(ဃ)-အရန်ဆန်ဝယ်ယူသိုလှောင် ထားခြင်း၏ ရည်ရွယ်ချက် နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယနေ့ (၅.၇.၂၀၁၂)

နိုင်ငံတော်က အရန် ဆန်ဝယ်ယူသိုလှောင်စဉ်တုန်းက ဈေးအနေနဲ့ တင်း ၁၀၀ ကို ၂၈၀၀၀၀ လောက်အမြင့်ဆုံးရှိပါတယ်။ ဒီကနေ့ စပါးပေါက်ဈေးက တင်း ၁၀၀ ကို ၄၀၀၀၀၀ လောက်ရှိပါတယ်။ ဒီလိုအချိန်၊ ဒီလိုကာလ ရောက်တဲ့အခါမှာ တောင်သူလယ်သမားလက်ထဲမှာလည်း စပါးလုံလုံလောက်လောက် နောက်ထပ် ရောင်းဖို့မရှိတော့ဘူးဆိုတာမျိုး အသံလည်းထွက်ပါတယ်။ တစ်ဖက်ကနေပြီးတော့ တောင်သူ လယ်သမားတွေမှာ ကြွေးကိုမဆပ်နိုင်လို့ နိုင်ငံတော်သမ္မတကြီးဆီကို သဝဏ်လွှာပေးပို့တာမျိုး၊ အသနားခံစာပေးပို့တာမျိုးတွေလည်း ကြားရပါတယ်။ ဂျာနယ်တို့မှာလည်းဖော်ပြီးတော့ ထုတ်ဖော် ပြောကြားမှုမျိုးကိုလည်း ကျွန်တော်ကြားပါတယ်။ အဲဒီတော့ကာ ကျွန်တော်က ဒီအချိန်မှာ ပြန်စဉ်းစားမိ တာက နိုင်ငံတော်က ဝယ်ယူသိုလှောင်ထားတဲ့ အရန်ဆန်တွေက တစ်ဖက်မှာပေါ့လေ။ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်းမှာရှိတဲ့ စားသုံးသူပြည်သူတွေ ကြားမှာလည်းပဲ ဆန်ဈေးကတက်နေပါတယ်။ ဒီဝယ်ယူထားတဲ့ အရန်ဆန်ပမာဏ ဘယ်လောက်ရှိသလဲဆိုတာကို ကျွန်တော်သိရှိလိုပါတယ်။ ဒီဝယ်ယူ ထားတဲ့ အရန်ဆန်ရဲ့ ရည်ရွယ်ချက်က အခုလို ကုန်ဈေးနှုန်းတက်တဲ့အခါမှာ ပြန်လည်ပြီးတော့ ထိန်းညှိ နိုင်ဖို့အတွက် ဈေးကွက်ချရောင်းပြီး ကုန်ဈေးနှုန်းငြိမ်အောင် လုပ်ပေးဖို့များဖြစ်ပါသလား။ Open Market Operation ဖြစ်ပါသလား။ အဲဒါမျိုးကိုလည်း ကျွန်တော်သိချင်ပါတယ်။ တစ်ဖက်မှာ ကျွန်တော်လေ့လာတဲ့အခါကျတော့ တောင်သူလယ်သများတွေအပေါ်မှာ ကုမ္ပဏီပိုင်းကနေချေးထားတဲ့ ငွေတွေနဲ့ ပတ်သက်လို့ကတော့ တစ်မျိုးကြားသလို နိုင်ငံတော်ပိုင်းကနေ ချေးထားတဲ့ ငွေတွေကလည်း ဒီနှစ်တော့ တစ်ဦးတည်းချေးပေးပါတယ်။ ယခင် ၂၀၀၀၀ လောက်ကနေပြီးတော့ ၄၀၀၀၀ အထိ နှစ်ဆတိုးချေးပေးပြီး နောက်ပိုင်းမှာ ၅၀၀၀၀ အထိ တိုးချေးပေးတာတွေလည်း ကျွန်တော်ကြား ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ခုနက ဆပ်၊ မဆပ်ဆိုတဲ့ကိစ္စမှာလည်းပဲ နိုင်ငံတော်က ထုတ်ပြန်ချက် အားဖြင့်ကတော့ ကျပ်သန်းပေါင်း ၃၀၀၀ ကျော်လောက်ပဲ ကျန်တယ်လို့ ကျွန်တော်တို့ကြားပါတယ်။ စုစုပေါင်းကတော့ ကျပ်သန်းပေါင်း ၃၀၀၀၀၀ ကျော်လောက် ထုတ်ချေးထားတယ်လို့ ကြားပါတယ်။ အဲဒီတော့ ဒီကိစ္စအဝဝဟာ ကျွန်တော်တို့နိုင်ငံမှာ ဆန်စပါးစိုက်ပျိုးထုတ်လုပ်လာတာက နိုင်ငံတည် ကတည်းကပါပဲ။ နိုင်ငံမတည်ခင်ကတည်းကပါပဲ။ အဲဒီတော့ ဒီကိစ္စတွေအားလုံးဟာ အနည်ထိုင်ဖို့ သင့်ပြီလို့ ကျွန်တော်မြင်ပါတယ်။ အနည်ထိုင်ဖို့အတွက် ကျွန်တော်တို့က ဒီမှာနည်းလမ်းတစ်ခုကတော့ စီးပွားရေးပညာနည်းလမ်းပါတယ်။ အုပ်ချုပ်ရေးနည်းလမ်းလည်းမှန်ပါတယ်။ အရန်ဆန်ဝယ်ယူထား ပြီးတော့ နိုင်ငံတော်ကနေပြီးတော့ ဈေးကွက်ကို Intervention လုပ်တယ်။ သဘောတရားလေးတွေ ပေါ့လေ။ ဒါနဲ့ပတ်သက်လို့ သက်ဆိုင်ရာကနေပြီးတော့ကာ ဘယ်လိုရည်ရွယ်ချက်နဲ့ ဘယ်လောက် ပမာဏကို ဝယ်ယူထားပြီးတော့ ဆက်လက်ပြီးတော့ ဆန်စပါးဈေးနှုန်း၊ ဆန်ဈေးနှုန်း၊ စပါးဈေးနှုန်း တည်ငြိမ်ဖို့အတွက် တောင်သူလယ်သမားတွေလည်းပဲ သူတို့မှာကတော့ ပေါ်တာနဲ့ ရောင်းရတော့ တာပါပဲ။ အဲဒီအချိန်မှာပဲ ဈေးကကျတာပဲ။ သူတို့လက်ထဲမှာ စပါးကုန်သွားတဲ့အခါမှာ ဈေးကတက် လာပါတယ်။ အဲဒီတော့ သူတို့မှာလည်းပဲ ဆင်းရဲခြင်းသံသရာနဲ့ လုံးလည်လိုက်နေပါတယ်။ ဒီကိစ္စ    မျိုးတွေ ဖြေရှင်းနိုင်ဖို့အတွက် သက်ဆိုင်ရာကနေပြီးတော့ အရန်ဆန်ဝယ်ယူသိုလှောင်ထားရှိခြင်းနဲ့ ပတ်သက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်လေးဆွေးနွေးပေးပါရန် မေးမြန်းအပ်ပါသည်။


 

ဖြေကြားသူ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း
အဖြေ

နိုင်ငံတော်မှ အရန်ဆန်ဝယ်ယူထားရှိ ခြင်းသည် ဆန်ဈေးတက်ပါက ဈေးကွက်အတွင်း ရောင်းချခြင်းဖြင့် ဈေးနှုန်းပြန်လည်ထိန်းညှိရန် ရည် ရွယ်ပါသလား။ ပို့ကုန်အတွက် ရည်ရွယ်ပါသလား။ သိလိုပါကြောင်း မေးမြန်းခြင်းအပေါ် ပြန်လည် ရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဝန်ကြီးဌာနကို ရောက်ရှိခဲ့တဲ့ ဦးကြည်မြင့်ရဲ့ မေးမြန်းချက်က ဤမျှသာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့လွှတ်တော်ထဲမှာမေးမြန်းထားတဲ့ တချို့ အချက်များမှာ ကျွန်တော်ရဲ့အဖြေမှာ မကာမိရင်တော့ ကျွန်တော့်ကို ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံလိုပါ တယ်။ ကျွန်တော်တို့ ဆန်စပါးဟာ မြန်မာနိုင်ငံရဲ့အဓိကစားသုံးသီးနှံ (Staple Food) ဖြစ်ပြီးတော့ မြန်မာနိုင်ငံဟာ ကမ္ဘာမှာစားသုံးမှုနှုန်း အများဆုံးနိုင်ငံထဲမှာပါဝင်တာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ဆန်ဈေး နှုန်းအလွန်အမင်းမြင့်တက်ခြင်းဟာ စားသုံးသူပြည်သူလူထုအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ပေါ်လာနိုင်တဲ့ နည်းတူ ဆန်ဈေးနှုန်းအလွန်အမင်းကျဆင်းခြင်းဟာလည်း စိုက်ပျိုးထုတ်လုပ်တဲ့တောင်သူလယ်သမား များတွတ်ခြေကိုက်မှုမရှိဘဲ စိုက်ပျိုးထုတ်လုပ်မှုပမာဏများ လျော့နည်းသွားမှာဖြစ်ပါတယ်။

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်မှာ နိုင်ငံတော်သည် တောင်သူလယ်သမားများရဲ့ အခွင့်အရေးများကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်သည့် ကောက်ပဲ သီးနှံများသင့်တင့်မျှတသည့် တန်ဖိုးရရှိရန် ကူညီဆောင်ရွက်မည်ဖြစ်ကြောင်း တောင်သူလယ်သမား များနှင့်စပ်လျဉ်းသည့် အခြေခံရမည့်မူများချမှတ်ခဲ့ပါတယ်။ သို့ဖြစ်ပါ၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အ‌ွခေခံရမည့်မူများနှင့်အညီ စိုက်ပျိုးထုတ်လုပ်သူတောင်သူလယ်သမားများ သင့်တင့်မျှတတဲ့ အကျိုးအမြတ်ရရှိရန် ပြည်သူများစိတ်လက်ချမ်းသာစွာ ဝယ်ယူစားသုံးနိုင်ရန် နိုင်ငံတော်အတွင်း အရေးပေါ်အခြေအနေများ ပေါ်ပေါက်လာပါက လိုအပ်သလို ထုတ်နှုတ်သုံးစွဲနိုင်ရန်အတွက် နိုင်ငံတော်အရန်ဆန်ဝယ်ယူရေးအစီအစဉ်များ ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတကြီးမှ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့မှာ စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီး၊ အသင်းအဖွဲ့ အသီးသီးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပွဲမှာ စပါးပေါ်ချိန်မှာ တောင်သူလယ်သမားများ အရှုံးမပေါ် စေရအောင် အစိုးရနှင့်ဆန်ကုန်သည်ကြီးများ ဖက်စပ်ငွေကြေးစိုက်ထုတ်ကာ အခြေခံဈေးနှုန်းတစ်ခု အဖြစ်သတ်မှတ်ဝယ်ယူပြီး နိုင်ငံတော်အရန်ဆန်အဖြစ်ထားရှိသွားရန်ဟု လမ်းညွှန်ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတကြီးလမ်းညွှန်ချက်နှင့်အညီ နိုင်ငံတော်မှ ငွေကျပ် ၁၀ ဘီလီယံ၊ ဗဟိုသမဝါယမ အသင်းမှ ငွေကျပ် ၁၀ ဘီလီယံ၊ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းမှ ငွေကျပ် ၁၀ ဘီလီယံ၊ စုစုပေါင်းငွေကျပ် ၃၀ ဘီလီယံ ထည့်ဝင်စေရန်လျာထားပြီး နိုင်ငံတော်အရန်ဆန်ထားရှိရေး ကြီးကြပ်မှု ကော်မတီဖွဲ့စည်းပြီးတော့ စပါးများဝယ်ယူပေးခဲ့ပါတယ်။ မိုးစပါးကို တင်း ၁၀၀ မှာ ၃၃၀၀၀၀ ကျပ် နှုန်း၊ နွေစပါးကို တင်း ၁၀၀ မှာ ၃၂၀၀၀၀ ကျပ်နှုန်းများနဲ့ဝယ်ယူပေးခဲ့ပါတယ်။ အရန်ဆန်ထားရှိ ရေးကြီးကြပ်မှုကော်မတီရဲ့ စာရင်းဇယားများအရ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့အထိ မိုးစပါး   တင်း ၁၃ သိန်းကျော် ဝယ်ယူရရှိပြီးဖြစ်ပါတယ်။ မိုးစပါးနှင့် နွေစပါးမှာ စုစုပေါင်း ဆန်တန်ချိန်အနေနဲ့ ၃၃၀၀၀ ကျော် ကြိတ်ခွဲရရှိပြီးဖြစ်ပါတယ်။ အရန်ထားရှိခြင်းရဲ့ မူလရည်ရွယ်ချက်အရ တောင်သူ လယ်သမားများ၏အကျိုး၊ စားသုံးသူပြည်သူများ၏အကျိုးကို ရည်ရွယ်ထားရှိခြင်းဖြစ်ရာ လွှတ်တော် ကိုယ်စားလှယ်ကြီး ဦးကြည်မြင်‌့ရဲ့ မေးခွန်းမှာပါရှိတဲ့အတိုင်း ရာသီဥတုအခြေအနေအရသော် လည်းကောင်း သဘာဝဘေးအန္တရာယ်များအပါအဝင် အခြားမမျှော်မှန်းနိုင်သော အရေးပေါ်အခြေ အနေများကြောင့်လည်းကောင်း စားသုံးသူဈေးကွက်အတွင်းမှာ ဆန်ပြတ်လပ်မှုများဖြစ်ပေါ်ပါက ပြည်တွင်းစားသုံးမှုအဆင်ပြေစေရေးအတွက် အရန်ဆန်များအား ဈေးကွက်အတွင်းမှာ ဖြန့်ဖြူး ရောင်းချပေးသွားမှာဖြစ်ပါတယ်။ အကယ်၍ ပြည်တွင်းဖြန့်ဖြူးမှုအတွက် မလိုအပ်တဲ့အချိန်မျိုးမှာ ပိုလျှံတဲ့အရန်ဆန်များကိုတော့ ပြည်ပသို့တင်ပို့ရောင်းချသွားရန် ရည်ရွယ်ထားပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။