(က)-၁၉၄၅ ခုနှစ် ငွေတိုးချထားသူများအက်ဥပဒေအရ တရားဝင်မှတ်ပုံတင်ခြင်းမပြုဘဲ တရားမဝင် ငွေတိုးချစားသူအား ဖော်ထုတ်အရေးယူရန်နှင့် ဆင်းရဲသားများအား လိမ်လည်တရားစွဲဆို ခံနေရခြင်းကို ကာကွယ်ပေးမည့် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
သာကေတမြို့နယ် အပါအဝင် ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ မြို့နယ်နှင့်ကျေးရွာအချို့မှာ တရားမဝင်ငွေချေးစားသူများ ရှိနေပါတယ်။ စာချုပ်အလွတ်ပေါ်မှာ လက်မှတ်ရေးထိုးစေခြင်း၊ လက်ဗွေပုံစံများ နှိပ်ယူခြင်း၊ မှတ်ပုံ တင်များ ရယူပြီးတော့ ငွေချေးခြင်းများ ခေတ်စားနေကြပါတယ်။ ငွေချေးယူသူများမှာ ဆင်းရဲနွမ်းပါး သူများ ဖြစ်ပြီးတော့ လက်လုပ်လက်စားများ ဖြစ်ပါတယ်။ ဥပဒေကို နားမလည်တဲ့ရိုးသားသူများ ဖြစ်ကြပါတယ်။ အရေးပေါ်ဒုက္ခတွေ့နေချိန်မှာ လိုအပ်နေတဲ့ငွေကို ချေးငှားရရှိခြင်းကိုပင် ကျေးဇူးတင်နေရသူများ ဖြစ်ကြပါတယ်။ စာချုပ်အလွတ်မှာ လက်မှတ်ရေးထိုးကြခြင်းမှာ အလွန်အန္တရာယ်များ ကြောင်း မသိရှိသူများလည်း ဖြစ်ပါတယ်။ တချို့ငွေချေးသူများမှာ အိမ်ွမေအရောင်းအဝယ်စာချုပ် လုပ်ပြီးတော့ ငွေချေးနေရတာကိုလည်း တွေ့ရှိရပါတယ်။ ငွေတိုးချေးစားသူများအနေနဲ့ ၁၉၄၅ ခုနှစ် ငွေတိုးချစားသူများ အက်ဥပဒေအရ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိဘဲ စီးပွားဖြစ်လုပ်ကိုင်နေသူများ ဖြစ်ပါတယ်။ ငွေချေးယူသူများ အနေနဲ့ အတိုးဟာအရင်းထက်များလာပြီးတော့ ဆက်လက်၍ အတိုးမပေးနိုင်တဲ့အခါမှာ ငွေချေးစားသူများအနေနဲ့ ဥပဒေပညာရှင်များနဲ့ပူးပေါင်းပြီးတော့ ရယူထား တဲ့စာချုပ်အလွတ်ပေါ်မှာ မိမိကြိုက်သလို ဖြည့်စွက်ပြီး စာချုပ်အင်္ဂါရပ်နဲ့ညီအောင်ဆောင်ရွက်ခြင်း၊ တရားစွဲဆိုခြင်းများကို ပြုလုပ်ကြပါတယ်။ ငွေချေးယူသူများအနေနဲ့ အိမ်များ၊ ွမေများသိမ်းဆည်းခံရ ခြင်း၊ အချို့ဆိုလို့ရှိရင် ထောင်ကျသည်အထိ ခံစားရပြီးတော့ ဘဝပျက်တဲ့အထိ ဖြစ်နေတာကို ကျွန်တော် တွေ့ရှိနေရပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ငွေချေးယူ သူများအနေနဲ့ တရားရုံးကို ရောက်တဲ့အခါမှာ စာချုပ်အလွတ်ပေါ်မှာ လက်မှတ်ရေးထိုးရကြောင်း စာချုပ်ပါရေးသားချက်များမှာ မမှန်ကန်ပါကြောင်း မိမိကဲ့သို့ မတရားခံရသူများ ရှိကြောင်း သက်သေပြ ထွက်ဆိုခဲ့ကြသော်လည်း များသောအားဖြင့် တရားရုံးများအနေနဲ့ စာချုပ်အင်္ဂါရပ်ညီ၊ မညီ။ ငွေရယူ ထားခြင်း ရှိ၊ မရှိကိုသာ အဓိကထားပြီးတော့ စစ်ဆေးဆုံးွဖတ်အပြစ်ပေးနေတာ တွေ့ရှိနေရပါတယ်။ လက်တွေ့တကယ်အဖြစ်မှန်ပေါ်လွင်အောင် စစ်ဆေးခြင်းများ အားနည်းနေ တဲ့အတွက် ဆင်းရဲသားများအနေနဲ့ နစ်နာမှုများ ရှိနေပါတယ်။ ဒါကြောင့် အောက်ပါမေးခွန်းများကို မေးမြန်းခွင့်ပြုရန် လေးစားစွာဖြင့် တင်ပြအပ်ပါတယ်။ (က) ၁၉၄၅ ခုနှစ် ငွေတိုးချစားသူများ အက်ဥပဒေအရ တရားဝင်မှတ်ပုံတင် ခြင်းမပြုဘဲ စာချုပ်အလွတ်ရယူပြီးတော့ ဥပဒေနဲ့ညီညွတ်ရန် လုပ်ကြံဖန်တီး၍ တရားမဝင်ငွေတိုးချ စားသူများအား ဖော်ထုတ်အရေးယူနိုင်ခြင်း ရှိ၊/မရှိ။ (ခ) ဥပဒေနားမလည်သည့် ဆင်းရဲသားများအား လိမ်လည်တရားစွဲဆိုခံနေရခြင်းကို ကာကွယ်ပေးမည့် အစီအစဉ်များ ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဆင်းရဲနွမ်းပါးသူများအနေနဲ့ မိမိတို့ရဲ့ပစ္စည်းပစ္စယများကို ပေါင်နှံ၍ ငွေချေးယူနိုင်ရေးအတွက် အပေါင်ဆိုင်လုပ်ငန်းများနဲ့ ငွေတိုးချေးခြင်း လုပ်ငန်းများကို စနစ်တကျလုပ်ကိုင်နိုင်ရန် နိုင်ငံတော်မှ မြို့တော်စည်ပင် သာယာရေးဥပဒေများ၊ စည်ပင်သာယာရေးအဖွဲ့ဥပဒေ၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေနဲ့ Money Lender Act, 1945 တို့ကို ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ ဒီ Money Lender Act, 1945 ပုဒ်မ ၅ နဲ့ ပုဒ်မ ၆ တို့တွင် ငွေချေးသည့်လုပ်ငန်းနဲ့စပ်လျဉ်း၍ ခွင့်ပြုချက်ရယူရန် နှင့် မှတ်ပုံတင်ပြုလုပ်ရန် ပြဋ္ဌာန်းထားပြီးဖြစ်ရာ ဥပဒေနဲ့အညီ လိုင်စင် သို့မဟုတ် ခွင့်ပြုချက်ရယူပြီး မှသာ လုပ်ငန်းကို စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ လိုင်စင်မဲ့ငွေတိုးချေးစားသူများကို အရေးယူခြင်းနဲ့ပတ်သက်ပြီး ဒီ Money Lender Act, 1945 ပုဒ်မ ၅ နှင့် ပုဒ်မ ၆ တို့အရ ငွေချေးသည့်လုပ်ငန်းနှင့်စပ်လျဉ်း၍ ခွင့်ပြုချက်မှတ်ပုံတင်မရှိဘဲ ငွေတိုးချေးစားသည့်လုပ်ငန်း ဆောင်ရွက်ပါက အဆိုပါလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်သူအား ယင်းအက်ဥပဒေပုဒ်မ ၁၇ အရ တရားစွဲ အရေးယူနိုင်မှာဖြစ်ပြီး ပြစ်မှုထင်ရှားပါက ငွေဒဏ်ဖြစ်စေ၊ သုံးလအထိ ထောင်ဒဏ်ဖြစ်စေ၊ ပြစ်ဒဏ် နှစ်ရပ်စလုံးကို ဖြစ်စေ ကျခံရမည် ဖြစ်ကြောင်း ဖော်ပြပြဋ္ဌာန်းထားပါတယ်။ ဒါ့အပြင် အသေးစား ငွေရေးကြေးရေးလုပ်ငန်းဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ(က)အရ အသေးစားငွေကြေးထုတ်ပေးခြင်းလုပ်ငန်းသည် အသေးစားငွေရေးကြေးရေး လုပ်ငန်းဆိုသည့် စကားရပ်၏အဓိပ္ပာယ်ဖော်ပြချက်တွင် ပါဝင်ပါ တယ်။ ယင်းဥပဒေပုဒ်မ ၅၄ အရ လုပ်ပိုင်ခွင့်လိုင်စင်မရှိဘဲ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းရဲ့ လုပ်ငန်းလုပ်ပိုင်ခွင့်မရှိကြောင်း တားမြစ်ထားပြီး ယင်းတားမြစ်ချက်ကို လိုက်နာရန်ပျက်ကွက်ပါက ပုဒ်မ ၅၇ အရ ငွေဒဏ်ဖြစ်စေ၊ ၅ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။ ပေါင်နှံခြင်း၊ အပေါင်ခံခြင်းနဲ့ ငွေချေးငှားခြင်းတို့မှာ ပြည်သူများအကြား တွင် အခါအားလျော်စွာ ရှိနေကြရာ တစ်ဖက်နှင့်တစ်ဖက် ငွေကြေးနှင့်စပ်လျဉ်း၍ အငြင်းအခုံဖြစ်ကြသည့်အခါတွင် ပြစ်မှုကြောင်းအရ ဖြစ်စေ၊ တရားမကြောင်းအရ ဖြစ်စေ တရားစွဲဆိုခြင်း၊ အမှုဖွင့် တိုင်တန်းခြင်းများ ရှိလာကြပါတယ်။ တရားလိုဖြစ်သူ၊ ငွေချေးသူက စွပ်စွဲခံရသူဖြစ်သည့် ငွေချေးငှားသူအား လိမ်လည်ရယူခြင်း၊ ယုံကြည်အပ်နှံမှုဖောက်ဖျက်ခြင်းများဖြင့် အကျုံးဝင်အောင် ဖော်ပြစွပ်စွဲသည့် နည်းတူ စွပ်စွဲခံရသူများဘက်ကလည်း အတိုးဖြင့် ငွေချေးယူခြင်းဖြစ်ကြောင်း ခုခံလေ့ရှိကြပါ တယ်။ ယခုကဲ့သို့ အမှုကိစ္စများနဲ့ တရားရုံးသို့ ရောက်ရှိလာသည့်အခါ အထက်ပါလိုင်စင် သို့မဟုတ် ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်သည့် လိုင်စင်မဲ့ငွေတိုးချစားခြင်းလုပ်ငန်း လုပ်ကိုင်သူများကို Money Lender Act, 1945 အရလည်းကောင်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေအရ လည်းကောင်း အရေးယူနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် တရားဝင်ခွင့်ပြုချက်မရှိဘဲ ငွေတိုး ချစားသူများကို ဖော်ထုတ်တိုင်ကြားလာပါက ၁၉၄၅ ခုနှစ် ငွေတိုးချထားသူများ အက်ဥပဒေအရ လည်းကောင်း အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေအရလည်းကောင်း အရေးယူ နိုင်သကဲ့သို့ အဆိုပါဥပဒေများွဖင့်လည်း ပြည်သူလူထုအား အကာအကွယ်ပေး ထားပါကြောင်း တင်ပြအပ်ပါတယ်။
ဆက်လက်ပြီး လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းတဲ့ မေးခွန်းပါပြဿနာမျိုး လျော့နည်းပပျောက် သွားစေရေးအတွက် တင်ပြလိုပါတယ်။ အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်းဟာ အခြေခံ လူတန်းစားရဲ့ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးလုပ်ငန်းများနဲ့ အထိရောက်ဆုံး လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ယင်းလုပ်ငန်းဟာ ဝင်ငွေနည်းမိသားစုများကို ဘဝအာမခံချက်ရှိသော ရေရှည်ခံ အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းများ ထူထောင်နိုင်ရန် အရင်းအနှီးများ ထုတ်ချေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာရန် နည်းပညာပေးခြင်း၊ ကိုယ်ပိုင်ရပ်တည်လာနိုင်ရန် ယုံကြည်မှုတည်ဆောက်ပေးခြင်းများကို ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ပြည်သူ့လွှတ်တော်က အသေးစားငွေရေးကြေးရေးဥပဒေကို အတည်ပြုပြဋ္ဌာန်း ပေးခဲ့ပြီး ဖြစ်ပါတယ်။ ယင်းဥပဒေနဲ့အညီ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများ စနစ်တကျဖွဲ့စည်းထူထောင်ပြီး အွခေခံလူတန်းစားအတွက် အသေးစားငွေကြေးဝန်ဆောင်မှု လုပ်ငန်းများအဖြစ် ဆင်းရဲနွမ်းပါးသူ ပြည်သူလူထု၏ လိုအပ်ချက်ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင် ရွက်ပေးမှုများ တိုးတက်ထွန်းကားပေါ်ပေါက်လာရန် ကြိုးပမ်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ဒီတာဝန်ကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီကနေ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
