ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံပွဲ ကျင်းပပြီးသည့်နောက်ပိုင်း ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ချဲထီ၊နှစ်လုံး၊ တစ်လုံးအပါအဝင် လောင်းကစားမှုများ ပြန်လည်ဦးမော့လာနေကြောင်း ကြားသိရပါတယ်။ လောင်းကစားမှုများ ပြန်လည် ဦးမော့လာခြင်းကြောင့် နိုင်ငံတော်ျမှ ဆောင်ရွက်လျက်ရှိသော ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိခိုက်မှာကိုလည်း ပြည်သူ့ကိုယ်စားလှယ်တစ်ဦးအနေဖြင့် စိုးရိမ်နေမိ ပါတယ်။ အထူးသဖြင့် နိုင်ငံတော်မှ ထုတ်ပေးထားသော ချေးငွေများ ပြန်လည်မပေးဆပ်နိုင်ကြမှာ ကိုလည်း တွေးမိတိုင်းရင်လေးနေရပါတယ်။ သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်တောင်ပိုင်း အပါအဝင် လောင်းကစားမှုများ ပပျောက်နိုင်စေရေးအတွက် နိုင်ငံတော်မှ မည်သို့မည်ပုံထိထိရောက်ရောက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ။ ယခုလက်ရှိဆောင်ရွက်နေသည် ဆိုပါကလည်း ဥပဒေစိုးမိုးမှုမရှိ သဖြင့် ယခုထက်ပိုမိုထိရောက်သည့်နည်းလမ်းများဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။
နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတော်တစ်ဝန်း တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးကိစ္စရပ်များ၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့ကို ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အဓိက အဟန့်အတားအနှောင့်အယှက်ဖြစ်စေတဲ့ နယ်မြေအသီးသီးမှာ ပျံ့နှံလျက်ရှိတဲ့ နှစ်လုံးထီ၊ သုံးလုံးထီ၊ ချဲထီအပါအဝင် လောင်းကစားမှုများ ကင်းစင်ပပျောက်ရေးအတွက်ကို ထိရောက်သော စီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိပါတယ်။ ခိုးမှု၊ လုယက်မှု၊ ဓားပြမှုများစတဲ့ပြစ်မှုကြီးများဟာ လောင်းကစားမှုက စအခြေခံပြီးတော့ ဖြစ်ပေါ်လာတဲ့အပြင် လောင်းကစားမှုများကြောင့် ပြည်သူလူထု ဆင်းရဲမှု ဖြစ်ပေါ်စေတဲ့အကြောင်းတစ်ရပ်ဖြစ်တဲ့အတွက် နောက်ဆက်တွဲအမှုကြီးများကို ကာကွယ် နိုင်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ လောင်းကစားမှုများကို စီမံချက်ရေးဆွဲပြီး ကာကွယ်တားဆီး ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ၂၀၁၁ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ပညာပေးကာလအဖြစ်သတ်မှတ်ပြီး ပြည်သူတစ်ရပ်လုံး လောင်းကစားမှုများကို ရှောင်ရှားကြစေဖို့ ပညာပေးဆောင်ရွက်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ကစပြီး အရှိန်အဟုန်မြှင့် ဖမ်းဆီးတဲ့ကာလအဖြစ် သတ်မှတ်ပြီး ဖမ်းဆီးအရေးယူ ဆောင်ရွက်နိုင်ဖို့ အထူးစီမံချက်တစ်ရပ် ရေးဆွဲ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီစီမံချက်များနှင့် ဖိဖိစီးစီး ဖမ်းဆီးအရေးယူခဲ့တဲ့အတွက် ရှမ်းပြည်နယ် အပါအဝင် တစ်နိုင်ငံလုံးမှာ လောင်းကစားသူများ လျော့နည်းလာခဲ့ပါတယ်။ အရေးယူဆောင်ရွက် ရာမှာလည်း လောင်းကစားသမားများနှင့် ဆက်နွယ်ပြီး မသမာမှုပြုလုပ်ကြတဲ့ တပ်ဖွဲ့ဝင်များ၊ လောင်းကစားမှုဖမ်းဆီးဖို့ တာဝန်ပျက်ခဲ့တဲ့၊ ပျက်ကွက်တဲ့ တပ်ဖွဲ့ဝင်များနှင့် လောင်းကစားသမားများ ဆီက လာဘ်ငွေယူတဲ့တပ်ဖွဲ့ဝင်များကို ရာထူးကြီးငယ်မရွေးစစ်ဆေးဖော်ထုတ် အရေးယူဆောင်ရွက် ခဲ့ပြီး လောင်းကစားမှုများလျော့နည်းပပျောက်တဲ့အထိ စီမံဆောင်ရွက်လျက်ရှိပါတယ်။ လောင်းကစား မှုပပျောက်ရေးအတွက်ကို စီမံချက်ရေးဆွဲစတင်ဆောင်ရွက်ခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁ရက်နေ့ ကစပြီး ရှမ်းပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ လောင်းကစားမှုတွေကို ပိုမိုတိုး တက်ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိရာမှာ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ လောင်းကစားမှုပေါင်း ၂၁၆၅ မှု၊ တရားခံပေါင်း ၃၆၃၄ ဦး၊ လောင်းကြေးငွေပေါင်း ကျပ် ၁၆၀၄၂၁၃၈၄၊ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ အမှုပေါင်း ၂၈၀၁ မှု၊ တရားခံပေါင်း ၄၇၇၈ ဦး၊ လောင်းကြေးငွေပေါင်း ကျပ် ၂၀၈၁၃၃၃၂၀ ဖမ်းဆီးအရေးယူ ဆောင် ရွက်ခဲ့မှုများကို ဆောင်ရွက်ခဲ့ပါတယ်။ ရှမ်းပြည်နယ်မှာ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ လောင်းကစားမှုပေါင်း ၈၂ မှု၊ တရားခံပေါင်း ၁၉၅ ဦး၊ လောင်းကြေးငွေပေါင်း ၁၀၄၁၉၁၇၈ ကျပ်၊ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ အမှုပေါင်း ၈၇ မှု၊ တရားခံပေါင်း ၁၇၆ ဦး၊ လောင်းကြေးငွေပေါင်း ၁၃၁၃၇၃၃၀ ကျပ် တို့ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာ ပြုလုပ်တဲ့ ဘာသာရေးပွဲတွေနဲ့ ရိုးရာဓလေ့ ပျော်ပွဲ ရွှင်ပွဲများမှာ လောင်းကစားဝိုင်းတွေ မပါဝင်စေဖို့အတွက် သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းများ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့အစည်းများနှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ လောင်းကစားမှုပပျောက်ရေး အတွက်ကို စီမံချက်ရေးဆွဲဆောင်ရွက်နေပေမယ့်လည်း လောင်းကစားမှု ကျူးလွန်သူများက ကျူးလွန် ပုံ၊ ကျူးလွန်နည်းတွေဟာ ပြောင်းလဲနေသလို ဘာသာရေးနှင့်လူမှုရေးပွဲတော်တွေကို အကြောင်းပြပြီး ကျူးလွန်နေကြဆဲပဲ ဖြစ်ပါတယ်။ ဒီလောင်းကစားမှု လုံးဝပပျောက်တဲ့အထိ ဆောင်ရွက်နိုင်ခြင်း မရှိ သေးပေမယ့်လည်း လောင်းကစားမှု ပပျောက်ရေးကြီးကြပ်မှုကော်မတီနှင့် လောင်းကစားမှု အသိ ပညာပေးရေးအဖွဲ့များက ပညာပေးဟောပြောမှုတွေပြုလုပ်ပြီး လောင်းကစားမှု ကျူးလွန်လို့ရှိရင် ကျခံ ရမယ့်ပြစ်ဒဏ်တွေကိုသိရှိဖို့ ကြော်ငြာဆိုင်းဘုတ်တွေ စိုက်ထူခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေ ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။ တစ်ပြိုင်နက်တည်း တားဆီးနှိမ်နှင်းရေး အထူးအဖွဲ့များက လည်း အင်တိုက်အားတိုက်ဖမ်းဆီးခြင်းနှင့် ထိရောက်ဟန့်တားတဲ့ ပြစ်ဒဏ်များချမှတ်ခြင်း၊ လောင်း ကစားသူများ စာရင်းကောက်ယူရေးအဖွဲ့နှင့် လောင်းကစားသူများစာရင်း ကြီးကြပ်ရေးအဖွဲ့များက လောင်းကစားမှုပြုလုပ်လေ့ရှိသူ၊ ကျော်ဇောသတင်းရှိသူများကို စောင့်ကြည့်တာတွေလည်း ဆောင်ရွက်လျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ ဆင်းရဲနွမ်းပါးမှုလျှော့ချရန်အတွက် အဓိက အဟန့်အတားမှာ လောင်းကစားမှုများကြောင့် ဖြစ်ပေါ်နေသည်ဖြစ်ရာ လောင်းကစားသူများလျော့နည်းသွားပြီး လောင်းကစားမှုများ တဖြည်းဖြည်းလျော့နည်းပပျောက်သွားအောင် ဆောင်ရွက်ရာမှာ တာဝန်ရှိတဲ့ ဌာနဆိုင်ရာများသာမက တာဝန်သိပြည်သူများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ထိထိရောက် ရောက်ဟန့်တားနိုင်ဖို့ စီမံချက်များနှင့်အညီ အရှိန်အဟုန်နှင့် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
