ကျွန်တော်တို့ မာန်အောင်မြို့နယ်မှာ ၁၉၅၇-၁၉၅၈ ကစပြီးတော့ ဒီဇယ်အင်ဂျင်စက်ဖြင့် မြို့ပေါ်ရပ်ကွက်များမှာ စတင်ပြီးတော့ လျှပ်စစ်မီးပေးခဲ့ပါတယ်။
ဓာတ်တိုင်များမှာတော့ တောသစ်တွေနဲ့ပြုလုပ်ထားတဲ့ သစ်သားတိုင်များဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာက ကျွန်းတိုင်တို့၊ ပျဉ်းကတိုးတိုင်တို့ ရှားပါးပါတယ်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးခေတ်မှာ ကြံ့ခိုင်ခြင်းမရှိတဲ့ သစ်သားတိုင် ၁၂၆ တိုင်ကို သံတိုင်များနဲ့ လဲလှယ်ပေး ခဲ့ပါတယ်။ အခုသံတိုင်တှေကလည်း သံချေးတက်နေပါပြီ။ ကျန်ရှိနေသော သစ်သားတိုင် ၇၅ လုံးမှာ ယခုတိုင်ရှိနေပါသောကြောင့် ရပ်ကွက်နေလူထုမှာ အန္တရာယ်များစွာနဲ့ ကြုံတွေ့နေရပါတယ်။
ဖော်ပြပါဓာတ်တိုင်များ စိတ်မချရတဲ့အပြင် ၄ မိုင်ကျော်အတွင်းမှာရှိနေတဲ့ မီတာပုံး ၇၇၈ လုံးကို တပ်ဆင်ထားတဲ့ လျှပ်စစ်မီးကြိုးများမှာလည်း နှစ်ပေါင်း ၆၀ နီးပါးရှိနေပြီး မကြာခဏ မီးကြိုးများ ပြတ်တောက်မှုများကို တွေ့မြင်နေရပါတယ်။ အဲ့တော့ မြို့နေလူထုအတွက် အသက်ဘေးအန္တရာယ် စိုးရိမ်နေရပါသောကြောင့် မာန်အောင်မြို့ပေါ်ရပ်ကွက်(၅)ခုမှာရှိတဲ့ ကြံ့ခိုင်မှုမရှိတဲ့၊ စိတ်မချရတဲ့ ဓာတ်တိုင်များအားလုံးကို ကွန်ကရစ်တိုင်များနဲ့ လဲလှယ်ပေးဖို့နှင့် လျှပ်စစ်မီးကြိုးများကိုလည်း အမြန်ဆုံးအသစ်လဲလှယ်တပ်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိ ဥက္ကဋ္ဌကြီးမှတစ်ဆင့် တင်ပြမေးမြန်းပါသည်။
မာန်အောင်မြို့ပေါ်မှာရပ်ကွက် ငါး ခုရှိပြီး ကျန်ရှိတဲ့သစ်သားတိုင် ၇၅ လုံးကို ကွန်ကရစ်တိုင်ဖြင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ရခိုင် ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဖြည့်စွက်ရန်ပုံငွေတွင် တင်ပြတောင်းခံသွားမည်ဖြစ်ပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း ဖြေကြားပါသည်။
