(ဂ)-သူဌေးရေအားလျှပ်စစ်စီမံကိန်း၏ ပြောင်းရွှေ့ပေးခဲ့ရသော ကျေးရွာသူ/သားများအတွက် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိလိုသည် နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၂၄.၇.၂၀၁၂)

ရခိုင်ပြည်နယ် သံတွဲမြို့မှာ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းကို ဆောင်ရွက်လျက်ရှိနေပါ တယ်။ ရေအားလျှပ်စစ်စီမံကိန်းပြီးပါက ရေဝပ်ဧရိယာအတွင်းကို ကျရောက်မယ့် ကျေးရွာသုံးရွာ မယ်ဝရွာ၊ ပရစ်ရွာ၊ ရေကောက်ရွာဆိုပြီး ရွာသုံးရွာရှိပါတယ်။ ပင်မရေလှောင်တမံတည်ဆောက်မယ့် နေရာမှာကျရောက်တဲ့ မယ်ဝကျေးရွာကို တမံအုတ်မြစ်ရေစိမ့်တားနိုင်ရန် တည်ဆောက်ပြီးစီးသွားလို့ ၂၀၀၉ ခုနှစ် ဧပြီလကုန်ခန့်က ပထမဦးဆုံးပြောင်းရွှေ့နေရာချထားပေးခဲ့ပါတယ်။ သံတွဲခရိုင် ခယက၊ သံတွဲမြို့နယ် မယက၊ ရေအားလျှပ်စစ်စီမံကိန်းတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အိမ်ထောင်စု ၄၁ စု၊ လူဦးရေ ၁၈၆ ဦး၊ ဘုန်းကြီးကျောင်း တစ်ကျောင်းတို့ကို ကျေးရွာသစ်အဖြစ်အကွက်ရိုက်ပြီးတော့ လမ်းများဖောက်လုပ်ပေးခြင်း၊ နေအိမ်များဆောက်လုပ်ပေးခြင်းတို့ကို ဆောက်ရွက်ပေးခဲ့ပါတယ်။ မယ်ဝ ကျေးရွာသားများဟာ မူလက သူဌေးချောင်းကမ်းနားဘေးမှာ လယ်ယာများစိုက်ပျိုးလုပ်ကိုင် ပြီးတော့ အသက်မွေးခဲ့ပါတယ်။ မယ်ဝကျေးရွာသားများ လုပ်ကိုင်ကြတဲ့ လယ်မြေယာမြေများက လယ်မြေ ၅၂.၆၈ ဧကနှင့် ယာမြေ ၂၆.၇၉ ဧက၊ စုစုပေါင်း ၇၉.၄၇ ဧကဖြစ်ပြီးတော့ အဲဒီလယ်ယာမြေ တွေကို ကျေးရွာပြောင်းရွှေ့တဲ့အခါမှာ မူလနေရာမှာပဲ စွန့်ပစ်ပြီးတော့ ချန်ထားခဲ့ရပါတယ်။ အသစ် ပြောင်းရွှေ့လာတဲ့ကျေးရွာဟာ မူလကျေးရွာနဲ့ ၄ မိုင်လောက်ဝေးပါတယ်။ ကျေးရွာပြောင်းရွှေ့ပြီးတော့ အဲဒီလယ်ယာမြေများကို အစားထိုးဖော်ထုတ်ပေးမယ်ဆိုပြီးတော့ လျာထားချက်ရှိသော်လည်း ဒီနေ့ အထိ ဖော်ထုတ်ပေးခြင်းမရှိသေးပါ။ အခုအခါ ကျေးရွာသူကျေးရွာသားများမှာ အလုပ်အကိုင် အတည်တကျမရှိတဲ့အတွက်ကြောင့် ရေကြည်ရာမြက်နုရာ အလုပ်လုပ်ကိုင်တဲ့ နေရာများကိုသွား ရောက်လုပ်ကိုင်ကြပြီးတော့ ရွာမှာနေထိုင်ကြတဲ့သူ နည်းလာတဲ့အတွက်ကြောင့် နေအိမ်များလည်း ပျက်စီးယိုယွင်းလာကြပါတယ်။ ပြောင်းရွှေ့လာခဲ့တဲ့ ကျေးရွာသူကျေးရွာသားများရဲ့ လယ်ယာမြေ များကို အစားထိုးအသစ်ပြန်လည်ဖော်ထုတ်ပေးပါက မူလလယ်ယာလုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင် ပြီးတော့ ကျေးရွာမှာပဲပြန်ပြီးတော့ နေထိုင်နိုင်ကြမှာဖြစ်ပါတယ်။ ဒါအပြင် မူလပြောင်းရွှေ့စဉ်က အစိုးရပိုင်မြေလွတ်တောင်ကုန်းဆိုပြီးတော့ တောရှင်း၊ မြေညှိ၊ အကွက်ရိုက်၊ လမ်းဖောက် အိမ်နေရာ အကွက်တွေချပေးခဲ့ပါတယ်။ အခု ၂၀၁၂ ခုနှစ်၊ မေလဆန်းမှာ ကျေးရွာသူကျေးရွာသားများက အခုမိမိတို့ကို ပြောင်းရွှေ့နေရာချထားပေးတဲ့ အိမ်မြေနေရာများကို မူလပိုင်ရှင်များဆိုတဲ့သူတွေက အခုနေရာမှ ထွက်ခွာသွားရန် ထင်း၊ အိမ်သုံးဝါးပင်မခုတ်ရဆိုပြီးတော့ တားမြစ်ဟန့်တားနေပြီး အန္တရာယ်ပြုမယ့်အထိ အဓမ္မလုပ်ဆောင်လာကြတဲ့အတွက်ကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်တဲ့ ကျွန်တော်ဆီကို တင်ပြလာကြပါတယ်။ ဒါကြောင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး၊ ‌ွမေစာရင်းဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ရေအားလျှပ်စစ်စီမံကိန်းတို့မှာ တာဝန်ရှိတဲ့ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းကွင်းဆင်းပြီးတော့ ပိုင်ရှင်ဆိုတဲ့လူများနှင့် ယာယီ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ပါတယ်။ ကျေးရွာကိုပြောင်းရွှေ့စဉ်က မြေနေရာရှင်းလင်းပြီးတော့ ရွာတည်ပေး သော်လည်း မူလကတည်းက ကျေးရွာရဲ့နယ်နိမိတ်၊ ကျေးရွာပိုင်ဘုံမြေလွတ် စသည်ဖြင့်ကို တိတိကျကျ တိုင်းတာပြီးတော့ မှတ်တိုင်စိုက်သတ်မှတ်ပေးခဲ့ခြင်းမရှိလို့ဖြစ်ပါတယ်။ နှစ်ကြာလာတဲ့အခါမှာတော့ အခုလို အငြင်းပွားမှုများဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် တိကျတဲ့နယ်နိမိတ်များကို တိုင်းတာပြီးတော့ သတ်မှတ်ပေးနိုင်ပါရန် တင်ပြပါတယ်။ ကျန်ရှိနေတဲ့ ပုရစ်ရွာ၊ ရေကောက်ရွာ ရွာ နှစ်ရွာကတော့ မူလနေရာမှာပဲ ရှိနေသေးပြီးတော့ မပြောင်းရွှေ့ရသေးပါဘူး။ ရေအားလျှပ်စစ်စီမံကိန်း ပြီးလုနီးမှ ပြောင်းရွှေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် သူဌေးရေအားလျှပ်စစ်စီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရတဲ့ မယ်ဝကျေးရွာသူကျေးရွာသားများရဲ့ (၁) အလုပ်အကိုင်ဖြစ်သော လယ်ယာမြေ ၇၉.၄၇ ဧကအား ကျေးရွာအနီးတွင် ပြန်လည်ဖော်ထုတ်နေရာချထားပေးနိုင်ပါမည်လား။ (၂) နွေရာသီတွင် သောက်သုံး ရေအလွန်ရှားပါးသဖြင့် ကျေးရွာသို့ စိမ့်စမ်းရေသွယ်လုပ်ငန်းဖြင့် သောက်သုံးရေရရှိအောင် ဆောင်ရွက်ပေးနိုင်ပါမည်လား။ (၃) ကျေးရွာအတွင်းရှိ မူလဖောက်လုပ်ပေးခဲ့သော လမ်းတံတား များမှာ တောင်ကျရေတိုက်စားပြီး ပျက်စီးနေသဖြင့် ပြန်လည်ပြုပြင်ပေးနိုင်ပါမည်လား။ (၄) ကျေးရွာမှ ကလေးများစာသင်ကြားနိုင်ရန် အစိုးရမူလတန်းကျောင်း သို့မဟုတ် တွဲဖက် အမကအဖြစ် ဖွင့်လှစ် ဆောင်ရွက်ပေးနိုင်ပါမည်လားဟု မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်ဇော်
အဖြေ

အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဟာ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ သူဌေးရေအားလျှပ်စစ်စီမံကိန်း ၁၁၁ မဂ္ဂါဝပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ သူဌေးရေအားလျှပ်စစ်စီမံကိန်းမှာ ရေလှောင်တမံ ပါဝင်တည်ဆောက်ရမည်ဖြစ်တဲ့အတွက် ရေလှောင် တမံ ရေဝပ်ဧရိယာအတွင်း မယ်ဝကျေးရွာ၊ ပုရစ်ကျေးရွာ၊ ရေကောက်ကျေးရွာများ ကျရောက်နေတဲ့ အတွက် ကျေးရွာများပြောင်းရွှေ့ရေးစီမံချက်တစ်ရပ်ကို ၂၀၀၉ ခုနှစ်၊ ဧပြီလမှာ သံတွဲခရိုင် အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဦးဆောင်မှုဖြင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့် အာဏာပိုင်အဖွဲ့ အစည်းများ၊ ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်ဆောင်ရွက်သည့် ကျေးရွာပြောင်းရွှေ့နေရာချထားရေး စီမံချက်တစ်စောင် ပြုစုခဲ့ကြပါတယ်။ ကျေးရွာများအတွက် နေရာရွေးချယ်ရာမှာလည်း ကော်မတီဝင် များနှင့် ကျေးရွာတာဝန်ရှိသူများ အကြိမ်ကြိမ်ကွင်းဆင်း၍ ရွေးချယ်ခဲ့ရာ အတည်ပြုခဲ့သည့်နေရာမှာ တမံအောက်ဘက် ၄ မိုင်ခန့်အကွာ တောင်ကုတ်-သံတွဲ ကားလမ်းမကြီးမှ ၁ မိုင်ခွဲခန့်အကွာ စီမံကိန်း လက်ဝဲဘက်ချဉ်းကပ် လမ်းနံဘေးမှာ ရွေးချယ်နိုင်ခဲ့ကြပါတယ်။ အဆိုပါနေရာမှာ ကျေးရွာ ၃ ရွာ ပေါင်း၍ စုပေါင်းစံပြကျေးရွာအဖြစ်ဆောင်ရွက်ရန် စီမံခဲ့ကြခြင်းလည်းဖြစ်ပါတယ်။

          အဆိုပါ စီမံချက်အရ ၂၀၀၉ ခုနှစ်၊ မတ်လမှာ တမံစိမ့်ရေတားကွန်ကရစ်နံရံပြီးစီးပါက တမံအထက်ဘက် မိုင်ဝက်ခန့်အကွာမှာ အနီးကပ်ဆုံးရှိနေတဲ့ မယ်ဝကျေးရွာ အနိမ့်ပိုင်းများ ရေနစ်မြုပ်မည်ဖြစ်သဖြင့်လည်းကောင်း၊ စက်ယန္တရားကြီးများ လှုပ်ရှားဆောင်ရွက်ရာမှာ မတော်တဆ ထိခိုက်မှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက်လည်းကောင်း၊ ကြီးမားတဲ့တမံလုပ်ငန်းခွင်နှင့် နီးကပ်လွန်း၍လည်းကောင်း၊ ကြိုတင်ပြောင်းရွေ့ပေးရန် လိုအပ်လာတဲ့အတွက် ၂၀၀၉ ခုနှစ်၊ ဧပြီလမှာ စီမံချက်ပါ ကော်မတီအသီးသီးမှကြီးကြပ်ပြီး ရွှေ့ပြောင်းပေးခဲ့ပါတယ်။ ဦးစွာ ပြောင်းရွှေ့ ပေးခဲ့တဲ့ မယ်ဝကျေးရွာမှာ ထိုစဉ်က တောင်းခံခဲ့တဲ့စာရင်းအရ လူနေအိမ်ခြေ ၄၀ လုံး၊ အိမ်ထောင်စု ၄၁ စု၊ လူဦးရေ ၁၈၆ ဦးနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်းပါရှိရာ ပြောင်းရွှေ့ရေးနှင့် ပြန်လည် ဆောက်လုပ်ရေး၊ ရွာတွင်းလမ်းများ ဖောက်လုပ်ရေးတို့ကို စီမံချက်ပါကော်မတီများနှင့် ရွာသူရွာသား များပူးပေါင်းပြီး ဆောင်ရွက်ပေးခဲ့ပါတယ်။ ကျေးရွာရွှေ့ပြောင်းပေးခဲ့သော်လည်း မြစ်ရေလွှဲခြင်း လုပ်ငန်းမဆောင်ရွက်မီကာလအတွင်း မူလကျေးရွာဟောင်း၏ လယ်မြေအများစုမှာ ရေလွတ်နေသေး ခြင်းနှင့် အဓိကတမံလုပ်ငန်းများ မစတင်နိုင်သေးတဲ့အတွက်ကြောင့် ၎င်းတို့၏ မူလလယ်မြေများမှာ ယနေ့ အထိ သွားရောက်လုပ်ကိုင်စားသောက်နေကြကြောင်းလည်း တွေ့ရှိရပါတယ်။ မည်သို့ပင်ဖြစ် စေကာမူ မေးခွန်း (၁) ပါ လယ်မြေဖော်ထုတ်မှုနှင့်စပ်လျဉ်း၍ လာမည့်ပွင့်လင်းရာသီမှာ လယ်‌ွမေ ဖော်ထုတ်မှုများကို စီမံကိန်းနှင့် ဒေသအာဏာပိုင်အဖွဲ့အစည်းများညှိနှိုင်းပြီး စီမံချက်ပါအတိုင်း ပြန်လည်ဖော်ထုတ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။

ကျေးရွာရေရရှိရေးအတွက် မိုးရာသီမှာ စိမ်‌့စမ်းများစီးဆင်းနေတဲ့အတွက် အခက် အခဲမရှိသော်လည်း နွေရာသီရေရရှိရေးအတွက် စီမံကိန်းမှ ပစ္စည်းပံ့ပိုးမှုပြုပြီး မြို့နယ်စည်ပင် သာယာရေးအဖွဲ့ရဲ့ကြီးကြပ်မှုဖြင့် အလျားပေ ၂၀၀၀ ခန့်ရှိသော ပိုက်လိုင်းငယ်တစ်ခုကို ၂၀၁၂ ခုနှစ် နွေရာသီမှာ ဆောင်ရွက်ပေးခဲ့ပါတယ်။ သို့သော်လည်း ၎င်းရေထွက်မှ ရေလုံလောက်မှုမရှိတဲ့အတွက်  နွေရာသီမှာ ရေထွက်ကောင်းမယ့် စိမ့်စမ်းအသစ်များရှာဖွေ၍ ပိုက်လိုင်းတိုးချဲ့သွယ်တန်းခြင်း၊ ရေလှောင်ကန်များပြုလုပ်၍ စုဆောင်းစေခြင်းစနစ်များ ပြောင်းလဲပြုလုပ်ရမည်ဖြစ်ရာ လာမယ့် ပွင့်လင်းရာသီမှာ စီမံကိန်းနှင့် ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများညှိနှိုင်းပြီးတော့ အဆင်ပြေအောင် တိုးချဲ့ဆောင်ရွက်လုပ်ကိုင်ပေးသွားမည်ဖြစ်ပါကြောင်း မေးခွန်း(၂)အား ‌ဖြေကြား အပ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ ကျေးရွာသစ်‌ဖော်ထုတ်ပေးထားတဲ့နေရာဟာ စီမံကိန်းနှင့် သံတွဲ-တောင်ကုတ်လမ်း ဆက်သွယ်တဲ့ စီမံကိန်းချဉ်းကပ်လမ်းဘေးမှာ တည်ရှိသည့်အတွက် ကျေးရွာပြင်ပ ဆက်သွယ်ရေးလမ်းအတွက် အခက်အခဲမရှိပါဘူး။ သို့သော်လည်းပဲ ကျေးရွာတွင်းမှာ ဖောက်လုပ် ပေးထားတဲ့လမ်းများမှာ ထိန်းသိမ်းမှု အားနည်းခြင်းကြောင့်လည်းကောင်း၊ မိုးများရာဒေသဖြစ်သဖြင့် လည်းကောင်း ပျက်စီးမှုများရှိရာ စီမံကိန်းနှင့် သက်ဆိုင်ရာ ကျေးရွာသူကျေးရွာသားများ ပူးပေါင်းပြီး လာမယ့် ပွင့်လင်းရာသီမှာလည်းပဲ ပြန်လည်ပြုပြင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း မေးခွန်း နံပါတ် (၃)အား ရှင်းလင်း‌ဖြေကြားအပ်ပါတယ်။

မူလကျေးရွာ ၃ ရွာအနက် ပုရစ်ရွာနှင့် ရွာကောက်ရွာတို့မှာ မူလတန်းကျောင်း တစ် ကျောင်း စီရှိသော်လည်း မယ်ဝကျေးရွာမှာတော့ မူလတန်းကျောင်း ယခင်ကတည်းကမရှိပါဘူး။ ရွာများ ပြောင်းရွှေ့ပြီးစီးပါက စုပေါင်းစံပြကျေးရွာဖြစ်လာမယ့်နေရာမှာ ကျောင်းသားအင်အား ၁၅၀ ခန့်ထိ သင်ကြားနိုင်မယ့် မူလတန်းကျောင်းတစ်ကျောင်း စီမံချက်ပါရှိသော်လည်း ယခုအချိန်အထိ တစ်ရွာသာ‌ ပြောင်းရွေ့ရတဲ့အတွက် ကျောင်းသားအင်အား လွန်စွာနည်းပါးနေသေးရာ ယခုမယ်ဝရွာသစ်မှ ၃ မိုင် ခန့်အကွာမှာရှိတဲ့ ရွှေ‌လှေကျေးရွာ အထက်တန်းကျောင်းကို ကျွန်တော်တို့ရဲ့ သဌေးရေအား လျှပ်စစ်စီမံကိန်း ဝန်ထမ်းများရဲ့သားသမီးများ ကျောင်းသူကျောင်းသားများနှင့် ပူးပေါင်းပြီးတော့ နေ့စဉ် အသွားအပြန် ကျောင်းကားတစ်စီးွဖင့် အဆင်‌ွပေစွာသွားလာနိုင်ရေး စီမံဆောင်ရွက်ပေးထား ပြီးဖစ်ပါကြောင်း နောက်ဆုံးမေးခွန်းအား ရှင်းလင်းဖြေကြားပါသည်။