(ဂ)-ကလေးသူငယ် ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး လုပ်ငန်းနှင့် ပတ်သက်၍ မည်သို့ ဆောင်ရွက်ရန် ရှိသည်ကို သိလိုသည် နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ (၁၀.၈.၂၀၁၂)

မြန်မာနိုင်ငံသည် ၁၉၉၁ ခုနှစ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုသမဂ္ဂသဘောတူ စာချုပ် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်လာပါတယ်။ ဒါကြောင့် ကလေးသူငယ်အခွင့်အရေးတစ်ရပ်ဖြစ်သည့် ကလေးသူငယ်ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို စွမ်းအားမြှင့်ဆောင်ရွက်လျက်ရှိကြောင်း လေ့လာသိရှိရပါတယ်။ ဥက္ကဋ္ဌကြီးရှင့်။ အချက်သုံးချက်ကိုအခြေခံ၍ ကျွန်မ၏မေးခွန်းကို မေးမြန်းပါ့မယ်ရှင်။

(၁) လူမှုဝန်ထမ်းဦးစီးဌာနသည် ကလေးပြုစုစောင့်ရှောက်သူများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနေသော်လည်း ဌာနအကျိုးပြု မူလတန်းကြိုနှင့် နေ့ကလေးထိန်းကျောင်းအချို့သည် ကလေးသူငယ်များကို မိဘများက လာရောက်အပ်နှံရန် ယုံကြည်စိတ်ချရလောက်အောင် အားထုတ် ဆောင်ရွက်ခြင်းမရှိသဖြင့် ဒီနေရာမှာ ကျွန်မဥပမာလေးတစ်ခု ပြောချင်ပါတယ်။ သားလေး တစ်ယောက်ကို အမေတစ်ယောက်ကလာပြီတော့အပ်ပါတယ်။ သားထားပြီးတော့ အမေကပြန်သွားတဲ့ အခါမှာကလေးတို့ထုံးစံငိုပါတယ်။ ကလေးကငို၊ ဆရာကချော့ ကလေးကငို၊ ဆရာကချော့နဲ့ နောက်ဆုံး ဆရာမက မင်းမတိတ်ဘူးလား။ မတိတ်လို့ရှိရင် အနားမှာရှိတဲ့ သစ်သားသေတ္တာကို  ပြပြီးတော့ သေတ္တာထဲကို မင်းကိုထည့်ထားမယ်လို့ ဒီလိုခြောက်ပါတယ်။ ခြောက်တော့ ဒါဟာကလေးနဲ့ ဆရာမရဲ့ အားစမ်းပွဲဖြစ်သွားပါပြီ။ အဲ့တော့ ကလေးကလည်း မတိတ်ပါဘူး။ အဲတော့ ဆရာမက တကယ်ပဲ ဒီကလေးကိုမပြီးတော့ သေတ္တာထဲကို ထည့်လိုက်ပါတယ်။ ဒါပေမယ့် သေတ္တာအဖုံးမပိတ်မီမှာပဲ ကလေးရဲ့ငိုသံဟာ တိကနဲပြတ်သွားပါတယ်။ တစ်နေ့လုံးလည်းကောင်းကောင်းနေပါတယ်။ ဒါပေမယ့် နောက်တစ်နေ့ကစပြီးတော့ သူကဒီကျောင်းကို ပို့လို့မရတော့ပါဘူး။ ထိတ်လန့်မှုမပြေနိုင်အောင် အဲဒီလိုခြောက်လှန့်တဲ့ သတင်းမျိုးလေးတွေ တခြားကလေးတွေကို သိမ်သိမ်မွေ့မွေ့ နွေးနွေးထွေးထွေး မစောင့်ရှောက်တဲ့ ထိန်းကျောင်းတဲ့အကြောင်းတွေကို မိဘတွေက တစ်ဆင့်စကားတစ်ဆင့်နားနဲ့ ကြားတဲ့အခါကျတော့ ဒီကလေးထိန်းဌာနကို ဘယ်မိဘကမှလာပြီးတော့ ကလေးမအပ်တော့ပါဘူး။ အဲတော့ ကလေးတစ်ယောက်မှ မရှိတော့တဲ့ အဲဒီကျောင်းမှာ ကလေးထိန်းကျောင်း တာဝန်ယူ ထားတဲ့သူက ဒီအဆောက်အအုံကို ကိုယ်ပိုင်အိုးအိမ်သဖွယ် အသုံးပြုနေခြင်းမျိုးများ။

(၂) ကလေးသူငယ်ဥပဒေအရ ကလေးသူငယ်ဆိုသည်မှာ အသက် ၁၆ နှစ် မပြည့်သေး သောသူကိုဆိုလိုခြင်းဖြစ်ရာ ထိုကလေးသူငယ် လူမမယ်ကလေးများအပေါ် စာနာဂရုဏာမထားအား နဲ့ဝန်မမျှအောင်ခိုင်းစေခြင်း၊ လိင်အလွဲသုံးစားပြုကျင့်ခြင်း စသည်တို့ကဲ့သို့ လူ့ကျင့်ဝတ် ပျက်ပြား လာမှုများ။

 (၃) ကလေးများ၏ မွေးရာပါ ဉာဏ်ရည်ဉာဏ်သွေးဟာ ဘာပယောဂမှ မကပ်ညိ၊ ဘာအရောင်မှ မစွန်းထင်းရင် မညံ့ဖျင်းပါ။ မြင်လည်းမြင်တတ်ပါတယ်။ ကြားလည်း ကြားတတ် ပါတယ်။ အတုလည်းယူတတ်ကြပါတယ်။ ဒီနေရာမှာ ကျွန်မအဖြစ်ကလေးတစ်ခု ပြောချင်ပါတယ်။ ကျွန်မတို့အိမ်နဲ့ မနီးမဝေးမှာ အလယ်တန်းကျောင်း တစ်ကျောင်းရှိပါတယ်။ ဒီအလယ်တန်းကျောင်းမှာ ထမင်းစားချိန်မျိုး၊ ကျောင်းဆင်းချိန်မျိုး၊ ညနေကျောင်းဆင်းချိန်မျိုးမှာ မူလတန်းကျောင်း၊ မူလတန်း ကလေးတွေကို ၁၅ မိနစ်စောပြီးတော့ ဆင်းပေးလေ့ရှိပါတယ်။ တစ်နေ့ကျွန်မ ကျွန်မရဲ့ရှေ့က မြက်ပင်တွေကို လမ်းဘက်ကျောပေးပြီးတော့  မြက်ထိုင်နုတ်နေတော့ ကျောင်းဆင်းလာပါတယ်။ သူငယ်တန်းကလေးတွေ ကလေးတို့သဘာဝဆူညံပြီး ဆော့ကစားပြီးပြန်လာကြတယ်။ အဲဒီအထဲမှာ မိန်းကလေးသုံး၊လေးယောက်ကို ယောက်ျားလေးသုံး၊လေးယောက်က စလာပုံရပါတယ်။ မိန်းကလေး တွေက ကတ်ကတ်လန်အောင် မင်းတို့ကို တိုင်ပစ်မယ်၊ တိုင်မယ်နဲ့ အဲဒီလိုပြောတယ် ပြောတော့ ယောက်ျားလေးတန်မဲ့ ဘာပြောလဲဆိုတော့ ဘာလဲတဲ့ အမျိုးသမီးရေးရာကိုလားလို့မေးပါတယ်။ အဲဒါ ကျွန်မလည်းလှည့်ကြည့်လိုက်တော့ လူလေးက ၁ တောင့်၊ ၁ မိုက်လောက်ပဲ ရှိပါတယ်။ ဘာကြောင့် လဲဆိုတော့ ဒါမူလတန်း၊ သူငယ်တန်းကလေး ရှိလှမှသူက ပထမတန်းပါ။ ဒါပေမယ့် သူက အမျိုးသမီး ရေးရာလို့ သုံးလိုက်တော့ ကျွန်မတော်တော်အံ့သြသွားတယ်။ နောက် အဲလိုပဲ ကလေးတွေလာကြတယ် နောက်တစ်သုတ်ကျတော့ တစ်မျိုးပါ၊ ယောက်ျားလေးတွေက စလာတယ် သူတို့ကို နင်တို့က ဆရာမ နားကပ်ပြီးတော့ ညာနေတာပဲ ဘာညာနဲ့စတော့ ဒီကလေးမလေးတွေက ဘာပြန်ပြောလဲဆိုတော့ ငါတို့က ဆရာမခိုင်းတာကို လုပ်ပေးနေတဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင်တွေလို့ ပြောပါတယ်။ လူနဲ့ စကားလုံးနဲ့ဆို စကားလုံးကတောင်ကြီးနေပါဦးမယ်။ ဒါဟာကလေးတွေဟာ ခေတ်ကလေးတွေဟာ မြင်လည်း မြင်လာတတ်ပါတယ်။ ကြားလည်းကြားတတ်ပါတယ်။ အတုခိုးပြီးတော့လည်း သူတို့ ယူတတ် ပါတယ်ဆိုတာလေးကို ကျွန်မပြောတာပါ။ အဲဒီလို ဉာဏ်သွက်၊ နှုတ်သွက်တဲ့ ကလေးများကြားမှာ ကလေးတို့ဘာဝအချင်းချင်း အိမ်သာကို အပြင်က ဂျက်ထိုးပိတ်ထားတာမျိုး၊ ကြီးသူက သူ့ထက် ငယ်သူကို ပါးရိုက်၊ ကုတ်ဖဲ့၊ အနိုင်ကျင့်တာမျိုးတွေဖြစ်လာတဲ့အခါမှာ အတန်းပိုင်ဆရာမက လွန်ကျူး တဲ့ကလေးရဲ့ မိဘများပေးတဲ့လာဘ်လာဘကို ထောက်ထားပြီး တပည့်ခြင်းအတူတူ ခံရသူကလေး ကိုသာ ဖိနှိပ်၊ မညီမမျှဘက်လိုက်လို့ ကျောင်းပြောင်းနိုင်တဲ့ကလေးက ကျောင်းပြောင်းသွား၊ မပြောင်း နိုင်တဲ့ကလေးက ကျောင်းထွက်နဲ့ ဖြစ်ကြရပါတယ်။

(၃) အချက်ဟာ ကျောင်းနေအခြေခံ ပညာရေးကိစ္စဖြစ်သော်လည်း ကလေးသူငယ် ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေးမှာ ဒီမူလတန်းကျောင်းသား ကျောင်းသူကလေးများလည်း အကျုံးဝင်နေပါတယ်။ ဒါ့ကြောင့် ဒီလိုအကာအကွယ်မဲ့ ကြုံတွေ့နေရရှာသော မူလတန်းကလေးသူငယ်များ ထိုအချက်များနှင့် ပတ်သက်၍ ဘက်ပေါင်းစုံ၌ ကလေးသူငယ်ဆိုင်ရာဖွံ့ဖြိုးမှု၊ ကာကွယ်စောင့်ရှောက်မှုများကို မည်သို့ ဆောင်ရွက်လျက်ရှိကြောင်း၊ မည်သို့သော မူဝါဒများ၊ ဥပဒေများရေးဆွဲထားရှိကြောင်း၊ မည်သို့ထပ်မံ ဆောင်ရွက်ရန်ရှိကြောင်းများကို သိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဘုန်းဆွေ
အဖြေ

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်အေးမြင့်၏ မြန်မာနိုင်ငံသည် ကလေးသူငယ်များ အခွင့်အရေးတစ်ရပ်ဖြစ်သည့် ကလေးသူငယ် ဖွံ့ဖြိုးမှုပြုစုပျိုးထောင်ရေးလုပ်ငန်းနှင့် ပတ်သက်၍ စွမ်းအားမြှင့်ဆောင်ရွက်လျက်ရှိရာမှာ မည့်သို့သော ဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် မူဝါဒများ၊ ဥပဒေများရေးဆွဲထားရှိသည်၊ မည်သို့ထပ်မံဆောင်ရွက်ရန်ရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကုလသမဂ္ဂသဘောတူစာချုပ် (Convention on the Right of the Child- CRC) တွင်     ၁၆-၇-၁၉၉၁ ရက်နေ့၌ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး  စာချုပ်ပါပြဋ္ဌာန်းချက်များကို တာဝန်ယူဗဟိုချက် (Focal Point) ဌာနအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ CRC ပါပြဋ္ဌာန်းချက် များနှင့်အညီ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့်မြို့နယ် CRC ကော်မတီများ အသီးသီးဖွဲ့စည်းပြီး ဖြစ်ပါတယ်။ ၎င်းအပြင် ၁၉၉၃ ခုနှစ်တွင် ကလေးသူငယ်ဥပဒေကိုလည်းကောင်း၊ ၂၀၀၁ ခုနှစ်တွင် ကလေးသူငယ် နည်းဥပဒေကိုလည်းကောင်း ပြဋ္ဌာန်းကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ယင်းကလေး သူငယ်ဥပဒေများအား နိုင်ငံတကာစံနှုန်းများနှင့်အညီ ပြန်လည်ရေးဆွဲလျက်ရှိပါတယ်။ CRC ပါ အခွင့်အရေး ၄ ရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်၊ ပါဝင်စောင့်ရှောက်ခွင့်များအနက် ကလေးသူငယ်ဖွံ့ဖြိုးမှုပြုစုပျိုးထောင်ရေး လုပ်ငန်းများကို မြန်မာနိုင်ငံကလေးသူငယ်များဆိုင်ရာ အမျိုးသားလုပ်ငန်းအစီအစဉ် ၂၀၀၆-၂၀၁၅ ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးရေးကို ဌာနအခြေပြု လုပ်ငန်းများအဖြစ် မူလတန်းကြိုကျောင်းများနှင့် ကလေးပြုစုရေးဌာနများဖွင့်လှစ်ခြင်းနှင့်ကိုယ့်အား ကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့မှုများပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ထောင်စုနှစ်ရည်မှန်းချက်များနှင့် လူတိုင်းအတွက် ပညာရေးရည်မှန်းချက်ပန်းတိုင်အရ ၂၀၁၅ ခုနှစ်တွင် မူကြိုပညာသင်ကြားခွင့်ရရှိသည့် ကလေးသူငယ်အရေအတွက်သည် ၂၅ ရာခိုင်နှုန်း ပြည့်မီရေးအတွက် ဌာနအခြေပြုလုပ်ငန်းသာမက ရပ်ရွာအခြေပြုလုပ်ငန်းများကို ၂၀၀၇ ခုနှစ်မှ စတင်၍တိုးချဲ့ဆောင်ရွက်ခဲ့ပါတယ်။ ရပ်ရွာအတွင်းရှိ အသက် ၃ နှစ်အောက် ကလေးများ၏ ဘက်စုံ ဖွံ့ဖြိုးရေးအတွက် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့နှင့်ပူးပေါင်း၍ ရပ်ရွာရှိ မိခင်များအား ကလေး ပြုစုပျိုးထောင်ခြင်းဆိုင်ရာ အသိပညာပေးခြင်းတို့ကို စတင်ဆောင်ရွက်ပြီး ရပ်ရွာအတွင်းတွင်လည်း မိခင်ဝိုင်း ၁၉၀ ဝိုင်းကို တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ မြို့နယ် ၁၉ မြို့နယ်တွင် ဖွဲ့စည်း တည်ထောင်ခဲ့ပြီး ရပ်ရွာအခြေပြုစနစ်ဖြင့် ပြုစုပျိုးထောင်ပေးလျက်ရှိပါတယ်။ ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်း၊ ပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စေတနာ့ဝန်ထမ်း မူကြိုကျောင်းများတည်ထောင်ခြင်း၊ ရပ်ရွာအခြေပြု ကလေးသူငယ်ပြုစု စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မိဘနှင့် ရပ်ရွာလူထုသို့ အသိပညာပေးခြင်း၊ ကလေးပြုစုစောင့်ရှောက်သူများအား စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ များနှင့် သင်တန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိပါတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် မူကြိုကျောင်းများတွင် ကလေး များအား မှန်ကန်သောနည်းစနစ်ဖြင့် ပြုစုပျိုးထောင်နိုင်ရေးအတွက် ရှေးဦးကလေးသူငယ် ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေကို ရေးဆွဲလျက်ရှိပါတယ်။ ထို့အပြင် ရှေးဦးကလေးဘဝ အရွယ် အသက် ၈ နှစ်အောက် ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေးနှင့် အာဟာရ၊ ကာကွယ်စောင့်ရှောက်ရေး၊ ကလေးများ၏ မိခင်များနှင့် ဆက်စပ်နေသည့် စီးပွားရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ ကဏ္ဍပေါင်းစုံပါဝင်သော ရှေးဦးဘဝကလေး သူငယ်ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒကို သက်ဆိုင်ဆက်စပ်သည့်ဌာနများ၊ နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပပညာရှင်များနှင့် ပူးပေါင်း၍ ၂၀၁၂ခုနှစ်၊ ဇွန်လမှစတင်၍ ရေးဆွဲလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။