သီးနှံကုန်သွယ်မှု လုပ်တဲ့လုပ်ငန်းမှာ သီးနှံများကိုဝယ်ယူခြင်း၊ သန့်စင်ခြင်း၊ ထုတ်ပိုးခြင်း၊ သိုလှောင်ခြင်းလုပ်တဲ့နေရာမှာ ငွေကြေးအမြောက်အများ စိုက်ထုတ်သုံးစွဲကြရတယ်လို့ သိရှိရပါတယ်။ အဲဒီလို ငွေကြေးအမြောက်အမြား စိုက်ထုတ်သုံးစွဲသိုလှောင်ထားပြီးတဲ့နောက်ပိုင်းမှာ တင်ပို့ဖို့စရိတ်နဲ့ နောက်ထပ်သီးနှံတွေ ထပ်မံဝယ်ယူဖို့အတွက် ငွေကြေးလိုအပ်ချက်များ အချို့ရှိကြတာကိုသိရှိရပါ တယ်။ အဆိုပါငွေကြေးလိုအပ်ချက်ကို ဝယ်ယူသိုလှောင်ထားတဲ့သီးနှံကို အာမခံထားရှိပြီးတော့မှ ချေးငွေအစီအစဉ်များ လုပ်ပေးနိုင်မယ်ဆိုရင် ငွေကြေးလှည့်ပတ်မှုမြန်ဆန်ပြီးတော့ သီးနှံအသစ်များကို စဉ်ဆက်မပြတ် ဝယ်ယူပြီးတော့မှ ပို့ဆောင်ရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက် သွားနိုင်မှာ ဖြစ်တဲ့အတွက် စိုက်ပျိုးတဲ့ တောင်သူလယ်သမားများပါ အကျိုးရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သီးနှံကုန်သွယ်မှုလုပ်ငန်းမှာ ဝယ်ယူသိုလှောင်ထားတဲ့သီးနှံကို အာမခံထားရှိပြီးတော့မှ ချေးငွေဆောင် ရွက်ပေးမယ့် အစီအစဉ် ရှိ၊ မရှိ သိလိုပါတယ်။ ချေးငွေဆောင်ရွက်ပေးမယ့် အစီအစဉ် ရှိပါက မည်သိုဆောင်ရွက်ပေးမည်ကိုသိရှိလိုကြောင်း မေးမြန်းပါသည်။
နိုင်ငံတော်အစိုးရအနေနဲ့ ကုန်သွယ်မှုလုပ်ငန်းများအတွက် လိုအပ်မယ့်ငွေကြေးကို ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ ကောက်ပဲသီးနှံများအား ပြည်ပပို့နေတဲ့ လုပ်ငန်းရှင်ကြီးများအနေနဲ့ ငွေကြေး လည်ပတ်သုံးစွဲနိုင်ရန်ရည်ရွယ်ပြီး ပြည်ပကို ကောက်ပဲသီးနှံတင်ပို့တဲ့လုပ်ငန်းရှင်များအား ကောက်ပဲ သီးနှံများ လက်ရောက်အပေါင်ရယူပြီး ဘဏ်များမှချေးငွေများအား သတ်မှတ်ချက်များနှင့် အညီထုတ်ချေးရန် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ ၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၃၁ ရက်နေ့စွဲပါ စာအမှတ်၊ ဘခ-၁/၂၇၄-၁၃၁၇/၂၀၁၀ ဖြင့် ညွှန်ကြားချက်ထုတ်ပြန် ဆောင်ရွက်ပေးခဲ့ပြီဖြစ်ကြောင်း ဖြေကြားပါသည်။
