(ခ)-ရှမ်းပြည်နယ်၏ ဒေသထွက်စိုက်ပျိုးသီးနှံ ကုန် စည်များ ဈေးနှုန်းကျဆင်းနေခြင်း၊ ပြည်တွင်းပြည်ပ ဈေးကွက် ပျောက်နေခြင်းများနှင့် အသေးစား စက် မှုလုပ်ငန်းရှင်များ ရပ်တည်နိုင်ရေးအတွက် မည် ကဲ့သို့စီစဉ်ပေးနိုင်မည်တို့ကိုသိလိုခြင်းနှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၁၆.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

sai thiha kyawရှမ်းပြည်နယ်အပါအဝင် နိုင်ငံဒေသတော်တော်များများတွင် ဒေသခံ တောင်သူလယ်သမားများ စိုက်ပျိုး ထုတ်လုပ်သော အဓိကဒေသထွက်စိုက်ပျိုးသီးနှံများဖြစ်သည့် စပါး၊ ပြောင်း၊ မြေပဲ၊ ဖရဲ၊ လက်ဖက် စသည့် သီးနှံများဈေးနှုန်းကျဆင်းနေခြင်း၊ ပြည်တွင်းပြည်ပဈေးကွက် ပျောက်နေခြင်း တို့ကြောင့် တောင်သူလယ်သမားများနှင့် ဒေသထွက်သီးနှံများကို အားထားပြီး ကုန်သွယ်မှုပြုနေ သော ကုန်သွယ်လုပ်ငန်းရှင်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ၏ လုပ်ငန်းများသည် ရပ်နားထားရပြီး အခက်အခဲများ ကြုံတွေ့နေခဲ့ကြသည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် အလုပ် လက်မဲ့များပြားလာခြင်း၊ အလုပ်ရှာဖွေရန် ပြည်ပသို့ ထွက်ခွာခြင်းများကြောင့် လုပ်သားများ ရှားပါး လာခြင်း၊ ပညာရေး၊ ကျန်းမာရေးစသည့် အဘက်ဘက်တွင် ထိခိုက်မှုများ ကြုံတွေ့လာနေ ကြောင်းနှင့် ၎င်းအပေါ်အမြန်ကုစားနိုင်ခြင်းမရှိပါက စီးပွားရေးကျဆင်းမှု၊ အလုပ်အကိုင် ရှားပါးမှု၊ နေ့စဉ်လူမှုဒုက္ခများ ကြုံတွေ့လာနိုင်သည့်အပြင် အခြားမမျှော်မှန်းနိုင်သော လူမှုဆိုးကျိုးများလည်း ဖြစ်ပေါ်စေလာနိုင်သည်ဟု သုံးသပ်မိပါကြောင်း၊

ရှမ်းပြည်နယ်၏ အဓိကဒေသထွက်ကုန် စိုက်ပျိုးသီးနှံ ကုန်စည်များ၊ ပြည်ပပို့ကုန်သီးနှံများ၊ တောင်သူလယ်သမားများ အားထားစိုက်ပျိုးကြသည့် သီးနှံများ ဈေးနှုန်းကျဆင်းနေခြင်း၊ ပြည် တွင်း ပြည်ပဈေးကွက်ပျောက်နေခြင်းများကြောင့် ပြည်သူလူထု၏ နေ့စဉ် လူမှုစီးပွားဘဝ တဖြည်း ဖြည်း ထိခိုက်လာနေမှုအပေါ် အမြန်ကုစားနိုင်ရန် သက်ဆိုင်ရာက မည်ကဲ့သို့ အစီအစဉ်များ ချမှတ် ဆောင်ရွက်လျက်ရှိနေသည်ကို သိရှိလိုပါကြောင်းနှင့် တောင်သူ လယ်သမားများ၏ စိုက်ပျိုး သီးနှံများ ဈေးကွက်ခိုင်မာရေး၊ စိုက်ပျိုးသီးနှံများကို အားပြုဆောင်ရွက်နေကြသော အသေးစားစက်မှု လုပ်ငန်းရှင်များ ဆက်လက်ရပ်တည်နိုင်ရေးတို့အတွက် မည်ကဲ့သို့ကူညီ ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးအောင်ထူး
အဖြေ
ဖြေကြားချက် 

u aung htooရှမ်းပြည်နယ်၏ ဒေသထွက်သီးနှံများဖြစ်သည့် ဆန်၊ ပြောင်း၊ မြေပဲ၊ ဖရဲသီး၊ လက်ဖက်ခြောက် စသည့် ပို့ကုန်များကို အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် အများစုတင်ပို့လျက်ရှိကြပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ယခင်က ပို့ကုန်အားလုံးကို လိုင်စင်ယူတင်ပို့ရန် ကန့်သတ် ထားရာမှ ဖြေလျှော့ပေးခဲ့ပြီး ဆန်နှင့်မြေပဲမှလွဲ၍ ပြောင်း၊ ဖရဲ၊ လက်ဖက်တို့ကို ပို့ကုန်လိုင်စင် ရယူရန်လိုအပ်ခြင်းမရှိဘဲ တင်ပို့ခွင့်ပြုထားပါကြောင်း၊ ထို့အပြင် လယ်ယာစိုက်ပျိုးရေးသုံး သွင်းအားစုများဖြစ်သည့် ဓာတ်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး၊ လယ်ယာသုံး ကိရိယာများကို တောင်သူများ ဈေးနှုန်းသက်သာစွာနှင့် သုံးစွဲနိုင်အောင် သွင်းကုန်လိုင်စင်ကြေး ပေးဆောင်ခြင်းမှ ကင်းလွတ်ခွင့်ပြုထားပြီး ပြည်တွင်းကုမ္ပဏီများသာမက ပြည်ပကုမ္ပဏီများကိုလည်း ယင်းသွင်းအားစုများကို တင်သွင်းခွင့်ပြုထားပါကြောင်း၊

ပို့ကုန်တိုးတက်ရေးအတွက် အမျိုးသား ပို့ကုန်မဟာဗျူဟာကို ချမှတ်ပြီး လယ်ယာထွက်ကုန်၊ ဆန်၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံ၊ နှမ်း၊ ရော်ဘာ၊ ရေထွက်ပစ္စည်းများကို ဦးစားပေးပို့ကုန်များ အဖြစ်သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်နှင့်ပတ်သက်ပြီး လယ်ယာအခြေခံ တန်ဖိုးမြှင့်ထုတ်ကုန်များကို တင်ပို့နိုင်ရန် ရှမ်းပြည်နယ် အစိုးရအနေဖြင့် ခရမ်းချဉ်သီးဖျော်ရည်နှင့် ဆော့ထုတ်လုပ်နိုင်ရန် နည်းပညာပေးခြင်း၊ SME လုပ်ငန်းရှင်များအား အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဘဏ်နှင့် ချိတ်ဆက်၍ အတိုးနှုန်းသက်သာသောချေးငွေများ ထုတ်ပေးနိုင်ရေးဆောင်ရွက်ခြင်း၊ ချေးငွေအာမခံ(Credit Guarantee Insurance-CGI)စနစ်ဖြင့် ချေးငွေရရှိရေး CB ဘဏ်နှင့်ချိတ်ဆက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့်လည်း စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေးကောင်းမွန် စေရန်နှင့် အထွက်နှုန်းတိုးတက်စေရန် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့် ကောင်းများကို ပညာပေးအကောင်အထည်ဖော်လျက်ရှိပြီး ဒေသရေမြေနှင့်ကိုက်ညီသည့် စိုက်ပျိုး နည်းစနစ်များ၊ သီးနှံပုံစံများရရှိအောင် ပြည်တွင်းလုပ်ငန်းရှင်များ၊ တောင်သူများနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊

ဂျာမနီနိုင်ငံ GIZ အဖွဲ့အစည်းနှင့်ပူးပေါင်း၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယဒေသတွင် Organic လက်ဖက်စိုက်ပျိုးထုတ်လုပ်မှု Supply Chain တစ်လျောက် ထောက်ပံ့ပေးခဲ့ပြီး ထုတ်ပိုးခြင်း၊ ထုတ်ကုန်အမည်ပေးခြင်း၊ အခြောက်ခံခြင်းနည်းစနစ်ပံ့ပိုးမှုနှင့်တကွ နိုင်ငံတကာ ဈေးကွက်ကိုပါ ချိတ်ဆက်ပေးခဲ့ပါကြောင်း၊ ထို့အပြင် ရှမ်းပြည်နယ်မှ အဓိက ထွက်ရှိသော ကော်ဖီ စေ့များကို နိုင်ငံတကာဈေးကွက်သို့ တိုးချဲ့တင်ပို့လျက်ရှိရာ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှ စတင်၍ ချက်ပြည်သူ့သမ္မတနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုကို ဈေးကွက်ချဲ့ထွင် တင်ပို့နိုင်ခဲ့ပါကြောင်း၊ JICA အဖွဲ့အစည်းနှင့်ပူးပေါင်းပြီး ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုပြပွဲ (Shan State Investment Fair)ကို ကျင်းပပေးနိုင်ခဲ့ပြီး ရှမ်းပြည်နယ်ရှိ လုပ်ငန်းရှင်များအား နိုင်ငံတကာလုပ်ငန်းများနှင့် ချိတ်ဆက်နိုင်ရေးကိုလည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊  ပုံမှန်ကျင်းပ ပြုလုပ်လျက်ရှိသော မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုပူးပေါင်းညှိနှိုင်းရေး ကော်မတီ အစည်းအဝေးနှင့် မြန်မာ-ထိုင်း ကုန်သွယ်ရေးပူးတွဲကော်မရှင်အစည်းအဝေး များတွင် လည်း မြန်မာနိုင်ငံမှ ပို့ကုန်များ မြှင့်တင်နိုင်ရေးကို ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့တွင် နှစ်စဉ်ကျင်းပ ပြုလုပ်သော တောင်နှင့် အရှေ့တောင် အာရှ ကုန်စည် ပြပွဲ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံတို့အကြား နှစ်စဉ်အလှည့်ကျ ကျင်းပပြုလုပ်လျက်ရှိသော ကုန်စည်ပြပွဲနှင့် နှစ်နိုင်ငံလစဉ် ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးများ တွင်လည်း ရှမ်းပြည်နယ်ဒေသထွက် စိုက်ပျိုးသီးနှံများ ဈေးကွက်ရရှိရေးနှင့် ရှမ်းပြည်နယ်ရှိ လုပ်ငန်းရှင်များအား နိုင်ငံတကာလုပ်ငန်းရှင်များနှင့် ချိတ်ဆက် နိုင်ရေး ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊

ရှမ်းပြည်နယ်မှထွက်ရှိသော လယ်ယာအခြေခံတန်ဖိုးမြှင့်ထုတ်ကုန်များကို တင်ပို့နိုင်ရန်နှင့် အရည် အသွေးထိန်းသိမ်းနိုင်ရန်အတွက် အေးသာယာစက်မှုဇုန်တွင် အာလူးအအေးခန်းစက်ရုံ တစ်ရုံ နှင့် ပြောင်းအခြောက်ခံစက်ရုံနှစ်ရုံကိုလည်းကောင်း၊ သံတဲတွင် ပြောင်းအခြောက်ခံစက်ရုံတစ်ရုံကို လည်းကောင်း၊ ဟဲဟိုးမြို့နယ်တွင် သီးနှံမျိုးစုံအခြောက်ခံစက်ရုံတစ်ရုံကိုလည်ကောင်း တည် ဆောက် လည်ပတ်လျက်ရှိသည့်အပြင် နှစ်နိုင်ငံနယ်စပ်ဒေသများတွင် နယ်စပ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန်များ တည်ဆောက်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

 မြန်မာနိုင်ငံ၏ လယ်ယာထုတ်ကုန်တင်ပို့ရောင်းချရာတွင် အထွက်နှုန်းနိမ့်ကျနေခြင်း၊ ထုတ်လုပ်မှု ကုန်ကျစရိတ်ပိုမိုမြင့်မားခြင်း၊ ကုန်စည်အရည်အသွေး လျော့နည်းနေခြင်း၊ ဝယ်ယူ၊ သိုလှောင်၊ သယ်ယူပို့ဆောင် ဖြန့်ဖြူးရောင်းချသည့်စရိတ် အလွန်ကြီးမားခြင်းနှင့် ဈေးကွက်လိုအပ်ချက် အတိုင်း အချိန်မီတင်ပို့နိုင်စွမ်း နည်းပါးခြင်းတို့ကြောင့် ဈေးကွက်တွင် ယှဉ်ပြိုင်စွမ်းအား နည်းပါး နေသည်ကို တွေ့ရပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှုမြှင့်တင်ရေးနှစ်လတ်အစီအစဉ်ကို ရေးဆွဲချမှတ် အကောင်အထည်ဖော်လျက် ရှိပါကြောင်းနှင့် ထိုအစီအစဉ်ကို တောင်သူများနှင့် လုပ်ငန်းရှင်များ ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်လာနိုင်သည်နှင့်အမျှ တောင်သူလယ်သမား များ၏ စိုက်ပျိုးသီးနှံများ ဈေးကွက်ပိုမိုခိုင်မာလာပြီး စိုက်ပျိုးသီးနှံများကို အားပြုဆောင်ရွက် ကြသော အသေးစားစက်မှု လုပ်ငန်းရှင်များအနေဖြင့်လည်း အကျိုးအမြတ်ပိုမိုရရှိလာနိုင်မည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။