(ခ)-B.O.T ယူထားသည့် ကုမ္ပဏီများအကြား စာချုပ် ချုပ်ဆိုထားသည့် စာချုပ်ပါအချက်များ ပြည်သူလူထုသို့ အသိပေးနိုင်ခြင်း ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ (၆.၈.၂၀၁၂)

အာဆီယံစာချုပ် များအရ လမ်းများမပျက်စီး ရန်ကုန်တန်ချိန်သတ်မှတ်ချက်ကို အများပြည်သူများမှသိရှိလိုက်နာနေရပါ တယ်။ သို့ရာတွင် B.O.T စနစ်ဖြင့်လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် B.O.T စာချုပ်နှင့်ပတ်သက်၍ လမ်းအကျယ်အဝန်း၊ လမ်းပြုပြင်ထိန်းသိမ်းမှုနှင့် လမ်းစံချိန်စံညွှန်းများကို မည်ကဲ့သို့ပြုပြင်ထိန်းသိမ်း ရန်နှင့် မည်ကဲ့သို့ကြီးကြပ်မည်။ လိုက်နာမှုမရှိပါကမည်ကဲ့သို့အရေးယူမည်။ စည်းကမ်းချက်များနှင့် ပတ်သက်ပြီးတော့ B.O.T ယူထားသည်‌့ကုမ္ပဏီများနှင့် ချုပ်ဆိုထားသည့်စာချုပ်ပါအချက်အလက် များကို အများပြည်သူတို့သိရှိအောင်ကြေညာပေးသင့်ပါတယ်။ သို့မှသာ ဆောက်လုပ်ရေးဝန်ကြီးဌာန အနေနဲ့ ပြည်သူလူထုနှင့် B.O.T ယူထားသည်‌့ကုမ္ပဏီများအကြား ပွင့်လင်းမျှတစွာဖြင့် မျှမျှတတ ဆောင်ရွက်နေတာကို ပိုမိုပေါ်လွင်ထင်ရှားစေမှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် B.O.T ယူထားသည်‌့ကုမ္ပဏီများအကြားစာချုပ်ချုပ်ဆိုထားသည်‌့ စာချုပ်ပါအချက်အလက် များကို ပြည်သူလူထုသို့အသိပေးနိုင်၊ မပေးနိုင်သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
‌ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်ပြည်သူနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း (Public Private Partnership) ပါ B.O.T စနစ်နဲ့ ဖောက်လုပ်ပြုပြင်အဆင်‌့မြှင့်တင်ရေး၊ လုပ်ငန်းလုပ်ကိုင်ရေးနှင့် လွှဲပြောင်းပေးရေး B.O.T (Build, Operate & Transfer) စနစ်ကို ၁၉၉၆ ခုနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနဟာ B.O.T ကြိုတင်ဆောင်ရွက်ခွင့် မူဝါဒ ၂၄ ချက် နှင့်ပြည်‌့စုံပါက လုပ်ငန်းကြိုတင်ဆောင်ရွက်ခွင့်ပြုပြီး ပဋိညာဉ်စာချုပ်မူကြမ်းအား ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှစိစစ်ကာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးမှခွင့်ပြုမိန့်ရရှိတာနဲ့ B.O.T ပဋိညာဉ် စာချုပ်ချုပ်ဆိုပါတယ်။ အဲ့ဒီ ကြိုတင်ဆောင်ရွက်ခွင့်မူဝါဒ ၂၄ ချက်ရှိပါတယ်။ အနှစ်ချုပ်တင်ပြခွင့် ပြုပါခင်ဗျား။

(၁)     တိုင်းဒေသကြီး၊ပြည်နယ်ဝန်ကြီးချုပ်များရဲ့တာဝန်ပေးအပ်လိုကြောင်း ထောက်ခံချက်ပါ ရှိရမည်။

(၂)     တိုင်းဒေသကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ လုပ်ငန်းဆောင်ရွက်နိုင်မှု ရှိကြောင်း ထောက်ခံချက်ပါရှိရမည်။

(၃)     သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အင်ဂျင်နီယာမှူးကြီးများ၊ လုပ်ငန်းခွင်အတွင်းရှိ ခရိုင်အင်ဂျင်နီယာမှူးများ၊ မြို့နယ်လက်ထောက်အင်ဂျင်နီယာများနှင့် မြို့နယ်ခွဲ အင်ဂျင်နီယာများရဲ့ လုပ်ငန်းဆောင်ရွက်နိုင်သည့်အခြေအနေရှိ၊မရှိနှင့် B.O.T ပေးမည့် လမ်းမိုင်အရှည်မှန်ကန်ကြောင်း ထောက်ခံချက်များပါရှိရမှာ ဖြစ်ပါတယ်။

(၄)     လုပ်ငန်းပိုင်းနှင့် ငွေရေးကြေးရေးအထောက်အထားများကိုလည်း ဖော်ပြရမှာဖြစ်ပါ တယ်။ ဒါတွေကတော့

(က) ကုမ္ပဏီမှတ်ပုံတင်လက်မှတ်

(ခ) ဒါရိုက်တာများစာရင်း

(ဂ) အစုရှယ်ယာများစာရင်း

(ဃ) ဘဏ်စုဆောင်းငွေနှင့် ရင်းနှီးမြှုပ်နှံနိုင်မည့်ငွေကြေးပမာဏ

(င) မရွှေ့မပြောင်းနိုင်သောပစ္စည်းပိုင်ဆိုင်မှုနှင့်တန်ဖိုး

(စ) ဆောင်ရွက်လျက်ရှိသော အခြားစီးပွားရေးလုပ်ငန်းများတို့ဖြစ်ပါတယ်။

(၅)     ကုမ္ပဏီရဲ့သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းများပါရှိရမှာဖြစ်ပါတယ်။

(၆)     လမ်းတံတားလုပ်ငန်းဆောင်ရွက်မည်‌့ လက်ရှိစက်ယာဉ်ယန္တရားစာရင်းကိုတင်ပြရမှာ ဖြစ်ပါတယ်။

(၇)     ကျောက်ထုတ်စခန်းဆောင်ရွက်မည်‌့နေရာ၊ ကျောက်ခွဲစက်နှင့် ကျောက်ကျင်းပြုလုပ် မည့်နေရာများကို မြေပုံနှင့်တကွပြည့်စုံစွာဖော်ပြရမှာဖြစ်ပါတယ်။

(၈)     လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လက်ရှိလမ်းတံတား အင်ဂျင်နီယာအင်အား၊ ကျွမ်းကျင်သူဝန်ထမ်းနှင့် လုပ်သားအင်အားစုဆောင်းထားရှိမှု နှင့် ဖွဲ့စည်းထားရှိမှု အခြေအနေများကို တင်ပြရမှာဖြစ်ပါတယ်။

(၉)     B.O.T စနြစ်ဖင့်လမ်းအသုံးပြုခကောက်ခံလိုသည်‌့ လမ်းအမည်နှင့် လမ်းမိုင်များကို လည်း တင်ပြရမှာဖြစ်ပါတယ်။ ၎င်းလမ်းအပိုင်းအား ဆောင်ရွက်မည့်လုပ်ငန်းစီမံချက် ကိုလည်း ပူးတွဲတင်ပြရမှာဖြစ်ပါတယ်။

(၁၀)    လမ်းတံတားအသုံးပြုခကောက်ခံသည့်စခန်းများနေရာ (Toll Gate) မြေပုံနှင့် ဖော်ပြ ရမယ်။ ၎င်းစခန်းတည်ဆောက်သည်နှင့် တန်ချိန်ကတ္တား (Weighbridge) တပ်ဆင် ရမည်။

(၁၁) လမ်းတံတားအသုံးပြုခ ကောက်ခံသည့်နှုန်းထားများအား ဌာနမှသတ်မှတ်ပေးထားသော နှုန်းထားများအတိုင်းသာ ကောက်ခံသွားရမှာဖြစ်ပါတယ်။

(၁၂)    အုပ်ချုပ်ရေးမှူးရုံးဖွင့်လှစ်မည်‌့နေရာ၊ လမ်းပြုပြင်ရေးစခန်းချထားမည့်နေရာများကို မြေပုံနှင့်တကွပြည့်စုံစွာဖော်ပြရမှာဖြစ်ပါတယ်။

(၁၃)    ဆောက်လုပ်ရေးဝန်ကြီးဌာနမှခွင့်ပြုချက်ရရှိပြီး ၇ ရက်အတွင်း လုပ်ငန်းခွင်သို့စတင် ဝင်ရောက်ရမှာဖြစ်ပါတယ်။ ၂ ပတ်အတွင်း ကုမ္ပဏီဆိုင်းဘုတ်တပ်ဆင်ရမှာဖြစ်ပါတယ်။

(၁၄)    ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ခွင့်ပြုချက်ရရှိပြီး ၃ လအတွင်း B.O.T အဆိုပြုလွှာအား ဝန်ကြီးဌာနစိစစ်ရေးအဖွဲ့များသို့ တင်ပြနိုင်ရေးဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

(၁၅)    B.O.T ယူပြီး လုပ်ငန်းဆောင်ရွက်မှု အားနည်းမှုရှိပါက လမ်းကိုအဖွဲ့ဖြင့်စစ်ဆေးပြီး သတ်မှတ်ရက်အတွင်း ကောင်းအောင်လုပ်ရန်နှင့် ကောင်းအောင်မလုပ်နိုင်ပါက လုပ်ထုံးလုပ်နည်းနှင့်အညီ လမ်းကိုပြန်လည်သိမ်းခြင်း၊ ကုမ္ပဏီအသစ်အား ထပ်မံ ချပေးခြင်းများဆောင်ရွက်သွားမှာဖြစ်ပါတယ်။

(၁၆)    သက်ဆိုင်ရာနယ်မြေရှိ တိုင်းဒေသကြီး၊ပြည်နယ်ဝန်ကြီးချုပ်များမှ ဆက်လက်တာဝန် ပေးရန်မသင့်ကြောင်း အကြောင်းကြားလာပါက ၎င်းလမ်းအားဘုတ်အဖွဲ့ဖြင့် စစ်ဆေး ပြီး ပြန်လည်သိမ်းခြင်းတို့ကိုဆောင်ရွက်ကာ ကုမ္ပဏီအသစ်အား ထပ်မံချပေးခြင်းတို့ကို ဆောင်ရွက်မှာဖြစ်ပါတယ်။

(၁၇)    တာဝန်ယူထားသောလမ်းမိုင်သည် ရှည်နေပြီး လမ်းလုပ်ငန်းလုပ်ရာတွင် မနိုင်မနင်း အခက်အခဲဖြစ်ပါက တာဝန်ယူထားသောလမ်းကို ပြန်လည်အပ်နှံရန်နှင့် ၎င်းအပ်နှံ သောလမ်းပိုင်းကို အခြားအသစ်လျှောက်လာသော ကုမ္ပဏီအားလုပ်ပိုင်ခွင့်ပေးမှာဖြစ် ပါတယ်။

(၁၈)    လအလိုက်လုပ်ငန်းဆောင်ရွက်မည့် စီမံချက်ကိုရေးဆွဲပြီး သက်ဆိုင်ရာမြို့နယ် အင်ဂျင်နီယာများရဲ့ ထောက်ခံချက်ဖြင့် တင်ပြရမှာဖြစ်ပါတယ်။

(၁၉)    လအလိုက်လုပ်ငန်းစီမံချက်အပေါ် လုပ်ငန်းပြီးစီးမှုကို သက်ဆိုင်ရာမြို့နယ် အင်ဂျင်နီယာများ၏ စိစစ်အတည်ပြုချက်နှင့်အတူ တင်ပြရမှာဖြစ်ပါတယ်။

(၂၀)    လအလိုက်ပစ္စည်းစုဆောင်းမှု၊ သုံးစွဲမှုနှင့်လက်ကျန်များကို ဖော်ပြရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကျောက်အရွယ်အစားအလိုက်၊ သဲ၊ ကတ္တရာ၊ ဘိလပ်မြေ၊ သံချောင်း၊ စက်သုံးဆီအမျိုးမျိုးတို့ ဖြစ်ပါတယ်။

(၂၁)    လအလိုက်စက်၊ယာဉ်၊ယန္တရားများ၏ ကောင်း၊ပြင်၊ပျက်၊ လေလံစာရင်းများအား ပြုစု တင်ပြရမှာဖြစ်ပါတယ်။

(၂၂)    လအလိုက်အသစ် ထပ်မံရောက်ရှိလာတဲ့ စက်၊ယာဉ်၊ယန္တရားနှင့် အကြောင်းအမျိုးမျိုး ကြောင့်လျော့နည်းသွားသော စက်၊ယာဉ်၊ယန္တရားစာရင်းတို့ကို တင်ပြရမှာဖြစ်ပါတယ်။

(၂၃)    နိုင်ငံခြားမှ မှာယူတင်သွင်းမည်‌့ ကတ္တရာ သို့မဟုတ် ပြည်တွင်းဝယ် ကတ္တရာများ ဝယ်မည်‌့အစီအစဉ်ကို ဝယ်ယူမှုအပိုင်း၊ မြန်မာပြည်ရောက်ရှိမှုအပိုင်း၊ လုပ်ငန်းခွင် ရောက်ရှိမှုအပိုင်း၊ သုံးစွဲမှုအပိုင်း၊ လက်ကျန်စသည်တို့ကို လစဉ်ပြုစုပေးပို့ရမှာဖြစ်ပါ တယ်။

(၂၄)    ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ အထူးတာဝန်ပေးအပ်ထားသည့် လုပ်ငန်းစစ်အဖွဲ့ ကြီး ၁၉ ဖွဲ့နှင့် အင်ဂျင်နီယာချုပ်များ၊ B.O.T လမ်းတည်ရှိရာ တိုင်းဒေသကြီး၊ပြည်နယ် အင်ဂျင်နီယာမှူးများ၊ လုပ်ငန်းခွင်အတွင်းရှိ ခရိုင်အင်ဂျင်နီယာမှူးများ၊ လက်ထောက် အင်ဂျင်နီယာများနှင့် မြို့နယ်ခွဲအင်ဂျင်နီယာများမှ လုပ်ငန်းခွင်စစ်ဆေးခြင်း၊ အကြံပြု ခြင်း၊ ပူးပေါင်းကူညီဆောင်ရွက်ခြင်းတို့ကို လက်ခံရမှာဖြစ်ပါတယ်။ အခက်အခဲများ ကိုလည်း ပြန်လည်တင်ပြရမှာ ဖြစ်ပါတယ်။

B.O.T ပဋိညာဉ်စာချုပ်ပါ အချက် အလက်များကတော့ B.O.T သက်တမ်းကာလ နှစ် ၄၀ သတ်မှတ်ပေးထားပါတယ်။ တည်ဆောက် ချိန်ကာလ ၃ နှစ်အတွင်း သတ်မှတ်စံချန်စံညွှန်းအတိုင်း တည်ဆောက်ရာမှာ လမ်းလုပ်ငန်းများကို တစ်နေ့ပျှမ်းမျှယာဉ်စီးရေ AADT အရ လမ်းအကျယ်အားဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ B.O.T လုပ်ကိုင်ဆောင်ရွက်တဲ့ကုမ္ပဏီဟာ လမ်းလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတ်မှတ် ထားတဲ့ စံချိန်စံညွှန်းများအတိုင်း ဆောင်ရွက်ပြီးစီးပါက သက်ဆိုင်ရာ တိုင်းဒေသကြီး၊ပြည်နယ်အစိုးရ အဖွဲ့နှင့် အင်ဂျင်နီယာမှူးကြီးတို့ရဲ့ စိစစ်ထောက်ခံချက်များဖြင့် B.O.T နှုန်းနဲ့ စတင်ကောက်ခံခွင့် ရှိပါတယ်။ လမ်းများနည်းတူ တံတားများကိုလည်း တန် ၆၀ ခံနိုင်ဝန် သံကူကွန်ကရစ်တံတားများအဖြစ် တည်ဆောက်ပေးရမှာ ဖြစ်ပါတယ်။ ပေ ၁၈၀ အထက်ရှည်တဲ့ တံတားများအတွက် တံတားအသုံးပြု ခကို နိုင်ငံတော်မှတည်ဆောက်ပေးတဲ့တံတားများအား လေလံစနစ်ဖြင့်လည်းကောင်း B.O.T စနစ်ဖြင့် တည်ဆောက်တဲ့ တံတားများအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တွက်ချက်ခွင့်ပြုသည်‌့နှုန်းဖြင့် လည်းကောင်းကောက်ခံရမှာဖြစ်ပါတယ်။ လမ်းတည်ဆောက်ပြီးပါက လမ်းအသုံးပြုခကောက်ခံရငွေ မှ နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်နှုန်းထားများကတော့ ပထမ ၃ နှစ်ကို ကင်းလွတ်ခွင့်ပေး ပါတယ်။ ၄ နှစ်မြောက်မှ ၁၃ နှစ်မြောက်အထိ ၁၀ နှစ်ကို ၅ ရာခိုင်နှုန်းဖြစ်ပါတယ်။ ၁၄ နှစ်မြောက်မှ ၂၃ နှစ်မြောက်အထိ ၁၀ နှစ် ၁၀ ရာခိုင်နှုန်းဖြစ်ပါတယ်။ ၂၄ နှစ်မြောက်မှ ၃၃ နှစ်မြောက်အထိ ၁၀ နှစ်ကို ၁၅ ရာခိုင်နှုန်းဖြစ်ပါတယ်။ ၃၄ နှစ်မြောက်မှ ၄၀ နှစ်မြောက်အထိ ၇ နှစ်ကို ၂၀ ရာခိုင်နှုန်း နိုင်ငံတော်သို့ပေးသွင်းရမှာဖြစ်ပါတယ်။ ၄၀ နှစ်ကျော်ကာလအတွက် အချိန်တိုးမြှင့်ကောက်ခံခွင့် တင်ပြချိန်တွင် နိုင်ငံတော်မှသတ်မှတ်ထားတဲ့ရာခိုင်နှုန်းအတိုင်းပေးသွင်းရမှာဖြစ်ပါတယ်။

          သက်တမ်းကာလကို နှစ် ၄၀ ပြည့်ပြီးနောက် ဆက်လက်တိုးမြှင့်လိုပါကတစ်ကြိမ်လျှင် ၅ နှစ်စီ ဖြင့် ၃ ကြိမ်တိုးမြှင့်‌ပေးမှာဖြစ်ပါတယ်။ သက်တမ်းကာလပြီးဆုံးပါက ခွင့်ပြုထားတဲ့လမ်းတံတား၊ ဂိတ်နှင့် အဆောက်အဦများကိုဖောက်လုပ်ပြီးစီးချိန်ကရှိနေသော ကောင်းမွန်သည်‌့အနေအထား အတိုင်း ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ အဖိုးစားနားတစ်စုံတစ်ရာမရှိဘဲ လွှဲပြောင်းရမှာဖြစ်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားပုဂ္ဂလိကလုပ်ငန်းရှင်များအား လမ်းတံတား တည်ဆောက်ရေးလုပ်ငန်းများကို စိတ်ဝင်စားပြီးရင်းနှီးမြှုပ်နှံလာစေရန်နှင့် ရေရှည်စီမံကိန်းစီးပွားရေး စနစ်ကို တတ်ကျွမ်းလာစေရန်တို့ကိုရည်ရွယ်ပြီး တွန်းအားပေးဆောင်ရွက်စေခဲ့ပါတယ်။ သို့သော် လည်း လုပ်ငန်းဆောင်ရွက်ရာမှာ အားနည်းချက်များရှိခဲ့တာကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လုပ်ငန်းပြန်လည်ရုပ်သိမ်းပြီး အရေးယူဆောင်ရွက်ခဲ့ရတာတွေလည်းရှိပါတယ်။ ဥပမာအားဖြင့် နမ်‌့ခမ်း-ဗန်းမော်အပိုင်း၊ သာယာကုန်း-ဆဝမ်ကထောင်အပိုင်းစတာတွေကို လုပ်ငန်းပြန်လည်ရုပ်သိမ်း ခဲ့ရတာဖြစ်ပါတယ်။

          ဆောက်လုပ်ရေးဝန်ကြီးဌာန အနေနဲ့ B.O.T စနစ်ဖြင့် လမ်းတံတားများဆောင်ရွက်ခွင့်ပြုထားတဲ့ ကုမ္ပဏီများကို ကျွန်တော် တင်ပြခဲ့တဲ့အတိုင်း စာချုပ်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။