ပြီးခဲ့တဲ့ ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေးများ ရပ်နားချိန် ကာလအတွင်းမှာ ကျွန်တော့်အနေနဲ့ မြောက်ဥက္ကလာပမြို့နယ်အတွင်းမှာ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲများနှင့် လူထုတွေ့ဆုံပွဲများကို ခြောက်ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီလို လူထုတွေ့ဆုံ ပွဲများမှာ ပြုလုပ်တဲ့အခါတိုင်းမှာ ပြည်သူလူထုအနေနဲ့ ကျွန်တော့်ကို အများဆုံးတင်ပြတဲ့အချက်များ ပေါ်မူတည်ပြီးတော့ ဒီမေးခွန်းကိုမေးရခြင်းဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့မှာ မြောက်ဥက္ကလာပမြို့နယ်အတွင်း ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ၊ ရပ်ကွက်လမ်းများ ရေကြီး ရေလျှံရေဝပ်မှုများနှင့်ပတ်သက်၍လည်းကောင်း၊ နောက်ဆက်တွဲအကျိုးဆက်ဖြစ်တဲ့ ဝမ်းရောဂါ၊ သွေး လွန်တုပ်ကွေးရောဂါများ ဖြစ်ပွားနေမှုများနှင့်ပတ်သက်၍ ကျွန်တော့်အနေနဲ့ ပြည်သူ့လွှတ်တော်ကို မေးခွန်းမေးခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရကိုယ်စား သမ္မတရုံးဝန်ကြီးဌာနက ကျွန်တော့် မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ရာမှာ ဒီမြောက်ဥက္ကလာပမြို့နယ်အတွင်း နှစ်စဉ်ရေကြီးရေလျှံမှုများ၊ ရေစီးရေလာမကောင်းမှုများ ကင်းလွတ်စေရန်နှင့် ရပ်ကွက်များအတွင်းရေလျှံမှုများ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် မည်သို့မည်ပုံ အစီအမံများချမှတ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အကျယ် တဝင့်ဖြေကြားခဲ့ပါတယ်။ သို့ရာတွင် ၂၀၁၃ ခုနှစ် မိုးရာသီကာလမှာ ရေကြီးရေလျှံမှုများဟာ မူလက ထက် ၁၀ ရာခိုင်နှုန်းမျှသာသက်သာလာခဲ့ပြီး ၉၀ ရာခိုင်နှုန်းမျှ အခြေအနေဆိုးရွားနေဆဲဖြစ်ပါသဖြင့် မြောက်ဥက္ကလာပမြို့နယ်အတွင်း ရေမြောင်းများပိတ်ဆို့နေမှု၊ ရေစီးရေလာမကောင်း၍ ရေကြီးရေလျှံ ရေဝပ်နေမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး အကျိုးဆက်များအဖြစ် လမ်းများပျက်စီးခြင်း၊ သွားလာရေး ခက်ခဲခြင်း၊ ရောဂါဘယများထူပြောခြင်း စသည့်ဒုက္ခများ ပြည်သူလူထုဆက်လက်ခံစားနေရပါတယ်။ ဒီရက်ပိုင်းမှာဆိုရင် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးမှာ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးရုံတက်ရ သူ ပြည်သူလူထု အများဆုံးတက်ရောက်နေရတာကို တွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ အခုကဲ့သို့ ဆက်လက်ဖြစ်ပေါ်နေမှုများကို သက်ဆိုင်ရာက မည်သို့မည်ပုံ ဆက်လက်ဆောင်ရွက်ပေးမည်ကို သိရှိ လိုပါကြောင်း မြောက်ဥက္ကလာပပြည်သူလူထုကိုယ်စား လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးခွန်းမေးမြန်းပါသည်။
မေးခွန်းနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ဖြေကြားသွားမှာဖြစ်ပါတယ်။ မြောက်ဥက္ကလာပမြို့နယ်အတွင်း နှစ်စဉ်ရေကြီးရေလျှံမှု လျော့ပါးစေရန်နှင့် ရပ်ကွက်များအတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ခေမာသီလမ်းဖြတ် ရေထုတ် ပြွန်(၆၀ ပေx ၅ ပေx ၅ ပေ)၊ မေဓာဝီလမ်းဖြတ် ရေထုတ်ပြွန် (၃၅ ပေx ၅ ပေx ၅ ပေ)၊ သုခမိန် လမ်းဖြတ် ရေထုတ်ပြွန်(၁၈ ပေx ၅ ပေx ၅ပေ)၊ မဉ္ဇူဈေးလမ်းဖြတ်(E.O ရုံးအနီး)ရေထုတ်ပြွန် (၁၂ ပေx ၅ ပေx ၅ ပေ)၊ ဃ-ရပ်ကွက် နွယ်နီလမ်းနှင့်သုဓမ္မာလမ်းဆုံရေထုတ်ပြွန်(၃၀ ပေx ၅ ပေx ၅ ပေ)၊ နွယ်နီလမ်းနှင့် မေဓာဝီလမ်းဆုံ ရေထုတ်ပြွန်(၃၀ ပေx ၅ ပေx ၅ ပေ)၊ စ-ရပ်ကွက် ဝဇီယာလမ်းနှင့် သုဓမ္မာလမ်းဆုံ ရေထုတ်ပြွန်(၃၀ ပေx ၅ ပေx ၅ ပေ)၊ ဝဇီယာလမ်းနှင့်မေဓာဝီလမ်းဆုံ ရေထုတ်ပြွန် (၃၀ ပေx ၅ ပေx ၅ ပေ)၊ ည-ရပ်ကွက် ဘုမ္မာလမ်းနှင့်ဘုမ္မာကျောင်းလမ်းဆုံတွင် ရေထုတ်ပြွန်နှစ်လုံး (၂၄ ပေx ၄ ပေx ၄ ပေ)၊ ဌ-ရပ်ကွက် စပါယ်လမ်းနှင့်စပါယ်(၄)လမ်းဆုံ ရေထုတ်ပြွန် (၂၄ ပေx ၄ ပေx ၄ ပေ)၊ ဆဒ္ဒါ လမ်းနှင့်သဇင်လမ်းဆုံရေထုတ်ပြွန်(၂၀ ပေx ၄ ပေx ၄ ပေ)၊ ဈ-ရပ်ကွက် စက္ကဝတ် လမ်းတစ်လျှောက် လမ်းသွယ်များ၌ ရေထုတ်ပြွန် ၁၀ လုံး (၂၀ ပေx ၄ ပေx ၄ ပေ)တို့ကို ဆောင်ရွက် ပေးခဲ့ပါတယ်။
ထို့အပြင် ရပ်ကွက်များအတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ခ-ရပ်ကွက်၊ ဆ-ရပ်ကွက်၊ ဇ-ရပ်ကွက်၊ ဈ-ရပ်ကွက်၊ ည-ရပ်ကွက်နှင့် ဌ-ရပ်ကွက်များအတွင်းရှိ ရေမြောင်းများအား ရပ်ကွက်ပြည်သူလူထုများနှင့်ပူးပေါင်းပြီး ၇-၁၂-၂၀၁၃ မှ ၂၁-၂-၂၀၁၄ ရက်နေ့အထိ စက်ယန္တရား များဖြင့် တူးဖော်ရှင်းလင်းပေးခဲ့ပါတယ်။ ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင်လည်း မြောက် ဥက္ကလာပမြို့နယ်၊ ဆေးတက္ကသိုလ်(၂)နှင့် ဆေးရုံကြီးရှေ့တို့တွင် ရေစီးရေလာကောင်းမွန်စေရေး အတွက် (၃၅၀၀ ပေx ၄ ပေx ၄ ပေ)အုတ်ရေွမောင်းနှင့် (၂၀ ပေx ၄ ပေx ၄ ပေ)ရေထုတ်ပြွန် ခြောက်လုံးအား ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ထို့အပြင် ချောင်းကြီး၊ မြောင်းကြီးများရှင်းလင်းခြင်း အနေဖြင့် ရွှေလှေချောင်း (၃၈၀၀ ပေx ၃၀ ပေ)၊ မဏိရတနာချောင်း (၃၀၀၀ ပေx ၁၈ ပေ)တို့အား စက်ယန္တရားကြီးများ အသုံးပြု၍ ၂၁-၄-၂၀၁၄ ရက်နေ့မှ စတင်တူးဖော်ရှင်းလင်း ဆောင်ရွက်လျက်ရှိ ပါတယ်။ အဆိုပါ ချောင်းနှစ်ချောင်းအားတူးဖော်ပြီးပါက သုနန္ဒာချောင်း (၄၈၀၀ ပေx ၂၀ ပေ)အား ဆက်လက်တူးဖော် ရှင်းလင်းပေးသွားမည်ဖြစ်ပါကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ဖြေကြားပါသည်။
