ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးဟာ ကမ္ဘာ့အလယ်မှာ စီးပွားရေးအားဖြင့်ရော၊ ပညာရေး၊ ယဉ်ကျေးမှုအားဖြင့်ရော အလွန်တစ်ရာ ခေတ်နောက်ကျကျန်ရစ် နေတာ အများလက်ခံထားရတဲ့ အချက်အလက် အမှန်ပါပဲ။ အဲဒီတော့ ကျွန်တော်တို့ လွပ်လပ်ရေး ရယူ ဖို့ကြိုးစားတုန်းက ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ စကား တစ်ခွန်းလိုပါပဲ သူများတွေ ခြေလှမ်းတစ်လှမ်း လှမ်းရင် ကျွန်တော်တို့က ခြေလှမ်း သုံး၊လေး၊ငါး လှမ်း ကျဲနေအောင်လှမ်းမှ တော်ကာကျမယ်ဆိုတဲ့ အနေအထားကို အမှန်အတိုင်း ကျွန်တော်တို့ သိမြင်ဖို့ လိုပါတယ်။ အဲဒီတော့ကာ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ကျွန်တော်တို့ သြင်္ကန်ရုံးပိတ်ရက်ကို ၁၀ ရက် လို့ သတ်မှတ်လိုက်တာ ရှိပါတယ်။ ကျွန်တော်တို့က အရမ်းချမ်းသာနေရင်တော့ မပြောလိုပါဘူး။ ကျွန်တော်တို့ရဲ့ ကုန်ထုတ်စွမ်းအားတွေက အရမ်းမြင့်မားနေရင်တော့ မပြောလိုပါဘူး။ သို့သော် လည်းပဲ ကျွန်တော်တို့ရဲ့ ကုန်ထုတ်စွမ်းအားဟာ နိမ့်ပါတယ်။ ကျွန်တော်တို့ အလုပ်သမားတွေ၊ ပညာ ရှင်တွေ အားလုံးသော အလုပ်လုပ်သော ပြည်သူများရဲ့စွမ်းအားက နိုင်ငံတကာစံနှုန်းနဲ့ နှိုင်းယှဉ်တဲ့ အခါမှာ နိမ့်နေတာလည်း အများလက်ခံထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ အဲဒီအချိန် အဲဒီ ကာလအတွင်းမှာ ကျွန်တော်တို့က သြင်္ကန်ရုံးပိတ်ရက် ၁၀ ရက် ပိတ်လိုက်တယ်ဆိုတဲ့အခါကျတော့ ရုံးတော်တော်များများဟာ လဆန်းကတည်းကနေပြီးတော့ လူမရှိချင်တော့ပါဘူး။ အလုပ်တွေလည်း မလုပ်ချင်ကြတော့ပါဘူး။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်နှင့်ဆက်ရင် ဒါမှမဟုတ်လို့ရှိရင် တစ်ရက်၊ နှစ်ရက် လောက်ခြားလိုက်တယ်ဆိုရင်တော့ ပိုပြီးတော့ ဆိုးပါတယ်။ ဒါဟာလည်း ဖြစ်နိုင်ချေအလွန်များတဲ့ ကိစ္စဖြစ်လို့ နှစ်စဉ်လိုလိုပဲ အစိုးရရုံးများနဲ့ ဆက်သွယ်လုပ်ကိုင်ရမယ့် ကျွန်တော်တို့ ပုဂ္ဂိုလ် တစ်ဦးချင်း၊ ကုမ္ပဏီအဖွဲ့အစည်းစတာတွေ ဧပြီလဆိုရင် အလုပ်တွေကို ကြိုတင်ရှောင်ရှား၊ ဖယ်ရှား ပြီးတော့ ရွှေ့ဆိုင်းထားရပါတယ်။ ကျွန်တော်တို့ ဘာမဟုတ်တဲ့ စာအုပ်ကလေးထုတ်ဝေတဲ့လုပ်ငန်း ကအစ မတ်လလောက်ကတည်းက အပြီးသတ်နေရပါတယ်။ မေလဆန်းမှာပဲ အလုပ်စပြီးလုပ်ရတဲ့ သဘောတွေ့ကြုံရပါတယ်။ အဲဒီတော့ ဒီကိစ္စတွေက အရင်အစိုးရလက်ထက်က ဘယ်လိုစေတနာ သဘောတရားနဲ့ ပြုလုပ်တယ်ဆိုတာတော့ ဝေဖန်မနေတော့ပါဘူး။ ဝေဖန်နေစရာ အကြောင်းလည်း အကျိုးလည်းမရှိပါဘူး။ ဒါပေမယ့်လို့ ပြည်သူတွေ၊ ပြည်သူ့ဝန်ထမ်းတွေမှာရော ဒီလို ရုံးပိတ်ရက် ၁၀ ရက် လုပ်ပေးလိုက်တဲ့အတွက်ကြောင့် အကျိုးခံစားခွင့်တွေ အများကြီးရသွားကြသလားဆိုတော့ လူမှုရေးအရရော၊ စီးပွားရေးအရရော သိသိသာသာ အကျိုးခံစားခွင့်လည်း သိပ်မရကြပါဘူး။ ကျွန်တော့်မိတ်ဆွေ ရုံးဌာန၊ ပုဂ္ဂိုလ်တော်တော်များများကလည်း ရုံးသွားစောင့်ရတဲ့ အလုပ်တစ်ခုပဲ ပိုလာတဲ့သဘောရှိပါတယ်။ အဲဒီမှာ ရုံးပိတ်ရက် ၁၀ ရက်ဆိုပေမယ့်လို့လည်း ၅ ရက်တစ်သုတ်စီ ပြန်တက်ကြပါတယ်။ ရုံးပြန်စောင့်ကြရပါတယ်။ အဲဒီတော့ကာ တစ်ဖက်မှာကြတော့ ရုံးနဲ့ဆက်ဆံကြတဲ့ ကျန် ပြည်သူအများစုမှာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စတာတွေနဲ့ပတ်သက်ပြီးတော့ တော်တော်ပဲ ဒုက္ခဆင်းရဲရောက်ကြရတာ အဲဒါပဲ အဖတ်တင်ပါတယ်။ ဒီလို မလိုအပို အပေါ်ယံလုပ်နေတဲ့ ကိစ္စတွေကို ရိုးရိုးသားသားပွင့်ပွင့်လင်းလင်း ဝန်ခံပြီးတော့ သြင်္ကန်ရုံးပိတ်ရက်နှင့် ပတ်သက်ပြီးတော့ မေးရလို့ရှိရင် သြင်္ကန်အကျ၊ အကြတ်၊ အတက် ၃ ရက်နှင့် နှစ်ဆန်းတစ်ရက် စုစုပေါင်း ၄ ရက် ဒါမှမဟုတ်လို့ရှိရင် အကြတ် ၂ ရက်ကြတဲ့နှစ်ဆိုလို့ရှိရင် စုစုပေါင်း ၅ ရက် ဟိုးယခင်တုန်းကလိုပဲ ပြန်လည်သတ်မှတ်ရန် ရှိ၊မရှိ။ ဒါကို နောင်တိုင်းပြည်စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် တခြားသောနိုင်ငံများနှင့် ရင်ပေါင်တန်းလာနိုင်တဲ့ အချိန်ကျမှပြန်ပြီးတော့ နားရက်ရှည်ရှည်သတ်မှတ် ဖို့ လို၊ မလို ဒါကိုစဉ်းစားဖို့ ရှိ၊ မရှိဆိုတာလေး သိချင်တဲ့အတွက်ကြောင့် ကျွန်တော် မေးမြန်းရခြင်း ဖြစ်ပါသည်။
မဟာ သြင်္ကန်ရုံးပိတ်ရက်နှင့်ပတ်သက်လို့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရဲ့ ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ကြေညာခဲ့တဲ့ ကြေညာချက်အမှတ် (၁/၂၀၀၇) ဖြင့် ကျွန်တော်တို့ နှစ်သစ်ကူးရုံးပိတ်ရက်သတ်မှတ်ခြင်းကို သြင်္ကန်ပွဲတော်သည် မြန်မာလူမျိုးတို့ရဲ့ အထွတ်အမြတ်ထားရာ နှစ်သစ်ကူးအခါသမယ ဖြစ်ပါတယ်။ ထိုနှစ်သစ်ကူးအခါသမယတွင် မြန်မာ့ ရိုးရာရေပက်ဖြန်းကစားခြင်း၊ စေတီပုထိုးများအား ရေသပ္ပာယ်ခြင်း၊ ကျောင်းကန်ဘုရားများသို့ သွားရောက်၍ ဥပုသ်သီတင်းဆောက်တည်ခြင်း၊ သက်ကြီးရွယ်အို အဘိုးအဘွားများအား ကန်တော့ ခြင်း၊ အလှူအတန်းများပြုလုြပ်ခင်း စသည်တို့ ပြုလုပ်နိုင်ရန်နှင့် နိုင်ငံ့ဝန်ထမ်းများတစ်နှစ်တာအတွက် အနားယူအပန်းဖြေနိုင်စေရန်အလို့ငှာ နှစ်စဉ် သြင်္ကန်အကြိုနေ့မတိုင်မီ တစ်ရက်မှစ၍ ၁၀ ရက် တိတိကို ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နှစ်သစ်ကူး ရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်သည်လို့ ထုတ်ပြန်ကြေညာထားခဲ့ပါတယ်။ လက်ရှိအနေနဲ့လည်းပဲ မြန်မာလူမျိုးတို့ရဲ့ ကောင်းမွန်တဲ့အစဉ် အလာများကို ဆက်လက်ထိန်းသိမ်း ကျင့်သုံးသွားမှာဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
