(စ)-တစ်နေ့တခြားတက်လာသော အခြေခံစားကုန်ဈေးနှုန်းများ တည်ငြိမ်စွာ ဖြစ်စေရေးနှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၄.၃.၂၀၁၃)

 

နှစ်ပေါင်းများစွာ အတွေ့အကြုံအရ အစိုးရဝန်ထမ်းများဟာ လစာတိုး ပေးတိုင်းကုန်ဈေးနှုန်းဟာ ရေမြင့်၊ ကြာမြင့် သဘောလိုက်၍ တိုးမြင့်နေတဲ့အတွက် ဝင်ငွေနည်းပါး တဲ့လက်လုပ်လက်စားများမှာ ဈေးကြီးပေး၍ အခက်အခဲတွေနဲ့တွေ့နေရတတ်ပါတယ်။ ဆင်းရဲတွင်း ကမတက်နိုင်ဖြစ်နေရပါတယ်။ လစာတိုးမည်ဟု သတင်းကြားသည်နှင့်တစ်ပြိုင်နက် မိမိမှာရှိပြီးသား ကုန်ပစ္စည်းများဟာလည်းပဲ တတ်လာလေ့ရှိပါတယ်။ သို့ဖြစ်ပါ၍ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ကုန်ဈေးနှုန်းတည်ငြိမ်နေစေရန်အတွက် သယ်ယူပို့ဆောင်ရေးစရိတ်ကွာခြားခြင်းမှအပ တစ်နိုင်ငံလုံး ကိုကျွန်တော်တို့ တစ်ပြေးညီဖြစ်စေချင်တာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ မြို့တိုင်းမှာ၊ရွာတိုင်းမှာရှိတဲ့ အုပ်ချုပ်ရေးမှူးများအနေနဲ့ မိမိတို့သက်ဆိုင်ရာဈေးများအတွင်း အခြေခံစားကုန်များကို တည်ငြိမ် အောင် ကြီးကြပ်ဆောင်ရွက်ပေးခြင်း၊ ဝန်ထမ်းလစာများအား ခေတ်ကာလနဲ့ညီစွာ သင့်တင့်မျှတသော နှုန်းထားများသတ်မှတ်ပေးခြင်း စသဖြင့်ဆောင်ရွက်ပေးပါက ကုန်ဈေးနှုန်းများတည်ငြိမ်သွားနိုင်ပါ သဖြင့် လစာနည်းဝန်ထမ်းများငှေစုနိုင်ခြင်း၊ လက်လုပ်လက်စား နေ့စားများပါချောင်လည်၍ ဆင်းရဲ နွမ်းပါးမှုကိုတစ်ဖက်တစ်လမ်းမှ ဆောင်ရွက်နိုင်ကြောင်း အပြုသဘောဖြင့် စေတနာထား၍ မေးမြန်းပါသည်။


ဖြေကြားသူ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်
အဖြေ

ပြည်ထောင်စုအစိုးရအနေနဲ့ စတင် တာဝန်ယူပြီးတဲ့အချိန်ကစပြီး ပြည်သူများရဲ့ စားဝတ်နေရေး အဆင်ပြေရေးကို ရှေးရှုပြီး ၂၀၁၁ ခုနှစ်၊ ဧပြီလ ၂၀ ရက် ရက်စွဲနှင့် နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်ကြော်ငြာစာအမှတ် (၂၂/၂၀၁၂) နဲ့ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ကျွန်တော် ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန ၁၁ ခုမှ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အစိုးရအဖွဲ့ဝင် ကိုယ်စားလှယ် များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ အတွင်းရေးမှူးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌနှင့် သက်ဆိုင်ရာအသင်းအဖွဲ့များမှ ဥက္ကဋ္ဌများပါဝင်တဲ့ ကော်မတီကိုဖွဲ့စည်းပေးခဲ့ပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းများတည်ငြိမ်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီရဲ့ လုပ်ငန်းတာဝန်များအနေနဲ့ကတော့ အခြေခံစားကုန်ပစ္စည်းများ ဖြစ်တဲ့ ဆန်၊ စားသုံးဆီနဲ့ မီးဖိုချောင်သုံးကုန်ပစ္စည်းများ ဈေးနှုန်းများ တည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်ရန် အခြေခံစားကုန်ပစ္စည်းတစ်မျိုးစီရဲ့ ပြည်တွင်းစားသုံးရန် လိုအပ်ချက်တွေနဲ့ ပြည်တွင်းထုတ်လုပ်မှုပမာဏကို ချိန်ဆပြီး ညီညွတ်မျှတစေရေး စိစစ်ဆောင်ရွက်ရန် ဒေသများအလိုက် ကုန်ဈေးနှုန်းများတည်ငြိမ်စေရန်၊ လိုအပ်တဲ့ပေါင်းစပ်ညှိနှိုင်းမှုများအတွက် အဖွဲ့အစည်းများဖွဲ့စည်းတာဝန်ပေးရန်၊ ကုန်ပစ္စည်းထွက်ရှိတဲ့နေရာတွေက စားသုံးတဲ့နေရာတွေကို သယ်ဆောင်တဲ့ နေရာမှာ သယ်ယူစရိတ်ကြီးမြင့်ခြင်း၊ ကြားခံအဆင့်များပြားလှခြင်း၊ သယ်ယူရာ လမ်းခရီးမှာ မလိုအပ်ဘဲထိန်းချုပ်ခြင်းများမဖြစ်ပေါ်စေရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန်၊ ကုန်စည် စီးဆင်းမှုမှန်ကန်စေရေးနှင့် လုံလောက်စွာဝင်ရောက်ရေး ကုန်စည်စီးဝင်စီးထွက်မှန်ကန်မြန်ဆန် ရေးတို့ကို ညှိနှိုင်းပေါင်းစပ်ပေးရန်၊ အခြေခံစားကုန်ပစ္စည်းများကို ထုတ်လုပ်တိုးချဲ့ဆောင်ရွက်ရေး အတွက်လိုအပ်လျှင် ပံ့ပိုးကူညီမှုများ ညှိနှိုင်းဖြည့်ဆည်းပေးရန်၊ အ‌ွခေခံစားကုန်ပစ္စည်းကို ကုန်ဈေးနှုန်း တည်ငြိမ်မှုပျက်ပြားစေမယ့် ကိစ္စရပ်များဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်ရန်၊ အခြေခံစား ကုန်ပစ္စည်းများ ထုတ်လုပ်တဲ့နေရာမှာ အဓိကဖြစ်တဲ့ လယ်ယာကဏ္ဍနှင့် မွေးမြူရေးကဏ္ဍတို့မှာ ထုတ်လုပ်မှုတိုးတက်လာစေရေးအတွက် လိုအပ်သောပံ့ပိုးမှုများပေးရန်နှင့် တစ်နိုင်စိုက်ပျိုးရေးနှင့် တစ်နိုင်မွေးမြူရေးတို့ကို အားပေးရေးစတဲ့ စည်းရုံးရေး၊ စီးပွားရေးနည်းလမ်းများဖြင့် ဆောင်ရွက်ပေး ရန်တို့ပဲဖြစ်ပါတယ်။ ဆန်၊ ဆီ၊ သား၊ ငါး စသော စားသောက်ကုန်များထဲမှာ အဓိကအရေးကြီးဆုံးဖြစ်တဲ့ ဆန်ဈေးနှုန်းနဲ့ပတ်သက်ပြီး ဦးစွာ တင်ပြလိုပါတယ်။ ဆန်စပါးဟာ ကျွန်တော်တို့နိုင်ငံမှာ အဓိကစားသုံး ရိက္ခာ Stable Food ဖြစ်တဲ့အတွက် အထူးအလေးအနက်ထားဆောင်ရွက်ရတဲ့ ကုန်ပစ္စည်းဖြစ်ပါ တယ်။ ဆန်စပါးဈေးနှုန်း ကြီးမြင့်ရင် စားသုံးသူပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေသလို ဈေးနှုန်းကျဆင်းခဲ့ရင်လည်း စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူလယ်သမားများအတွက် ထိခိုက်နစ်နာနိုင်မှာ ဖြစ်လို့ စိုက်ပျိုးထုတ်လုပ်သူနဲ့ စားသုံးသူကြား ညီညွတ်မျှတအောင်ဆောင်ရွက်နိုင်ဖို့ အထူးလိုအပ်ပါ တယ်။ ဆန်စပါးစိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူလက်ဝယ်မှာ စားသုံးသူလက်ဝယ်ရောက်တဲ့အထိ ကွင်းပွဲစား၊ ကုန်သည်စက်ပိုင် နဝလီ၊ ကြိတ်ရောင်းသူ၊ နယ်ပွဲစားကြီး၊ မြို့များရှိ ဆန်လက်ကားပွဲရုံ၊ နယ်ပွဲရုံ လက်လီဆိုင်စသည်ဖြင့် အဆင့် ၉ ဆင့် လောက်ထိဖြတ်သန်းရတဲ့အတွက် စားသုံးသူများရဲ့ ပေးရတဲ့ ဈေးနှုန်းမှာ ဝန်ဆောင်မှုစရိတ်များ၊ သယ်ယူပို့ဆောင်ရေးစရိတ်များ ထိုက်သင့်သလောက် ပါဝင်တာ တွေ့ရပါတယ်။ ကွင်းထဲမှာတောင်သူရောင်းရတဲ့စပါးကွင်းဈေးအလိုက် ဆန်စက်မှာ ကြိတ်ခွဲပြီး ဆန်ဖြစ်လာတဲ့အချိန်မှာ ဆန်တစ်ပြည်ကျတဲ့ အရင်းတန်းဖိုးများကို အနီးစပ်ဆုံး တွက်ကြည့်မယ်ဆိုရင် ကွင်းဈေးစပါးတင်း ၁၀၀၊ ၃၃၀၀၀၀ ကျပ်နဲ့ဆိုရင် ဆန်တစ်ပြည်အရင်း ၅၆၀ ကျပ်ခန့် စပါးဈေး ၃၅၀၀၀၀ နဲ့ဆိုရင် ဆန်တစ်ပြည်အရင်း ၆၀၀ ကျပ်ခန့် အသီးသီးကျသင့်ကြောင်း တွက်ချက်ရရှိပါတယ်။ ဒီအရင်းတန်ဖိုးဟာ အဆင့် ၉ ဆင့်မှာ တတိယအဆင့်နှင့် စတုတ္ထအဆင့်ဖြစ်တဲ့ စက်ပိုင်နှင့် နဝလီရောင်းသူများရဲ့လက်ဝယ်မှာ ကျသင့်တဲ့အရင်း တန်ဖိုးသာွဖစ်ပါတယ်။ ဒီပေါ်မှာ ထုတ်ပိုးပစ္စည်းတန်ဖိုး အဆင့်ဆင့်သော အလုပ်သမားခများ၊ သယ်ယူပို့ဆောင်ခနှင့် ဝန်ဆောင်ခတွေ ထပ်ပေါင်းပြီးမှ စားသုံးသူရဲ့ ဝယ်ဈေးဖြစ်လာပါတယ်။ ဒါကြောင့် ကုန်ပစ္စည်းများကို ရောင်းသူနှင့် ဝယ်သူ တိုက်ရိုက်ရောင်းချနိုင်ခြင်းဖြင့် မလိုလားအပ်တဲ့ စရိတ်စကများ သက်သာစေမှာဖြစ်တဲ့အတွက် ကုန်စည်ဒိုင်အချင်းချင်း၊ ကုန်သည်အသင်းအဖွဲ့အချင်းချင်း တိုက်ရိုက်ချိတ်ဆက်ရောင်းချရတဲ့ အလေ့အကျင့်ဖြစ်အောင် လက်ကမ်းကုန်စည်ဒိုင်များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲများကို မကြာခဏကျင်းပပြီး ပြည်တွင်းကုန်စည်ရောင်းဝယ်မှုဖွံ့ဖြိုးတိုးတက် အောင်စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါတယ်။ မတ်လ ၂ ရက်နေ့ကပဲ ဆန်စက်ပြပွဲများလုပ်ရင်းနဲ့ပဲ ဒီနေ့ပဲဆန်စက်ပိုင်ရှင်များ၊ ဆန်ကုန်သည်များနှင့် တောင်သူများကို Seminar များ၊ Work Shop များလုပ်ပေးပြီး ၃ ရက် ဆက်တိုက်လုပ်ပေးသွားမှာဖြစ်ပါတယ်။ ထိုကဲ့သို့ပဲ ပြည်တွင်းကုန်စည် ရောင်းဝယ်မှုဖွံ့ဖြိုးတိုးတက် အောင် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသလို လက်ရှိဖွင့်လှစ်ပြီး လက်ကမ်းကုန်စည်ဒိုင်ပေါင်း ၄၄ ဒိုင်ရှိပြီး ရန်ကုန်မှာ ဘုရင့်နောင်ကုန်စည်ဒိုင်၊ ဆန်စပါးကုန်စည်ဒိုင် ဝါးတန်းနှင့် မန္တလေးမှာ ပွဲစားကုန်သည် စက်ပိုင်များ၊ မဟာကထိန်တော်အသင်းကုန်စည်ဒိုင်တို့ဟာ ကုန်စည်ကူးသန်းရောင်းဝယ်မှုမှာ အဓိကကျတဲ့ ကုန်စည်ဒိုင်များအဖြစ် ရပ်တည်နေပြီဖြစ်ပါတယ်။ ကုန်စည်ဒိုင်အသစ်များ ဆက်လက် ဖွင့်လှစ်ရေးကိုလည်း ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကုန်စည်ဒိုင်များကိုလည်း အလိုအလျောက် ဖြေကြားစက်များ လယ်သမားများအသုံးဝင်နိုင်အောင်လည်း အရေးကြီးတဲ့နေရာ တွေမှာ တပ်ထားပြီးလည်း ဖြစ်ပါတယ်။ ဆက်လက်ပြီး မြန်မာနိုင်ငံမှာ ဆန်စပါးများထွက်တဲ့ ပိုလျှံတဲ့ ဒေသဖြစ်တဲ့ ပုသိမ်၊ လူဦးရေထူထပ်တဲ့ ရန်ကုန်မြို့တို့ရဲ့ အချိန်ကာလအလိုက်ဖြစ်ပေါ်ခဲ့တဲ့ ဧည့်မထ အလိုက် ဆန်တစ်ပြည် လက်လီဈေးနှုန်းများကို ကောက်နုတ်နှိုင်းယှဉ်တင်ပြရမယ်ဆိုရင် ၂၀၁၁ ခုနှစ်၊ ဧပြီလက ပုသိမ်မှာ ဆန်တစ်ပြည် ၆၇၀ ဒီနေရာမှာ ကျွန်တော် ဧည့်မထနဲ့ပဲတွက်ခြင်းဖြစ်ပါတယ်။ ရန်ကုန်မှာ ၇၅၀ အသီးသီးရှိခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ဧပြီလမှာ ပုသိမ်မှာ ၅၉၅ ကျပ်၊ ရန်ကုန်မှာ ၆၅၀ ကျပ် အသီးသီး ဖြစ်ပေါ်ခဲ့ပြီး လက်ရှိကာလဖြစ်တဲ့ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ပိုင်းမှာ ပုသိမ်မှာ ၆၁၀၊ ရန်ကုန်မှာ ၇၅၀ ကျပ်ဖြစ်တဲ့အတွက် လက်ရှိဖြစ်ပေါ်နေတဲ့ လက်လီဆန်ဈေးနှုန်းများဟာ ထုတ်လုပ်မှု ကုန်ကျစရိတ် ဝန်ဆောင်မှုစရိတ်နှင့် သယ်ယူပို့ဆောင်ခစတဲ့ စရိတ်စကများအရတွက်ကြည့်ရင် ဒေသ အလိုက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ‌ဈေးနှုန်းတည်ငြိမ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလက ဆန်ဈေးဟာ ထုတ်လုပ်မှုကုန်ကျစရိတ်အောက်ရောက်သွားပါတယ်။ တချို့ရေစိုမိုးမိပျက်စီးတဲ့ဆန် တွေဟာ ၃၀၀၀၀ အောက်ရတဲ့အတွက် ဥက္ကဋ္ဌကြီး ကျွန်တော်ကိုတာဝန်ပေးတဲ့အတွက် သက်ဆိုင်ရာ အရန်ဆန်ဝယ်ယူရေးကော်မတီနဲ့ ညှိနှိုင်းပြီးတော့ အရန်ဆန်ဝယ်ယူခြင်း လိုအပ်တဲ့နေရာမှာ စပါး ဝယ်ယူခြင်းဖြစ်တဲ့အတွက်ကြောင့် စပါးဈေးဟာ လက်ရှိ ၃၅၀၀၀၀ ကနေ ၄၅၀၀၀၀ အထိ ဖြစ်လာ တဲ့အနေအထားရှိပါတယ်။ ဆက်လက်ပြီး စားသုံးဆီထဲက ပဲဆီနှင့် စားအုန်းဆီ လက်လီဈေးနှုန်းကို သုံးသပ်တင်ပြလိုပါတယ်။ ပဲဆီဈေးနှုန်းကို ရန်ကုန်မြို့ပေါ်မှာ စည်ပင်ဈေးများမှာဖြစ်ပေါ်နေခဲ့တဲ့ လက်လီတစ်ပိဿာဈေးနှုန်းကို တင်ပြရရင် ၂၀၁၁ ခုနှစ်၊ ဧပြီလက ၄၀၀၀ ကျပ်၊ တစ်နှစ်အကြာ ၂၀၁၂ ခုနှစ်၊ ဧပြီလက ၃၈၀၀ ကျပ်၊ ၂၀၁၃ ခုနှစ်မှာ တစ်နှစ်နဲ့ ၁၀ လကြာ ဖေဖော်ဝါရီလကုန်မှာ ၄၆၀၀ ကျပ် အသီးသီးဖြစ်ခဲ့လို့ ဈေးအတက်အကျအနည်းငယ်ရှိတယ်လို့ သုံးသပ်ရပါတယ်။ ဒါပေမယ့် အခြေခံ လူတန်းစားဖြစ်တဲ့ လက်လုပ်လက်စားအများစုဟာ ဈေးနှုန်းကြီးမြင့်တဲ့ပဲဆီကို အများအပြား ဝယ်ယူ စားသုံးလေ့မရှိဘဲ အခြေခံလူတန်းစားအများစုဟာ ဈေးနှုန်းသက်သာတဲ့စားအုန်းဆီကိုသာ အဓိကထား ဝယ်ယူစားသုံးလေ့ရှိတာကြောင့် ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ အနေနဲ့ စားအုန်းဆီတင်သွင်းရာမှာ ကျန်းမာရေးနှင့်ညီညွတ်တဲ့ဆီများကိုသာတင်သွင်းရေးနဲ့ ကမ္ဘာ့စားအုန်းဆီ ပေါက်ဈေးအပေါ်အခြေခံပြီး ဖြစ်ပေါ်လာတဲ့ဈေးနှုန်းအတိုင်း သက်သက်သာသာ ဝယ်ယူစားသုံး နိုင်အောင် အလေးထားစီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ စားအုန်းဆီ တင်သွင်းခြင်းနှင့် ပတ်သက်ပြီးတော့လည်းပဲ ကျွန်တော်တို့အစိုးရအသစ် တက်လာလာချင်းမှာပဲ မည်သူမဆိုတင်သွင်းခွင့်ပြု ခဲ့ပါတယ်။ အဲဒီအတွက်လည်းပဲ စားအုန်းဆီဈေးနှုန်းဟာ ဒီနေ့ မလေးရှား၊ အင်ဒိုနီးရှားဈေးနှုန်းနဲ့ စရိတ်စက လောက်ပဲတက်ပြီးတော့ တည်ငြိမ်နေတာကို တွေ့ရပါတယ်။ တချို့လတွေမှာ ရန်ကုန်မှာ စားအုန်းဆီ ၁ ပိဿာကို ၁၃၀၀  ပတ်ဝန်းကျင်လောက်ပဲရှိပါတယ်။ တင်သွင်းလာတဲ့သူတွေဟာ တချို့ ဘဏ်တိုး လောက်ပဲယူပြီးတော့ တင်သွင်းလာတဲ့ အနေအထားမျိုးတွေ့ရှိရပါတယ်။ ဒါကိုလည်းပဲ ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီအနေနဲ့ပဲ စနစ်တကျတင်သွင်းသည်မှဖြန့်ဖြူးသည်အထိ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ စနစ်တကျတင်သွင်းွခင်းပြုတဲ့နေရာမှာလည်း ဆီနမူနာဦးစွာရယူ ပြီးတော့ ကျန်းမာရေးနှင့်ညီညွတ်ပြီး စားသုံးရန်သင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာန FDA ရဲ့ထောက်ခံချက်ရရှိပြီးမှတင်သွင်းခွင့် လိုင်စင် ထုတ်ပေးပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာရောက်ရှိလာရင်လည်းပဲ ချက်ချင်းဈေးကွက်တင်ပို့ခွင့် မပေးဘဲ ရောက်ရှိလာတဲ့ စားအုန်းဆီနမူနာများကို FDA သို့ပေးပို့စစ်ဆေးပြီး စားသုံးရန်သင့်ကြောင်း ထောက်ခံချက်ရရှိမှသာ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးခွင့်ပြုလျက်ရှိပါတယ်။ ဒါ စောစောက ကျန်းမာရေးဒုတိယဝန်ကြီးလည်း ဖြေပါတယ်။ အဲဒီလို စနစ်တကျလုပ်သော်လည်းပဲ တစ်ဖက်က လည်းပဲ မမှန်ကန်တဲ့ မြောင်းဆီတွေကို နယ်စပ်ဒေသအသီးသီးကဝင်လာတဲ့အတွက်ကြောင့် ကျွန်တော် တို့ Mobile Team ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာစည်ပင်ဈေးတွေမှာလည်း ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီအနေနဲ့ ဒါကျွန်တော်တို့ သွားရောက်စစ်ဆေးပြီးတော့ အရေးယူပေးလျက် လည်းရှိပါတယ်။ ကမ္ဘာ့နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများရဲ့ စားအုန်းဆီတင်သွင်းမှုကို ကြည့်ရင် အိန္ဒိယနိုင်ငံနှစ်စဉ် တန်ချိန် ၇ သန်းကျော်၊ တရုတ်နိုင်ငံမှာ တန်ချိန် ၆ သန်းကျော်၊ ပါကစ္စတန်နိုင်ငံ နှစ်စဉ် တန်ချိန် ၂ သန်းကျော်၊ အီဂျစ်နိုင်ငံနှစ်စဉ် တန်ချိန် ၁ သန်းကျော်၊ အမေရိကန်နိုင်ငံ နှစ်စဉ်တန်ချိန် ၁ သန်းကျော်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တန်ချိန် ၁ သန်းခန့်၊ စင်ကာပူနိုင်ငံမှာ တန်ချိန်    ၁ သန်းခန့်၊ ဗီယက်နမ်နိုင်ငံက တန်ချိန် ၁ သန်းခန့် တင်သွင်းစားသုံးတာကိုတွေ့ရပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ နှစ်စဉ်စားသုံးဆီတန်ချိန် ၃၀၀၀၀၀ မှ ၃၅၀၀၀၀ အထိ တင်သွင်းခဲ့ပါတယ်။ ယခုအခါ စားသုံးသူပြည်သူများ အရည်အသွေးပိုမိုကောင်းမွန်သော စားအုန်းဆီကိုစားသုံးနိုင်ရန်အတွက် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီနဲ့ မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်းနဲ့ ညှိနှိုင်းပြီးတော့ ယခင်က စားအုန်းဆီအရည်အသွေးကို ကလောပွိုင့် 10 အဖြစ်သာတင်သွင်းနေခြင်းအစား အရည် အသွေးပိုမိုကောင်းမွန်တဲ့ ကလောပွိုင့် 8 အဆင့်ရှိတဲ့ စားအုန်းဆီများကို တင်သွင်းခွင့်ပြုပေးလျက်ရှိ ပါတယ်။ ဒါ့အပြင် ခရီးဝေးကွာတဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့မှာ ဒေသခံပြည်သူများက ပင်လယ်ရေကြောင်းမှ ရန်ကုန်ကိုတင်သွင်းလာတဲ့ စားအုန်းဆီကို အဆင့်ဆင့်သယ်ယူရောင်းချရတဲ့ အတွက် ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူစားသုံးခြင်း၊ တစ်ဖက်နိုင်ငံမှ အရည်အသွေးစစ်ဆေးခြင်းမရှိတဲ့ စားအုန်းဆီများ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ဈေးကွက်အတွင်း ဝင်ရောက်လာမှုများကို စားသုံးနေရခြင်းရှိတာကြောင့် နယ်စပ်ဒေသများမှာ စနစ်တကျတင်သွင်းလိုကြောင်း တင်ပြလာတဲ့ အတွက် ယခုဆိုလို့ရှိရင် မြဝတီ၊ မြိတ်၊ ကော့သောင်း၊ တာချီလိတ်စတဲ့ နယ်စပ်ဒေသများပါ အပါအဝင် ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် စားအုန်းဆီတင်သွင်းရန် လျှောက်ထားလာမှုများကို ပင်လယ် ရေကြောင်းမှ တင်သွင်းတဲ့ လုပ်ငန်းနည်းစနစ်များအတိုင်း လိုင်စင်လျှောက်ထားစဉ် FDA ရဲ့ ထောက်ခံချက်ရယူ စစ်ဆေးပြီးမှ ခွင့်ပြုပေးခြင်း၊  ရောက်ရှိလာတဲ့ဆီများကို FDA မှစစ်ဆေးပြီး စားသုံးရန် သင့်ကြောင်း ထောက်ခံချက်ရှိမှသာ ဈေးကွက်အတွင်း ဖြန့်ဖြူးစေခြင်းစတဲ့ စနစ်များနဲ့ ဆောင်ရွက်ခွင့်ပြုပေးနေပြီ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနနဲ့လည်းပဲ ကျွန်တော်တို့နဲ့ FDA စစ်ဆေးဖို့အတွက် ဝန်ထမ်းတွေတိုးပေးဖို့ ညှိနှိုင်းထားပြီးလည်းဖြစ်ပါတယ်။ လူအများစားသုံးတဲ့ စားအုန်းဆီရဲ့ ရန်ကုန်မြို့ စည်ပင်သာယာဈေးအတွင်းမှာ ရောင်းချခဲ့တဲ့ လက်လီတစ်ပိဿာဈေးနှုန်းကို ကာလအလိုက် နှိုင်းယှဉ်ကြည့်ရင် ၂၀၁၁ ခုနှစ် အစိုးရအသစ်တက်တက်ချင်းမှာပဲ ဧပြီလ တစ်ပိဿာ ကို ၂၆၀၀ ရှိပါတယ်။ တစ်နှစ်အကြာ ၂၀၁၂ ခုနှစ်မှာ ဧပြီလ ၂၁၀၀ ရှိပါတယ်။ တစ်နှစ် ၁၀ လအကြာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလကုန်မှာ ၁၅၅၀ ကျပ်အသီးသီး ဖြစ်ခဲ့တာကြောင့် စားအုန်းဆီဈေးနှုန်းများ ကျဆင်းနေတာကို တွေ့ရပြီး ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းအတိုင်း ဖြစ်ပေါ်နေတယ်လို့ တင်ပြလို ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ စားအုန်းဆီဈေးနှုန်းဟာ ကမ္ဘာ့စားအုန်းဆီဈေးနှုန်းအတက်အကျနဲ့ ဒေါ်လာဈေး အတက်အကျပေါ်မူတည်ပြီး အပြောင်းအလဲအနည်းငယ်ရှိသည်မှအပ ကမ္ဘာ့စားအုန်းဆီ ဈေးနှုန်းနဲ့ လိုက်လျောညီထွေစွာဖြစ်ပေါ်နေတဲ့ ဈေးနှုန်းအတိုင်းရှိနေတယ်လို့ တင်ပြလိုပါတယ်။ ဆက်လက်ပြီး သား၊ ငါးဈေးအခြေအနေကို တင်ပြလိုပါတယ်။ လူအများစားသုံးတဲ့ မွေးမြူရေးငါး ငါးမြစ်ချင်းဟာ စည်ပင်သာယာဈေးဆိုတဲ့နေရာမှာ ဒီနေရာမှာ အင်းစိန်ဈေးကို ယူထားပြီးဖြစ်ပါတယ်။ လက်လီ တစ်ပိဿာဈေးနှုန်းမှာ ကာလအလိုက်နှိုင်းယှဉ်တင်ပြရရင် ၂၀၁၁ ခုနှစ်၊ ဧပြီလမှာ ၂၅၀၀ ကျပ်၊ တစ်နှစ်အကြာ ၂၀၁၂ ဧပြီလမှာ ၂၅၀၀ ကျပ်၊ ၂၀၁၃ ခုနှစ် တစ်နှစ်နဲ့ ၁၀ လအကြာ ဖေဖော်ဝါရီလမှာ ၂၂၀၀ ကျပ်အသီးသီး ဈေးနှုန်းဖြစ်ပေါ်နေပါတယ်။ အလားတူအသုံးများတဲ့ ကြက်သားဈေးဟာ ၂၀၁၁ ခုနှစ်၊ ဧပြီလ ၆၀၀၀ ကျပ်၊ တစ်နှစ်အကြာ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၅၀၀၀ ကျပ်နှင့် တစ်နှစ်နှင့် ၁၀ လအကြာ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလကုန်မှာ ၅၀၀၀ ကျပ်အသီးသီးဖြစ်ခဲ့လို ငါးမြစ်ချင်းနှင့် ကြက်သားဈေးနှုန်းဟာ မြင့်တက်မှုမရှိတဲ့အပြင် တည်ငြိမ်နေတာကနေ အနည်းငယ်ကျ ဆင်းသွားတယ်လို့ ပြောနိုင်ပါတယ်။ ဝက်သားဈေးနှုန်းများကို ရန်ကုန်မြို့စည်ပင်သာယာဈေးအတွင်း လက်လီတစ်ပိဿာဈေးနှုန်းကို ကာလအလိုက် နှိုင်းယှဉ်တင်ပြရမယ်ဆိုရင် ၂၀၁၁ ခုနှစ်၊ ဧပြီလ ၆၀၀၀ ကျပ်၊ တစ်နှစ်အကြာ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၆၀၀၀ ကျပ်နှင့် တစ်နှစ် ၁၀ လအကြာ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလကုန်မှာ ၇၀၀၀ ကျပ် ဈေးနှုန်းအသီးသီးဖြစ်ပေါ်ခဲ့ပါတယ်။  အမဲသားဈေးနှုန်းများကို ရန်ကုန်မြို့စည်ပင်သာယာဈေးအတွင်း လက်လီတစ်ပိဿာဈေးနှုန်းကို ကာလအလိုက် နှိုင်းယှဉ်တင်ပြ ရမယ်ဆိုရင် ၂၀၁၁ ခုနှစ်၊ ဧပြီလ ၅၀၀၀ ကျပ်၊ တစ်နှစ်အကြာ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၅၀၀၀ ကျပ်နှင့် တစ်နှစ်နဲ့ ၁၀ လအကြာ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလကုန်မှာ ၆၀၀၀ ကျပ် အသီးသီးဖြစ်ပေါ်ခဲတဲ့ အတွက် ဝက်သားနှင့်အမဲသားဈေးနှုန်းဟာ တည်ငြိမ်နေရာက ၁၀ ရာခိုင်နှုန်းခန့်နဲ့ ၁၇ ရာခိုင်နှုန်းခန့် အနည်းငယ်ဈေးတက်လာတယ်လို့ သုံးသပ်ရပါတယ်။ အမဲသားဈေးတက်တာကတော့ အေးခဲ အမဲသားတွေ မှောင်ခိုထွက်တာလည်းရှိပါတယ်။ ဒါကိုလည်း ဝန်ကြီးဌာနက ပြင်းပြင်းထန်ထန်အရေး ယူပေးနေတဲ့ အ‌နေအထားမျိုးရှိပါတယ်။ လူအများသုံးတဲ့ ကြက်ဥတစ်လုံးရဲ့ဈေးနှုန်းဟာ ရန်ကုန်မြို့ စည်ပင်ဈေးများအတွင်းမှာ ကာလအလိုက် နှိုင်းယှဉ်တင်ပြရမယ်ဆိုရင် ၂၀၁၁ ခုနှစ်၊ ဧပြီလက ၁၀၀ ကျပ်၊ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁၀၀ ကျပ်နှင့် တစ်နှစ် ၁၀ လအကြာ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလကုန်မှာ ၉၀ ကျပ်ဖြစ်လို့ ဈေးအနည်းငယ်ကျခဲ့တာတွေ့ရပါတယ်။ ရာသီအလိုက်ပေါ်နေတဲ့ ဟင်းသီးဟင်းရွက် များကတော့ ထွက်ပေါ်နေတဲ့ ရာသီအလိုက် ဈေးအတက်အကျရှိတာကလွဲလို့ ပုံမှန်ရှိနေတဲ့အတွက် တည်ငြိမ်နေတယ်လို့ သုံးသပ်တင်ပြလိုပါတယ်။ အခြေခံစားကုန်များရဲ့ ကုန်ဈေးနှုန်းနဲ့ ပတ်သက်လို့ အဓိကထားတင်ပြလိုတဲ့အချက်ကတော့ ပြည်ပက တင်သွင်းလာတဲ့စားအုန်းဆီကလွဲလို့ ကျန်တဲ့အ‌ွခေခံ ကုန်ပစ္စည်း အများစုကတော့ အခြေခံလူတန်းစားဖြစ်တဲ့ တောင်သူလယ်သမားများနဲ့  ကျေးလက်နေ ပြည်သူများက စိုက်ပျိုးမွေးမြူထုတ်လုပ်တဲ့ ပစ္စည်းများဖြစ်တဲ့အတွက် ဆန်ဈေးသိပ်ကျလွန်းရင် စပါးဈေးများပါ ကျဆင်းသွားပြီးတော့ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူအများစုအကျိုးစီးပွား ထိခိုက်နစ်နာကြမှာ ဖြစ်သလိုမွေးမြူထွက်ရှိတဲ့ သားငါးဈေးတွေ ကျဆင်းလွန်းရင်လည်းပဲ မွေးမြူ ထုတ်လုပ်တဲ့ တစ်ပိုင်တစ်နိုင်မွေးမြူရေးသမားများအပါအဝင် လုပ်ငန်းလုပ်ကိုင်သူများ ဆက်လက် ရပ်တည်နိုင်ဖို့ခက်ခဲသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ စားအုန်းဆီတန်ချိန် ၃၀၀၀၀၀ ကနေ ၃၅၀၀၀၀ အထိ တင်ပို့ခဲ့တဲ့အတွက် ဦးဘိုကြီးဆိုရင် ကျွန်တော့်ကို အမြဲတမ်းပြောပါတယ်။ ပြည်တွင်း မှာ ရှိတဲ့ဆီစက်များ၊ ပြည်တွင်းမှာရှိတဲ့ ပဲဆီ၊ နှမ်းဆီထုတ်တဲ့ တောင်သူလယ်သမားများအတွက် နစ်နာတာလည်း ရှိပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့မှာ အများစားသုံးနိုင်တဲ့အတွက်ကြောင့် စားအုန်းဆီတင်သွင်းမှုကို တဖြည်းဖြည်းချင်းတော့ လျှော့ချမှာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ကျွန်တော် စားအုန်းဆီကို စောစောကပြောသလို  တန်ချိန် ၃၀၀၀၀၀ ကနေ ၃၅၀၀၀၀ အထိ တင်ပို့နေရတုန်းပဲဖြစ်ပါတယ်။ ဒါကြောင့်လည်းပဲ ကျွန်တော်တို့ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနဲ့ မြေပဲ၊ နှမ်း ထုတ်လုပ်တဲ့နေရာမှာ ပိုမိုထုတ်လုပ်နိုင်ပြီးတော့ တဖြည်းဖြည်းနဲ့ စားအုန်းဆီ လျှော့ချဖို့လည်း ဆောင်ရွက်လျက်ရှိကြောင်း တင်ပြလိုပါတယ်။ ဒါကြောင့် ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီအနေနဲ့စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနဲ့ စားသုံးသူများ အကြားမှာ နှစ်ဦး နှစ်ဖက် သင်‌့တင့်မျှတတဲ့အကျိုးဖြစ်စေဖို့ ဦးစားပေးညှိနှိုင်း စီစဉ်ဆောင်ရွက်လျက်ရှိနေပြီး မျက်ခြေမပျက် သုံးသပ်စီစဉ်ပေးလျက်ရှိနေပါတယ်။ ထုတ်လုပ်တဲ့ဒေသမှာ သုံးစွဲမယ့်ဒေသကို ပို့ဆောင်တဲ့ ကုန်စည်စီးဆင်းမှုများ လွတ်လပ်စွာ ရှိနေစေဖို့၊ ကုန်သွယ်မှု အတားအဆီးများ မရှိနေစေဖို့ ကိစ္စများကို အချိန်နှင့်တစ်ပြေးညီ ဦးစားပေး ညှိနှိုင်း‌ပေါင်းစပ်ပေးလျက်ရှိကြောင်းတင်ပြလိုပါတယ်။ ဥပမာ ကျွန်တော်တို့ ကုန်တင်ယာဉ်များဟာ အာဆီယံစံချိန်စံညွှန်းအရ သတ်မှတ်တဲ့အတွက်ကြောင့် ကားခတွေ ကြီးမြင့်လာတာရှိပါတယ်။ သို့သော်လည်းပဲ အချိန်ကာလတစ်ခုသတ်မှတ်ပြီးတော့ ဆောက်လုပ်ရေးဝန်ကြီးနဲ့ ညှိနှိုင်းပြီးတော့ ဖြေလျှော့ပေးခဲ့ရတာမျိုးတွေ ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီအနေနဲ့ ဆောင်ရွက်ပေးခဲ့ရတာမျိုးတွေ ရှိပါတယ်။ နိဂုံးချုပ်အနေနဲ့ အထက်မှာ တင်ပြခဲ့တဲ့ အ‌ွခေအနေများအရ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့အခြေခံ စားသောက်ကုန်များဖြစ်တဲ့ ဆန်၊ ဆီ၊ သား၊ ငါးအပါအဝင် အ‌ွခေခံစားသောက်ကုန်ဈေးနှုန်း  သတင်း အချက်အလက်များကို နေ့စဉ် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်များမှာ နေ့စဉ် သတင်းရယူ သုံးသပ်တင်ပြလျက်ရှိပြီး ရရှိတဲ့သတင်းအချက်အလက်များအပေါ် အ‌ွခေခံပြီးတော့လိုအပ်သည် များကို ပေါင်းစပ်စီစဉ်ဆောင်ရွက်ပေးခြင်းများ၊ လစဉ်ကျင်းပတဲ့ ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီအစည်းအဝေးများမှာ သက်ဆိုင်ရာပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ကိုယ်စားလှယ်များ ၊ မြို့တော်စည်ပင်သာယာရေးကော်မတီများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ ပူးပေါင်းပါဝင်ညှိနှိုင်းဆွေးနွေးစေပြီး ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရန်နှင့် အခြေခံစားကုန်အပါအဝင် ကုန်ဈေးနှုန်းများတည်ငြိမ်အောင် စီစဉ် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါကြောင့် ညောင်ဦးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြိုင်ကိုယ်စား ဦးကိုကြီးရဲ့ မြန်မာနိုင်ငံရဲ့အခြေခံစားသောက်ကုန်များဈေးနှုန်းဟာ မတည်ငြိမ်ဘဲ လက်လုပ်လက်စားများရဲ့ ရရှိသောဝင်ငွေနဲ့ တစ်နေ့တခြားတက်လာသော မရှိမဖြစ် ဆန်၊ ဆီနှင့် သား၊ ငါးအစရှိသော အခြေခံစားကုန်ဈေးနှုန်းများ တည်ငြိမ်စွာဖြစ်စေရေးအတွက် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း မေးခွန်းမှာ ပါရှိသကဲ့သို့ အခြေခံစားသောက်ကုန်ဈေးနှုန်း များအား တစ်နေ့တခြားတက်လာခြင်းမျိုးမဟုတ်ဘဲနဲ့ ဈေးကွက်ရဲ့ သဘောသဘာဝအတိုင်း ရောင်းလိုအားနဲ့ ဝယ်လိုအား Supply and Demand အ‌ွခေအနေအရ ဈေးနှုန်းအတက်အကျ အနည်းငယ်သာ ရှိခြင်းဖြစ်ပါကြောင်း တွေ့ရှိရပါတယ်။ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။