ပြည်ထောင်စုဝန်ကြီးဌာနတစ်ခုဖြစ်သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သည် FDA စစ်ဆေးမှုအောင်မြင်ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်ညီသော အများပြည်သူစားသုံးရန် သင့်တော်သည့် စားအုန်းဆီများကို ပြည်ပမှတင်သွင်းခွင့်ပြုလျက်ရှိကြောင်း သိရပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကာလ၌ မေးမြန်းထားသော ကျွန်တော်ရဲ့ ကြယ်ပွင့်မပြမေးခွန်းကို ပြန်ကြားရာ၌ ဤဝန်ကြီးဌာနအနေနဲ့ နယ်စပ်ဒေသမှလည်း သတ်မှတ်ချက်နဲ့ ညီညွတ်လို့ရှိရင် တစ်ရက်အတွင်း သွင်းကုန်လိုင်စင်ခွင့်ပြုမိန့်ချပေးလျက်ရှိကြောင်း ပါရှိပါတယ်။ ဒါပေမယ့် ဒေသခံမဲဆန္ဒရှင်များ ကုန်သည်များရဲ့ တင်ပြချက်အရ ကျွန်တော့်အနေနဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးအပြီးမှာ မြဝတီနယ်စပ်ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီး ဌာနကို အဲဒီကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာ ညွှန်ကြားရေးမှူးမှ FDA အောင်မြင်ပြီးတော့ လည်းပဲ ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်ရမှသာ နေပြည်တော်သွင်းကုန်လိုင်စင် လျှောက်ထားနိုင် ကြောင်း ပြန်ကြားခဲ့ပါတယ်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များအခန်း ပုဒ်မ ၃၄၉ မှာ ဖော်ပြထားတာက နိုင်ငံသားများဟာ အောက်ပါ လုပ်ငန်းလုပ်ဆောင်ရာတွင် တူညီသောအခွင့်အလမ်း ရရှိစေရမည်ဟု ဖော်ပြပါရှိပြီး ၎င်းပုဒ်မခွဲ (ခ)နှင့် (ဂ) မှာ အလုပ်လုပ်ကိုင်မှု၊ ကုန်သွယ်ရောင်းဝယ်ဖောက်ကားမှုကို ဆက်လက်ဖော်ပြထားပါတယ်။ မိမိတို့နိုင်ငံအချို့ဒေသက ကုန်သည်များအနေနဲ့ ပြည်ပမှ စားအုန်းဆီတင်သွင်းရာမှာ သတ်မှတ်ချက် နှင့်ပြည့်မီရင် တင်သွင်းခွင့်ရရှိပြီးတော့ နယ်စပ်ဒေသမှကုန်သည်များအနေနဲ့ ဝန်ကြီးဌာနမှ ဖြေကြားလွှာပါအတိုင်း ဆောင်ရွက်ခွင့်မရရှိမှုဟာ အခြေခံဥပဒေက ပေးအပ်ထားတဲ့ နိုင်ငံသားများရဲ့ မူလအခွင့်အရေးဆုံးရှုံးနေကြောင်း ဖော်ပြရာရောက်ပါတယ်။ သို့ဖြစ်ပါ၍ ကျွန်တော်မေးလိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးမှာ နယ်စပ်၊ ပြည်မ မခွဲခြားဘဲနဲ့ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာ၊ လုပ်ထုံးလုပ်နည်းများ တစ်ပြေးညီဖြစ်စေရေး ပြည်ထောင်စုအစိုးရမှ ကြပ်မတ် ထိန်းသိမ်းပေးရန် အစီအစဉ်ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တစ်ဝန်းလုံး နယ်စပ်ပြည်မ မခွဲခြားဘဲ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ကြော်ငြာစာ၊ လုပ်ထုံးလုပ်နည်းများ တစ်ပြေးညီဖြစ်စေရေး ပြည်ထောင်စုအစိုးရမှ ကြပ်မတ်ထိန်းသိမ်းပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့်ပတ်သက်ပြီး ဖြေကြားရမယ်ဆိုရင် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန် အဓိကမဏ္ဍိုင်တစ်ရပ်ဖြစ်တဲ့ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်မှာ ကုန်သွယ်မှုလုပ်ငန်း များ လမ်းကြောင်းမှန်ဖြစ်ထွန်းရေးနှင့် ကုန်စည်စီးဆင်းမှုစနစ်တကျမှန်ကန်စွာ လည်ပတ်ဖြစ်ထွန်းရေး တို့ဟာ အင်မတန်အရေးကြီးပါတယ်။ ထိုကဲ့သို့ ကုန်သွယ်မှုလုပ်ငန်းများအပါအဝင် စီးပွားရေးလုပ်ငန်း များ စနစ်တကျ မှန်မှန်ကန်ကန် ဖြစ်ထွန်းရန်မှာ နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများ ခိုင်ခိုင်မာမာ ပြဋ္ဌာန်းထားရှိနိုင်ရေးဟာ အဓိကကျတဲ့ အချက်ဖြစ်ပါတယ်။ အဆိုပါ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်း များဟာ နိုင်ငံသားအားလုံး ကျောသားရင်သားမခွဲခြားဘဲ နိုင်ငံတော်တစ်ဝန်းလုံး လွှမ်းခြုံအာဏာ သက်ရောက်စေခြင်းဟာ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းတိုးတက် စေမှာ ဖြစ်ပါတယ်။
စီးပွားရေးကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ဈေးကွက်စီးပွားရေး စနစ်ကို အထောက်အကူဖြစ်စေပြီး ကုန်သွယ်ရေးလုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်စေဖို့ ကြိုးပမ်း ဆောင်ရွက်လျက်ရှိတဲ့နေရာမှာ စီးပွားရေးဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက် များ၊ လုပ်ထုံးလုပ်နည်းများကို ပြဋ္ဌာန်းဆောင်ရွက်လေးစားလျက်ရှိပါတယ်။ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားအုန်းဆီတင်သွင်းခွင့်ပြုခြင်းကို ပင်လယ်ရေကြောင်းမှတစ်ဆင့် ဝမ်းပုံစနစ် (In Bulk) နဲ့ မည်သည့်ကုမ္ပဏီကိုမဆို တစ်ပြေးညီတင်သွင်းခွင့်ပြုခဲ့ပြီး အြခေခံစားကုန် ဖြစ်တဲ့ အားလျော်စွာ ပြည်တွင်းစားသုံးဆီပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းများတည်ငြိမ်မှုရှိစေရေး အတွက် ဈေးကွက်သတင်း မပြတ်စုံစမ်းရယူပြီး သက်ဆိုင်ရာအသင်းအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက် သလို အခြားတစ်ဖက်မှလည်းပဲ အဓိကကျတဲ့ ပြည်တွင်းစားသုံးသူများ ဘေးအန္တရာယ်မဖြစ်စေရေး အတွက် အရည်အသွေးပြည့်မီတဲ့ စားအုန်းဆီများ တင်သွင်းနိုင်ရန် ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA မှ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ သတ်မှတ် အရည်အသွေး Specification အရ FDA ထောက်ခံချက်ဖြင့် တင်သွင်းခွင့်လိုင်စင်ခွင့်ပြုပေးလျက် ရှိပါတယ်။ စားအုန်းဆီတင်သွင်းတဲ့နေရာမှာ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေး ရှေးရှုပြီး ကုမ္ပဏီများမှ စားသုံးဆီတင်သွင်းရောက်ရှိလာပါက ကျန်းမာရေးဦးစီးဌာန အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA မှာ စစ်ဆေးပြီးမှ ပြည်တွင်းသို့ ဖြန့်ဖြူးရောင်းချခွင့်ပြုကြောင်း Fit for Human Consumption ထောက်ခံချက်ရရှိပြီးမှသာ လက်လီ လက်ကားဖြန့်ဖြူးရောင်းချခွင့် ပြုလျက်ရှိပါတယ်။ စားအုန်းဆီကို နယ်စပ်ဒေသများမှာလည်း နယ်စပ်နေပြည်သူများလွယ်လွယ်ကူကူ တင်သွင်းစားသုံးနိုင်ရန်အတွက် နယ်စပ်ကုန်သွယ်ရေးဂိတ်ပေါက်မှတစ်ဆင့် တင်သွင်းခွင့်ပြုရန် ရှမ်းပြည်နယ်အစိုးရနှင့် တနင်္သာရီတိုင်းဒေသအစိုးရအဖွဲ့တို့မှ ညှိနှိုင်းအကြောင်းကြားခဲ့ခြင်းများရှိခဲ့ပါ တယ်။ နယ်စပ်ဒေသရှိ ပြည်နယ်၊ တိုင်းဒေသကြီးများအတွင်းမှာ ပြည်သူလူထုစားသုံးရန် ပါကင်ပုံး များဖြင့် တင်သွင်းခြင်းဖြစ်တဲ့အတွက် ပြည်တွင်းဈေးကွက်အတွင်း တွေ့ကြုံနေရတဲ့ ပြည်သူလူထု အတွက် အန္တရာယ်ဖြစ်စေနိုင်သော အမျိုးအမည်မသိဆီများ တရားမဝင်ရောနှော ဝင်ရောက်မှုမရှိ စေရေး သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးရဲ့ဒေသအာဏာပိုင်မှ အကြောင်းကြားချက်ဖြင့် နယ်စပ် ဒေသနေ ပြည်သူများစားသုံးရန် စားအုန်းဆီတင်သွင်းခြင်းအား FDA ထောက်ခံချက်ဖြင့် ခွင့်ပြုပေး ခဲ့ခြင်းဖြစ်ပါတယ်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလ ၂၀ ရက်နေ့ထိ နယ်စပ်ဒေမှ တင်သွင်းရန် စားအုန်းဆီတန်ချိန် ၇၇၁၆ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၈.၂၈၅ သန်းကို လိုင်စင်ခွင့်ပြု ထုတ်ပေး ခဲ့ပြီး ဖြစ်ပါတယ်။ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့ထိ စားသုံးဆီတန်ချိန် ၄၁၄၉ တန် တန်ဖိုးအမေရိကန်ဒေါ်လာ ၄.၅ သန်း တင်သွင်းခွင့်လိုင်စင် ခွင့်ပြု ထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် နယ်စပ်ဒေသပြည်သူများ စားအုန်းဆီအပါအဝင် စားသောက်ကုန် များ တင်သွင်းရာမှာ FDA ထောက်ခံချက်လွယ်ကူစွာ ရရှိဆောင်ရွက်နိုင်ရန် ကျန်းမာရေးဦးစီးဌာန FDA နှင့် ညှိနှိုင်းပြီး မူဆယ်နှင့် မြဝတီကုန်သွယ်ရေးဇုန်အတွင်း ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့မှ စတင်ပြီး FDA ရုံးခွဲများ ဖွင့်လှစ်ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေး ဦးစီးဌာနရဲ့ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့စွဲဖြင့် အစားအသောက် တင်သွင်း၊ တင်ပို့ခြင်းလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန် FDA မှ လုပ်ထုံးလုပ်နည်းများ ဖြေလျော့ပေးခြင်းဆောင်ရွက်ပြီး နယ်စပ်ကုန်သွယ်ရေး စခန်းအသီးသီးမှာ ကုန်သည်လုပ်ငန်းရှင်များသို့ အသိပေးရှင်းလင်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါ တယ်။ ဒါ့အပြင် ကုမ္ပဏီများမှ ကရင်ပြည်နယ်အပါအဝင် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပုံမှန် ကုန်သွယ်ရေးနည်းလမ်း Normal စနစ်ဖြင့် စားအုန်းဆီတင်သွင်းခြင်းအတွက် သက်ဆိုင်ရာ တိုင်းဒေကြီး/ပြည်နယ် အစိုးရအဖွဲ့ရဲ့ ထောက်ခံချက် လုံးဝမလိုဘဲ FDA စစ်ဆေးချက်ဖြင့် သွင်းကုန် လိုင်စင်ခွင့်ပြုပေးခဲ့ပါတယ်။ နယ်စပ်မှ တင်သွင်းတဲ့ ကုမ္ပဏီ၊ လုပ်ငန်းရှင်များလည်း ကုန်ပစ္စည်းအမှန် တင်သွင်းလာတဲ့ အချိန်မှာ မူလနမူနာတင်ပြပြီး လျှောက်ထားရယူရတဲ့ FDA စစ်ဆေးချက်နှင့် တူညီ ကြောင်း ပြန်လည်အစစ်ဆေးခံပြီး Fit for Human Consumption ဖြစ်ကြောင်း ထောက်ခံချက် ရယူပြီးမှ ပြည်တွင်းကို ဖြန့်ဖြူးရောင်းချရန် လိုအပ်ကြောင်း တွေ့ရှိရပါတယ်။ စားအုန်းဆီ တင်သွင်းခွင့် ပြုခြင်းမှာ တင်ပြပါအတိုင်း စနစ်တကျစီစဉ်ဆောင်ရွက်တဲ့ကြားထဲကနေပြီးတော့ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလပိုင်းမှာ ပြည်တွင်းဈေးကွက်မှာ ကိုယ်ကျိုးရှာသူတချို့မှ ပြည်ပတံဆိပ်တာ့တုံးယုံ၊ ရှောက်မိုင်းယန့်၊ ဂျင်းလီ အမျိုးအစားညံ့ဆီများ ဈေးကွက်အတွင်းသို့ သယ်ယူမှုများရှိကြောင်း သတင်း ရရှိချက်အရ သက်ဆိုင်ရာ ဒေသအာဏာပိုင် ပြည်ထဲရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ ဆီကုန်သည်နှင့် ဆီစက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း စုံစမ်းဖော်ထုတ်ပြီးတော့ ယင်းဆီများအား FDA မှ စစ်ဆေးမှုပြုတဲ့နေရာမှာ စားသုံးရန်မသင့်ကြောင်း တွေ့ရှိရပါတယ်။ ၎င်းဆီများမှာ ပြည်ပနိုင်ငံ ဆီစက်များရှိ မြောင်းတွင်းမှ စွန့်ပစ်ပစ္စည်းများ၊ ဆီအကြွင်းအကျန်များအား စုစည်းပြီး ပြန်လည်သန့်စင်ချက်လုပ်ထားကြောင်း စစ်ဆေးတွေ့ရှိ ရတဲ့အတွက် တားဆီးဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ရတဲ့ ဖြစ်စဉ်များလည်းရှိပါတယ်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စားအုန်းဆီ တင်သွင်းခြင်းနှင့်ပတ်သက်ပြီး ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပုံမှန် ကုန်သွယ်မှုနည်းလမ်း Normal စနစ်ဖြင့် လျှောက်ထားလာမှုအားလုံးကို စားသုံးသူ အကျိုးမထိခိုက် စေရန် ကျန်းမာရေးအရ စစ်ဆေးရတဲ့ FDA ထောက်ခံချက်မှအပ မည်သည့် ထောက်ခံချက်မှမလိုဘဲ ပို့ကုန်၊ သွင်းကုန်လိုင်စင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ကုမ္ပဏီ၊ လုပ်ငန်းရှင်များအားလုံးသို့ တစ်ပြေးညီ ကျင့်သုံးဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
