(ဂ)-လက်နက်ကိုင်အဖွဲ့အစည်းများအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိပြီးနောက် မည်သည့်အတွက်ကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၃၀) ရက်မြောက်နေ့ (၂၀.၈.၂၀၁၂)

 

ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရန်အတွက် နိုင်ငံတော်သမ္မတကြီးမှ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီများဖွဲ့စည်းပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီး ကချင်ဒေသမှလွဲပြီး ကျန်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနဲ့ အပစ်အခတ်ရပ်စဲ ရေးသဘောတူညီမှုများရယူနိုင်ခဲ့တာကို သိရှိရပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့ပြီးတဲ့နောက် ရှမ်းပြည်နယ်ဒေသအချို့မှာ တိုက်ပွဲများဖြစ်ပွားလျက် ရှိနေကြောင်းလည်း ကြားသိနေရပါတယ်။ တိုက်ပွဲများရဲ့ ခါးသီးတဲ့အတွေ့အကြုံ ခံစားနေရတဲ့ပြည်သူများ၊ ငြိမ်းချမ်းရေးကို လိုလားနေ သော ပြည်သူများအနေနဲ့ စိတ်အေးနိုင်မှုမရှိဘဲ လက်နက်ကိုင်ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားလာမှာ ကိုစိုးရိမ်လျက်ရှိနေကြပါတယ်။ သို့ဖြစ်တဲ့အတွက် မေးမြန်းလိုသည်မှာ တပ်မတော်နှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိပြီး သဘောတူညီမှု လက်မှတ်ရေးထိုးပြီးတဲ့နောက် မည်သည့်အတွက်ကြောင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပါသနည်း။ အမှန်တကယ်အပစ်အခတ်ရပ်စဲရေးအတွက် မည်သို့ဆက်လက်ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထောင်စုငြိမ်းချမ်းရေးနှင်‌့ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း
အဖြေ

တိုင်းရင်းသားလက်နက်ကိုင်များ၊ တိုင်းရင်းသားများ၏အရေးကိစ္စမှာ မြန်မာနိုင်ငံလွတ်လပ်ရေးရချိန်မှစ၍ ဖြစ်ပေါ် လာတဲ့ အချိန်ကာလရှည်ကြာစွာဖြစ်ပွားခဲ့သောကိစ္စရပ်များ ဖြစ်သည်။ တစ်ဖက်နှင့်တစ်ဖက် သံသယ များပျောက်ပြီး အမှန်ဘဝရောက်ရန် ကြိုးစားကြဖို့လိုအပ်ပါတယ်။ နှစ်ပေါင်း ၆၀ ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်သောပြဿနာများကို  တစ်ရက်တည်း၊ တစ်ထိုင်တည်း ‌ွဖေရှင်းရန်မလွယ်ကူသော ကိစ္စရပ်များ လည်း ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးက ပြည်ထောင်စုငြိမ်းချမ်းရေးနှင်‌့ ဖော်ဆောင်ရေးမှာ  တိုင်းဒေသကြီးနှင်‌့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်နှင့် ပြည်ထောင်စုလွှတ်တော်အဆင်‌့ဟူ၍ အဆင်‌့ ၃ ဆင့်ပိုင်းခြား သတ်မှတ်ပြီး ဆောင်ရွက်သွားကြရန် လမ်းညွှန်ထားပါတယ်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တွင် လုပ်ငန်းတာဝန် ၅ ရပ်နှင့် ပြည်ထောင်စုအဆင့်တွင် လုပ်ငန်းတာဝန် ၈ ရပ်ကို မူဝါဒအဖြစ် အောက်ပါ အတိုင်းချမှတ်ခဲ့ပါတယ်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ဆောင်ရွက်ရန်ကိစ္စများ တင်ပြပါမယ်-

(၁)     နှစ်ဦးနှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုရပ်ဆိုင်းရန်ကိစ္စ၊

(၂)     နှစ်ဖက်သဘောတူညီမှု ညှိနှိုင်းရရှိထားသည့် သတ်မှတ်နေရာများတွင် နေထိုင်ရန် ကိစ္စ၊

(၃)     သတ်မှတ်နေရာမှအပ အခြားဒေသသို့ လက်နက်ဖြင့် သွားလာခြင်းမပြုရန်ကိစ္စ၊

(၄)     ဆက်ဆံရေးစကားများကို နှစ်ဖက်သဘောတူသည့် သင့်တော်ရာနေရာ၌ လက်နက်မပါ ထားရှိ ရန်ကိစ္စ၊

(၅)     ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ဆွေးနွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့ တရားဝင်ဖွဲ့စည်းပေးရန်နှင့် ဆွေးနွေးမည့်ရက်၊ အချိန်နှင့်နေရာ တို့ကို ညှိနှိုင်းရန်ကိစ္စများဖြစ်ပါတယ်။

          ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ဆောင်ရွက်ရန်လည်း မူဝါဒအဖြစ် ချမှတ် ပေးထားပါတယ်။

          (၁)     ပြည်ထောင်စုအတွင်းမှ မည်သည့်အခါမျှ ခွဲမထွက်ရ၊

          (၂)     ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့ကို သဘောတူရန်ကိစ္စ၊

          (၃)     စီးပွားရေးလုပ်ငန်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ နှစ်ဦးနှစ်ဖက် ပူးတွဲ၍ တရားဝင်ဆောင်ရွက်ရန်ကိစ္စ၊

          (၄)     မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများတိုက်ဖျက်ရေးအား ပူးပေါင်း ဆောင်ရွက်ရန်ကိစ္စ၊

          (၅)     ပါတီထူထောင်၍ ရွေးကောက်ပွဲဝင်ရန်ကိစ္စ၊

          (၆)     ဖွဲ့စည်းပုံအခြေခံဥပဒေအား လက်ခံရန်နှင့်ပြင်ဆင်လိုသည့် ကိစ္စများရှိက လွှတ်တော် အတွင်း၌ အများသဘောတူဆန္ဒနှင့်အညီ ဆောင်ရွက်ရန်ကိစ္စ၊

          (၇)     ထာဝရငြိမ်းချမ်းရေးအတွက် ဥပဒေဘောင်အတွင်းသို့ အပြီးအပိုင်ဝင်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တန်းတူညီတူ နေထိုင်၊ သွားလာ၊ လုပ်ကိုင်၊ စားသောက်ရန်ကိစ္စ၊

          (၈)     ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တစ်ခုတည်းသော လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် အသွင်ကူးပြောင်းရေးကို ညှိနှိုင်းဆောင်ရွက်ရန်ကိစ္စ ဖြစ်ပါတယ်။

          ယခုအခါမှာ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် သဘော တူညီချက်တွင် ပါရှိသည့် မူဝါဒ ၅ ချက်အနေနဲ့ အပစ်အခတ်ရပ်စဲရေးကို ဆောင်ရွက်ပြီးဖြစ် သော်လည်း အောက်ပါကိစ္စရပ်များကို ဆောင်ရွက်ဆဲဖြစ်ပါတယ်။ အဲဒီကိစ္စတွေကတော့ -

          (က)    နှစ်ဦးနှစ်ဖက်သဘောတူညီမှု ညှိနှိုင်းရရှိထားသည့် သတ်မှတ်နေရာများတွင် နေထိုင်ရန် ကိစ္စ၊

          (ခ)     သတ်မှတ်နေရာမှအပ အခြားနေရာသို့ လက်နက်ဖြင့် သွားလာခြင်းမပြုရန်ကိစ္စ၊

          (ဂ)     ဆက်ဆံရေးစခန်းများကို နှစ်ဖက်သဘောတူသည့် သင့်တော်ရာနေရာ၌ လက်နက်မပါ ထားရှိရန်ကိစ္စဖြစ်ပါတယ်။

          ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ထိတွေ့မှုဖြစ်စဉ်များမှာ လုပ်ငန်းစဉ်တွင် ပါရှိသည့် နှစ်ဖက်တပ်များ နေရာချထားခြင်း မပြုနိုင်သေးခြင်း၊ ဆက်ဆံရေးရုံးများ မဖွင်‌့လှစ်နိုင်သေးခြင်း တို့ကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း သုံးသပ်ရရှိပါတယ်။ တပ်မတော်၏ ဖြေကြားချက်ကိုလည်း ကျွန်တော်မှပဲ ကိုယ်စားဖြေကြားသွားမှာဖြစ်ပါတယ်။ တပ်နေရာချထားရေးနှင့် ပတ်သက်၍ ညှိနှိုင်းဆဲ ဖြစ်ပါတယ်။ RCSS, SSA အဖွဲ့ကို မုန်းထော်၊ မုန်းထနယ်မြေတွင် လည်းကောင်း၊ SSPT အဖွဲ့ကို  ဝိုင်ဟိုင်းနယ်မြေတွင်လည်းကောင်း နေရာချထားပေးရန် အကြမ်းဖျင်းအားဖြင့် သဘောတူညီထားခဲ့ပြီး အသေးစိတ် ဆက်လက်ဆောင်ရွက်ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ဆဲဖြစ်ပါတယ်။ ယင်းကဲ့သို့ ညှိနှိုင်းဆဲကာလတွင် ၎င်းအဖွဲ့များအနေဖြင့် လက်နက်များ ကိုင်ဆောင်လှုပ်ရှားမှုများ ရှိနေပြီး မိမိတို့တပ်မတော်သည် ပြည်သူများကိုကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည့်အတွက် မိမိလုံခြုံရေး တပ်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ပါတယ်။ KNU ငြိမ်းချမ်းရေး တပ်ဖွဲ့များနှင့်လည်း အလားတူ ညှိနှိုင်းဆဲကာလဖြစ်ပါတယ်။ သို့သော် KNU အဖွဲ့သည် အထက်ပါအဖွဲ့များကဲ့သို့ လက်နက်ကိုင်ဆောင်သွားလာမှုများမရှိသည့်အတွက် နယ်မြေတည်ငြိမ်အေးချမ်းပြီး ဒေသခံများ မှာလည်း စိတ်ချမ်းသာမှုရှိနေကြောင်း တွေ့ရှိရပါတယ်လို့ ဖြေကြားထားပါတယ်။ နိဂုံးချုပ်အနေနဲ့ နိုင်ငံတော်သမ္မတကြီးမှ ချမှတ်ပေးသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မူဝါဒများကို တစ်ဆင့်ပြီးတစ်ဆင်‌့ လုပ်ဆောင်ပြီးချိန်တွင် ဤကဲ့သို့ပြဿနာများ ကွယ်ပျောက်သွားမည်ဖြစ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အမြန်ဆုံးကြိုးပမ်း ဆောင်ရွက်ဖော်ဆောင် သွားမည်ဖြစ်ပါကြောင်းပါသည်။