(က)-ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်း လုပ်ငန်းများ မည်သည့်အချိန်တွင် စတင်မည်နည်း၊ စတင်မည့် ကနဦးစီမံကိန်းတွင် မည်သည့်လုပ်ငန်း များပါဝင်ပြီးမည်ကဲ့သို့အကောင်အထည်ဖော်ဆောင် ရွက်မည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၅၁) ရက်မြောက်နေ့ (၂၈.၈.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

thet naing ooမြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်စီမံကိန်း သုံးခုရှိသည့် အနက် ထားဝယ်အထူးစီးပွားဇုန်စီမံကိန်း ကြီးသည် ပထမဦးဆုံးစတင်အကောင်အထည်ဖော်ခဲ့သည့် အကြီးမားဆုံးအထူးစီးပွားရေးဇုန် စီမံကိန်း ကြီးဖြစ်ပါကြောင်း၊ သို့သော် အကောင်အထည်ဖော်ဆောင်ရွက်မှုလုပ်‌ငန်းများ နှောင့်နှေးကြန့်ကြာပြီး လုပ်ငန်းလျာထားချက်များ အတိုင်း ပြီးစီးခြင်းမရှိသည်ကို တွေ့ရှိရပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများသည် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရာတွင် ရေကြောင်းကုန်သွယ်ရေးကို အဓိကထားလုပ်ဆောင်ကြသည်ကို တွေ့ရပါကြောင်း၊ မိမိတို့နိုင်ငံသည် မိုင်ပေါင်း ၁၃၀၀ ကျော်ရှည် လျားသည့် ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားပြီး ၎င်းအခွင့်အရေးကိုအသုံးချ၍ ရေကြောင်းကုန်သွယ်မှု ဖြစ်ထွန်းတိုးတက်လာသည်နှင့်အမျှ အဆိုပါနယ်မြေသာမက တစ်နိုင်ငံလုံးအတွက်ပါ ဖွံ့ဖြိုးတိုးတက်မှု ရရှိစေမည် ဖြစ်ပါကြောင်း၊ အထူးသဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း တည်ဆောက်နိုင်မည်ဆိုပါက ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်တို့အား ဆက်သွယ်ပေးနိုင်မည့် တံခါးပေါက်တစ်ခုဖြစ်လာပြီး ကုန်စည်ပို့ဆောင် ထောက်ပံ့ရေးလမ်းကြောင်းကို အဆင်ပြေချောမွေ့စေမည်ဖြစ်ပြီး မလက္ကာရေလမ်းကြောင်း ကြမ်းမှုကို အတိုင်းအတာတစ်ခုအထိ ကျော်လွှားနိုင် မည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအပါအဝင် အာဆီယံ ဒေသအတွင်း အကျိုးဖြစ်ထွန်းစေ နိုင်မည်ဖြစ်ပါကြောင်း၊

စီမံကိန်းနှင့်ပတ်သက်၍ ချုပ်ဆိုခဲ့သော စာချုပ်များအရ စီမံကိန်းအား ပင်မစီမံကိန်းနှင့် ကနဦးစီမံကိန်း ဟူ၍ အဆင့်နှစ်ဆင့်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အကောင်အထည်ဖော်ရာတွင် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက် စေရန်နှင့်ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိစေရန် ရည်ရွယ်ချက်ကောင်းများဖြင့် ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ ထားဝယ်ခရိုင်တွင် လူဦးရေစုစုပေါင်း ၄၇၀၀၁၅ ဦးရှိပြီး အလုပ်အကိုင်အခွင့်အလမ်းအတွက် ထိုင်းနိုင်ငံရောက်ရှိနေသူစုစုပေါင်းမှာ ၁၂၁၈၀၄ ဦးရှိပါကြောင်း၊ ထိုင်းနိုင်ငံရောက်နေသောဒေသခံများသည် မိမိဒေသပြန်လည်ခြေချနိုင်ရေး ပြန်လည် မျှော်လင့်လျက် ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသအတွင်းပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း နှင့် နယ်မြေဖွံ့ဖြိုးတိုးတက်ရေး အတွက်သာမက တစ်နိုင်ငံလုံးဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်စပ်နေသော၊ စီမံကိန်းကြီးကို အကောင်အထည်‌ဖော် ရေးနှင့်ပတ်သက်ပြီး သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီးဦးအောင်ထူး
အဖြေ
ဖြေကြားချက် 

u aung htooထားဝယ်အထူးစီးပွားရေးဇုန်သည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၏ အနောက်မြောက်ဘက် ၁၇ မိုင်ခန့်အကွာ နဘူးလယ်ဒေသတွင်တည်ရှိပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်ခဲ့သော အထူးစီးပွားရေးဇုန်ဖြစ်ပါကြောင်း၊ သို့သော် လက်ရှိအခြေအနေတွင် အကောင်အထည်ဖော်ရန် စီစဉ်နေဆဲအဆင့်သာ ရှိပါသေးကြောင်း၊ ၎င်းဇုန်ကိုမူလက ထားဝယ် ရေနက်ဆိပ်ကမ်း၊ စက်မှုနယ်မြေနှင်‌့ ထိုင်းနိုင်ငံသို့ အဝေးပြေးကားလမ်းနှင်‌့ ရထားလမ်းတည်ဆောက် ရေးစီမံကိန်းအဖြစ်ဆောင်ရွက်ရန် ရည်ရွယ်ပြီး ၉-၅-၂၀၀၈ ရက်နေ့တွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ အစိုးရများအကြားနားလည်မှု စာချွန်လွှာရေးထိုးခဲ့ပါကြောင်း၊

နားလည်မှုစာချွန်လွှာကို အကောင်အထည်ဖော်နိုင်ရန် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် အီတာလျံ-ထိုင်းကုမ္ပဏီတို့ နားလည်မှုစာချွန်လွှာကို ၁၂-၆-၂၀၀၈ ရက်နေ့တွင် လည်းကောင်း မူဘောင်သဘောတူစာချုပ်(Framework Agreement) ကို ၂-၁၁-၂၀၁၀ ရက်နေ့တွင်လည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြပါကြောင်း၊ သို့သော်လည်း အီတာလျံ-ထိုင်း ကုမ္ပဏီအနေဖြင့် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများထံမှ ချေးငွေလုံလောက်စွာမရရှိခြင်းနှင်‌့ အခြားရင်းနှီးမြှုပ်နှံသူများမှ ရင်းနှီး မြှုပ်နှံမှုနည်းပါးခြင်းတို့ကြောင့် စီမံကိန်းလုပ်ငန်းများသည် သတ်မှတ်ထားသည့် အချိန်ဇယားအတိုင်း အကောင်အထည်ဖော်နိုင်ခြင်းမရှိဘဲ နှောင့်နှေးကြန့်ကြာခဲ့ပါကြောင်း၊

၎င်းစီမံကိန်းကို နှစ်နိုင်ငံအစိုးရမှ ဦးစီးဆောင်ရွက်ပေးနိုင်ရန် ၂၀၁၃ ခုနှစ်တွင် မြန်မာ-ထိုင်း ပူးတွဲ အဆင်‌့မြင့်ကော်မတီနှင်‌့  ပူးတွဲလုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၁-၁၁-၂၀၁၃ ရက်နေ့တွင် ချုပ်ဆိုခဲ့သော မူဘောင်သဘောတူစာချုပ် အသစ်အရ ထားဝယ် အထူးစီးပွားရေး ဇုန်စီမံကိန်းနှင်‌့ ဆက်စပ်စီမံကိန်းများကို ကနဦးစီမံကိန်း (Initial Phase Project) နှင်‌့ ပင်မစီမံကိန်း (Full Phase Project)ဆိုပြီးအဆင်‌့ နှစ်ဆင်‌့ခွဲခြားအကောင်အထည်ဖော်ရန် စီစဉ်ခဲ့ပါကြောင်း၊

၅-၈-၂၀၁၅ ရက်နေ့တွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင်‌့ အီတာလျံ-ထိုင်း ကုမ္ပဏီတို့ချုပ်ဆိုခဲ့သည့် လုပ်ငန်းသဘောတူချက်အရ ကနဦးစီမံကိန်းတွင် စက်မှုလုပ်ငန်းနယ်မြေ၊ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် မြန်မာ-ထိုင်းနယ်စပ် ထီးခီးအထိဖောက်လုပ်မည့် နှစ်လမ်းသွား ကတ္တရာလမ်း၊ ဆိပ်ကမ်းငယ်၊ ကနဦးမြို့ပြအိမ်ယာလုပ်ငန်း၊ ကနဦးလျှပ်စစ်ဓာတ်အားပေးလုပ်ငန်း၊ ယာယီလျှပ်စစ်ဓတ်အားပေးလုပ်ငန်း (Boil-off Gas & Temporary Power Plant)၊ရေရရှိရေး လုပ်ငန်း (ပယင်းဖြူဆည်တည်ဆောက်ခြင်း)၊ တယ်လီဖုန်းလိုင်းဆက်သွယ်ရေးနှင့် သဘာဝဓာတ်ငွေ့ ရည် ဆိပ်ကမ်းဆိုပြီး လုပ်ငန်းစီမံကိန်း(၉)ရပ် ပါဝင်ခဲ့ပါကြောင်း၊

သို့သော်နှစ်ဦးနှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည်‌့အချက်များ(condition precedents) ကို သတ်မှတ် ထားသည့် အချိန်ကာလအတွင်း ပြီးပြတ်အောင်ဆောင်ရွက်နိုင်ခြင်းမရှိသေးသဖြင့် နှစ်ဦးနှစ်ဘက် သဘောတူညီချက်ဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအကုန်အထိ သတ်တမ်းတိုးမြှင့် သတ်မှတ်ထားခဲ့ပြီး တစ်ဘက်ဖြည်‌့ဆည်းဆောင်ရွက်ရမည်‌့အချက်များတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးသက် ရောက်မှု အစီရင်ခံစာများ အတည်ပြုခြင်းနှင့် မြေငှားရမ်းစာချုပ် ချုပ်ဆိုနိုင်ရေးတို့  အဓိကကျန်ရှိ နေပြီး အမြန်ဆုံးပြီးပြတ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်မှုနယ်မြေမြေငှားစာချုပ် (Land Lease Agreement) ချုပ်ဆိုနိုင်ရေးအတွက် လိုအပ်သည့် ဥပဒေဆိုင်ရာအကြံပေးအဖွဲ့ငှားရမ်း ခြင်းနှင်‌့ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် အီတာလျံ-ထိုင်းကုမ္ပဏီတို့အကြား ဆွေးနွေး ညှိနှိုင်းခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေသည့်အပြင် ၁၂-၇-၂၀၁၇ ရက်နေ့တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာ ကိုယ်စား လှယ်များ၊ ဒေသခံတိုင်းရင်းသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သော လျော်ကြေးပေး ချေရေး နှင့် ပြန်လည်နေရာချထားရေးကော်မတီကို ပြန်လည်ဖွဲ့စည်းခဲ့ပါကြောင်း၊

ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၏ One Stop Service Centre (OSSC) ကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် ၂၀၁၆ ခုနှစ် နိုင်ဝင်ဘာလမှစတင်၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိကြပါကြောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းလုပ်ငန်းများကို တွန်းအားပေးဆောင်ရွက်နိုင်ရန် နှစ်ဘက်ဝန်ကြီးအဆင့်များ ပါဝင် သော မြန်မာ-ထိုင်းနှစ်နိုင်ငံပူးတွဲလုပ်ငန်းကော်မတီ၏ အဋ္ဌမအကြိမ်အစည်းအဝေးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၃၀-၆- ၂၀၁၇ ရက်နေ့က ကျင်းပခဲ့ရာ ကနဦးစီမံကိန်းလုပ်ငန်းများတွင် တစ်ခု အပါအဝင်ဖြစ်သည့် ထားဝယ်အထူးစီးပွားရေးဇုန်မှ ထိုင်းနယ်စပ် ထီးခီးအထိဖောက်လုပ်မည်‌့ နှစ်လမ်း သွားကတ္တရာလမ်းကို ထိုင်းနိုင်ငံမှ အတိုးနှုန်းသက်သာသည့် ချေးငွေထုတ်ပေးရန် သဘော တူညီခဲ့ပြီး လမ်းဖောက်လုပ်ခြင်းဆိုင်ရာ မြန်မာ-ထိုင်း ပူးတွဲကျွမ်းကျင်သူများ အထူးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်း နိုင်ခဲ့ပါကြောင်း၊ ၎င်းအဖွဲ့သည် နှစ်လမ်းသွားကားလမ်းတည်ဆောက်ရေးလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန်အတွက် ဆက်လက်ဆောင်ရွက်သင့်သည့် အကြံပြုချက်များကို နှစ်နိုင်ငံပူးတွဲလုပ်ငန်း ကော်မတီအစည်းအဝေးသို့ လာမည်‌့အောက်တိုဘာလတွင် တင်ပြမည်ဖြစ်ပါကြောင်း၊

ထို့အပြင် ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်မှု အပေါ် ကြီးကြပ်နိုင်ရန်အတွက် မြန်မာ-ထိုင်း ပူးတွဲကျွမ်းကျင်သူများ အထူးလုပ်ငန်းအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ပြီး အထူးလုပ်ငန်းအဖွဲ့သည် ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းလုပ်ငန်းများ၏ လက်ရှိအခြေအနေအရပ်ရပ်ကို လေ့လာသုံးသပ်၍ ရှေ့ဆက်လက်ဆောင်ရွက်နိုင်မည်‌့ လုပ်ငန်းအစီ အစဉ်ကို သတ်မှတ်ထားသည့် အချိန်ဇယားနှင့်အညီ အကောင်အထည်ဖော်နိုင်ရေးကို  ကြီးကြပ် သွားမည် ဖြစ်ပါကြောင်း၊

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း၏ ဒုတိယအဆင့်ဖြစသည့် ပင်မစီမံကိန်းအပိုင်းကို မြန်မာ၊ ထိုင်း နှင်‌့ ဂျပန်နိုင်ငံတို့ သုံးဦးသုံးဖလှယ် ပူးပေါင်းအကောင်အထည်ဖော်သွားရန်ရှိပြီး ဂျပန်နိုင်ငံ JICA အဖွဲ့ အစည်းအနေဖြင့် စီမံကိန်းဆိုင်ရာလေ့လာဆန်းစစ်မှု(Master Plan Survey)ကို ပြုလုပ်လျက်ရှိပါ ကြောင်း၊ အထူးစီးပွားရေးဇုန်စီမံကိန်းသည် အကြောင်းကြောင်းကြောင့် နှောင့်နှေးခဲ့ရ သော်လည်း လက်ရှိအစိုးရလက်ထက်တွင် အရှိန်အဟုန်ဖြင့်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကို တွန်းအားပေးဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားခဲ့ပါသည်။