မိမိသည် ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာကော်မတီ အတွင်းရေးမှူး တာဝန်ယူထားသူဖြစ်ပြီး ပထမအကြိမ် ပြည်သူ့ လွှတ်တော် ပုံမှန် အစည်းအဝေးတွင် မြန်မာနိုင်ငံ စွမ်းအင် ကဏ္ဍကို ပိုမို ထိရောက်သည့်ညှိနှိုင်း ကွပ်ကဲစီစဉ်မှုများ ဆောင်ရွက်ပါရန် အဆိုတစ်ရပ်ကို တင်သွင်းခဲ့ရာ ပြည်သူ့လွှတ်တော်ဘက်ကလည်း အတည် ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ စွမ်းအင်ကဏ္ဍသည် တိုင်းပြည်အတွက် အင်မတန် အရေးကြီးသော ကဏ္ဍ တစ်ရပ်ဖြစ်ပါသောကြောင့် တိုင်းပြည်၏ စီးပွားရေးတိုးတက်မှုသည် စွမ်းအင်သုံးစွဲမှုနှင့် တိုက်ရိုက် အချိုးကျလျက်ရှိပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံသည် စွမ်းအင်သဘာဝ သယံဇာတ အရင်းအမြစ်များ ပေါကြွယ်ဝသော်လည်း energy Poverty စွမ်းအင်ဆင်းရဲမှုကို ခံစားနေရဆဲ ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံ၏ လျှပ်စစ် ဓာတ်အားကို တစ်ပြည်လုံး လွှမ်းခြုံပါက ၂၆ ရာခိုင်နှုန်း သာပေးနိုင်သေး သည့်အတွက် International Energy Agency က Myanmar is an extreme example of energy proverty သတ်မှတ်ခြင်းခံရပါကြောင်း၊ energy is the oxygen of economic ဆိုသကဲ့သို့ စီးပွားရေးသည်လည်း စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုတွင် တိုက်ရိုက် တည်ရှိလျက်ရှိပါကြောင်း၊၊ 3E ဟုခေါ်သော Economic grow and development energy assault and security environment sub stabilityသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်၍ အရေးကြီးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် စွမ်းအင်အရင်း အမြစ် ပေါကြွယ်ဝသော်လည်း ပြည်တွင်း လိုအပ်ချက်ကို ဦးစားပေး ဖြည့်တင်းနိုင်ခြင်းမရှိသေးသောကြောင့် စွမ်းအင် အရင်းအမြစ်များ ထုတ်ယူသုံးစွဲနေသည့် ဌာနအချင်းချင်း ပိုမိုပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် ရေနံ၊ သဘာဝဓါတ်ငွေ့၊ လျှပ်စစ် စသည့်စွမ်းအင်များကို ပြည်တွင်း သုံးစွဲရေး ဦးစားပေးဖြည့်ဆည်းရန်၊ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေး အပါအဝင် စက်မှုလုပ်ငန်းကြီးများတွင် ကျောက်မီးသွေး ကို စနစ်တကျခေတ်မီသုံးစွဲရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်စေရေးစီမံဆောင်ရွက်ရန်၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်များကို စနစ်တကျတိကျသော ရည်မှန်းချက်များချမှတ် သုံးစွဲရေးဆောင်ရွက်ရန် လိုအပ်ပါက အဖွဲ့အစည်း တစ်ရပ်သီးခြားဖွဲ့စည်း တာဝန်ပေးဆောင်ရွက်ရန်၊ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ စွမ်းအင် ထုတ်ယူသုံးစွဲရေး ဆိုင်ရာစီမံ ကိန်းကြီးများ အားလုံး စီးပွားရေးတွက်ခြေကိုက်မှုရှိ/မရှိ၊ ပြည်တွင်းသုံး စွဲရေး ဦးစားပေးထားခြင်းရှိ/မရှိ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး အစီအမံများ စနစ်တကျ ဆောင်ရွက်ထားခြင်းရှိ/မရှိ စသည့် စိစစ်ချက်များကို သုံးသပ်ချက် များနှင့်တကွ ပြည်သူလူထုကိုယ်စားပြု ပြည်ထောင်စု လွှတ်တော်သို့ အတည်ပြုချက်ရယူ ရန် နိုင်ငံတော်အစိုးရကို တိုက်တွန်းခြင်း အဆိုကို ၂၀၁၂ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ကတင်သွင်းခဲ့ရာ ယနေ့အစည်းအဝေးတွင် (က) မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍကို ပိုမို ထိရောက်သည့် ညှိနှိုင်းကွပ်ကဲစီမံမှု များဆောင်ရွက်ပါရန် တိုက်တွန်းသည့်အဆိုအပေါ် နိုင်ငံတော် အစိုးရ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လွှတ်တော်ကိုယ်စားလှယ်များနှင့်တကွ ပြည်သူလူထုသိရှိစေရန် ပြည့်ပြည့် စုံစုံပြန်ကြားပေးပါရန်၊ (ခ) စွမ်းအင်ကဏ္ဍတိုးတက်မှုအတွက် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီး၏ ကြိုးပမ်း ဆောင်ရွက်မှုများ ကို ပြည်သူများ အချိန်နှင့် တစ်ပြေးညီသိရှိနိုင်စေရန် သင့်တော်မည့်အစီအစဉ်များ ဆောင်ရွက်ရန်ရှိ/မရှိ၊ ဆောင်ရွက်ရန် မရှိပါက မည်သည့်အတွက် မရှိကြောင်းနှင့် ဆောင်ရွက်ရန်ရှိပါက မည်သည့်အချိန်တွင် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် ရေနံနှင့်သဘာဝဓါတ်ငွေ့၊ လျှပ် စစ်၊ ကျောက်မီးသွေး၊ ပြန်ပြည့် မြဲစွမ်း အင်များဖြစ်သော နေရောင်ခြည်၊ လေ စွမ်းအင်၊ ဘူမိအပူစွမ်းအင်၊ မြို့ပြနျူကလီးယားစွမ်းအင်နှင့် စွမ်းအင် အကျိုးရှိ ထိရောက်စွာ သုံးစွဲနိုင် ရေးနှင့် ခြိုးခြံ ချွေတာရေးစသည့် ကဏ္ဍအသီးသီး ပါဝင်တာဖြစ်ပါကြောင်း၊ ယခင်ကာလများသည် စွမ်းအင် ကဏ္ဍဆိုင်ရာ လုပ်ငန်း များကို ဝန်ကြီးဌာနအလိုက်သီးခြား စီစဉ် ဆောင်ရွက်နေခဲ့ကြခြင်းဖြစ်ပြီး ယခုအခါ သက်ဆိုင်ရာ ဝန်ကြီးဌာနများ အားလုံးစုစည်းပြီး လုပ်ငန်းများပိုမို ထိရောက်အောင် ဆောင်ရွက်နိုင်ရေးနှင့်မြန်မာနိုင်ငံ စွမ်းအင် ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက်အမျိုးသား စွမ်းအင်စီမံခန့်ခွဲမှုကော်မတီနှင့် စွမ်းအင်ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ တို့ကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံးရဲ့ အမိန့်ကြော်ငြာစာအမှတ်၊ ၁၂/၂၀၀၃ ဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ အမျိုးသား စွမ်းအင်စီမံခန့်ခွဲမှုကော်မတီတွင် ဒုတိယသမ္မတ-၂ မှနာယကပြု၍ စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်တာဝန်ယူ၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနစသည့် စွမ်းအင်နှင့် ဆက်နွယ်နေသော ဝန်ကြီးဌာန ၇ ခုက ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၊ မြန်မာ့ ပြန်ပြည့်မြဲ စွမ်းအင်အသင်းစသည့် အသင်း အဖွဲ့များမှ ပုဂ္ဂိုလ်များဖြင့် စုစုပေါင်းအဖွဲ့ဝင် ၁၄ ဦးဖြင့် ဖွဲ့စည်းထားသည့်နည်းတူ စွမ်းအင်ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီကို စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး စုစုပေါင်းအဖွဲ့ဝင် ၁၄ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီဖြစ်ကြောင်း၊
အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းတာဝန်စုစုပေါင်း ၂၂ ချက်ရှိပြီး အဓိကကျသည့် လုပ်ငန်း တာဝန်များသည် အမျိုးသားစွမ်းအင်မူဝါဒကို ရေးဆွဲရန်၊ အမျိုးသားစွမ်းအင် ထိန်းချုပ်ကွပ်ကဲရေးစည်းမျဉ်းများ ချမှတ်ပေးရန်၊ စွမ်းအင် ဆိုင်ရာကိန်းဂဏန်း အချက်အလက်များတိကျမှန်ကန်စေရေးဆောင်ရွက်ရာတွင် လျှပ်စစ် ကဏ္ဍ လတ်တလောလို အပ်ချက် အပေါ် ရေတိုစီမံကိန်းများချမှတ်ပေးပြီး လုပ်ငန်း အကောင်အထည်ဖော်ဆောင် ရွက်သွားရန် စသည့်အချက် များဖြစ်ပြီး အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စွမ်းအင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီလုပ်ငန်း တာဝန်များ သည် စုစုပေါင်း၂၂ ချက်ရှိပြီး အဓိကကျသောအချက်များမှာ အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှု ကော်မတီမှ စွမ်းအင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒနှင့် စီမံကိန်းများရေးဆွဲရာတွင် ပါဝင်ဆောင်ရွက်ပေးရန်၊ နိုင်ငံပိုင် အခန်းကဏ္ဍနှင့် ပုဂ္ဂလိကပိုင် ကဏ္ဍ အချိုးအစား ပြောင်းလဲမည့် အစီအစဉ်များ ကို ညှိနှိုင်းဆောင်ရွက်သွားရန်၊ Energy Plan နှင့် Industrial Development Plan တို့ကိုစနစ်တကျ ချိက်ဆက်စီမံဆောင်ရွက်သွားရန်၊ သဘာဝသယံဇာတများကို တန်ဖိုးမြှင့်တင်ကုန်စည်များအဖြစ် ထုတ်လုပ် ရောင်း ချနိုင်ရေး အစီအစဉ်များ ရေးဆွဲဆောင်ရွက်ရန်၊ စွမ်းအင်အမျိုးအစား အလိုက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်ရန်နှင့် ထန်းသိမ်းကြပ်မတ်ဆောင်ရွက်သွားရန် စွမ်းအင် အရန်ထား ရှိနိုင်ရေးမူချမှတ် ဆောင်ရွက်ပေးရန်နှင့် ဈေးနှုန်းသတ်မှတ်ရေးကော်မတီများ ဖွဲ့စည်းဆောင် ရွက်ရန် စသည် အချက်များကို အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားစွမ်းအင် မူဝါဒရေးဆွဲရေးဆိုင်ရာ ကိစ္စ ရပ်များ ဆောင်ရွက်ရန်နှင့် စွမ်းအင် အမျိုးအစား အားလုံးကို လွှမ်းခြုံသော ခိုင်မာသည့် ဥပဒေ၊ နည်းဥပဒေ များရေးဆွဲရာတွင် အထောက်အကူပြုနိုင်ရန်အတွက် စွမ်းအင်မူဝါဒနှင့် စီမံရေးရုံးကို ဆက်စပ်ဝန်ကြီးဌာန ၇ ခုမှ အရာထမ်း၊ အမှုထမ်း ၁၄ ဦးဖြင့် ဖွဲ့စည်းပြီး လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်သကဲ့သို့ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးမှာလည်း စွမ်းအင်ဆိုင်ရာ လုပ်ငန်း ကော်မတီများ ဖွဲ့စည်း၍ ကဏ္ဍအလိုက် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါဝန်ကြီး ဌာနများ အလိုက် လုပ်ငန်းကော်မတီ အသီးသီးက ပြုစုပေးပို့သော Current Situation Analysis များကို အခြေခံပြီးတော့ အမျိုသား စွမ်းအင်မူဝါဒ (မူကြမ်း)ကို ပြုစုရေးဆွဲ လျက်ရှိရာ ပထမအကြိမ် မူကြမ်းကို ၂၀၁၃ ခုနှစ်၊ မေလ ၁၆ ရက်နေ့တွင် လည်းကောင်း၊ ဒုတိယအကြိမ် မူကြမ်းကို ဇွန်လ ၂၈ ရက်နေ့တွင် လည်းကောင်း၊ တတိယအကြိမ်မူကြမ်းကို စက်တင်ဘာလ ၂၃ ရက် နေ့တွင် လည်းကောင်း သက်ဆိုင်ရာ ဝန်ကြီးဌာန အဖွဲ့အစည်းများသို့ဖြန့်ဝေ၍ အကြံပြုချက်များရယူကာ အဆင့်ဆင့်ပြင်ဆင်ဖြည့်စွက်မှုများ ဆောင်ရွက်ထားရှိပြီး ချမှတ်ဆောင်ရွက်မည့် အမျိုးသား စွမ်းအင်မူဝါဒများ ကို ရွေးချယ်သတ်မှတ်ရေးအတွက် လုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း။
ထို့အပြင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၏ နည်းပညာ အကူအညီပေးရေး အစီအစဉ်ကိုလည်း ရယူ၍ အမျိုးသား စွမ်းအင်မူဝါဒ အပြီးသတ်ရေးဆွဲနိုင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း။ စွမ်းအင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ပထမအကြိမ်ညှိနှိုင်း အစည်းအဝေးကို ယခုနှစ် မတ်လ ၁ ရက်တွင် ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးမှ စွမ်းအင် ကဏ္ဍခွဲအလိုက် လုပ်ငန်းတာဝန်ခွဲဝေသတ်မှတ်ခြင်း (Institutional Framework)ကို ချမှတ်ခဲ့ပါကြောင်းနှင့် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍကိုပိုမိုထိရောက်သော ညှိနှိုင်း၊ ကွပ်ကဲ၊ စီမံမှုများ ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှု ကော်မတီအနေဖြင့် Renewable Energy ကို အခြေခံ၍ လျှပ်စစ်စွမ်းအားထုတ်လုပ်ခြင်းကို ပထမဦးစားပေးအနေဖြင့် ထားရှိရေး၊ စွမ်းအင်ကို ထိရောက်စွာ သုံးစွဲရေးနှင့် ခြိုးခြံချွေတာရေးကို အောင်မြင်စွာ အကောင်အထည်ဖော်ရေး၊ နိုင်ငံ၏ စွမ်းအင်ဆိုင်ရာ အရင်းအမြစ်များ တည်ရှိနေမှုအခြေအနေအား ဝန်ကြီးဌာနပေါင်းစုံမှ စုပေါင်းပါဝင်တွက်ချက်ရေး၊ ဆောင် ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်မည့် စွမ်းအင် ထုတ်ယူသုံးစွဲရေးဆိုင်ရာ စီမံကိန်း ကြီးများအားလုံး စီးပွားရေးတွက်ခြေ ကိုက်မှုရှိစေရန်နှင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရေးအစီအမံများ စနစ်တကျဆောင်ရွက်ထားရှိရေး၊ စွမ်းအင်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်များဖြစ်သော စွမ်းအင်မူဝါဒ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အကောင်အထည် ဖော် ဆောင်ရွက်မည့် ကာလတို ၅ နှစ်၊ ကာလလတ် ၁၀ နှစ်နှင့် ကာလရှည် နှစ် ၂၀ အစီအစဉ်များ စုစည်း ပြုစုရေးစသည့် အချက်များကို အဓိကရည်မှန်းချက်များအဖြစ်ထားရှိပြီး ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း။
ဆက်လက်၍ စွမ်းအင်ကဏ္ဍတိုးတက်မှုအတွက် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးရဲ့ ကြိုးပမ်း ဆောင်ရွက်မှု များကို ပြည်သူများအချိန်နှင့် တစ်ပြေးညီသိရှိစေရန် နိုင်ငံတော်၏ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်နှင့် ဆက်နွယ်နေသော ဝန်ကြီး ဌာန ၇ ခုတို့မှ နိုင်ငံတော်၏ လတ်တလော စွမ်းအင်လိုအပ်ချက် ရေနံနှင့် သဘာဝ ဓာတ်ငွေ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် တွေ့ရှိထုတ်လုပ်ရာဒေသတွင် ပြန်လည် အသုံးပြုနိုင်ရန်နှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ တိုးချဲ့ရှာဖွေခြင်း၊ Unconventional နည်းဖြင့် ရှာဖွေ တူးဖော်ခြင်းတို့ကို ဆက်လက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကုန်းတွင်းလုပ်ကွက် ကမ်းလွန် လုပ်ကွက်အချို့ကို အပြည်ပြည်ဆိုင်ရာတင်ဒါခေါ်ယူပြီး ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ကို နိုင်ငံတကာ အတွေ့အကြုံရှိ ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်ရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ရေအား လျှပ်စစ် ဓာတ်အားပေးစက်ရုံ ၂၀ ရုံ၊ သဘာဝဓာတ်ငွေ့ သုံးဓာတ်အားပေးစက်ရုံ ၁၀ ရုံနှင့် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ ၁ ရုံ ၊ စုစုပေါင်း လျှပ်စစ်ဓာတ်အား ၃၆၁၄.၉ မဂ္ဂါဝပ်ဖြင့် ထုတ်လုပ်ဖြန့်ဖြူးပေး လျက်ရှိသည့်အပြင် နေရောင်ခြည်နှင့် လေစွမ်းအား ဘူမိအပူစွမ်းအင်တို့ကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်အတွက် စမ်းသပ်လေ့လာ အကောင်အထည်ဖော်ခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း။
သတ္တုကဏ္ဍတွင် တစ်နိုင်ငံလုံးအနေဖြင့် တူးဖော်၍ ရရှိနိုင်သော ကျောက်မီးသွေးတန်ချိန် သန်းပေါင်း ၅၄၀.၁၆ တန်နှင့် လက်ရှိ တစ်နိုင်ငံလုံးအနေဖြင့် ကျောက်မီးသွေး ထုတ်လုပ်မှုသည် တစ်နှစ်လျှင် တန်ချိန် ၇ သိန်းကျော်ရှိပါကြောင်း၊ သတ္တုတွင်း ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်ရေးအတွက်ကို ပုဂ္ဂလိကအခန်းကဏ္ဍပါဝင်မှုကို တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ဝန်ကြီးဌာနနှင့် စာချုပ်ချုပ်ဆို၍ လုပ်ကိုင်နေသော ကုမ္ပဏီပေါင်း ၄၈ ခုရှိနေပြီဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနသည် စွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲနိုင်ရေးနှင့် စွမ်းအင် ခြိုးခြံချွေတာရေးကဏ္ဍကို အဓိက တာဝန်ယူဆောင်ရွက်လျက်ရှိရာ Energy Intensive စက်ရုံများကိုအဓိကဦးတည်ပြီး Energy Efficiency and Conservation Law ပေါ်ပေါက်ရေးအတွက် Draft and Outline and 3 years Action Plan of Preliminary Energy Efficiency and Conservation Regulation ကို ဆောင်ရွက်လျက်ရှိပါကြောင်း။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍနှင့်ပတ်သက်ပြီး၍ Focal Point အဖြစ်တာဝန်ယူပြီး လယ်ယာ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းနှင့် မြန်မာ့ပြန်ပြည့်မြဲစွမ်းအင်အသင်းတို့မှ သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ယူ၍လည်ကောင်း၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် လျှပ်စစ် စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဆည်မြောင်း စီမံကိန်းများနှင့် ရေပေးမြောင်းများမှ အသေးစား ရေအား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးလျက် ရှိရာမှာ စုစုပေါင်းစီမံကိန်း ၆၃ ခုမှ လျှပ်စစ်ဓာတ်အား ၈၇၂ ကီလိုဝပ် လည်းကောင်း ထုတ်လုပ်ပေးလျက်ရှိ သည့်အပြင် ဆက်လက်၍လည်း တိုးတက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအနေဖြင့် နိုင်ငံလူဦးရေ၏ ၇၆ ရာခိုင်နှုန်းခန့် သည် ကျေးလက်ဒေသ တွင် နေထိုင်ကြ သောကြောင့် နေ့စဉ်ချက်ပြုတ်ရေးနှင့် စွမ်းအင် လိုအပ်ချက်များအတွက် ထင်းကို အဓိက လောင်စာအဖြစ် သဘာဝ သစ်တောများမှ ထုတ်ယူသုံးစွဲလျက်ရှိရာ နေ့စဉ်လောင်စာစွမ်းအင် လိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ၂၀၁၃ ခုနှစ် မတ်လအထိ ကျေးရွာသုံးစိုက်ခင်း ၄၄၉၅၈၆ ဧက တည်ထောင်ခဲ့ပြီး ၎င်းအနက်မှ ၅ နှစ်ပြည့်ပြီး ကျေးရွာသုံးစိုက်ခင်း စုစုပေါင်း ၄၈၂၁၆.၆ ဧကကို ကျေးရွာများသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ၁၉၉၅ ခုနှစ်တွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း အတွက် အနှစ် ၃၀ မြေအသုံးချ ခွင့်ပြုခဲ့ပြီး၊ နိုင်ငံတစ်ဝန်းလုံး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာမှာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအထိ ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်သစ်တော ၁၁၇၀၆၃.၈၅ ဧက တည်ထောင်ထားရှိပြီး၊ ၂၀၃၀-၂၀၃၁ ခုနှစ်တွင် ထင်းလောင်စာလိုအပ်ချက၏ ၂၅ ရာခိုင်နှုန်းကို ဒေသခံပြည်သူအစုအဖွဲ့ ပိုင်သစ်တောများမှ ထောက်ပံ့ ပေးနိုင်မည်ဖြစ်ပါကြောင်း၊၊
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် ကျေးလက်ဒေသလျှပ်စစ်စွမ်းအင် လိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်ရေး အတွက် ပြန်ပြည့်မြဲစွမ်းအင်တစ်ခုဖြစ်သော Biogas Plant များတည်ဆောက်၍ စုစုပေါင်းစက်တပ်ဆင်အင်အား 21 KVA ဖြင့် လျှပ်စစ် ဓာတ်အားများ ထုတ်လုပ်ခြင်းကို ဆောင်ရွက် ပေးလျက်ရှိရာ ဘူမိအပူစွမ်းအင်ကဏ္ဍနှင့် ပတ်သက်၍ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနှင့် စွမ်းအင်ဝန်ကြီး ဌာနတို့သည် ဘူမိအပူစွမ်းအင်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စမ်းသပ်လေ့လာ အကောင် အထည်ဖော်ခြင်း၊ မြို့ပြနျူကလီးယားစွမ်းအင် ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်လျက်ခြင်းတို့ လုပ်ဆောင် လျက်ရှိကြောင်း၊
စွမ်းအင်ကဏ္ဍတိုးတက်မှုအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ဆောင်ရွက်မှုများကို ပြည်သူများ အချိန်နှင့် တစ်ပြေးညီ သိရှိစေရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် သတင်း၊ စာစောင်များနှင့် ရေဒီယို၊ ရုပ်မြင်သံကြား စသည့် မီဒီယာများမှ လည်းကောင်း၊ ဝန်ကြီးဌာနများမှ လွှင့်တင်ထားသော Internet Website များမှ လည်းကောင်း ရေးသားဖော်ပြ ထုတ်လွှင့်လျက်ရှိသည့်အပြင် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လည်း ပြောရေး ဆိုခွင့်နှင့် သတင်း ထုတ်ပြန်ရေးအဖွဲ့ Media Team အား ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်းနှင့် လုပ်ငန်းထူးခြားမှု ရှိသည့် အခါတိုင်း သတင်းထုတ်ပြန်ခြင်း၊ ဝန်ကြီးဌာန Website တွင် ထည့်သွင်းဖော်ပြပေးခြင်း များ ဆောင်ရွက်လျက်ရှိသည့်အပြင် အခါအား း မီဒီယာတွေ့ဆုံပွဲများသို့ တက် ရောက်၍ သတင်းထုတ်ပြန်ပေး လျက် ရှိပါကြောင်း၊ ယနေ့ နံနက် ၁၀း၀၀ နာရီတွင် စွမ်းအင်ဝန်ကြီးဌာန၌ သတင်း၊ ဂျာနယ် ဌာန ၂၆ ခုအား ဖိတ်ကြားပြီး သတင်းထုတ်ပြန်ခြင်းအစီအစဉ်ကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ကြောင့် ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ် အဖွဲ့များ စွမ်းအင်ဝန်ကြီး ဌာနနှင့် ပေးပို့မေးမြန်းလာသော ကိစ္စရပ်များ အချိန်နှင့် တစ်ပြေးညီဖြေကြားခြင်း များ ပြုလုပ်လျက် ရှိကြောင်း ပြန်လည်ရှင်းလင်း တင်ပြအပ်ပါသည်။
