(ခ)-စားအုန်းဆီ တင်သွင်းခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၄၀) ရက်မြောက်နေ့ (၂၄-၁၀-၂၀၁၁)

မြန်မာနိုင်ငံမှာ ဆီထွက်သီးနှံဖြစ်တဲ့ မြေပဲ၊ နှမ်း၊ ပဲပုတ်၊ ပန်းနှမ်း၊ နေကြာ၊ မုန်ညင်းစေ့၊ ဝါ‌စေ့ စသဖြင့် ဆီထွက်သီးနှံကို မြေပြန့်ရော၊ တောင်ပေါ်ဒေသ များမှာ အထူးစိုက်ပျိုးထွက်ရှိပါတယ်။ တစ်နိုင်ငံလုံးမှာဆိုရင် ကျွန်တော်တို့ဆီစက်ပေါင်း အကြီး၊ အလတ်၊ အသေးအားလုံးကို ပေါင်းကြည့်မယ်ဆိုရင် သောင်းဂဏန်းနီးနီးရှိပါတယ်။ ဆီထွက်သီးနှံဟာ တောင်သူများအဖို့ ဈေးကွက်ကိုက်ညီ၍ အကျိုးရှိမယ်ဆိုလျှင် စိုက်ပျိုးထုတ်လုပ်မှု အထူး အားကောင်းတဲ့သီးနှံ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်၊ ၃၀ ခန့်ကဆိုလျှင် မြန်မာလူထုစားသုံးဖို့ တောင်သူများ စိုက်ပျိုးထုတ်လုပ်ကြ၍ ဆီစက်များကလည်း နေ့၊ ည လည်ပတ်ပြီ‌းတော့ မြန်မာ လူထုစားသုံးနိုင်‌အောင် လုံလောက်စွာရရှိခဲ့ပါတယ်။ ရှေးကစကားပုံတစ်ခုကို မှတ်မှတ်ရရ ကျွန်တော် သတိရမိပါတယ်။ ဆီကိုရေချိုး ဆေးရိုးမီးလှုံ စပါး‌တောင်လိုပုံဖြစ်ပါတယ်။ ဆိုလိုတာကတော့ စားသုံးဆီကို လုံလောက်သည့်အပြင် ရေချိုးနိုင်လောက်အောင်ပင် ပေါများ၍၊ ဖူလုံ၍ အလျှံပယ် ရှိနေသည်ကို ပြောလို၍ ဖြစ်ပါတယ်။ ၁၉၉၀ နောက်ပိုင်း စားအုန်းဆီတင်သွင်းမှုကို တွေ့လာရပါတယ်။ တစ်လမှာ တန်ချိန် ၅၀၀၀ ခန့်မှာ စတင်တင်သွင်းခဲ့ပြီးတော့ တဖြည်းဖြည်း ပိုမိုတင်သွင်းလာခဲ့ရာ ထို့နောက် တန်ချိန် ၁၀၀၀၀၊ ထို့နောက် တန်ချိန် ၂၀၀၀၀၊  ယခု ၂၀၁၁ ခုနှစ်မှာဆိုရင် တန်ချိန် ၃၀၀၀၀ နဲ့အထက်ကို တင်သွင်းနေသည်ကို သိရပါတယ်။ မြန်မာနိုင်ငံစားသုံးဆီဥက္ကဋ္ဌ ဦးသိန်းဟန်၏ အပြောအရ စားအုန်းဆီတင်သွင်းမှုဟာ ပိုလျှံနေသည်လို့ပဲ    သူကဆိုပါတယ်။ ထိုသို့ ပိုမိုတင်သွင်း လာသည်နှင့်အမျှ ဆီထွက်သီးနှံတောင်သူများသာ အရှုံးပေါ်လာပါတယ်။ အရှုံးပေါ်လာသည်နှင့်အမျှ စိုက်ဧက တဖြည်းဖြည်း လျော့ကျလာပါတယ်။ ဥပမာ- မြေပဲစိုက် တောင်သူများအဖို့ တချို့ဒေသ များမှာဆိုလျှင် လွန်ခဲ့တဲ့အနှစ် ၂၀ ကျော်၊ ၃၀ ခန့်က စိုက်ဧကထက် ၉၀ ရာခိုင်နှုန်းခန့် လျှော့၍ စိုက်ပျိုးထုတ်လုပ်လာသည်ကို တွေ့ရှိရပါတယ်။ နောက် နှမ်းစိုက်ပျိုးမှုကတော့ အထိုက်အလျောက် ရှိပါတယ်။ သို့သော်လည်းပဲ ပြည်ပကိုအားလုံးပို့ခွင့်ပေးထားတဲ့အတွက် ကျွန်တော်တို့ ပြည်တွင်းက ဆီစက်များ ပြည်ပပို့တဲ့ ကုမ္ပဏီများကို ယှဉ်ပြိုင်ပြီးတော့ မဝယ်နိုင်တဲ့အတွက် စက်လည်ပတ်မှုကို ကျွန်တော်တို့ လျှော့လာကြရပါတယ်။ စားအုန်းဆီရဲ့ ဈေးကွက်ဟာလည်းဈေးချိုတဲ့အတွက် ကျွန်တော် တို့ ပြည်တွင်းမှာ ၉၀ ရာခိုင်နှုန်းခန့် နေရာယူလာတာကို တွေ့ရှိရပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ ဆီထွက်သီးနှံစိုက်ပျိုးမှု ထုတ်လုပ်မှုလျော့ကျလာတာကို တွေ့ရှိရပါတယ်။ ထုတ်လုပ်မှုလျော့ကျလာ တာနဲ့အမျှ လျော့ကျလာခြင်း အကြောင်းတစ်ရပ်အပြင် ဆီဈေးကွက်မှာ ပြည်တွင်းထုတ်လုပ်တဲ့ ဆီများရဲ့ ရောင်းချမှုဟာလည်း နှေးကွေးလေးလံလာပါတယ်။ ကျွန်တော်တို့ တစ်လလောက် ကြိတ်ပြီးရင် နှစ်လ၊ သုံးလလောက် စောင့်ရောင်းမှ အဲဒီဆီဟာကုန်လာပါတယ်။ ဒါကြောင်‌့မို့လို့ တချို့ဆီစက်များဟာ အခြားလုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်ဖို့ပင် စဉ်းစားနေကြသည်ဟု ကြားသိရ ပါတယ်။ ယခုလို စားအုန်းဆီအထူးအဝင်များတဲ့ ယခုနှစ်များမှာဆိုလျှင် စားအုန်းဆီ ဈေးရဲ့ ဈေးနှုန်း အထူးချိုသာမှုကြောင့်လည်းကောင်း၊ ပြည်တွင်းမှာရှိတဲ့ဆီစက်များဟာ အားလုံးရဲ့ ၂၀ ရာခိုင်နှုန်းနဲ့ ၃၀ ရာခိုင်နှုန်းခန့်သာ အားခဲပြီး၊ ကြိုးစားပြီး လည်ပတ်နေကြတာတွေ့ရှိရပါတယ်။ ယခုအတိုင်းသာ ဆက်၍သွားမည်ဆိုလျှင် တစ်ချိန်မှာ စားသုံးဆီကို ပြည်ပကတင်သွင်းရပြီးတော့ ပြည်ပကိုလုံးဝ အားကိုးရတဲ့ အခြေအနေ ရောက်သွားရမည်ကို ကျွန်တော်တို့ စိုးရိမ်နေကြပါတယ်။ ထို့ပြင် ပြည်တွင်းမှာ ဆီကြိတ်စက် များရပ်ဆိုင်းသွားမည်ဆိုလျှင် တိရစ္ဆာန်အစားအစာများ လုံးဝလုံလောက်မှု မရှိတာဖြစ်တဲ့အတွက် တိရစ္ဆာန်အစားအစာကိုပါ ပြည်ပမှ တင်သွင်းရသော အခြေအနေကို ရောက်သွားနိုင်ပါတယ်။ ယခုတော့ အချို့တစ်ပိုင်းတင်သွင်းတာကို တွေ့ရှိရပါတယ်။ အခြေအနေ ကတော့ ကျွန်တော်တို့ အရည်မရအဖတ်မရအ‌ြခေအနေကို ရောက်နေပြီလို့ ထင်မြင်ရပါတယ်။ ထို့အပြင် ကျွန်တော်တို့ ပြည်တွင်းမှာ ပဲမျိုးစုံနဲ့စပါးကနေပြီးတော့ ပြည်ပကိုပို့ပြီး ရရှိတဲ့နိုင်ငံခြား ဝင်ငွေဟာလည်းပဲ ကျွန်တော်တို့ စားအုန်းဆီနဲ့တိရစ္ဆာန်အစားအစာများ ပြန်လည်တင်သွင်းရသည်နဲ့ အလဟဿ ကုန်သွားမှာကို စိုးရိမ်ရပါတယ်။ ထို့ကြောင့်မို့လို့ စားအုန်းဆီကို အကန့်အသတ်တစ်ခု အထိ ပြည်ပမှလျှော့သွင်းခြင်းဖြင့် ပြည်တွင်းမှထွက်ရှိတဲ့ ကျွန်တော်တို့ ဆီထွက်သီးနှံများရဲ့ဈေးကွက် နဲ့အရောင်းအဝယ်ဟာ ကောင်းလာပြီးတော့ သင့်တင့်မျှတတဲ့ဈေးကို ရောင်းလာနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီအခါမှာ တောင်သူများအတွက်လည်း ပိုမိုကောင်းတဲ့အခြေအနေကိုရောက်ရှိ လာနိုင်ပါတယ်။ နောက် နိုင်ငံတော်အတွက်လည်း Earning Money Dollar ကိုနိုင်ငံအတွက် ပိုမိုအကျိုးရှိတဲ့နေရာမှာ ပိုမိုသုံးစွဲနိုင်တဲ့အခြေအနေကိုလည်း ရရှိနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ ပြည်တွင်းမှာ ကြိတ်ဝါးထုတ်လုပ်တဲ့ အစီအစဉ်များအတွက်ပိုမို လုပ်အားရှိလာပြီးတော့ ဆီစက် လုပ်သားများလည်း အလုပ်အကိုင်များ ပွင့်လင်းလာဖို့ရှိပါတယ်။ တိရစ္ဆာန်အစားအစာများပေါများ လာခြင်းအကျိုးကိုလည်း ရရှိနိုင်ပါတယ်။ စားသုံးသူလူထုအတွက်လည်း ကျန်းမာရေးနဲ့အထူး ညီညွတ်တဲ့ ပြည်တွင်းထုတ်တဲ့စားသုံးဆီကို သင့်တင့်မျှတသောဈေးနှုန်းနဲ့ စားသုံးနိုင်ခြင်းအကျိုးကို ရရှိခြင်းအားဖြင့် ကောင်းကျိုးအဖုံဖုံကို ရနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။   ဒါကြောင့်မို့ စားအုန်းဆီကို အတိုင်းအတာတစ်ခုအထိ လျှော့သွင်းရန်ရှိ၊ မရှိကို မေးမြန်းပါသည်။


 

ဖြေကြားသူ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း
အဖြေ

မြန်မာနိုင်ငံရဲ့ လက်ရှိလူဦးရေအရ စားအုန်းဆီပြည်တွင်းဝယ်လိုအားနဲ့ ရောင်းလိုအား Supply and Demand ကိုတွက်ချက်ကြည့်မယ်ဆိုရင် လူတစ်ဦးလျှင် တစ်နှစ်စားသုံးမှု ဆီ ၆.၂၅ ပိဿာနှုန်းနဲ့ လူဦးရေ သန်း ၆၀ ရဲ့ တစ်နှစ်စားသုံးမှုဆီတန်ချိန် ‌ြခောက်သိန်းဖြစ်ပြီးတော့ လုပ်ငန်းသုံးနဲ့ စားသောက် ဆိုင်သုံးဆီတန်ချိန် သုံးသိန်းဖြစ်တာကြောင့် စုစုပေါင်းစားသုံးဆီ တစ်နှစ်လိုအပ်ချက်တန်ချိန် ကိုးသိန်း ဖြစ်ပါတယ်။ ပြည်တွင်းထုတ်လုပ်နိုင်မှုကိုကြည့်ရင် မြေပဲ၊ နှမ်း၊ နေကြာနဲ့ အခြားဆီထွက်သီးနှံများကနေ တစ်နှစ်ကို ဆီတန်ချိန် ၅.၉ သိန်းပဲရှိတာကြောင့် တစ်နှစ်ကို ဆီတန်ချိန် ၃.၁ သိန်း၊ တစ်လကို ဆီတန်ချိန် ၂၅၈၀၀ ကျော်ထပ်မံလိုအပ်ကြောင်း တွက်ချက်ရရှိပါတယ်။ ဒီလိုအပ်ချက်ရှိနေတာကို ပြည်ပက စားအုန်းဆီ တင်သွင်းခြင်းဖြင့် ပြည်တွင်းစားသုံးဆီ လုံလောက်မှုရှိရန်နဲ့ ပြည်တွင်းစားသုံးဆီ ဈေးနှုန်းများတည်ငြိမ်မှုရှိအောင်ဆောင်ရွက်ပေးရတာဖြစ်ပါတယ်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားတဲ့ ပြည်ပသို့တင်ပို့ခွင့်မပြုတဲ့ ကုန်ပစ္စည်းများအထဲမှာ ဆီကြိတ်ရာ၌ အသုံးပြုသည့် နှမ်းနီ၊ နှမ်းညို၊ နှမ်းဆီ၊ မြေပဲနှင့် မြေပဲဆီများထည်‌့သွင်းသတ်မှတ်ထားခြင်းကို ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့မှာ ကင်းလွတ်ခွင့်ပြုလျက် ပြည်ပသို့တင်ပို့ခွင့်ပြုပြီးဖြစ်ပါတယ်။

          ယခင်က ပြည်တွင်းစားသုံးမှုဖူလုံစေမှုကို ရှေးရှုပြီး ဆီကြိတ်နှမ်းများဖြစ်တဲ့ နှမ်းနီ၊ နှမ်းညို၊ နှမ်းဆီ၊ မြေပဲ၊ မြေပဲဆီများကို ပြည်ပတင်ပို့ ခွင့်မပြုဘဲ ကန့်သတ်ထားခဲ့ပါတယ်။ ဒီလိုကန့်သတ်ချက်ရဲ့ အကျိုးဆက်အနေနဲ့ မြေပဲ၊ နှမ်းနီ၊ နှမ်းညိုများကို တရားမဝင်နည်းလမ်းဖြင့် ပြည်ပသို့ တင်ပို့ခြင်း၊ စိုက်ပျိုးထုတ်လုပ်မှုအပိုင်းမှာလည်း အခြားပြည်ပပို့ကုန်သီးနှံများသာ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ကြတဲ့ အတွက်ဆီထွက်သီးနှံများ အထွက်ပမာဏကျဆင်းလာခြင်း၊ သီးနှံအရည်အသွေးများကျဆင်းလာခြင်း စတဲ့ အကျိုးဆက်များဖြစ်ပေါ်လာခဲ့ပါတယ်။ ယခုနှစ်မှာ ရာသီဥတုအခြေအနေဟာ နှမ်းအကြိုက် ရာသီဥတုအခြေအနေဖြစ်တဲ့အတွက် နှမ်းအထွက် ပိုမိုလာခြင်း၊ နှမ်းများပေါ်ဦးစအခြေအနေမှာ နှမ်းဈေးများကျဆင်းလာပြီး တောင်သူများတွက်ခြေမကိုက်မှု ဖြစ်လာနိုင်ခြင်းများကြောင့် စိုက်ပျိုး ထုတ်လုပ်သူတောင်သူများနှင်‌့ ပြည်ပပို့ကုန်လုပ်ငန်းရှင်များ၏ တင်ပြချက်အရ ဆီကြိတ်နှမ်းများဖြစ်တဲ့ နှမ်းနီ၊ နှမ်းညိုနှင့် မြေပဲ၊ နှမ်းဆီ၊ ‌ြမေပဲဆီများကို ပြည်ပသို့တင်ပို့ခွင်‌့ပြုခဲ့တာဖြစ်ပါတယ်။ အဲဒီလို တင်ပို့ခွင့်ပြုခဲ့တာကြောင့် နှမ်းနီ၊ နှမ်းညို ဈေးဟာ ယခင်တင်ပို့ခွင့်မပြုခင်က တစ်တန်ကို ကျပ် ၇၀၀၀၀၀ ဝန်းကျင်သာရှိခဲ့ရာမှ တင်ပို့ခွင့်ပြုပြီး နောက် ကျပ် ၈၈၀၀၀၀ ဝန်းကျင်သို့ သိသိသာသာ တက်လာတာကိုတွေ့ရပါတယ်။ ဒါကြောင့် စိုက်ပျိုးထုတ်လုပ်သူများ ပိုမိုအကျိုးကျေးဇူးဖြစ်ထွန်းခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် နှမ်း၊ မြေပဲများသာမက မြေပဲဆီ၊ နှမ်းဆီများကို တင်ပို့ခွင့်ပြုထားတာဖြစ်တဲ့အတွက် ဆီစက်လုပ်ငန်းရှင်များလည်း ပြည်ပတင်ပို့ဖို့အခွင့်အလမ်းရရှိစေပါတယ်။ သို့သော် နိုင်ငံတကာ အဆင့်မီဈေးကွက်အကြိုက် ထုတ်လုပ်တင်ပို့နိုင်ဖို့ကို ကြိုးစားရမှာဖြစ်ပါတယ်။ ဒီလိုတင်ပို့ခွင့်ပြုခြင်း အားဖြင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအတွက် အကျိုးဖြစ်ထွန်းမှုများ ရရှိလာမှာဖြစ်သလို ဆီစက်များအနေနဲ့လည်း နှမ်းဆီ၊ မြေပဲဆီများအဖြစ် ကြိတ်ခွဲထုတ်လုပ်ပြီး ပြည်ပကိုတင်ပို့နိုင်ပြီ ဖြစ်တာကြောင့် ဆီစက်လုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်တော့မှာ ဖြစ်ပါတယ်။ ဆီအဖြစ်ကြိတ်ခွဲထုတ်လုပ်တင်ပို့နိုင်ခြင်းကြောင့် မွေးမြူရေးအစာဖြစ်တဲ့ ပဲဖတ်၊ နှမ်းဖတ် စတာများလည်း ပေါပေါများများထွက်ရှိလာနိုင်မှာဖြစ်ပါတယ်။ နှမ်းနီ၊ နှမ်းညို၊ နှမ်းဆီ၊ ‌ြမေပဲဆန်နဲ့ မြေပဲဆီများ ပြည်ပဈေးကွက် တိုးမြှင့်ရှာဖွေနိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာကုန်သည်အသင်းအဖွဲ့များနဲ့ ပူးပေါင်းညှိနှိုင်းပြီး ဆောင်ရွက်ပေးသွား မှာဖြစ်ပါတယ်။ ယခု စားအုန်းဆီတင်သွင်းမှုပမာဏဟာ လွန်ခဲ့သောနှစ်များကာလအတွင်း တစ်နှစ် တင်သွင်းခဲ့တဲ့ ပမာဏကိုတွက်ချက်ပြီး ပြည်ပမှတင်သွင်းခွင့်ပြုခဲ့တာဖြစ်ပါတယ်။ စားအုန်းဆီ တင်သွင်းရာမှာလည်း အရည်အသွေးနှင့် ပြည်တွင်းဖြန့်ဖြူးရောင်းချတဲ့ဈေးနှုန်းများကို အကောင်းဆုံး နှင့် အသက်သာဆုံးဖြစ်အောင် ညှိနှိုင်းစီမံဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလ အထိခြောက်လခန့်ကာလအတွင်း ပြည်ပမှတင်သွင်းခဲ့မှုပမာဏဟာ ၁၂၃၄၁၄ မက်ထရစ်တန်ဖြစ်ပါ တယ်။ တစ်လပျမ်းမျှ ၂၁၇၀၀ တန်ခန့်ဖြစ်ပါတယ်။

ပထမအဆင့်အနေနဲ့ ပြည်ပမှတင်သွင်းဖြန့်ဖြူးရောင်းချတဲ့ စားအုန်းဆီလက်လီဈေးကွက်မှာ ဈေးနှုန်းကျဆင်းတည်ငြိမ်လာပြီးနောက် ပြည်တွင်း ပြည်သူလူထုစားသုံးရာ ကျန်းမာရေးနှင့် ပိုမိုညီ ညွတ်တဲ့ အရည်အသွေးမြင့် စားအုန်းဆီများကို တင်သွင်းရောင်းချဖို့စီမံဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ ပြည်ပပို့ကုန် လယ်ယာထွက်ကုန်သီးနှံများရဲ့ အခြေအနေကို တင်ပြရလျှင် ပဲမျိုးစုံ တင်ပို့မှုဟာ ဈေးကွက်အကန့်အသတ်ရှိတာကြောင့် ပို့ကုန်ပဲမျိုးစုံရဲ့ ဈေးနှုန်းကောင်းမွန်တည်ငြိမ်မှု ရှိစေပြီး ရောင်းသူဈေးကွက် ဖန်တီးနိုင်ဖို့လည်း အရေးကြီးပါတယ်။ လယ်ယာထွက်ကုန်သီးနှံအချို့ ပြည်ပဈေးကွက်မှာ အကန့်အသတ်ဖြင့်ရွေးချယ်ဝယ်ယူမှုတွေနှင့် ရင်ဆိုင်ရတဲ့အခါ ပို့ကုန်လုပ်ငန်းရှင် များ အရှုံးပေါ်ခြင်းကတစ်ဆင့် တောင်သူများထုတ်လုပ်မှုစရိတ် မကာမိတဲ့ဈေးနှုန်းများအထိ ကျဆင်းခဲ့ ရတာ‌တွေ့ရှိရပါတယ်။ ဒါကြောင့် အခြားသောလယ်ယာထွက်ကုန်သီးနှံမျိုးစုံကို ပြည်ပဈေးကွက်သို့ ရှာဖွေတင်ပို့ရေးဟာ လိုအပ်ချက်တစ်ရပ် ဖြစ်လာပါတယ်။ ကုန်သွယ်မှုမှာ ကိုယ့်တစ်နိုင်ငံတည်း၊ ကိုယ်‌့ဒေသတစ်ခုတည်း အခြေအနေကိုသာမက အပြည်ပြည်ဆိုင်ရာနယ်ပယ်အထိ ကုန်သွယ် ဆက်ဆံမှုတွေကို လိုက်လျောညီထွေ ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ တစ်ချိန်မှာ မြန်မာနိုင်ငံရဲ့ ပို့ကုန်ပစ္စည်းများထဲမှာ မြေပဲ၊ နှမ်းစတဲ့ ဆီထွက်သီးနှံများနဲ့ ပဲဆီ၊ နှမ်းဆီစသည်တို့ဟာ အဓိကနေရာမှာ ရှိလာနိုင်ဖို့အတွက် အခြေအနေကို ဖန်တီးနေရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဈေးကွက်ချိတ်ဆက်မှု သဘောများအရလည်း ကြိုတင်မျှော်တွေး ဆောင်ရွက်ရတာဖြစ်ပါတယ်။ ပြည်ပမှတင်သွင်းတဲ့ စားအုန်းဆီများကြောင့် ပြည်တွင်းစိုက်ပျိုးထုတ်လုပ်သူများ၊ လုပ်ငန်းရှင်များ အကျိုးထိခိုက်မှုများ ကြီးကြီးမားမားဖြစ်ပေါ်လာရင် ကာကွယ်တားဆီးနိုင်မယ့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ရဲ့ စည်းမျဉ်းစည်းကမ်း သဘောတူညီချက်များကိုလည်း လိုအပ်ရင် အသုံးချကာကွယ်နိုင်မှာဖြစ်ကြောင်း ရှင်းလင်းတင်ပြလိုပါတယ်။ ထို့ကြောင့် ဦးကိုကြီးရဲ့မေးခွန်းနှင်‌့ပတ်သက်၍ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူလယ်သမားများအတွက်လည်းကောင်း၊ ပြည်တွင်း၌ ကြိတ်ခွဲထုတ်လုပ်သော ဆီစက်များ အတွက်လည်းကောင်း၊ ဆီစက်လုပ်သားများ ပုံမှန်အလုပ်ရရှိရေးအတွက်လည်းကောင်း၊ တိရစ္ဆာန် အစားအစာအတွက် ပေါများခြင်းအကျိုးကိုလည်းကောင်း၊ စားသုံးသူလူထုကျန်းမာရေးနှင့် ညီညွတ် သောစားသုံးဆီများကို သင်‌့တင့်သောဈေးနှုန်းနှင့် စားသုံးနိုင်ခြင်း အကျိုးများရရှိနိုင်ရေးအတွက် လည်းကောင်း စနစ်တကျစိစစ်တွက်ချက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနဲ့ တစ်ဖက်ကလည်း ပြည်ပက စားအုန်းဆီများတင်သွင်းခြင်းကို စိစစ်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ဖြေကြားပါသည်။