၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ပို့ကုန်တင်ပို့မှုထက် သွင်းကုန်တင်ပို့မှုက များပြားနေသဖြင့် ကုန်သွယ်မှု လိုငွေပြမှုတွင် ယခင် ဘဏ္ဍာနှစ်များထက် ပိုမိုများပြားနိုင်ကြောင်း စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ စာရင်းများမှ ပြသနေကြောင်း သိရှိရပါသည်။ ယခုလက်ရှိ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၁၂ ရက်နေ့ထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၂၃၃၂.၆၆ သန်းနှင့် ပို့ကုန်ပမာဏ ၄၉၆၅.၇၆ သန်းဖြစ်ပြီး သွင်းကုန်ပမာဏမှာ ၇၃၆၆.၉၃၇ သန်းပါဝင်သဖြင့် ကုန်သွယ်မှု လိုငွေမှာ ဒေါ်လာ ၁၂၀၁.၂၁ သန်း၊ ဒေါ်လာ ၂.၄ ဘီလီယံခန့်ရှိကြောင်း သိရပါသည်။ ၎င်း ပမာဏနှင့်ဆိုရင် ၂၀၁၄-၁၅ ဘဏ္ဍာနှစ် တစ်ခုလုံး ပိုမိုများပြားလာနိုင်ပါကြောင်း၊ အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်မှုနှုန်းသည် ယခင်က တစ်ဒေါ်လာကို ၉၅၀ ကျပ်ဖြင့် အချိန်တော်တော်ကြာပြင်ခဲ့ရာမှ ယခုအခါ ၁၀၈၀ အထိ ရုတ်တရတ် တတ်လာသည်ကို တွေ့ရပါကြောင်း၊
သို့ဖြစ်ပါ၍ ၎င်း ကိစ္စကို အချိန်မီ မထိန်းချုပ်ပါက ဒီ့ထက်ပိုပြီး ပြဿနာများဖြစ်ပွားနိုင် သည်ဟုယူဆပါသဖြင့် မေးမြန်းလိုသော မေးခွန်းမှာ (၁) မည်သည့်ကဏ္ဍများမှ ပို့ကုန်ကဏ္ဍတွင် အဓိကအဖြစ် ပါဝင်နေပြီး မည်သည့်ကဏ္ဍများက သွင်းကုန်ကဏ္ဍတွင် အဓိကဖြစ်နေပါသနည်း။ (၂) ဤကဲ့သို့ ကုန်သွယ်မှုလိုငွေ များပြားနေခြင်းကို လျော့ချမှုရှိအောင် နိုင်ငံတော်မှ မည်ကဲ့သို့သော အစီအမံများ ချထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏတွင် ၂၀၁၀-၁၁ ဘဏ္ဍာနှစ် အမေရိကန်ဒေါ်လာ ၁၅.၂၇၃ ဘီလီယံ၊ ၂၀၁၁-၁၂ ဘဏ္ဍာနှစ် အမေရိကန်ဒေါ်လာ ၁၈.၁၇ ဘီလီယံ၊ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် အမေရိကန်ဒေါ်လာ ၁၈.၀၄၅ ဘီလီယံနှင့် ၂၀၁၃-၁၄ အမေရိကန်ဒေါ်လာ ၂၄.၉၆၃ ဘီလီယံထံ တစ်နှစ်ထက်တစ်နှစ် တိုးတက်ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်၊ ဧပြီ ၁ ရက်နေ့တွင် စက်တင်ဘာ ၁၂ ရက်နေ့ထိကို မြန်မာနိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၄.၉၆၅ ဘီလီယံ သွင်းကုန်တင်သွင်းမှု အမေရိကန်ဒေါ်လာ ၇.၃၆၆ ဘီလီယံ ဖြစ်သည့်အတွက်ကြောင့် စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၂.၃၃၂ ဘီလီယံ ရှိနေပြီး သွင်းကုန်တန်းဖိုးသည် ပို့ကုန်တန်ဖိုးထက်ကို အမေရိကန်ဒေါ်လာ ၂.၄ ဘီလီယံခန့်ပိုမို တင်သွင်းခဲ့သည့် အတွက်ကြောင့် လက်ရှိမှာ ကုန်သွယ်မှု လိုငွေဖြစ်ပေါ်နေကြောင်း တွေ့ရှိရပါသည်။ ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်ရခြင်းမှာ ပို့ကုန်တင်ပို့နိုင်ရန် လျော့နည်းသွားခြင်း မဟုတ်ဘဲ ယခုနှစ် ၁-၄-၂၀၁၄ ရက်နေ့မှ စက်တင်ဘာ ၁၀ ရက်နေ့အထိ ပို့ကုန်တန်ဖိုးအမေရိကန် ဒေါ်လာ ၄.၉၆၅ ဘီလီယံဆောင်ရွက်နိုင်ခဲ့ပြီး ယခင်နှစ်ကာလများနှင့် နှိုင်းယှဉ်လျှင် ပို့ကုန်ပမာဏ ၇၄၀ ဒေါ်လာသန်း ပိုမိုတင်ပို့နိုင်သည်ကိုတွေ့ရှိရပါကြောင်း၊ ယခုနှစ်ပို့ကုန် ကဏ္ဍတွင် ကဏ္ဍအလိုက်အနေဖြင့် စက်မှုကုန်ချောကဏ္ဍမှာ ၂၄၃၁.၉၆၄ မီလီယံ၊ လယ်ယာကဏ္ဍ အမေရိကန် ဒေါ်လာ ၁၀၄၇.၇၉၅ မီလီယံ၊ သတ္ထုတွင်းထွက်တင်ပို့မှုကဏ္ဍ ၇၅၆.၂၆၄ မီလီယံနှင့် ရေထွက်ပစ္စည်းကဏ္ဍ၊ တိရိစ္ဆာန်ထွက်ပစ္စည်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍနှင့် အခြားပို့ကုန်ကဏ္ဍ တို့မှနေပြီး ၇၂၉.၈၇၃ မီလီယံ အသီးသီး တင်ပို့နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ သွင်းကုန်ကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၇၃၆၆.၉၃၇ မီလီယံအနက် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းထဲမှ ၃၅၄၁ မီလီယံ လုပ်ငန်းသုံးကုန်ကြမ်းများက ၁၆၃၈.၃၃၀ မီလီယံ၊ လူသုံးကုန်ပစ္စည်းမှ ၁၂၅၅.၂၇၆ မီလီယံ အသီးသီးတင်သွင်းခဲ့သည်ကို တွေ့ရှိရသည့်တွက် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍနှင့် လုပ်ငန်းသုံးကုန်ပစ္စည်းကဏ္ဍမှာ တင်သွင်းမှုများတော်တော်များကို တွေ့ရမှာဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ စက်နှင့်စက်ပစ္စည်းများ၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပို့ပစ္စည်းများ၊ ဘိလပ်မြေ၊ သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ၊ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးပစ္စည်းများ၊ တယ်လီဖုန်းနှင့် ဆက်သွယ်ရေးကိရိယာများ တင်သွင်းမှုများကြောင်းကိုတွေ့ရှိရပါသည်။ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများတွင် ရေနံထွက်ပစ္စည်းများ အများဆုံး တင်သွင်းခဲ့ပြီး ဓာတ်မြေသြဇာ၊ ဓါတုပစ္စည်းများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ဂျုံနှင့်အခြားလုပ်ငန်းသုံး ကုန်ပစ္စည်းများကို အဓိကတင်သွင်းခဲ့ကြောင်း တွေ့ရှိရပါသည်။ ထို့အပြင် ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလ ၁၂ ရက်နေ့အထိ ပင်လယ်ရေကြောင်းမှ သွင်းကုန်လိုင်စင် လျှောက်ထားမှုများမှာ အစိုးရဌာနများနှင့် MIC ကော်မရှင်မှ ခွင့်ပြုပေးလိုက်သည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို Draw Back စနစ်ဖြင့်သော်လည်းကောင်း၊ CMP စနစ်၊ Capital in Kind စနစ်၊ Loan in Kind စနစ်၊ Deferred Payment စနစ်တို့နှင့် အမေရိကန်ဒေါ်လာ ၁၈၄၆.၄၅၆ တင်သွင်းခဲ့သည်ကို တွေ့ရှိခဲ့ပါကြောင်း၊ ဒီအမေရိကန်ဒေါ်လာ ၁၈၄၆.၄၅၆ မီလီယံ ပမာဏသည် ငွေပို့နိုင်ငံမှ ငွေသားစီးဝင်/စီးထွက်သွားပြီး တင်သွင်းခဲ့ခြင်းမဟုတ်ဘဲ ခုနကတင်သွင်းမှုစနစ်သည် ငွေမထွက်ဘဲ တင်သွင်းမှုစနစ်အနေနှင့်လာပြီး ရင်းနှီးမြှုပ်နှံ တဲ့ကိစ္စရှိပါ တာ တွေ့ရှိရပါတယ်။ မိမိတို့၏ Trade Deficit ဒေါ်လာမီလီယံ ၂၄၀၁ သန်းမှာ ငွေသားငွေစည်း ဝင်စည်းထွက်မှု မရှိသောဒေါ်လာ ၁၈၄၆ မီလီယံကို နုတ်မည်ဆိုပါက Balance of Payment က သိပ်ပြီး ထိခိုက်မှုမရှိကြောင်းကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ Trade Deficit နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ Tourism Sector ဖွံ့ဖြိုးလာတာနှင့်အမျှ နိုင်ငံခြားသားများစားသုံးသည့် ကုန်ပစ္စည်းများကိုလည်း သွင်းကုန်အနေနှင့် သွင်းရတာရှိပါကြောင်း၊ Tourism Sector မှရရှိသည့် အမေရိကန်ဒေါ်လာ တွက်ချက်နည်းစနစ် အရ Export Volume ထဲမှာမပါသေးပါကြောင်း၊ အမေရိကန်ဒေါ်လာ သန်း ၈၀၀ လောက်ရှိမည်ဟု သက်ဆိုင်ရာဌာနများနှင့် ခန့်မှန်းထားပါကြောင်း၊ ဒီတွက်ချက်မှုစနစ်ကို ပြောင်းပြီး တွက်ချက်မည်ဆိုပါက Trade in Deposit ဖြစ်သည့် ပမာဏက ဒီ့ထက်လျော့နည်းသွားနိုင်စရာ အကြောင်းရှိပါသည်။ ဘီယက်နမ်နိုင်ငံတွင် နှစ်စဉ် Trade to ဖြစ်နေတာ နှစ်ပေါင်း ၂၀ ကျော်ပြီဖြစ်ပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနှင့် နိုင်ငံတော်၏ ကုန်သွယ်မှုကဏ္ဍမှာ ပို့ကုန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် အမျိုးသားအဆင့်ပို့ကုန် မဟာဗျူဟာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် National Export ကို ဦးစားပေးကဏ္ဍများအဖြစ် ကုန်စည်ငါးမျိုး ဆန်၊ ပဲမျိုးစုံ၊ ဆီထွက် သီးနှံ၊ ရေထွက်ကုန်ပစ္စည်း၊ အထည်အလိပ်နဲ့ ချုပ်ပြီးအထည် သစ်နှင့် သစ်တောထွက်ပစ္စည်းများကို ဦးစားပေး ရွေးချယ်ထားပြီး အလားတူဝန်ဆောင်မှုမှာလည်း ဦးစားပေးကဏ္ဍ၊ ဖွံ့ဖြိုးရန် အလားအလာရှိသည့် ဦးစားပေးကဏ္ဍများကို အထောက်အကူပြုဝန်ဆောင်မှု ကဏ္ဍဆိုပြီး ဒီဇိုင်းရေးဆွဲပြီး ဦးစားပေးအကောင်အထည် ဖော်ဆောင်ရွက်သွားရန် မဟာဗျူဟာ ဦးတည်ချက် များကို ချမှတ်ပြီး (၅)နှစ်စီမံကိန်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပို့ကုန်ကဏ္ဍတိုးတက်ရေးအတွက်ကို လုပ်ထုံးလုပ်နည်းများ ဖြေလျော့ခွင့်ပြုခြင်း၊ ယခင်စားသောက် ကုန်ပစ္စည်းများအား အဆင့်ဆင့်ဖြေလျော့ခွင့်ပြုခြင်းများ ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ပို့ကုန်ကဏ္ဍ ပြောင်းလဲဖွံ့ဖြိုးရေးကော်မတီ၊ ပုဂ္ဂလိကကဏ္ဍ ပြောင်းလဲဖွံ့ဖြိုးရေးကော်မတီနှင့် ကုန်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတို့ကို ဖွဲ့စည်းပြီး ကုန်သွယ်မှုတစ်ရပ်လုံးဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းခြင်း၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် အားပေးကူညီဆောင်ရွက်ခြင်း၊ Value Added တန်ဖိုးမြင့်ထုတ်ကုန်များကို တင်ပို့နိုင်ရေးအတွက် လုပ်ငန်းများအားအထူးအားပေး ဆောင်ရွက်ခြင်း၊ GSP ကဲ့သို့ ပို့ကုန်ဆိုင်ရာ အခွန် သက်သာခွင့် ရရှိရေးအတွက်ကို ဆောင်ရွက်ခြင်း၊ နိုင်ငံတကာဈေးကွက် တိုးတက်ရရှိရေးတို့အတွက် ချိတ်ဆက်ဆောင်ရွက်ခြင်းနှင့် အဓိကပို့ကုန်ဖြစ်သည့် ဆန်၊ ပြောင်းတို့ကို လက်ရှိဈေးကွက်ရရှိနေသည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို တရားဝင်တင်ပို့ပြီး ပိုမိုတင်ပို့ရောင်းချနိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ဈေးကွက်သစ်များရရှိရေးတို့ကို ကြိုးပမ်းဆောင်ရွက်ခြင်း၊ ပို့ကုန်အမည်သစ်များ တင်ပို့ရောင်းချနိုင်ရန် ဆောင်ရွက်ခြင်းနှင့် လက်ရှိပို့ကုန်များကို ပမာဏပိုမိုထွက်ရှိအောင် ဆောင်ရွက်ခြင်းတို့ဖြင့် ပို့ကုန်များကို တိုးတက်များပြားအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံခြားနှင့် ပြည်တွင်း လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်နေခြင်းဖြစ်သည့် အတွက်ကြောင့် သွင်းကုန် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ ပိုမိုတင်သွင်းမှုရှိပြီး သွင်းကုန်တန်ဖိုး ပိုမိုရခြင်းဖြစ်သော်လည်း ၎င်းလုပ်ငန်းများမှ ကုန်ချောပစ္စည်းများ ပြန်လည်ထုတ်လုပ်ပြီး တင်ပို့နိုင်သောအချိန်ရောက်သည့် အခါမှ ကုန်သွယ်မှုဝင်ငွေ ဖြစ်ပေါ်ရသည့် အခြေအနေ လျော့နည်းသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးကြည်သာ (ဂွ) မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ယခုဖြစ်ပေါ်နေသည့် ဒေါ်လာငွေရုတ်တရပ် ထိုးတက်သွားသည်ကလည်း ကုန်သွယ်မှုလိုငွေများနှင့် ဆက်စပ်နေသည်ဟု မိမိထင်ခဲ့မိကြောင်း အဲ့ဒါကိုလည်း ဥက္ကဋ္ဌကြီးမှတစ်ဆင့် ဒီကိစ္စကို ဘယ်လိုများ ဆက်လက်ဖြစ်ပွားနိုင်မည်နည်းဟု ဆက်စပ်မေးမြန်းပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း
ထိုမြန်မာငွေနှင့် အမေရိကန်ဒေါ်လာ လဲလှယ်မှုနှုန်းများ တစ်ဟုန်ထိုး တိုးမြှင့်တက်သွားပြီး မြန်မာငွေတန်ဖိုး ကျသည့်အပိုင်းကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ မိမိတို့ ထိုအပိုင်းကို လေ့လာမည်ဆိုပါက မြန်မာနိုင်ငံတွင်သာ မဟုတ်ဘဲ အိမ်နီးချင်းနိုင်ငများဖြစ်သည့် ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုးရီးယားနိုင်ငံ စသည့်နိုင်ငံများ၏ ငွေကြေးများကိုလည်း အမေရိကန်ဒေါ်လာနှင့်ယှဉ်လျှင် တန်ဖိုးလျော့နည်းသည့်အပိုင်းကို တွေ့ရှိရပါကြောင်း၊ အဓိကကတော့ ဒီအမေရိကန်ဒေါ်လာ တန်ဖိုးတက်သည့်အချိန်နှင့် တိုက်ဆိုင်ခြင်းဖြစ်ပါကြောင်း၊ Trade Deficit ဖြစ်၍ ဒေါ်လာဈေးတက်သည်ဟု ၁၀၀ ရာခိုင်နှုန်းပြောလို့မရပေမယ့် ရာခိုင်နှုန်းတစ်ချို့ကတော့ ပါဝင်ပတ်သက်နေခြင်းဖြစ်ပါကြောင်း၊ သို့သော်လည်း ရာခိုင်နှုန်းအနည်းငယ်မျှသာ ပါဝင်ပတ်သက်ပြီး ဒီ့ပြင် အကြောင်းချင်းရာများကြောင့်လည်း မြန်မာငွေတန်ဖိုးကျပြီး အမေရိကန်ဒေါ်လာ တန်ဖိုးတက်သည့် ကဏ္ဍမှာ အဓိကလွှမ်းမိုးသည်ဟု ရှင်းလင်းဖြေကြားပါသည်။
