(က)-အမှတ် ၃ လမ်းမကြီးအား ၄ လမ်း သို့မဟုတ် ၆ လမ်းသြား လမ်းမကြီးအဖြစ် အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ (၆.၈.၂၀၁၂)

ရန်ကုန်-နေပြည်တော် အမြန်လမ်းနှင့် တစ်ဆက်တည်းဖြစ်တဲ့  ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်အတွင်းမှာ အမှတ်(၃)လမ်းမကြီး တည်ရှိပါတယ်။ အဲဒီ အမှတ် (၃) လမ်းမကြီးဟာ ယာဉ်ကြော နှစ်ခုပဲရှိပါတယ်။ အဲဒီလို ယာဉ်ကြောနှစ်ခုရှိပြီး ဆိုက်စီး Bus များ၊ ကုန်တင် ၁၀ဘီးကားများ၊ မြို့တွင်းယာဉ်လိုင်းများဟာ အဆက်မပြတ်သွားလာနေပါတယ်။ လူဦးရေ လည်း ထူထပ်တဲ့အတွက်ကြောင့်မို့လို့ ယာဉ်အန္တရာယ်များ မကြာခဏဖြစ်ပြီးတဲ့အခါမှာ အသက်များ ဆုံးရှုံးရတာကို တွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက်  အမှတ်(၃) လမ်းမကြီးအား ၄ လမ်း သို့မဟုတ် ၆ လမ်းသွားလမ်းမကြီးအဖြစ် အမြန်ဆုံးဆောင်ရွက်ပေး နိုင်မှုရှိ၊ မရှိ သိရှိလိုပါတယ်။ ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်အချိန်ကာလတွင် စတင် ဆောင်ရွက်မည်ဖြစ်ကြောင်း ဖြေကြားပေးပါရန် မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးနှင့် တစ်ဆက်တည်းဖြစ်တဲ့ အမှတ်(၃) လမ်းမကြီးဟာ ယာဉ်ကြောအသွားအပြန် ၂ လမ်းသာ ရှိခြင်းကြောင့် ယာဉ်အန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေး အတွက် ၄ လမ်းသွား သို့မဟုတ် ၆ လမ်းသွားလမ်းမကြီးအဖြစ် အမြန်ဆုံးဆောင်ရွက်ပေးနိုင်မှုရှိ၊ မရှိ နှင့် ရှိခဲ့လျှင် မည်သည့်အချိန်တွင် စတင်ဆောက်လုပ်မည်ကို သိရှိလိုသည့်မေးခွန်းအား ရှင်းလင်း ဖြေကြားသွားမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်အတွင်း မှာရှိတဲ့ အမှတ်(၃)လမ်းမကြီးဟာ ၉ မိုင် ၂ ဖာလုံ ရှည်လျားပြီးတော့ မက်စ်မြန်မာဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်က B.O.T စနစ်နှင့် ဆောက်လုပ်လျက်ပါတယ်။ အဆိုပါ လမ်းများအား ဖြတ်သန်း သွားလာလျက်ရှိတဲ့ တစ်နေ့ပျမ်းမျှ ယာဉ်စီးရေစာရင်း AADT(Annual Average Daily Traffic) ပေါ်မူတည်ပြီးတော့ လမ်းအကျယ်အား သတ်မှတ်ရတာ ဖြစ်ပါတယ်။ ဒီလမ်းကြီးပေါ်မှာ သွားလာနေတဲ့ ယာဉ်စီးရေ သတ်မှတ်ချက်များကို ပြန်လည်ပြီးတော့ ဆန်းစစ်တဲ့အခါမှာ စံနှုန်းလေးတွေ ရှိပါတယ်။ အဲဒီစံနှုန်းလေးတွေကတော့ ယာဉ်စီးရေ ၅၀ အောက်ဆိုရင် ၁၂ ပေထားပါတယ်။ ၅၀ အထက်မှ ၂၀၀ အထိဆိုရင် ၁၆ ပေ ဖြစ်ပါတယ်။ ၂၀၀ ကနေပြီးတော့ ၅၀၀ အထိဆိုရင် ၁၈ ပေ ဖြစ်ပါတယ်။ ၅၀၀  ကနေ ၁၀၀၀ အထိဆိုရင် ၂၂ ပေ ဖြစ်ပါတယ်။ ၁၀၀၀ ကနေ ၂၅၀၀ အထိဆိုရင် ၂၄ ပေဖြစ်ပါတယ်။ ၂၅၀၀ ကနေ ၅၀၀၀ အထိဆိုရင် ၄၈ ပေအကျယ်ထားပါတယ်။ ၅၀၀၀ အထက်ဆိုရင်တော့ ၇၂ ပေအကျယ်ရှိတဲ့ ၆ လမ်းသွားလမ်းမကြီးကို တည်ဆောက်မှာ ဖြစ်ပါတယ်။  ယခု အမှတ် (၃)လမ်းမကြီး ပေါ်မှာ ဖြတ်သန်းသွားလာတဲ့ AADT ယာဉ်စီးရေစာရင်းကတော့ ၂၈၀၆ စီး ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ၎င်းအမှတ် (၃) လမ်းမကြီးကို လက်ရှိ ၂၂ ပေ လမ်းအကျယ်ကနေပြီးတော့ ၄၈ ပေအကျယ် ကတ္တရာလမ်းအဖြစ် ဆောင်ရွက်သွားရန် ဆောက်လုပ်ရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မက်စ်မြန်မာဆောက်လုပ်ရေးကုမ္ပဏီ လီမိတက်မှ တိုးချဲ့ဆောင်ရွက်သွားရန် အကြောင်းကြားပြီး ဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မက်စ်မြန်မာ ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်မှ အမှတ်(၃)လမ်းမကြီး ၉ မိုင် ၂ ဖာလုံအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မင်္ဂလာဒုံမဲဆန္ဒနယ်မှ ဦးတင်မောင်ဝင်း မေးမြန်းထားတဲ့အတိုင်း ၂၂ ပေအကျယ်မှ ၄ လမ်းသွား ၄၈ ပေ အကျယ်အထိ လမ်းတာဘောင်ဆောင်ရွက်ခြင်းအား လာမယ့်ပွင့်လင်းရာသီမှာ ဆောင်ရွက်သွားမှာ ဖြစ်ပြီးတော့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ကတ္တရာလမ်းအဆင့်ပြီးစီးအောင် စီမံချက်ချ၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။