(ခ)-မြဝတီနယ်စပ်ကုန်သွယ်ရေးပြန်လည်စတင်ရန်နှင့်စပ်လျဉ်းသည်‌့မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ (၁၉-၉-၂၀၁၁)

 မြဝတီမြို့ဟာ တစ်ဖက်နိုင်ငံနှင့်ထိစပ်နေတဲ့ နယ်စပ်မြို့တစ်မြို့ ဖြစ်ပါတယ်။ မြဝတီခရိုင် မြဝတီမြို့နယ်တစ်ခုလုံးရဲ့ ပြည်သူအများစုဟာ နယ်စပ်ကုန်သွယ်ရေးနဲ့အခြေခံပြီးတော့ အသက်မွေးဝမ်းကြောင်းပြုကြသူများ ဖြစ်ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေးကို ၂၀၁၀ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ မှစပြီးတော့ ရပ်စဲခဲ့ပါတယ်။ ယခုဆိုရင် တစ်နှစ်ကျော်ကြာခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေး နှစ်မှာ ကုန်သွယ်လုပ်ငန်းခွန်နှင့်ဝင်ငွေခွန်ရရှိမှု ကျပ်သန်းပေါင်း ၂၆၄၅ သန်းရရှိခဲ့ပြီးတော့ ယခုအခါ မြဝတီကုန်သွယ်ရေးဇုန်မှ နိုင်ငံတော်အတွက် ထိုက်သင့်သောအခွန်အခများမရရှိတော့ကြောင်းသိရှိရ ပါတယ်။ ဒါ့ကြောင့် ကျွန်တော်‌့မဲဆန္ဒနယ်မြေမှ ပြည်သူများကိုယ်စား မြဝတီနယ်စပ်ကုန်သွယ်ရေးကို ဘယ်အချိန်မှာပြန်လည်ဖွင့်လှစ်ပေးနိုင်မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်
အဖြေ

ကျွန်တော့် အနေနဲ့ ကရင်ပြည်နယ်၊ မြဝတီမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဦးသန်းဦးရဲ့ မြဝတီ နယ်စပ်ကုန်သွယ်ရေးကို သင့်တော်သည့်မည်သည်‌့အချိန်မှာ ပြန်လည်စတင်နိုင်မည်ကိုသိလိုပါ ကြောင်းမေးခွန်းကို ဖြေကြားသွားမှာဖြစ်ပါတယ်။ ပထမဦးစွာ နိုင်ငံတော်အနေနဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိမှုကိုရှင်းလင်းတင်ပြလိုပါတယ်။ ၁၉၈၈ ခုနှစ်မှစပြီးတော့ အိမ်နီးချင်းနိုင်ငံများနဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းများဖွင့်လှစ်ပြီး ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက် ခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေးစခန်းများကို ဒေသတွင်းလုံခြုံအေးချမ်းမှုရှိပြီးတော့ လမ်းပန်း ဆက်သွယ်ရေးအခြေအနေဟာ ကုန်သွယ်မှုချောမွေ့စွာဆောင်ရွက်နိုင်တဲ့အခြေအနေရှိမှသာ ဖွင့်လှစ်နိုင် မှာဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်လှစ်တဲ့အခါ မိမိနိုင်ငံတစ်နိုင်ငံတည်း အစီအစဉ်ဖြင့် ဖွင့်လှစ်နိုင်ခြင်းမရှိဘဲနဲ့ နှစ်နိုင်ငံသဘောတူညီချက်ရယူပြီးမှသာ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ကုန်သွယ်မှုလုပ်ငန်းဖြစ်တဲ့ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများကို ကုန်သွယ်ရေးမူဝါဒ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီဆောင်ရွက်ရတာဖြစ်ပြီးတော့ ကုန်သွယ်မှုပမာဏအစဉ်တိုးတက်လာဖို့ အဓိကထား ဆောင်ရွက်လျက်ရှိပါတယ်။ ဒါပေမယ့်လည်း နယ်စပ်ကုန်သွယ်ရေးဆောင်ရွက်နိုင်ဖို့ အဓိက အထောက်အကူပြုတဲ့အခြေခံအချက်များရှိပါတယ်။ ပထမအချက်အနေနဲ့ နယ်စပ်ကုန်သွယ်ရေး စခန်းများဖွင့်လှစ်ထားရှိတဲ့ နှစ်ဖက်နိုင်ငံနယ်စပ်ဒေသများအတွင်း လုံခြုံအေးချမ်းမှုရှိဖို့လိုအပ်ပါ တယ်။ ဒုတိယအချက်အနေနဲ့ လမ်းပန်းဆက်သွယ်မှုအခြေအနေဟာ ကုန်သွယ်မှုလျှင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်မယ့် အဆင့်ထိကောင်းမွန်ဖို့လိုအပ်ပါတယ်။ တတိယအချက်အနေနဲ့  နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုရှိပြီးတော့ နယ်စပ်ကုန်သွယ်ရေးစခန်းများဖွင့်လှစ်ဖို့ ညှိနှိုင်းသဘောတူညီချက်ရရှိထားဖို့ လိုအပ်ပါတယ်။ စတုတ္ထအချက်အနေနဲ့ နှစ်နိုင်ငံညှိနှိုင်းသဘောတူပြီးပါကလည်းပဲ နယ်စပ်ဂိတ်တွေမှာ ကုန်သွယ်မှုလုပ်ငန်းများ၊ အကောက်ခွန်လုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများ၊ လူဝင်ထွက်မှုကြီးကြပ်ရေး အစီအစဉ်များအပါအဝင် အခြေခံအဆောက်အအုံ လိုအပ်ချက်တွေပြည့်စုံရမှာ ဖြစ်ပါတယ်။ ပဉ္စမ အချက်အနေနဲ့ နှစ်နိုင်ငံကုန်သွယ်မှုအနေအထားဟာ နှစ်နိုင်ငံနယ်စပ်ဒေသအတွင်းမှာ နှစ်ဘက် ပြည်သူစားသုံးဖို့ သာမန်သွားလာဝယ်ယူတဲ့ ပုံစံကုန်သွယ်မှုပမာဏအဆင့်မျှသာ ရောင်းဝယ်နေခြင်း မဟုတ်ဘဲနဲ့ နှစ်နိုင်ငံပို့ကုန်၊ သွင်းကုန်အပြန်အလှန်မျှတစွာဆောင်ရွက်နိုင်တဲ့ ထိုက်သင့်တဲ့ပမာဏရှိဖို့ လည်းလိုအပ်ပါတယ်။ ဆဋ္ဌမအချက်အနေနဲ့ နှစ်နိုင်ငံနယ်စပ်ဒေသသာမကဘဲ အတွင်းပိုင်းမှာရှိတဲ့ အခြားတိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့်ချိတ်ဆက်ပြီး ကုန်သွယ်မှုပြုလုပ်နိုင်တဲ့ အခြေအနေတွေရှိ ဖို့လိုအပ်ပါတယ်။

 မြဝတီကုန်သွယ်ရေးဇုန်ကို အထက်ပါခြောက်ချက်စလုံးနဲ့ပြည့်စုံတဲ့အတွက် ၁၉၉၈ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါ တယ်။ ဒါပေမယ့်လည်း မြဝတီကုန်သွယ်ရေးဇုန်ရဲ့ ကုန်သွယ်မှုအနေအထားများဟာ ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လလောက်ကစပြီး အထက်တင်ပြပါအချက်များနဲ့ ကိုက်ညီခြင်းမရှိတော့တဲ့အတွက် ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၈ ရက်မှာ ကုန်သွယ်မှုလုပ်ငန်းများယာယီရပ်ဆိုင်းခဲ့ရပါတယ်။ မြဝတီ ကုန်သွယ်ရေးဇုန်မှ ကုန်သွယ်မှုပြုလုပ်နိုင်လောက်တဲ့ အခြေအနေများပြန်လည်ဖြစ်ပေါ်လာပါက ကုန်သွယ်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ဖြေကြားပါသည်။