့ စပါးပေါ်ချိန်မှာ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ ကော့မှူး မြို့နယ်များကို သွားရောက်တဲ့ အခါမှာ လယ်သမားကြီးများတင်ပြတဲ့ စပါးဈေးနှုန်းကတော့ မြို့နယ် အကွာအဝေး၊ ကျေးရွာအကွာအဝေးပေါ်မှာ မူတည်ပြီးတော့မှ စပါးဈေးဟာ၂၅၀၀၀၀ ကနေပြီးတော့မှ အများဆုံး ၃၀၀၀၀၀ အထိ ပဲပေါက်တာတွေ့ရပါတယ်။ ဒီဈေးဟာ စပါးတစ်ဧက တင်း ၄၀ သာ ထွက်တဲ့ လယ်သမားများအတွက် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်ထက် လျော့နည်းနေတာ ကိုလည်းပဲ သိရှိခဲ့ရပါတယ်။ ယနေ့ ဆန်တစ်တန်ဟာ ပြည်ပကိုတင်ပို့ပါက ဒေါ်လာ ၃၃၀ ကနေပြီးတော့မှ ၃၃၅ အထိရကြောင်းလည်းပဲ လေ့လာတွေ့ရှိ ရပါတယ်။ ဈေးနှုန်းကွာဟနေတာတွေ့ရပါတယ်။ သို့ဖြစ်ပါ၍ တောင်သူလယ်သမားများ မနစ်နာစေရန်အတွက် ယခုလို စပါးပေါ်ချိန်၊ ပဲပေါ်ချိန်အမီ စပါးနဲ့အခြား ကောက်ပဲသီးနှံများရဲ့ အနိမ့်ဆုံးဈေးနှုန်း သတ်မှတ်ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ သိလိုခြင်းဖြစ်ပါတယ်။ ဆောင်ရွက်ထားပါက မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကိုလည်းကောင်း၊ ဆောင်ရွက်ထားခြင်းမရှိပါက မည်သည့်အတွက်ကြောင့် မဖြစ်ကြောင်းကိုလည်း ဖြေကြားပေးပါရန် လေးစားစွာမေးမြန်း ထားပါသည်။
လေးစား အပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် တက်ရောက်လာကြသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများ၊ ဧည့်သည်တော်များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေလို့ ဆုတောင်း မေတ္တာပို့သရင်း နှုတ်ခွန်းဆက်သပါတယ်။ ယခုလို ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေးမှာ ဖြေကြားခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဦးစွာတင်ပြလိုပါတယ်။ ကျွန်တော့်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသာဝင်းမေးမြန်းထားတဲ့ တောင်သူလယ်သမားများ မနစ်နာစေရန်အတွက် စပါးနဲ့အခြားကောက်ပဲ သီးနှံရဲ့ အနိမ့်ဆုံးစပါးဈေးနှုန်းကို ယခုလို စပါးပေါ်ချိန်၊ ပဲပေါ်ချိန်အမီ အနိမ့်ဆုံးဈေးနှုန်း သတ်မှတ် ထားခြင်း ရှိ၊ မရှိ သိရှိလိုပါကြောင်းနှင့် ဆောင်ရွက်ထားပါက မည်ကဲ့သို့စီစဉ်ဆောင်ရွက် ထားသည်ကို လည်းကောင်း၊ မဆောင်ရွက်ရသေးပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကိုလည်းကောင်း မေးမြန်း ထားခြင်းနှင့်ပတ်သက်ပြီးဖြေကြားရမယ်ဆိုရင် ယခုစပါးပေါ်ချိန်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသာဝင်း တင်ပြထားသလို စပါးဈေးနှုန်းများအနေနဲ့ မြို့နယ်အကွာအဝေး၊ ကျေးရွာအကွာအဝေးနဲ့ စပါးအမျိုးအစားအပေါ်၊ အရည်အသွေးပေါ်မူတည်ပြီးတော့ စပါးတင်း ၁၀၀ လျှင် ကျပ် ၂၅၀၀၀၀၊ ကျပ် ၂၇၀၀၀၀ နဲ့ ကျပ် ၃၀၀၀၀၀ စတဲ့ဈေးများနဲ့ရောင်းဝယ်နေကြတာရှိသလို အချို့နေရာဒေသမှာ လည်း ဖော်ပြပါဈေးများထက်မြင့်တဲ့ဈေးများနဲ့ အရောင်းအဝယ်ဖြစ်နေတာကိုလည်းတွေ့ရှိရပါတယ်။ ဥပမာအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်မှာ ဧည့်မထအမျိုးအစားဖြစ်တဲ့ စောရှုပ် ၄၆ ပေါင် စပါးတင်း ၁၀၀ မှာ ကျပ် ၃၅၀၀၀၀၊ မနောသုခ မိုးစပါးအသစ် တင်း ၁၀၀ မှာ ကျပ် ၃၅၀၀၀၀၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ဘန်ကောက်စပါးအမျိုးအစား ၄၆ ပေါင်ကိုက် တင်း ၁၀၀ မှာ ကျပ် ၃၆၀၀၀၀ ဈေးနဲ့အရောင်းအဝယ်ဖြစ်နေတာကိုလည်းတွေ့ရှိရပါတယ်။ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုရုံးမှာ ပြည်သူ့လွှတ်တော် တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးတင်ထွတ်အပါအဝင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းနှင့် ဗဟို သမဝါယမအသင်းတို့မှ တာဝန်ရှိသူများတက်ရောက်တဲ့ အရန်ဆန်ထားရှိရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းဥက္ကဋ္ဌ ဦးချစ်ခိုင် ဦးဆောင်တဲ့ အရန်ဆန်ထားရှိရေးကြီးကြပ်မှုကော်မတီကို စုစုပေါင်း ၁၀ ဦးနဲ့ ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်။ အရန်ဆန် ထားရှိရေးကြီးကြပ်မှုကော်မတီကဝယ်ယူမယ့် စပါးဈေးနှုန်းကို ဒေသအလိုက်၊ ကာလအလိုက် သတ်မှတ်ပြီးဝယ်ယူသွားမှာဖြစ်ပါတယ်။ ဝယ်ယူနေပြီလည်းဖြစ်ပါတယ်။ ဒီကြီးကြပ်မှုကော်မတီ အနေနဲ့ ဝယ်ယူရေး၊ သယ်ယူရေး၊ သိုလှောင်ရေး၊ ကြိတ်ခွဲရေး၊ ဘဏ္ဍာရေးကိစ္စများနှင့် လိုအပ်တဲ့ဆန် Quality စစ်ဆေးမှုကိစ္စများကို စနစ်တကျစိစစ်ဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းတိုင်ပင်၍ စီမံချက်များရေးဆွဲပြီး ၄၆ ပေါင်ကိုက် ဧည့်မထစပါးတင်း ၁၀၀ မှာ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့အနောက်တို့မှာ ကျပ် ၃၃၀၀၀၀ အခြေခံဈေးနှုန်းဖြင့် တောင်သူလယ်သမားများထံမှ တိုက်ရိုက်ဝယ်ယူနေပြီဖြစ်ကြောင်းတင်ပြလိုပါတယ်။ အလားတူ ပဲမျိုးစုံ စိုက်ပျိုးတဲ့ တောင်သူများအတွက်လည်း စပါးကဲ့သို့အနိမ့်ဆုံးဈေးနှုန်း သတ်မှတ်ဝယ်ယူပေးနိုင်ရေး အတွက် အရန်ဆန်ထားရှိရေးညှိနှိုင်းအစည်းအဝေးမှာလည်း ဆွေးနွေးခဲ့ပါတယ်။ အလျဉ်းသင့်လို့ ကမ္ဘာ့ဆန်ဈေးကွက်အခြေအနေကိုတင်ပြလိုပါတယ်။ ယခုလပိုင်းအတွင်း အိန္ဒိယနိုင်ငံရဲ့အရန်ဆန်များ အနက်က ဘာစမာတီမဟုတ်သော ဆန်အုပ်စုတန်ချိန် နှစ်သန်းနီးပါးကို ဈေးအနိမ့်နဲ့ဈေးကွက်ကို ထုတ်ရောင်းလိုက်တဲ့အတွက် ကမ္ဘာ့ဆန်ဈေးကွက်မှာ ဆန်ဈေးနှုန်းများကျဆင်းခဲ့ပါတယ်။ ဆန် အများဆုံးတင်ပို့နေတဲ့ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်တို့ရဲ့ ဆန်ဈေးနှုန်းများလည်း နိမ့်ကျလာခဲ့သလို မြန်မာ့ဧည့်မထ ၂၅ မှတ်ရဲ့ ပြည်ပရောင်းဈေး အောက်တိုဘာလမှာ ဆန်တစ်တန်လျှင် ဒေါ်လာ ၄၁၀ ခန့်ရရှိခဲ့ရာကနေပြီးတော့ ယခု ဇန်နဝါရီလလယ် မှာ ၃၃၀၊ ၃၃၅ ဒေါ်လာခန့်အထိ သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ ပြည်ပကိုတင်ပို့တဲ့ မြန်မာ့ဆန်ဈေးနိမ့်ကျနေတဲ့အတွက် တောင်သူလယ်မား များထံမှ စပါးကိုဝယ်ယူရာတွင် ဈေးများထပ်မံကျဆင်းခဲ့ပါတယ်။ တောင်သူလယ်သမားများနစ်နာမှု လျော့ကျစေရေးအတွက်လည်း လယ်ယာပို့ကုန်များတိုးတက်စေဖို့ ပြည်ပပို့ကုန်မှရငွေ Earning ဈေးနှုန်းများ လုပ်သာကိုင်သာရှိအောင် သက်တမ်းလွန်မော်တော်ယာဉ်များအပ်နှံပြီး ကားအသစ် တင်သွင်းခွင့်ပြုခြင်းများ၊ ပြည်ပဝင်ငွေရှိတဲ့ ကုမ္ပဏီလုပ်ငန်းရှင်များ၊ ပြည်ပသွားရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားများ၊ သင်္ဘောသားများ၊ မော်တော်ကားတင်သွင်းခွင့်ပြုခြင်းတို့ကြောင့် သြဂုတ်လမှာ တစ်ဒေါ်လာကို ၇၇၄ ကျပ်ထိ ကျဆင်းသွားတဲ့နေရာကနေပြီး ယခုဆိုရင်တစ်ဒေါ်လာကို ၈၆၅ ကျပ်ထိ မြင့်တက်လာနေကြောင်းတွေ့ရှိရပါတယ်။ ကုန်သွယ်မှုပမာဏကို အလားတူကာလနဲ့နှိုင်းယှဉ်တင်ပြ မယ်ဆိုရင် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ ၁၁.၃၅ ဘီလီယံမှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ ၁၄.၅၁ ဘီလီယံအထိတိုးတက်လာပြီး ၃ ဘီလီယံကျော် မြင့်တက်လာခဲ့ပါတယ်။ ပို့ကုန်ကဏ္ဍမှာ လည်းပဲ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ ၇.၁၄ ဘီလီယံမှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ၇.၁၈ ဘီလီယံထိ တိုးမြှင့်လာပြီး ဝ.၀၄ ဘီလီယံထိ တိုးတက်တင်ပို့နိုင်ခဲ့ပါတယ်။ ယခုနှစ် အဓိကပိုမိုတင်ပို့နိုင်တဲ့ ကုန်ပစ္စည်းများကတော့ တောင်သူအများစုစိုက်ပျိုးထုတ်လုပ်တဲ့ လယ်ယာထွက်ကုန်သီးနှံများဖြစ်ပါ တယ်။ ယခင်အလားတူကာလထက် ဒေါ်လာ ၄၈၁ သန်းကျော် ပိုမိုတင်ပို့ပေးနိုင်ခဲ့ပါတယ်။ ရေထွက် ပစ္စည်းမှာလည်း အလားတူကာလထက် ဒေါ်လာသန်း ၇၀ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ အဓိကပိုမိုတင်ပို့ နိုင်ခဲ့တဲ့ လယ်ယာထွက်ကုန်ပစ္စည်းများကတော့ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ ပြောင်းနဲ့နှမ်းတို့ဖြစ်ပါတယ်။ ဆန်ကိုယခုနှစ်မှာ တန်ချိန် ၅ သိန်းကျော်တင်ပို့နိုင်ခဲ့ပြီး အလားတူကာလထက် တန်ချိန် ၂ သိန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေစပါးရိတ်သိမ်းစဉ်ကာလမှာ အချို့ဒေသများမှာ ရိတ်သိမ်းနေစဉ် ကာလအတွင်း အချိန်အခါမဲ့မိုးရွာသွန်းမှုကြောင့် ထွက်ရှိလာတဲ့မိုးမိစပါးများဟာ ကြိတ်ခွဲရာမှာ အကျိုးအကြေများပြီး ဆန်ကွဲများပိုမိုထွက်ရှိခဲ့တဲ့အတွက် ဆန်ကွဲများကိုပါ ပြည်ပကိုတင်ပို့ခွင့်ပြုခဲ့ပါ တယ်။ ယခုထိ ဆန်ကွဲတန်ချိန် ၃၈၀၀၀ ကျော်တင်ပို့ခဲ့ပါတယ်။ ဒါဟာလည်း တောင်သူလယ်သမား များရဲ့ စပါးဈေးနှုန်းမကျဆင်းရေးအတွက် နည်းလမ်းအမျိုးမျိုးရှာဖွေပြီး ဆောင်ရွက်ခဲ့ရခြင်းများဖြစ်ပါ တယ်။ ဒါ့အပြင် ယခုနှစ်မှာ ပဲမျိုးစုံတန်ချိန် ၁၁ သိန်းကျော် ပြည်ပတင်ပို့ခဲ့လို့ အလားတူကာလထက် တန်ချိန် ၃၈၀၀၀၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ပြောင်းသီးနှံများကိုလည်း တန်ချိန် ၆၉၀၀၀၀ ကျော် တင်ပို့နိုင်ခဲ့လို့ အလားတူကာလထက် တန်ချိန် ၃၃၀၀၀၀ ကျော်နဲ့ နှမ်းကိုလည်း တန်ချိန်တစ်သိန်း ကျော်တင်ပို့နိုင်ခဲ့လို့ အလားတူကာလထက် တန်ချိန် ၂၈၀၀၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြည်ပဆန်ပို့ရေးမှာ ပင်လယ်ရေကြောင်းမှတင်ပို့ရခြင်းအပြင် စောစောက အိန္ဒိယနိုင်ငံမှထုတ်ရောင်း ခဲ့တဲ့အတွက် စပါးဈေးကျချိန်တွင် နယ်စပ်ဒေသများကတင်ပို့ခွင့်ကိုပါ ခွင့်ပြုပေးခဲ့သဖြင့် ဈေးကွက်ပိုမို ရရှိခဲ့ပါတယ်။ တင်ပို့သူများပိုမိုလွယ်ကူမှုရှိစေရေးအတွက်လည်း ဆန်ပြည်ပတင်ပို့ခြင်းကို အသင်းများ ရဲ့ထောက်ခံချက်များနဲ့ အခက်အခဲများမရှိစေဘဲနဲ့ တိုက်ရိုက်လိုင်စင်ပေးနေကြောင်းကိုလည်းတင်ပြ လိုပါတယ်။ ကုန်သွယ်မှုမြှင့်တင်ရေးအတွက် ပြည်တွင်းကအသင်းအဖွဲ့များ၊ ကုန်သည်လုပ်ငန်းရှင်များ နှင့်တွေ့ဆုံဆွေးနွေးပြီး ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးဆောင်ရွက်ပေးလျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၃ ရက်နေ့(တနင်္လာနေ့)မှာ ပြည်တွင်းထုတ်လုပ်မှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးဆွေးနွေးပွဲကို စီးပွားရေးအကြံပေးပုဂ္ဂိုလ် ဒေါက်တာ ဦးမြင့်၊ စီးပွားရေးပညာရှင်များ၊ အသင်းအဖွဲ့များ၊ ကုန်သည်လုပ်ငန်းရှင်များနဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ ကျင်းပခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိအခြေအနေအရလိုအပ်နေတဲ့ ဆန်စပါးနဲ့ ပဲမျိုးစုံ ပြည်ပဈေးကွက်သစ်များ ရှာဖွေနိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များပါဝင်တဲ့ အဖွဲ့ဖြင့် ဖိလစ်ပိုင်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့သွားရောက်ပြီး ဈေးကွက် လေ့လာရှာဖွေရောင်းချရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ဆက်လက်ပြီး လယ်သမားများ အကျိုးအတွက် လက်ရှိဆောင်ရွက်ပေးနေတဲ့ အချက်များအနက်က တချို့ကိုတင်ပြပြောကြားလိုပါ တယ်။ အဓိက လယ်ယာထွက်ကုန်သီးနှံငါးမျိုးအပေါ်မှာ ကုန်သွယ်လုပ်ငန်းကို ၆ လ ကင်းလွတ်ခွင့် ပေးထားခြင်း၊ လယ်သမားရဲ့ထုတ်လုပ်မှုစရိတ်ကျဆင်းစေဖို့ အထွက်တိုးစေရန်နှင့် ပြည်ပဈေးကွက်ဝင် လယ်ယာသီးနှံများတိုးချဲ့ထုတ်လုပ်နိုင်ဖို့အတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်ြမောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း၊ လယ်သမားများ၏ ထုတ်လုပ်မှုတိုးတက်ရေးနှင့် သွင်းအားစုများ အပြည့်အဝသုံးစွဲနိုင်ရေး၊ အဓိကလယ်ယာထွက်သီးနှံဖြစ်တဲ့ ဆန်စပါးအထူးပြုကုမ္ပဏီ ၅၄ ခု၊ ပဲမျိုးစုံ အထူးပြုကုမ္ပဏီ၂၁ ခု၊ စိုက်ပျိုးရေးအထူးပြုကုမ္ပဏီတစ်ခုတို့ကိုဖွဲ့စည်းပြီး စိုက်ပျိုးစရိတ်ချေးငွေနဲ့ နည်းပညာသွင်းအားစုများ ပံ့ပိုးပေးခဲ့ခြင်း၊ အခုနှစ်မှာ စိုက်ပျိုးစရိတ်ချေးငွေအပေါ် ယခင်နှစ်ကထက် နှစ်ဆမြှင့်တင်ပေးခဲ့တဲ့အပြင် ကောက်ခံတဲ့အတိုးနှုန်းကိုလည်း လျှော့ချပေးခဲ့ခြင်း၊ တောင်သူ လယ်သမားများ ဝင်ငွေတိုးတက်ရေးအတွက် လယ်ယာပို့ကုန်အမည်သစ်များ ဆန်ကွဲ၊ နှမ်းနီ၊ နှမ်းညို၊ ြမေပဲ၊ ြမေပဲဆီ၊ နှမ်းဆီနဲ့ ကြက်သွန်နီတို့အား ပြည်ပတင်ပို့ခွင့်ပြုခဲ့ခြင်း၊ လယ်သမားများဈေးကွက် ရရှိရေးနှင့် သတင်းအချက်အလက်များရရှိစေရေးအတွက် ကုန်စည်ဒိုင်များတိုးချဲ့ဖွင့်လှစ်ပေးခြင်း၊ ၂၀၀၇ ခုနှစ်ထိ ကုန်စည်ဒိုင် ၉ ခု ရှိခဲ့ရာမှ ယခု စီးပွားရေးနှင့် ကူးသန်းရောင်ဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့ ပူးပေါင်း၍ ကုန်စည်ဒိုင် ၃၀ ဖွင့်လှစ်ခဲ့ရာ စုစုပေါင်းကုန်စည်ဒိုင် ၃၉ ခု ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါတယ်။ ကုန်စည်ဒိုင်များမှာလည်း သတင်းအချက်အလက်များကို ကျေးရွာအထိရရှိနိုင်အောင် ဆောင်ရွက် ပေးခဲ့ပြီးဖြစ်ပါတယ်။ ယခုအခါမှာ လယ်ယာထွက်ကုန်သီးနှံများကျဆင်းနေ၍ စိုက်ပျိုးစရိတ်ချေးငွေ များနှင့် ပေးဆပ်မှုများကိုလည်းပဲ ဇန်နဝါရီလ ၁၅ ရက်နေ့အစား မတ်လကုန်အထိ ရွှေ့ဆိုင်း ပေးမှုကြောင့် လယ်သမားများအနေနဲ့ မိုးစပါးများကိုချက်ချင်းရောင်းရန်မလိုဘဲ အမြင့်ဈေးနဲ့ ရောင်းချနိုင်ရန် စီစဉ်ပေးခြင်းတို့ကိုဆောင်ရွက်ပေးခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသာဝင်း မေးမြန်းထားတဲ့ တောင်သူလယ်သမားများ မနစ်နာစေရန်အတွက် စပါးနှင့်အခြားကောက်ပဲသီးနှံများရဲ့အနိမ့်ဆုံးဈေးနှုန်းကို ယခုလိုစပါးပေါ်ချိန်၊ ပဲပေါ်ချိန်အမီ အနည်းဆုံးဈေးနှုန်းသတ်မှတ်ထားခြင်း ရှိ၊ မရှိ မေးခွန်းနဲ့ပတ်သက်ပြီးတော့ တောင်သူများနစ်နာမှုမရှိစေရန် အရန်ဆန်ဝယ်ယူရေးအစီအစဉ်ဖြင့် သင့်တင့်တဲ့ဈေးနှုန်းသတ်မှတ်ပြီး တောင်သူလယ်သမားများထံမှ စပါးများတိုက်ရိုက်ဝယ်ယူတဲ့လုပ်ငန်းများကို စပါးဈေးနှုန်းနိမ့်ကျနေတဲ့ ဒေသများမှာဆောင်ရွက်နေပြီဖြစ်ပါကြောင်းနဲ့ တောင်သူလယ်သမားများအတွက် အကျိုးစီးပွား ပိုမိုဖြစ်ထွန်းစေမယ့် အခြားနည်းလမ်းများကိုလည်းပဲ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်လင်းဖြေကြားထားပါသည်။
