ဖလမ်းမြို့နယ်၊ ဗားလုံကျေးရွာသည် အိမ်ခြေ ၁၆၀ ရှိသော ရွာကြီးတစ်ရွာဖြစ်သော်လည်း လက်ရှိကျန်းမာရေး ဌာနခွဲ တည်ရှိသည့် ပြည်စံရွာတွင် အိမ်ခြေ ၂၅ အိမ်သာရှိသည့် ရွာငယ်တစ်ရွာ ဖြစ်ပါကြောင်း၊ ဖားလုံနှင့် ပြည်စံရွာသည် သုံးမိုင်ကွာဝေးသော်လည်း ၂၀၁၅ ခုနှစ် သဘာဝဘေးကြောင့် ပြည်သူများ ပြည်စံရွာတွင် ဆက်လက်နေထိုင်၍ မရတော့သဖြင့် ဖားလုံရွာအနီးသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိ သည့်အတွက် ယခုအခါ ဖားလုံရွာနဲ့ပြည်စံရွာဟာ တစ်ဆက်တည်းဖြစ်နေပါကြောင်း၊ ဖလမ်းမြို့နယ်တွင် ကျန်းမာရေးဌာနရှစ်ခုရှိပြီး ကျေးလက်ကျန်းမာရေးဌာန(ခွဲ) ၃၆ ခုရှိပါကြောင်း၊ ဗားလုံ၊ ပြည်စံကျေးလက်ကျန်းမာရေးဌာနခွဲသည် အရှေ့ ဘက် စစ်ကိုင်းတိုင်း ကလေးမြို့မှ မိုင် ၄၀၊ အနောက်ဘက် ကော့ပန်ကျင်းကျန်းမာရေးဌာန(ခွဲ)မှ ၄၁ မိုင်၊ တောင်ဘက် လုံပန်းတိုက်နယ်ဆေးရုံမှ မိုင် ၂၀၊ ဖလမ်းပြည်သူ့ဆေးရုံမှ ၄၃ မိုင်၊ မြောက်ဘက် တီးတိန်မြို့နယ်မှ မိုင် ၄၀ ကွာဝေးပြီး ဖလမ်း-ကလေး ကားလမ်းမပေါ်တွင် တည်ရှိပါကြောင်း၊ ၎င်းကို ကျန်းမာရေး ဌာနအဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးမည်ဆိုပါက ရွာပေါင်း ၁၂ ရွာ၊ လူဦးရေ ၄၀၀၀ ကျော်တို့အား ကျန်းမာရေး စောင့်ရှောက်မှုခံယူနိုင်ပြီး အကျိုးပြုခံစားရမည်ဖြစ်ပါကြောင်း၊ ဗားလုံ၊ ပြည်စံရွာသည် အ.ထ.က ကျောင်း ရှိသောရွာဖြစ်ခြင်း၊ ပတ်ဝန်းကျင်အတွက် အချက်အချာကျသောရွာဖြစ်ခြင်း၊ ဆေးရုံမြေနေရာ အသင့်ရှိခြင်းနှင့် တခြားသောကျန်းမာရေးဌာနမှ အလှမ်းဝေးကွာခြင်းစသည်တို့ကြောင့် ဗားလုံ၊ ပြည်စံရှိ ကျန်းမာရေးဌာန(ခွဲ)အား ကျေးလက်ကျန်းမာရေးဌာနအဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်ပေးပါရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်းဖြင့်မေးမြန်းပါသည်။
ဗားလုံကျေးလက်ကျန်းမာရေးဌာန(ခွဲ)ဆိုသည်မှာ မရှိပါကြောင်း၊ ဗားလုံ ရွာသာရှိပါကြောင်း၊ ကျေးလက် ကျန်းမာရေးဌာန အဖြစ်တိုးသည့် အခါ ရွာတစ်ရွာကိုတိုက်ရိုက်တိုး၍မရပါကြောင်း၊ အရင်ဆုံး ကျေးလက်ကျန်းမာရေးဌာန(ခွဲ)ရှိရမည်ဖြစ်ပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)ရှိမှ တိုး၍ရပါကြောင်း၊ အကယ်၍ တိုးမည်ဆိုပါက လိုအပ်ချက်ခြောက်ချက်တွင် နှစ်ချက်ပဲပြည့်ပါကြောင်း၊ လိုအပ်ချက်ခြောက်ချက် မှာ အဓိက ပျမ်းမျှလူဦးရေ ၃၀၀၀ မှ ၅၀၀၀ ရှိရမည် ဖြစ်ပါကြောင်း၊ ဗားလုံကျေးလက်ကျန်းမာရေးဌာန(ခွဲ)တွင် လူဦးရေ ၆၅၆ ယောက်နှင့် အိမ်ခြေ ၉၄ အိမ်သာ ရှိပါကြောင်း၊ တိုးသင့်/မတိုးသင့်ကို ပြည်နယ်ဦးစီးမှူးကို တိုက်ရိုက်မေးပါကြောင်း၊ ပြည်နယ်ဦးစီးမှူးမှ ယခုအချိန်တွင် တိုးရန်မလိုသေးကြောင်း အကြောင်းကြားသည့် အတွက် မတိုးခြင်းဖြစ်ပါကြောင်း ၊ မိမိမဖြေခင် လွှတ်တော်ကိုယ်စားလှယ်ကြီးမှ စာလာပေးပါကြောင်း၊ ၎င်းရေးထားသည်မှာ ဖလမ်းမြို့နယ်၊ ဗားလုံ(သီးဆင်)ကျေးလက်ကျန်းမာရေးဌာန(ခွဲ)ဟု ရေးထားပါကြောင်း၊ မေးခွန်းမေးစဉ်အချိန်က သီးဆင်ကျေးလက်ကျန်းမာရေးဌာန(ခွဲ)ဟု မပါပါကြောင်း၊ သီးဆင်ကျေးလက် ကျန်းမာရေးဌာန(ခွဲ)ကို တိုးမည်ဆိုပါက စဉ်းစားလို့ရပါကြောင်း သို့သော် ဒီအချိန်တွင် ၎င်းကိုသုံးသပ်မလေ့ လာ ရသေးသည့်အတွက် တိုး၍မရပါကြောင်း၊ မေးခွန်းအနေဖြင့် ဗားလုံကိုပေး၍မရပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။
