ယခုကြွရောက်လာ ကြတဲ့ ပုဂ္ဂိုလ်များထဲမှာ ဖလမ်းမြို့နယ်ကိုရောက်ဖူးသူများ၊ မရောက်ဖူးသော်လည်း ကြားဖူးနားဝ ရှိသူများပါဝင်တယ်ဆိုတာကိုယုံကြည်ပါတယ်။ ဖလမ်းမြို့နယ်ဟာ ချင်းပြည်နယ်မြောက်ပိုင်း ငါးမြို့နယ်ရဲ့ အလယ်ဗဟိုမှာတည်ရှိတဲ့မြို့ဖြစ်ပြီး ကိုလိုနီခေတ်ဦးမှစ၍တော်လှန်ရေးကောင်စီအစိုးရ တက်ရောက်ပြီး ဆိုရှယ်လစ်ပါတီခေတ်အထိ ချင်းပြည်နယ်ရဲ့ရုံးစိုက်ရာမြို့တော်ဖြစ်ခဲ့ပါတယ်။ သို့သော် လည်း အကြောင်းကြောင်းများကြောင့် ချင်းပြည်နယ်၏မြို့တော် ချင်းပြည်နယ်ရဲ့ ဘုံဘာသာစကား ဖြစ်ပေါ်ခဲ့တဲ့မြို့အဖြစ်မှ ယခုခရိုင်မြို့အဆင့်သို့လျှော့ချခြင်းခံရပြီး ၁၉၅၈ ခုနှစ်မှစ၍ယနေ့တိုင် ချင်းဘုံဘာသာစကားအဖြစ် ချင်းရေဒီယိုအစီအစဉ်မှာအသုံးပြုနေတဲ့ ဖလမ်းဘာသာစကားကို အခြား မြို့နယ်စကားဖြင့်အစားထိုးရန်သော်လည်းကောင်း၊ ပြည်နယ်မြို့တော်မှခရိုင်မြို့အဖြစ် ထိုမှတစ်ဖန် မြို့နယ်အဆင့်သို့ တစ်ဆင့်ပြီးတစ်ဆင့်လျှော့ချရန် အခြားမြို့ညီနောင်ချင်းများမှ ဝိုင်းဝန်းကြိုးပမ်း အားထုတ်နေတဲ့အချိန်ကာလမှာ ဖလမ်းမြို့နယ်တွင်နောက်ဆုံးကျန်ခဲ့တဲ့ လူထုတစ်ရပ်လုံးအတွက် အရေးကြီးဆုံးဖြစ်တဲ့ ကျန်းမာရေးကဏ္ဍမှလိုအပ်ချက်များကို ပြည်ထောင်စုအစိုးရမှ ဖလမ်းမြို့နယ် ပြည်သူများ၏စိတ်ခံစားချက်များကို သက်သာမှုရရှိစေရန် ယနေ့ဖလမ်းတွင် ကျန်ရှိနေသေးသည့် ကျန်းမာရေးဌာနနှင့်သက်ဆိုင်သည့်အထူးလိုအပ်ချက်များကို ပြည်ထောင်စုကျန်းမာရေးဝန်ကြီးဌာနမှ အလေးထားစဉ်းစားပေး ဖြည့်ဆည်းပေးနိုင်ပါရန် ဖလမ်းပြည်သူများမျှော်လင့်တောင့်တလျက်ရှိနေကြ ကြောင်းဦးစွာတင်ပြလိုပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ယခင်ကဖလမ်းမြို့ဟာ ချင်းပြည်နယ်ရဲ့ မြို့တော် ဖြစ်ခဲ့တဲ့အလျောက် ဖလမ်းပြည်သူ့ဆေးရုံသည် ချင်းပြည်နယ်ရှိပြည်သူအားလုံးရဲ့ ကျန်းမာရေး ကိစ္စအဝဝအတွက် အားထားရာဆေးရုံကြီးဖြစ်ခဲ့သည်မှာ ငြင်းမရသောအတိတ်ကအမှန်တရားဖြစ်ပါ တယ်။ ယခုအခါထိုဆေးရုံကြီးသည် အဘက်ဘက်မှယိုယွင်းလျက် တစ်နေ့ တခြားအိုမင်းရင့်ရော် လာပြီဖြစ်ပါသဖြင့် ပြန်လည်၍အသစ်တစ်ဖန်ပြည်သူတို့၏ မှီခိုအားထားရာ ဆေးရုံကြီးဖြစ်လာရန် အောက်ဖော်ပြပါလိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်မှုရှိ၊ မရှိသိရှိလိုပါသည်ခင်ဗျား။ သို့ပါ၍ (၁) ဆေးရုံတက်သည့်လူနာများအတွက် ဆောက်လုပ်ထားသည့် ရေအိမ်များမှာ ပြုပြင်ခြင်းမရှိ ပျက်စီး ယိုယွင်းပြီး ရေမရရှိသည့်အတွက် အခြေအနေချို့ယွင်းနေသည်ကို သိရှိပါသလား။ ပြင်ဆင် ဆောက်လုပ်ပေးရန် သက်ဆိုင်ရာမြို့နယ်ဆရာဝန်ကြီးသို့ ညွှန်ကြားမှုနှင့် လိုအပ်သောအကူအညီ ပေးရန် အခြေအနေရှိ၊ မရှိသိရှိလိုပါသည်ခင်ဗျား။ (၂) ပြည်မမှရောက်ရှိလာသောဆရာဝန်များ နေထိုင်ရန် နေအိမ်အလုံအလောက်မရှိသဖြင့် ဆရာဝန်များကြာရှည်မနေနိုင်ကြ နေအိမ် အကြောင်း ပြချြက်ဖင့် ပြည်မသို့ပြန်သွားနေကြပါသဖြင့် ချင်းပြည်နယ်ကဲ့သို့ ခက်ခဲသောဒေသတွင် နေအိမ်ရှိရန် အထူးလိုအပ်ပါသဖြင့် ဆရာဝန်များနေအိမ်အလုံအလောက်ဆောက်ပေးရန် စီစဉ်ပေးနိုြင်ခင်း ရှိ၊ မရှိ သိရှိလိုပါတယ်။ (၃) ဖလမ်းမြို့တွင် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ပြီး ချင်းပြည်နယ်အရပ်ရပ်မှ သူနာပြုသင်တန်းသူများလာရောက် သင်တန်းတက်နေကြပါတယ်။ သို့သော် ၎င်းတို့ရရှိသည့် ထောက်ပံ့ကြေးတစ်လကျပ် ၃၀၀ သာဖြစ်နေပါ၍ ယနေ့အခြေအနေနှင့် သင့်တင့်မျှတသော ထောက်ပံ့ကြေး စီစဉ်ပေးရန် ကျန်းမာရေးဝန်ကြီးဌာနတွင် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါတယ်။ (၄) ဖလမ်းမြို့နယ်တွင် ယခင်က တိုက်နယ်ဆေးရုံနှစ်ခုရှိခဲ့ပါတယ်။ အစဦးမှာ ဆရာဝန်များခန့်ထားခဲ့ သော်လည်း ဒေသခံဆရာဝန်များ မရှိတော့သည့်နောက် ၁၉၈၀ ခုနှစ်မှစ၍ယနေ့ တိုက်နယ်တွင် ဆရာဝန်မရှိ၊ ဆေးမရှိ၊ ဘာမျှမရှိတော့သည့်အခြေအနေဖြစ်နေပါသဖြင့် တိုက်နယ်ဆေးရုံများတွင် ဆရာဝန်များပြန်လည်ခန့်ထားရန် အစီအစဉ် ရှိ၊ မရှိသိလိုပါတယ်။ (၅) ဖလမ်းမြို့နယ်ရဲ့အနောက်ဘက် အိန္ဒိယနယ်စပ် လိုင်ရာလ်တောင်ကြားရွာတွင်ရွာ ၁၀ ရွာရှိပြီး တစ်ဖက်ကမ်းရှိရွာ ၇ ရွာနှင့်ဆိုလျှင် ရွာပေါင်း ၁၇ ရွာတို့မှာ ယနေ့တိုင် ကျန်းမာရေးအတွက် အားထားရာဘာမျှမရှိပါ။ ဝမ်းဆွဲဆရာမ ထားရှိသော်လည်း နေရာသာ ရှိပြီးလူမရှိသည်မှာ ယနေ့တိုင် ဖြစ်ပါသည်။ ဖလမ်းမြို့နှင့် ၃၂ မိုင် ကွာဝေးပြီး ချောင်းကြီးများခြားထားသည့် တောင်တက်တောင်ဆင်းခရီးကြမ်း ဖြစ်ပါသဖြင့် အရေးပေါ် လူနာများအတွက် ၂ ရက်ကြာမျှ လူထမ်းစင်ဖြင့် ဖလမ်းသို့သယ်သွားရပါသဖြင့် အခက်အခဲများကြား ယနေ့အထိနေထိုင်လာကြသည့် ကျေးရွာနေပြည်သူများအတွက် ကျေးလက်ကျန်းမာရေးဌာနတစ်ခု ဖွင့်လှစ်ပေးမည်ဆိုလျှင် များစွာအထောက်အကူဖြစ်မည် ဖြစ်ပါတယ်။ ယနေ့တွင် ထိုကျေးလက် ပြည်သူများသည်ဖျားနာသည့်အခါမိမိတို့အစီအစဉ်ဖြင့် ဆေးမြီးတိုများကို ဝယ်ယူစားသောက်နေကြပြီး လူတိုင်းရမ်းကုဆရာဝန်များ ဖြစ်နေကြပြီဖြစ်ပါတယ်။ ထိုဒေသ၏ အလယ်ဗဟိုလည်းကျပြီး အလယ်တန်းကျောင်းတည်ရှိရာ ဇောင်သဲကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန ဖွင့်လှစ်ပေးမည် ဆိုလျှင် ကျေးတောရွာသူရွာသားများအတွက် များစွာအားထားအားကိုးရာဖြစ်မည်ဖြစ်ပါသဖြင့် ကျေးလက်ကျန်းမာရေးဌာနဖွင့်လှစ်ပေးရန် စီစဉ်ပေးနိုင်ခြင်းရှိ၊ မရှိသိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။
ဖလမ်းမြို့ ပြည်သူ့ဆေးရုံမှာပြင်ဆင်ရန်လိုအပ်တဲ့ကိစ္စတွေ၊ ရေရရှိရေး ကိစ္စတွေနှင့် တာဝန်ထမ်းဆောင်နေတဲ့ ပြည်မမှဆရာဝန်များနေထိုင်ရန်အခက်အခဲရှိပါ၍ ဆရာဝန် နေအိမ်ဆောက်လုပ်ပေးရန်အစီအစဉ်ရှိ၊ မရှိနှင့် ရှိပါက ၂၀၁၂ ဘဏ္ဍာရေးနှစ်တွင်ဆောက်လုပ်ပေး နိုင်ပါမည်လား။ တိုက်နယ်ဆေးရုံများတွင် ဆရာဝန်ခန့်ထားရန်အစီအစဉ်ရှိ၊ မရှိ။ ဖလမ်းမြို့နယ် တိုက်နယ်ဆေးရုံ ၂ ရုံတွင် ဆရာဝန်များမရှိသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်ပါ၍ ဆရာဝန်များ ခန့်ထားရန်ရှိ၊ မရှိသိလိုပါကြောင်း၊ ဖလမ်းမြို့နယ်၏အနောက်ဘက်စွန်းရှိ လိုင်ရာလ်တောင်ကြားတွင် ရွာပေါင်း ၁၀ ရွာရှိပြီး ထိုရွာများ၏အလယ်ဗဟိုဖြစ်သော ဇောင်သဲကျေးရွာတွင် အလယ်တန်းကျောင်း ရှိပြီးဖြစ်ပါ၍ ကျေးလက်ကျန်းမာရေးဌာနဖွင့်လှစ်ပေးရန် ကျေးရွာပြည်သူများမှလိုလားတောင့်တလျက် ရှိပါသဖြင့် ထိုဒေသတွင်ကျေးလက်ကျန်းမာရေးဌာနဖွင့်လှစ်ပေးရန်ဖြစ်နိုင်၊ မဖြစ်နိုင်။ ဖလမ်းမြို့တွင် သူနာပြုသင်တန်းကျောင်းများဖွင့်လှစ်သည်မှာ နှစ်ပေါင်းအတော်ကြာပြီးဖြစ်ပါ၍ သူနာပြုသင်တန်း ဆင်းသူများမှာလည်း ဒေသခံများအတွက်များစွာအထောက်အကူဖြစ်ပါသည်။ သို့သော် သင်တန်းသူ များထောက်ပံ့ငွေတစ်လလျှင်ကျပ် ၃၀၀ သာရရှိပါသဖြင့် တိုးမြှင့်ပေးရန်အစီအစဉ်ရှိ၊ မရှိများနှင့် ပတ်သက်၍ဖြေကြားသွားမှာဖြစ်ပါတယ်။
နံပါတ် (၁) မေးခွန်းဖြစ်တဲ့ ဖလမ်းမြို့ပြည်သူ့ဆေးရုံမှာ ပြင်ဆင်ရန်ကိစ္စတွေ၊ ရေရရှိရေးကိစ္စ တွေကိုတော့ ကျွန်တော်တို့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ကွင်းဆင်းစစ်ဆေးပြီးတော့ လိုအပ်သည် များ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြည်မမှဆရာဝန်များအတွက် နေအိမ် ၃ ခန်းတွဲ ၂ ထပ် ၁ လုံး ဆောက်လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ။ ဓာတ်ခွဲဆောင်များ ပြင်ဆင်ပေးနိုင်ခြင်းရှိ၊ မရှိတင်ပြချက်အပေါ် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်းမှာတော့ လောလောဆယ်ဆောက်လုပ်ပေးရန် အစီအစဉ်မရှိ သေးသော်လည်းပဲ သက်ဆိုင်ရာဖလမ်းပြည်သူ့ဆေးရုံ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ချင်းပြည်နယ်အစိုးရနှင့်ညှိနှိုင်းပြီးတဲ့အခါမှာ ၂၀၁၃-၂၀၁၄ မှာတော့ လိုအပ်ရင်ဆက်လက်ပြီး စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားအပ်ပါတယ်။
နံပါတ် (၂) မေးခွန်းဖြစ်တဲ့ ဖလမ်းမြို့နယ်၊ လုမ်ဘန်းတိုက်နယ်ဆေးရုံ၊ တီဘွားတိုက်နယ်ဆေးရုံ၊ ရိဒ်တိုက်နယ်ဆေးရုံတွေမှာ ဆရာဝန်ကိစ္စများနှင့်ပတ်သက်ပြီးတော့မှ လုမ်ဘန်းတိုက်နယ်ဆေးရုံမှာ ၇-၄-၂၀၁၁ ရက်နေ့မှာ ဒေါက်တာ လားဒရီလျန်နာ စတင်ပြီးတော့တာဝန်ထမ်းဆောင်နေပြီဖြစ်ပါတယ်။ ထို့နည်းတူပဲ ရိဒ်တိုက်နယ်ဆေးရုံမှာ ဒေါက်တာ နန်ကပ်ထန်က ၂၇-၆-၂၀၁၁ ကနေစတင်ပြီးတော့ တာဝန်ထမ်းဆောင်နေပြီဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လက်ရှိလစ်လပ်လျက်ရှိတဲ့ တီဘွားတိုက်နယ် ဆေးရုံကိုတော့ မကြာခင်ခန့်ထားပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားအပ်ပါတယ်။ ချင်းပြည် နယ်၊ ဖလမ်းမြို့နယ်မှာ ခုတင် ၂၀၀ ဆံ့ခရိုင်ဆေးရုံတစ်ရုံ၊ တီဘွားတိုက်နယ်ဆေးရုံ၊ ရိခေါဒါတိုက်နယ် ဆေးရုံ၊ လုမ်ဘန်းတိုက်နယ်ဆေးရုံ၊ စုစုပေါင်းဆေးရုံ ၄ ရုံနှင့် ကျေးလက်ကျန်းမာရေးဌာန ၉ ခုတို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ တိုင်းဒေသကြီး/ ပြည်နယ်အလိုက်စီမံကိန်းများလျာထားရေးဆွဲပြီးတော့ ဆေးရုံ၊ ကျန်းမာရေးဌာနများ အသစ်တိုးချဲ့ ဖွင့်လှစ် ပေးခြင်းများကိုဆောင်ရွက်ပေးလျက်ရှိရာမှာ ခုန ကိုယ်စားလှယ်ကြီးတင်ပြသွားတဲ့ ဖလမ်း မြို့မှာ ကျန်းမာရေးစောင့်ရှောက်မှုပိုမိုပြည့်ဝစွာရရှိစေရေးအတွက် ဇောင်သဲကျေးရွာမှာ ကျေးလက် ကျန်းမာရေးဌာနဖွင့်လှစ်ခွင့်ရရှိရေးကိုတော့ ကျွန်တော်တို့ ၂၀၁၂-၂၀၁၃ ယခု ဘဏ္ဍာရေးနှစ် အတွင်းမှာ ဖွဲ့စည်းပုံအဆိုပြုချက်များတင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား အပ်ပါတယ်။
ဆေးသိပ္ပံပညာဦးစီးဌာနမှ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းကို ၁၉၉၃-၁၉၉၄ ခုနှစ်မှစ၍ စီမံချက်အတိုင်းတိုးချဲ့ဖွင့်လှစ်တဲ့အခါမှာ ချင်းပြည်နယ်အတွက် ဖလမ်းသူနာပြုသင်တန်းကျောင်းကို ၁၉၉၃-၁၉၉၄ ကစပြီးတော့ ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။ ဆေးသိပ္ပံပညာဦးစီးဌာနအောက်ရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများမှာ သင်တန်းသူသင်တန်းသားများ၏ ပညာသင်ထောက်ပံ့ကြေးတိုးမြှင့် ပေးရန်ကိစ္စနှင့်ပတ်သက်လို့ တစ်ပြည်လုံးအတိုင်းအတာနှင့် စဉ်းစားဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်ညီညွတ်မှုရှိစေရေးအတွက် ဆက်လက်ညှိနှိုင်းဆောင်ရွက် လျက်ရှိပါကြောင်း ဖြေကြားပါသည်။
