ယနေ့မြန်မာနိုင်ငံတော်မှာ လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်လို့ အများပြည်သူကလွန်စွာ တောင့်တနေ ပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနများကလည်းပဲ အစွမ်းကုန်ကြိုးစားဆောင်ရွက်နေတာကိုလည်း သိရှိ ရပါတယ်။ အထူးသဖြင့် မြို့ကြီးများမှာ လျှပ်စစ်ဓာတ်အား လျော့နည်းနေတာကို ရေတိုစီမံကိန်းနှင့် ဆောင်ရွက်နေတာကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်ရမှာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီး ကလည်း ဇွန်လအတွင်းမှာပြောသွားတဲ့မိန့်ခွန်းထဲမှာ ပြည်သူတစ်ရပ်လုံးအတွက် ၇၅ ရာခိုင်နှုန်းသော ပြည်သူများလျှပ်စစ်ဓာတ်အားလိုအပ်ချက်ဟာ မဂ္ဂါဝပ် ၁၇၀၀၀ ကျော်ရှိပြီး ၁၇၀၀၀ အတွက် ရင်းနှီးမြှုပ်နှံမှုဟာလည်းပဲ ၁၆ ဘီလီယံမှ ဘီလီယံ ၂၀ ကြားရှိ တယ်လို့မိန့်ကြားသွားပါတယ်။ ဒီလျှပ်စစ်ဓာတ်အားဟာ တစ်နှစ်ကို ၂ ဘီလီယံနှုန်းနဲ့ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ၁၀ နှစ်ခန့်ရှိမှ ပြည်သူ လိုအပ်တဲ့လျှပ်စစ်ဓာတ်အားရရှိနိုင်မယ်လို့ မိန့်ကြားသွားတာကိုလည်း မှတ်သားလိုက်ရပါတယ်။ မြန်မာနိုင်ငံမှာသုံးနေတဲ့လျှပ်စစ်များကတော့ သဘာဝဓာတ်ငွေ့၊ ဒီဇယ်၊ ရေအားလျှပ်စစ်များ အများဆုံး အသုံးပြုပြီးတော့ ရေအားလျှပ်စစ်ဟာဆိုလို့ရှိရင်တော့ အရင်းအနှီးတန်ဖိုး ရင်းနှီးမြှုပ်နှံမှုအများဆုံး ဖြစ်ကြောင်းကိုလည်းသိရပါတယ်။ ကျွန်တော်တို့ တခြားနိုင်ငံတွေမှာဆိုလို့ရှိရင် လျှပ်စစ်ဓာတ်အား မိမိတိုင်းပြည်ရဲ့အခြေအနေအရ ရှေ့လာမယ့်အခြေအနေတွေကိုမူတည်ပြီးတော့ ကြိုတင်ပြီးတော့စီမံ ဆောင်ရွက်ထားတာကိုလည်းတွေ့ရပါတယ်။ ဥပမာ- ယိုးဒယားနိုင်ငံမှာ ဆိုလို့ရှိရင် လျှပ်စစ်ဓာတ်အား ဟာ ယနေ့အချိန်မှာ မဂ္ဂါဝပ် ၁၀၀၀၀ ကျော်လောက်ပိုလျှံနေတာကိုလည်းပဲ ကြိုတင်စီမံထားတဲ့ အတွက် ပိုလျှံနေတာတွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်းပဲ ယခင်အစိုးရလက်ထက်က ကျွန်တော်တို့ ၂၀၀၅-၂၀၀၆ မှာ မဂ္ဂါဝပ် ၃၀၀၀ ကျော်ကနေပြီးတော့ ၂၀၁၅-၂၀၁၆ မှာ မဂ္ဂါဝပ် ၁၁၀၀၀ ကျော်၊ ၂၀၃၀-၂၀၃၁ မှာ မဂ္ဂါဝပ် ၂၃၃၀၀ ကျော်ရနိုင်အောင် စီမံဆောင်ရွက်ထားရှိကြ တာကိုလည်းသိရှိခဲ့ရပါတယ်။ ကျွန်တော်တို့ သဘာဝဓာတ်ငွေ့ပလက်ဖောင်းကနေပြီးတော့ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းတွေ ရန်ကုန်အထိရောက်အောင်လည်းပဲဆက်သွယ်ပြီးတာကိုလည်း ပဲသိရပါတယ်။ ဒါကြောင့် ပြည်သူများကနေပြီးတော့ မျှော်လင့်နေတဲ့လျှပ်စစ်ဓာတ်အား ရရှိနိုင်မှုနှင့်ပတ်သက်လို့ ကျွန်တော်မေးခွန်းမေးသွားမှာဖြစ်ပါတယ်။ ဒီနေ့ ယာယီဖြည့်ဆည်းဆောင်ရွက်ရန်မည်ကဲ့သို့ စီစဉ်နေ သည်ကိုသိလိုပါကြောင်းနှင့် နေရာဒေသအလိုက်၊ အချိန်ဇယားအလိုက် ရရှိနိုင်မှုအခြေအနေပမာဏ ကိုသိလိုပါတယ်။ ဒုတိယအနေနဲ့ မိမိပိုင်သဘာဝဓာတ်ငွေ့စက်များလည်ပတ်၍ လျှပ်စစ်ပမာဏ မည်မျှ မည်သည့်အချိန်တွင်ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည်ကိုလည်း သိလိုပါတယ်။ ထုတ်လုပ်ဖြန့်ဖြူးနိုင်မှုမရှိ ပါကလည်း မည်သည့်အတွက်ကြောင့်ဖြစ်သည်ကိုလည်း သိလိုပါတယ်။ အဓိကရေအားလျှပ်စစ်နှင့် ပတ်သက်လို့နှစ်အလိုက် ထုတ်လုပ်ရန် မည်ကဲ့သို့ဆောင်ရွက်ထားသည်၊ နှစ်အလိုက်ပမာဏမည်မျှ ရရှိမည်၊ အဆိုပါ ဆောင်ရွက်ထားမှုများသည် မိမိတို့ကိုယ်ပိုင်ဟုတ်၊ မဟုတ်ကိုလည်းသိလိုပါတယ်။ ဖက်စပ်စီမံကိန်းများဆိုပါကလည်း ဖက်စပ်ထုတ်လုပ်သူမည်မျှရရှိမည် ဖက်စပ်လုပ်ကိုင်ဆောင်ရွက် သည့်သက်တမ်း၊ ဆောင်ရွက်မည့်ကုမ္ပဏီတို့ကိုသိလိုပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ MOU လက်မှတ် ထိုးထားတဲ့လုပ်ငန်းများနှင့်ပတ်သက်လို့လည်းပဲ ဆောင်ရွက်မည့် ကုမ္ပဏီ၊ နိုင်ငံ၊ စတင်ထုတ်လုပ်မည့် အချိန်ကာလနှင့် ပမာဏတို့ကို မိမိတို့ရရှိနိုင်မည့်ပမာဏနှင့် အခြားအကျိုးအမြတ်စာချုပ်သက်တမ်း တို့အား နှစ်အလိုက်အကောင်အထည်ဖော်မည့်အစီအစဉ်နှင့်တကွ သိလိုပါတယ်။ အဓိကအားဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုဆိုင်ရာမူဝါဒများကို သိရှိလိုပါ ကြောင်းနှင့် ဆောင်ရွက်မည့်၊ ဆောင်ရွက်ဆဲလုပ်ငန်းစီမံကိန်းများနှင့်ပတ်သက်လို့ သိသင့်သိထိုက် သည့်အချက်များအား အချိန်ကာလအလိုက်ထုတ်ပြန်ပေးနိုင်ခြင်း ရှိ၊ မရှိသိလိုပါသည့်အတွက် မေးမြန်းပါသည်။
လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍ လျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်မည့်အရင်းအမြစ်များနှင့်ပတ်သက်၍ မေးမြန်းခြင်းမေးခွန်း(၁)နှင့် စပ်လျဉ်း၍ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ လက်အောက်မှာ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ ၁၉ ရုံ၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁ ရုံနှင့် အမှတ်(၂)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနရဲ့လက်အောက်မှာ သဘာဝဓာတ်ငွေ့နှင့် ရေငွေ့သုံးဓာတ်အားပေးစက်ရုံ ၁၅ ရုံ၊ စုစုပေါင်း လျှပ်စစ်စက်တပ်ဆင်အင်အား ၃၄၉၄.၉ မဂ္ဂါဝပ်ရှိပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ ကီလိုဝပ် နာရီ သန်းပေါင်း ၁၀၃၃၈.၀၈ ထုတ်လုပ်၍ မဟာဓာတ်အားလိုင်းကိုပို့လွှတ်ပေးခဲ့ပါတယ်။ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ လက်ရှိတည်ဆောက်ဆဲလျှပ်စစ်စီမံကိန်းများမှ ၂၀၁၅ ခုနှစ်တွင် နှစ်အလိုက်ပြီးစီးမည့်အခြေအနေများကိုတင်ပြရှင်းလင်းမှာဖြစ်ပါတယ်။ ပထမဦးဆုံးတစ်ခု ချီဖွေငယ် ရေအားလျှပ်စစ်စီမံကိန်းဖြစ်ပြီးတော့ ကချင်ပြည်နယ်မှာတည်ရှိပါတယ်။ လျှပ်စစ်စက်တပ်ဆင်အား ၉၉ မဂ္ဂါဝပ် ကီလိုဝပ်နာရီသန်းပေါင်း ၅၉၉ ထုတ်လုပ်နိုင်ပြီး ယခုအခါရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ပါတယ်။ သို့သော်လည်းလုံခြုံရေးအခြေအနေအရ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးနိုင်ခြင်းမရှိသေး ပါဘူး။ ဒုတိယတစ်ခုအနေနဲ့ ဖြူးချောင်းရေအားလျှပ်စစ်စီမံကိန်းဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီး အတွင်းမှာတည်ရှိပြီး စက်တပ်ဆင်အား ၄၀ မဂ္ဂါဝပ် ကီလိုဝပ်နာရီသန်းပေါင်း ၁၂၀ ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်းမှာပြီးစီးမှာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မိုးရာသီကာလ အတွင်းမှာစက်စတင်စမ်းသပ်လည်ပတ်မှာဖြစ်ပါတယ်။ တတိယတစ်ခုဖြစ်တဲ့ သောက်ရေခပ်(၂) ရေအားလျှပ်စစ်စီမံကိန်းဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီး အတွင်းမှာတည်ရှိပြီး စက်တပ်ဆင်အား ၁၂၀ မဂ္ဂါဝပ်ရှိကာ ကီလိုဝပ်နာရီသန်းပေါင်း ၆၀၄.၇ ထုတ်လုပ်နိုင်မှာဖြစ်ပြီး ဘဏ္ဍာရေးနှစ် ၂၀၁၃-၂၀၁၄ မှာပြီးစီးမှာဖြစ်ပါတယ်။ အလားတူ ၂၀၁၃ မိုးရာသီကာလမှာ ဓာတ်အားစတင်စမ်းသပ်ထုတ်လုပ် နိုင်မှာဖြစ်ပါတယ်။ စတုတ္ထတစ်ခုဖြစ်တဲ့ ဘီလူးချောင်း (၃) ရေအားလျှပ်စစ်စီမံကိန်းဖြစ်ပြီးတော့ ကယားပြည်နယ်အတွင်းမှာတည်ရှိပါတယ်။ စက်တပ်ဆင်အား ၅၂ မဂ္ဂါဝပ်နှင့် ကီလိုဝပ်နာရီ သန်းပေါင်း ၃၃၄ ဖြစ်ပါတယ်။ ပြီးစီးမယ့်ခုနှစ်က ဘဏ္ဍာရေးနှစ် ၂၀၁၃-၂၀၁၄ ဖြစ်ပြီး ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ စက်စတင်စမ်းသပ်လည်ပတ်မှာဖြစ်ပါတယ်။ နန့်ချိုရေအားလျှပ်စစ်စီမံကိန်းဟာ မန္တလေးတိုင်းဒေသကြီးအတွင်းမှာတည်ရှိပါတယ်။ စက်တပ်ဆင်အား ၄၀ မဂ္ဂါဝပ်ဖြစ်ပြီး ကီလိုဝပ် နာရီသန်းပေါင်း ၁၅၂ ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်းမှာ ပြီးစီးမှာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မိုးရာသီကုန်ကာလမှာစက်စတင် လည်ပတ်မှာဖြစ်ပါတယ်။ ဆဋ္ဌမတစ်ခု ဖြစ်တဲ့ အထက်ဘီလူးချောင်းရေအားလျှပ်စစ်စီမံကိန်း ဖြစ်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ တည်ရှိပြီး စက်တပ်ဆင်အား ၂၉ မဂ္ဂါဝပ်ဖြစ်ကာ ကီလိုဝပ်နာရီသန်းပေါင်း ၁၂၀ ဖြစ်ပါတယ်။ ပြီးစီး မယ့်နှစ်ကတော့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်းမှာဖြစ်ပါတယ်။ အဲ့ဒီစီမံကိန်းဟာ အင်းလေကန် ဒေသရဲ့နုန်းပို့ချမှုကိုလည်း အထိုက်အလျောက် ကာကွယ်ပေးမယ့်စီမံကိန်းလည်း ဖြစ်ပါတယ်။ သတ္တမ စီမံကိန်းတစ်ခုဖြစ်တဲ့ အထက်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းဟာ မန္တလေးတိုင်းဒေသကြီး အတွင်းမှာ တည်ရှိပြီတော့ ၁၄၀ မဂ္ဂါဝပ် စက်တပ်ဆင်အားရှိပြီး ကီလိုဝပ်နာရီ သန်းပေါင်း ၄၅၄ ထုတ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်းမှာ ပြီးစီးသွားမှာဖြစ်ပြီး ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှာစက်စမ်းသပ်လည်ပတ်မှာ ဖြစ်ပါတယ်။ သို့ဖြစ်၍ ၂၀၁၅ ခုနှစ်အတွင်း စုစုပေါင်းမဂ္ဂါဝပ်စက်တပ်ဆင်အား ၅၂၀ အထိရရှိလာမှာဖြစ်ပြီး ကီလိုဝပ်နာရီသန်းပေါင်း ၂၃၈၃.၇ အထိတိုးတက်ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။
ဆက်လက်၍ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကိုဖြည့်ဆည်ဆောင်ရွက်ရန် အမှတ်(၂)လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှဆောင်ရွက်ချက်များကို ဖတ်ကြားရှင်းလင်းတင်ပြမှာဖြစ်ပါတယ်။ အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်လုပ်ပေးတဲ့ လျှပ်စစ်ဓာတ်အားများနှင့် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်များမှ ထုတ်လုပ်တဲ့ လျှပ်စစ် ဓာတ်အားများကိုပေါင်းပြီး တစ်နိုင်ငံလုံးကိုထုတ်လုပ်ဖြန့်ဖြူးပေးပါတယ်။ လက်ရှိအခြေအနေမှာ တစ်နိုင်လုံးဓာတ်အားလိုအပ်ချက်ကို ရေအားလျှပ်စစ်ဓာတ်အာပေးစက်ရုံများအား အဓိကအားထား အသုံးပြုလျက်ရှိပါတယ်။ ဒါကြောင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများကို Base Load အဖြစ်အသုံးပြုမည့်အစား ကျောက်မီးသွေးလောင်စာသုံးစက်ရုံများ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အား ပေးစက်ရုံများကို Base Load အဖြစ်အသုံးပြုနိုင်ရေးအတွက် ကျောက်မီးသွေးစက်ရုံများ၊ သဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများ တိုးချဲ့ဆောက်လုပ်ရန် လျာထားဆောင်ရွက်လျက်ရှိပါတယ်။ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးဆောင်ရွက်ရာမှာ အမှတ်(၂)လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနအနေနဲ့ ယာယီဖြည့်ဆည်းဆောင်ရွက်ရန်ဟု သဘောထားမရှိဘဲ ရေတိုကာလဆောင်ရွက် ရန်စီမံဆောင်ရွက်လျက်ရှိပါတယ်။ ယခင် ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂ ကာလများ၏အမြင့်ဆုံး ဓာတ်အား လိုအပ်ချက်များကိုခန့်မှန်းလျက် လာမည့်ရေတိုကာလအဖြစ် သတ်မှတ်သည့် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်ကာလအတွင်း နှစ်စဉ်ဓာတ်အားလိုအပ်ချက်ပမာဏသည် ၁၅ ရာခိုင်နှုန်းတိုးတက်လာမည် ဟုခန့်မှန်းရရှိပါတယ်။ ရေတိုကာလဓာတ်အားလိုအပ်ချက်အဖြစ် ဖြည့်ဆည်းနိုင်ရန်အတွက် လက်ရှိ ရန်ကုန်မြို့မှာတည်ဆောက်ထားတဲ့ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်များအနက် Frane-6 GT ၆ လုံးအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများပြုလုပ်ရန်အတွက်လည်းကောင်း၊ ရွာမမှ NEDO H-25 သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ကို အကြီးစားပြုပြင်ရန်အတွက်လည်းကောင်း ဆောင်ရွက် လျက်ရှိနေပါတယ်။ ယင်းစက်များပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးပါက ၁၁၀ မဂ္ဂါဝပ်အထိ လျှပ်စစ်ဓာတ်အားများပိုမိုထွက်ရှိလာမှာဖြစ်ပါတယ်။ ရန်ကုန်၊ လှော်ကားမှာလည်း တရုတ်နိုင်ငံ အခြေစိုက် Hydrolancang Co;Ltd အနေနဲ့ ၅၄၃ မဂ္ဂါဝပ်ပမာဏရှိသော သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတစ်ရုံကိုလည်းကောင်း၊ သာကေတမှာ ကိုရီးယားနိုင်ငံအခြေစိုက် Busan Korea Biotechnology Co;Ltd အနေဖြင့် ၅၀၀ မဂ္ဂါဝပ်ပမာဏရှိသော သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံတစ်ရုံကိုလည်းကောင်း အသီးသီးတည်ဆောက်ရန် ညှိနှိုင်းဆွေးနွေးလျက်ရှိနေပါတယ်။ ၎င်း စက်ရုံများကို အဆင့်အလိုက်လည်း အကောင်အထည်ဖောက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ၎င်းအပြင် ထိုင်းနိုင်ငံအခြေစိုက် Toyo Thai Co;Ltd သည်လည်း ရန်ကုန်၊ အင်းစိန်မှာ ၁၀၀ မဂ္ဂါဝပ် ပမာဏရှိသော သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံတစ်ရုံကို အမြန်ဆုံးတည်ဆောက်ရန် ညှိနှိုင်း ဆွေးနွေးလျက်ရှိပါတယ်။ ၎င်းအပြင် ထိုင်းနိုင်ငံမှ EGAt အဖွဲ့နှင့်လည်း ၁၁၀ မဂ္ဂါဝပ် သဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံတစ်ရုံကို အမြန်ဆုံးတည်ဆောက်ရန် ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း ဖြေကြားအပ်ပါတယ်။
မေးမြန်းခြင်းမေးခွန်း(၂)နှင့် ပတ်သက်၍ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် စုစုပေါင်းစက်တပ်ဆင်အင်အား ၇၁၄.၉ မဂ္ဂါဝပ်ရှိသော သဘာဝဓာတ်ငွေ့နှင့် ရေနွေးငွေ့သုံးဓာတ်အားပေး စက်ရုံ ၁၀ ရုံမှ စက်အလုံးရေ ၃၁ လုံးအနက် ၂၄ လုံးလည်ပတ်လျက်ရှိပြီး လျှပ်စစ်ဓာတ်အား ၃၉၅ မဂ္ဂါဝပ်ခန့်ဖြင့် နေ့စဉ်ဓာတ်အား ထုတ်လုပ်ပေးလျက်ရှိပါတယ်။ အဆိုပါစက်များအား စက်စွမ်းအားပြည့်လည်ပတ်ရန်အတွက် နေ့စဉ် သဘာဝဓာတ်ငွေ့ကုန်းတွင်းကုဗပေသန်း ၃၀ နှင့် ကမ်းလွန်ကုဗပေ ၂၁၈ သန်း၊ စုစုပေါင်း ၂၄၈ သန်း လိုအပ်မှာဖြစ်ပါတယ်။ သို့သော် သဘာဝဓာတ်ငွေ့ကုန်းတွင်းကုဗပေ ၁၀ သန်း နှင့် ကမ်းလွန်ကုဗပေ ၁၇၃ သန်းခန့်၊ စုစုပေါင်းကုဗပေ ၁၈၃ သန်းခန့်သာနေ့စဉ်ရရှိသဖြင့် လျှပ်စစ်ဓာတ်အားနေ့စဉ် ၃၉၅ မဂ္ဂါဝပ်ခန့် သို့မဟုတ် နေ့စဉ်ဓာတ်အားယူနစ်သန်းပေါင်း ၉၅၀၀ ခန့်ထုတ်လုပ်ပေးလျက် ရှိကြောင်း ဖြေကြားအပ်ပါတယ်။
မေးခွန်းနံပါတ် (၃) ဖြစ်သော အဓိကရေအားလျှပ်စစ်နှင့်ပတ်သက်၍ နှစ်အလိုက် ထုတ်လုပ်ရန်မည်သို့ဆောင်ရွက်ထားသည်။ နှစ်အလိုက်ပမာဏမည်မျှရရှိမည်။ အဆိုပါဆောင်ရွက် ထားမှုများသည်မိမိကိုယ်ပိုင်ဟုတ်/မဟုတ်သိလိုပါကြောင်းနှင့်စပ်လျဉ်း၍ ၂၀၁၅ ခုနှစ်အထိပြီးစီးမည့် စီမံကိန်းများကိုမေးခွန်းနံပါတ်(၁)မှာဖြေကြားခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁ ခုနှစ်ကာလအတွင်းပြီးစီးမည့် ရေအားလျှပ်စစ်စီမံကိန်းများကို ရှင်းလင်းတင်ပြမှာ ဖြစ်ပါတယ်။ ပထမဦးဆုံးတစ်ခုဖြစ်တဲ့ အမ်းချောင်းရေအားလျှပ်စစ်စီမံကိန်း ရခိုင်ပြည်နယ်အတွင်းမှာတည်ရှိပြီး စက်တပ်ဆင်အင်အား ၁၀ မဂ္ဂါဝပ် ကီလိုဝပ်နာရီသန်းပေါင်း ၄၄ ထုတ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ ပြီးစီးနိုင်မည့်ခုနှစ်ကတော့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်းမှာဖြစ်ပါတယ်။ ဒုတိယသူဌေး ရေအားလျှပ်စစ်စီမံကိန်းဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာပဲတည်ရှိပြီး စက်တပ်ဆင်အင်အား ၁၁၁ မဂ္ဂါဝပ်ဖြစ်ကာ ကီလိုဝပ်နာရီသန်းပေါင်း ၃၈၆ ထုတ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်းမှာပြီးစီးမှာဖြစ်ပါတယ်။ တတိယတစ်ခုဖြစ်တဲ့ အထက်ကျိုင်းတောင်းရေအား လျှပ်စစ်စီမံကိန်းဟာ ရှမ်းပြည်နယ်တောင်ပိုင်းမှာတည်ရှိပြီးတော့ စက်တပ်ဆင်အင်အား ၅၁ မဂ္ဂါဝပ် ဖြစ်ကာ ကီလိုဝပ်နာရီသန်းပေါင်း ၂၆၇ ထုတ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မှာ ပြီးစီးမှာဖြစ်ပါတယ်။ စတုတ္ထတစ်ခုဖြစ်တဲ့ အထက်ရဲရွာစီမံကိန်းဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တည်ရှိပြီး စက်တပ်ဆင်အင်အား ၂၈၀ မဂ္ဂါဝပ်ဖြစ်ပါတယ်။ ကီလိုဝပ်နာရီသန်းပေါင်း ၁၃၃၀ ထုတ်လုပ် ပေးနိုင်မှာဖြစ်ပြီးတော့။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ပြီးစီးမှာဖြစ်ပါတယ်။ ပဉ္စမတစ်ခုဖြစ်တဲ့ ရွှေလီ(၃)ရေအားလျှပ်စစ်စီမံကိန်းကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးမှာ တည်ရှိ ပါတယ်။ စက်တပ်ဆင်အင်အား ၁၀၅၀ မဂ္ဂါဝပ်ဖြစ်ပြီး ကီလိုဝပ်နာရီသန်းပေါင်း ၃၅၀၀ ထုတ်လုပ် ပေးနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီစီမံကိန်းဟာ ကျွန်တော်တို့နိုင်ငံရဲ့တတိယမြောက် Roller Compacted Concrete လို့ခေါ်တဲ့ RCC Dam အမျိုးအစားလည်းဖြစ်ပါတယ်။ အဲ့ဒီစီမံကိန်းဟာ ဘဏ္ဍာရေးနှစ် ၂၀၂၀-၂၀၂၁ ခုနှစ်မှာပြီးစီးမှာ ဖြစ်ပါတယ်။ ယခုအခါမှာအဲ့ဒီစီမံကိန်းအတွက် Consultancy Services အနေနဲ့ ဆွစ်ဇာလန်နိုင်ငံရဲ့ အတိုင်ပင်ခံအင်ဂျင်နီယာ Consultant အနေနဲ့ AF ကိုလံကို အဖွဲ့ကိုငှားရမ်းပြီးတော့ အသေးစိတ် ဒီဇိုင်းပုံစံများထုတ်လုပ်ထားရှိပြီးလည်း ဖြစ်ပါတယ်။ သို့ဖြစ်၍ ၂၀၁၆-၂၀၁၇ မှ ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း စုစုပေါင်းစက်တပ်ဆင်အင်အား ၁၅၀၂ မဂ္ဂါဝပ်နှင့် ကီလိုဝပ်နာရီသန်းပေါင်း ၅၅၂၇ အထိ ပြီးစီးလာမှာဖြစ်ပါတယ်။ မေးခွန်း(၁)ပါ တင်ပြပြီးစီမံကိန်း များမှာ ချီဖွေငယ်ဟာ FDI စနစ်ဖြစ်ပြီး သောက်ရေခပ်(၂)၊ ဘီလူးချောင်း(၃)၊ အထက်ဘီလူးချောင်း စီမံကိန်းတို့ဟာ တိုင်းရင်းသားလုပ်ငန်းရှင်များရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်သော စီမံကိန်းများ ဖြစ်ပါတယ်။ ကျန်စီမံကိန်းများနှင့် ယခုတင်ပြသော စီမံကိန်းများသည် အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှတာဝန်ယူတည်ဆောက်သော နိုင်ငံပိုင်စီမံကိန်းများဖြစ်ကြောင်းနှင့် စီမံကိန်းအားလုံးမှ ထွက်ရှိလျှပ်စစ်ဓာတ်အားကို နိုင်ငံတော်အတွင်းသုံးစွဲသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ် ပါတယ်။
မေးခွန်းနံပါတ် (၄) နှင့် (၅) မှာဆက်စပ်လျက်ရှိတဲ့အတွက် တစ်ပေါင်းတည်းအသေး စိတ်ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်။ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဟာ ရေအား လျှပ်စစ်စီမံကိန်းများကို နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု FDI, JV, BOT စနစ်ဖြင့်ဆောင်ရွက်ရာမှာ အဆင့် ၅ ဆင့်ဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။ ပထမအဆင့်မှာ နားလည်မှုစာချွန်လွှာ MOU (Memorandum of Understanding) ဖြစ်ပြီးတော့ ၎င်းမှာ စူးစမ်းလေ့လာခွင့်ပြုခြင်းအဆင့်သာ ဖြစ်ပါတယ်။ စီမံကိန်းတည်ဆောက်ခွင့်ခွင့်ပြုခြင်းမဟုတ်သေးပါဘူး။ သာမန်အားဖြင့် စူးစမ်းလေ့လာ ပြီး စီမံကိန်းဆောင်ရွက်ရန်ဖြစ်နိုင်၊ မဖြစ်နိုင် Pre-Feasibility and Feasibility Study Report တင်ပြ သောအဆင့်ဖြစ်ပါတယ်။ ၎င်းအဆင့်အတွက် အချိန်ကာလအားဖြင့် အများဆုံး Pre-Feasibility Study ၁၂ လနှင့် Feasibility Study ၁၈ လ၊ စုစုပေါင်းလ ၃၀ ခွင့်ပြုပေးရပါတယ်။ ဆောင်ရွက်ရတဲ့လုပ်ငန်း များဟာလည်းများပြားပါတယ်။ ရေစီးနှုန်းတိုင်းတာခြင်း၊ ပုံစံထုတ်ခြင်း၊ စိန်လွန်တူးများတူးခြင်း၊ ရေ၏ အရည်အသွေးစမ်းသပ်ခြင်း၊ မြေကြီးကျောက်သားများ၏ အရည်အသွေးများ စမ်းသပ်ခြင်းစတဲ့ လုပ်ငန်းစဉ်များကိုဆောင်ရွက်ရတာလည်းဖြစ်ပါတယ်။ ခွင့်ပြုသောကာလအတွင်းမှာ အစီရင်ခံစာ မတင်ပြနိုင်ရင် MOU ပျက်ပြယ်ပါတယ်။ စူးစမ်းလေ့လာပြီး၍ စီမံကိန်းဆောင်ရွက်ရန်ဖြစ်နိုင်ခြေမရှိပါ ကလည်း MOU ပျက်ပြယ်ပါတယ်။ ၎င်း MOU ကိုလက်မှတ်ရေးထိုးနိုင်ရန်အတွက် ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနတို့ရဲ့သဘောထားမှတ်ချက်နှင့် ခွင့်ပြုချက်ရရှိရန်လည်းလိုအပ်ပါတယ်။ ၎င်းတို့ရဲ့ ခွင့်ပြုချက်၊ သဘောထားမှတ်ချက်များရရှိတဲ့အခါမှာ MOU စာချုပ်မူကြမ်းကို ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးမှာတင်ပြပြီးတော့မှ ပြည်ထောင်စုအစိုးရအဖွဲ့မှ သဘောတူခွင့်ပြုပါက MOU လက်မှတ်ရေးထိုးရပါတယ်။ ဒုတိယအဆင့်မှာ သဘောတူညီမှုစာချုပ် MOA (Memorandum of Agreement) ဖြစ်ပါတယ်။ ၎င်းအဆင့်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများမှလေ့လာပြုစုတင်ပြတဲ့ Feasibility Study Report တွင်ပါဝင်သည့် စီမံကိန်းတည်ဆောက်မည့်နေရာ၊ ပုံစံ၊ နည်းပညာနှင့် ပတ်သက်ပြီးတော့ အပြန်အလှန်စစ်ဆေးခြင်း၊ ဆွေးနွေးခြင်း၊ အတည်ပြုခြင်းတို့ပြုလုပ်ပါတယ်။ အတည်ပြုနိုင်ခဲ့ရင် စီးပွားရေးတွက်ချေကိုက်မှု၊ နှစ်ဖက်အကျိုးတူ Win-Win ဖြစ်မှုတို့ကိုအသေးစိတ် အချိန်ယူပြီးတွက်ချက်စစ်ဆေးခြင်းများပြုလုပ်ပါတယ်။ ၎င်းတို့ကို အတည်ပြုနိုင်ခဲ့လျှင် စာချုပ်မူကြမ်း ကို ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနတို့ရဲ့ သဘောထားမှတ်ချက်များ၊ အတည်ပြုချက်များရယူ၍ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကိုတင်ပြပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် MOA လက်မှတ်ရေးထိုးကြပါတယ်။ ဤအဆင့်လက်မှတ်ရေးထိုးနိုင်ရန်အတွက် အများဆုံးအချိန်ကာလ ၆ လ ခန့်ကြာမြင့်နိုင်ပါတယ်။ နောင်အရှည်တည်တံ့ခိုင်မာစေရန်အတွက် ထိုမျှအချိန်ယူဆောင်ရွက်ရခြင်း လည်းဖြစ်ပါတယ်။ တတိယအဆင့်အနေဖြင့် သဘောတူစာချုပ် MOA အပေါ်မူတည်လျက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို တင်ပြတဲ့အဆင့်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်တိုက်ဆိုင်စစ်ဆေးပါတယ်။ ဤအဆင့်မှာ ယခုအချိန် အခါ၌သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ လူမှုပတ်ဝန်းကျင်ထိခိုက်မှုလေ့လာချက်၊ ၎င်းတို့အပေါ်မှာ သက်ရောက်မှုလျော့နည်းအောင်ဆောင်ရွက်မှုအစီအမံနှင့် အာမခံချက်များကို ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၏ အတည်ပြုချက်လည်းရရှိရန် လိုအပ်ပါတယ်။ စတုတ္ထအဆင့် အနေနဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုအတည်ပြုချက်ရရှိလျှင် ဖက်စပ်သဘောတူ စာချုပ် JVA (Joint Venture Agreement) မူကြမ်းကို ပြုစုလျက် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနတို့သို့ ပေးပို့ကာ သဘောထားမှတ်ချက်၊ အတည်ပြုချက်များ ရယူရပါတယ်။ အတည်ပြုချက်ရရှိရင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကိုတင်ပြ၍ ခွင့်ပြုချက်ရရှိပါက ဖက်စပ်သဘောတူစာချုပ် (Joint Venture Agreement) ကိုလက်မှတ်ရေးထိုးရပါတယ်။ ပဉ္စမအဆင့်အားဖြင့် JVA(Joint Venture Agreement) လက်မှတ်ရေးထိုးပြီးရင် ဖက်စပ်ကုမ္ပဏီတည်ထောင်ခွင့်အတွက် အမျိုးသားစီမံကိန်း နှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနကို တင်ပြခွင့်ပြုချက်တောင်းခံရပါတယ်။ တရားဥပဒေအရ လုပ်ငန်းစီမံဆောင်ရွက်ခွင့်ပြုချက် (Legal Opinion) ရရှိရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးကို တင်ပြ ခွင့်ပြုချက်တောင်းခံရပါတယ်။ စီမံကိန်းလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခွင့် (Concession Right) ရရှိရန် သက်ဆိုင်ရာလျှပ်စစ်ဝန်ကြီးဌာနကိုလည်း ခွင့်ပြုချက်တောင်းခံရပါတယ်။ ရင်းနှီးမြှုပ်နှံမယ့် ပြည်ပကုမ္ပဏီသည် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနရဲ့ ကုမ္ပဏီ တည်ထောင်ခွင့်ပြုသည့် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ တရားဥပဒေအရ လုပ်ငန်းစီမံဆောင်ရွက်ခွင့် (Legal Opinion) သက်ဆိုင်ရာ လျှပ်စစ်ဝန်ကြီးဌာန၏ စီမံကိန်းလုပ်ငန်း လုပ်ကိုင်ခွင့် (Concession Right)၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ လက်မှတ်ရေးထိုးထုတ်ပြန်သော အခြားလျှပ်စစ်ဓာတ်အားထုတ်လုပ် ရေးလုပ်ငန်းဆောင်ရွက်ခွင့်ပြုခြင်း အမိန့်ကြော်ငြာစာတို့ရရှိမှသာ စီမံကိန်းအကောင်အထည်ဖော်ခွင့် အတည်ဖြစ်ပါတယ်။
ရှင်းလင်းတင်ပြခဲ့တဲ့အဆင့် ၅ ဆင့်အထိဆောင်ရွက်ပြီးမြောက်မှသာ စီမံကိန်းစတင် အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။ MOU လက်မှတ်ရေးထိုးပြီးဖြစ်သော နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့်စီမံကိန်းစုစုပေါင်း ၄၄ ခုနှင့် စက်တပ်ဆင်အင်အား ၄၂၁၄၅.၅ မဂ္ဂါဝပ်ရှိပြီး လက်ရှိအချိန်မှာ ၎င်းစီမံကိန်းများအနက်မှ ဖက်စပ်သဘောတူစာချုပ် (Joint Venture Agreement) လက်မှတ်ရေးထိုးပြီးအဆင့် စီမံကိန်း ၃ ခုသာရှိရာ ၎င်းစီမံကိန်း ၃ ခုအနက် စီမံကိန်းတစ်ခုဖြစ်သော မြစ်ဆုံကိုရပ်ဆိုင်းထားပါတယ်။ ကျန်စီမံကိန်းနှစ်ခုမှာလည်း လုံခြုံရေး အခြေအနေအရ စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်နိုင်ခြင်းမရှိသည့်အတွက် ပြီးစီးနိုင်မည့်နှစ်ကိုဖော်ပြနိုင်ခြင်းမရှိသေးပါကြောင်းရှင်းလင်းတင်ပြအပ်ပါတယ်။ MOU/MOA/JVA ဆောင်ရွက်ထားတဲ့ ကုမ္ပဏီ၊ နိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှုပမာဏအသေးစိတ်အား အချိန်ကိုငဲ့ကွက်၍ မဖတ် ကြားတော့ဘဲ ပါဝါပွိုင့်တွင်အသေးစိတ် တင်ပြထားရှိပါတယ်။
မိမိတို့မှာ ရရှိမည့်ပမာဏနှင့် အကျိုးအမြတ်ဆိုင်ရာနှင့်စပ်လျဉ်း၍ ယခင်အစိုးရ လက်ထက်လျှပ်စစ်စီမံကိန်းများဆောင်ရွက်ရာမှာ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လျှပ်စစ်ရောင်းချမယ့် Power Market ကို ၎င်းတို့၏အစီအစဉ်ဖြင့် ၎င်းတို့ကိုယ်တိုင်ရှာဖွေစီမံဆောင်ရွက်ရမည်ဖြစ်ပါ တယ်။ စီမံကိန်းပြီးစီးသွားတဲ့အခါ ထွက်ရှိလာတဲ့လျှပ်စစ်ကို ရောင်းချရန်ဈေးကွက်သေချာမှ လျှပ်စစ် ဝယ်ယူရောင်းချမည့်ကတိစာချုပ် Power Purchasing Agreement ကို ကြိုတင်ချုပ်ဆိုပြီးမှ ရင်းနှီးမြှုပ်နှံမည့်သူက စီမံကိန်းကို အကောင်အထည်ဖော်ပါတယ်။ ဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံတော်မှရရှိမယ့် အခမဲ့ဓာတ်အား၊ အခမဲ့ရှယ်ယာနှင့် နိုင်ငံတော်မှနည်းဥပဒေအရ ပြဋ္ဌာန်းထုတ်ပြန် ထားတဲ့အခွန်အခများရရှိရေးအတွက်လည်း စီမံဆောင်ရွက်လျက်ရှိပါတယ်။ အခမဲ့ဓာတ်အားနှင့် အခမဲ့ရှယ်ယာရာခိုင်နှုန်းများနှင့်ပတ်သက်၍ နှစ်ခုပေါင်း၂၅ ရာခိုင်နှုန်းအနည်းဆုံးသတ်မှတ်ထားပါ တယ်။ စီမံကိန်းတစ်ခုချင်းစီ၏သဘော သဘာဝအလိုက် ဥပမာ- စီမံကိန်းကုန်ကျစရိတ်၊ တပ်ဆင်စက် အင်အားစသဖြင့်ပေါ်မူတည်၍ Financial Model & Financial Analysis မတူနိုင်တဲ့အတွက် အခမဲ့ဓာတ်အားနှင့် အခမဲ့ရှယ်ယာအား ၁၀ ရာခိုင်နှုန်း သို့မဟုတ် ၁၅ ရာခိုင်နှုန်းသတ်မှတ်ခြင်း ဖြစ်ပါတယ်။ သို့သော်လည်း စီးပွားရေးဆိုင်ရာတွက်ခြေကိုက်မှုစိစစ်ချက်တွက်ချက်ရာမှာ အခြေခံ Parameter များအနေဖြင့် အတူတူပင်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ် (Static/ Dynamic Project Cost) တို့အပေါ်မူတည်၍ ယူဆချက်များ၊ Assumption များမတူညီခြင်းသာဖြစ်ပါတယ်။ စီးပွားရေးဆိုင်ရာတွက်ခြေကိုက်မှုစိစစ်ချက် Financial Analysis အရ နှစ်ဦးနှစ်ဖက် Win-Win Situation ဖြစ်ပေါ်တဲ့အခြေအနေဟာ နိုင်ငံတော်အတွက်ရရှိမယ့် အခမဲ့ဓာတ်အား (Royalty Power) ရာခိုင်နှုန်းအပြင် နိုင်ငံတော်အတွက်လိုအပ်ပါက စက်တပ်ဆင်အင်အားရဲ့ ၅၀ ရာခိုင်နှုန်းအထိအား Power Market ကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်ဈေးအတိုင်း ဝယ်ယူခွင့်လည်းရရှိမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် စက်တပ်ဆင်အင်အား ၆၀၀ မဂ္ဂါဝပ်ရှိသော ရွှေလီ(၁)စီမံကိန်းသည် လုပ်ပိုင်ခွင့်ကာလ နှစ် ၄၀ ဖြစ်ပြီး ၎င်းစီမံကိန်းမှအခမဲ့ ဓာတ်အား ၉၀ မဂ္ဂါဝပ်အပြင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးသည့် အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၏အဆိုပြုချက်အရ ၂၁၀ မဂ္ဂါဝပ်အထိတိုးတက်၍ စုစုပေါင်း ၃၀၀ မဂ္ဂါဝပ်ကိုလည်းကောင်း၊ တဖန် ၁၀၀ မဂ္ဂါဝပ်ပြန်လည်လျှော့ချ၍ ၂၀၀ မဂ္ဂါဝပ်ကိုလည်းကောင်း၊ ရွှေလီ(၁)ဖက်စပ် ကုမ္ပဏီလီမီတက်နှင့် အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့နှစ်အလိုက် PPA (Power Purchasing Agreement) လက်မှတ်ရေးထိုး၍လျှပ်စစ်ဓာတ်အားဝယ်ယူခြင်းကိုလည်း ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု FDI စနစ်ဖြင့်အကောင်အထည်ဖော် ဆောင်ရွက်မည့် ရေအားလျှပ်စစ်စက်ရုံများရဲ့ စက်ရုံတစ်ခုခြင်းစီအလိုက် နိုင်ငံတော်အတွက် အခမဲ့ ရရှိသော (Royalty Power) အပြင် ထပ်မံဝယ်ယူရန်လိုအပ်ပါက မူလစာချုပ်ပါအတိုင်းနှစ်အလိုက် Power Purchasing Agreement ချုပ်ဆိုပြီးဝယ်ယူသုံးစွဲနိုင်ပါတယ်။ လျှပ်စစ်မည်မျှသုံးစွဲမည် ကိုလည်း စာချုပ်မချုပ်မီကာလအတွင်းအထက်အဆင့်ဆင့်ကိုတင်ပြလျက် နိုင်ငံတော်မှဝယ်ယူနိုင်မည့် ပမာဏကိုသာ စာချုပ်တွင်ထည့်သွင်းချုပ်ဆိုခြင်းဖြစ်ပါတယ်။ စီမံကိန်းအသစ်များဆောင်ရွက်ပါက Joint Venture Agreement လက်မှတ်ရေးထိုးသည့်အခါ မိမိနိုင်ငံကအခမဲ့ရရှိသော Royalty Power အပြင် မည်မျှထပ်မံတိုးချဲ့ဝယ်ယူမည်ကို Demand အရလိုအပ်ချက်ပမာဏပေါ်မူတည်ပြီး ထပ်မံဝယ်ယူနိုင်ရေးစာချုပ်မှာ ထည့်သွင်းချုပ်ဆိုသွားမှာလည်းဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ စီမံကိန်းအားတည်ဆောက်တဲ့နေရာမှာ ဖြစ်မြောက်နိုင်စွမ်းရှိ၊ မရှိလေ့လာစိစစ်၍ ဖြစ်မြောက် နိုင်စွမ်းရှိပါက စီမံကိန်းဆိုင်ရာရင်းနှီးမြှုပ်နှံမှုအစီအစဉ် Investment Program, Investment Scheme အရ ရင်းနှီးမြှုပ်နှံမှုအပေါ်ထည့်ဝင်ငွေ၊ စီမံကိန်းဆိုင်ရာချေးငွေ၊ ရင်းနှီးမြှုပ်နှံသူဘက်မှ ရရှိမည့်အကျိုးအမြတ် Resources Owner ဖြစ်သော နိုင်ငံတော်ဘက်မှရရှိမည့်အကျိုးအမြတ်ဖြစ်တဲ့ အခမဲ့ ဓာတ်အား၊ အခမဲ့ရှယ်ယာ၊ အခွန်အခအစရှိသဖြင့် နှစ်အလိုက်ထုတ်လုပ်ရောင်းချမည့် လျှပ်စစ် ဓာတ်အားနှုန်းထားတို့ကိုအခြေခံပြီး Financial Analysis စိစစ်တွက်ချက်ပြီး စီမံကိန်းဆိုင်ရာ အရင်း ကျေကာလ၊ ကြွေးကျေကာလတို့ကိုနှစ်ဦးနှစ်ဖက် Win-Win ဖြစ်စေရန် အသေးစိတ်၊ အကြိမ်ကြိမ် ဆွေးနွေး စိစစ်ပြီးဆောင်ရွက်ရပါတယ်။ သို့ဖြစ်၍ စီမံကိန်းမှနှစ်စဉ်ထွက်ရှိမယ့်လျှပ်စစ်ဓာတ်အားကို ဝယ်ယူ ရောင်းချရာမှာအထက်ဖော်ပြသော စိစစ်တွက်ချက်ထားတဲ့တွက်ချက်မှုများအတိုင်း လျှပ်စစ် ဓာတ်အား ဝယ်ယူရောင်းချရေးစာချုပ်အား စီမံကိန်းလုပ်ပိုင်ခွင့်ကာလတစ်လျှောက် Long Term Power Purchasing Agreement ကိုညှိနှိုင်းသဘောတူညီချက်ရရှိပြီးနောက် နှစ်အလိုက်တစ်နှစ် ပြီးတစ်နှစ်ပြောင်းလဲလာနိုင်တဲ့ Generated Energy နဲ့ ဓာတ်အားခ Tariff တို့အပေါ်မှာ နှစ်ဖက် ညှိနှိုင်းပြီး Yearly Power Purchasing Agreement ချုပ်ဆိုနိုင်မှသာလျှင် နှစ်ဦးနှစ်ဖက် Win-Win ဖြစ်စေ မည့်အခြေအနေရရှိမှာဖြစ်ပါတယ်။ စီမံကိန်းလုပ်ပိုင်ခွင့်ကာလပြီးဆုံးသွားပါက စီမံကိန်းအား နိုင်ငံတော်သို့ မူလပကတိအခြေအနေအတိုင်း မည်သည့်အဖိုးစားနားမျှ တောင်းခံခြင်း မရှိဘဲ အခမဲ့ လွှဲပြောင်းပေးရမှာလည်း ဖြစ်ပါတယ်။ ယခုရှင်းလင်းတင်ပြချက်များဟာ ဖက်စပ်ကုမ္ပဏီ တည်ထောင်ထားပြီးဖြစ်တဲ့ ရွှေလီ(၁)ဓာတ်အားပေးစက်ရုံနှင့် တာပိန်(၁)ဓာတ်အားပေးစက်ရုံများ အပေါ် အခြေခံရှင်းလင်းတင်ပြခြင်း ဖြစ်ပါတယ်။ ရွှေလီ(၁)ဓာတ်အားပေးစက်ရုံဟာ ယခုအခါပျှမ်းမျှ ၂၀၀ မဂ္ဂါဝပ်ခန့် နိုင်ငံတော်အတွင်းကို ပို့လွှတ်နေတဲ့အခြေအနေဖြစ်ပါတယ်။ တာပိန်(၁)ဓာတ်အား ပေးစက်ရုံကတော့ လုံခြုံရေးအခြေအနေအရ ဓာတ်အားထုတ်လုပ်နိုင်ခြင်း၊ ဖြန့်ဖြူးနိုင်ခြင်းမရှိသေးပါ ဘူး။ ထို့ကြောင့် ရှေးဦးတင်ပြခဲ့ပြီးဖြစ်တဲ့အတိုင်း ဆောင်ရွက်ရန်ရှိဖက်စပ် JV/BOT/FDI စီမံကိန်းများ အနေဖြင့် ယခုအခါ မည့်သို့မျှအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိသေးပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါတယ်။
နောက်ဆုံးမေးခွန်းနှင့်ပတ်သက်၍ နိုင်ငံတော်မှ လမ်းညွှန်ချမှတ်ပေးထားသော ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းတွင် လျှပ်စစ်ဓာတ်အားကဏ္ဍနှင့်စပ်လျဉ်း၍ လျှပ်စစ် ဝန်ကြီးဌာနများရဲ့မူဝါဒများကိုတင်ပြမှာဖြစ်ပါတယ်။ ပထမဦးဆုံးတစ်ခုအနေနဲ့ ပဉ္စမကာလတို ၅ နှစ် စီမံကိန်းကာလအတွင်း တိုးတက်ထုတ်လုပ်လာနိုင်မည့်လျှပ်စစ်ဓာတ်အားကို တိုင်းဒေသကြီးများနှင့် ပြည်နယ်များကိုသယ်ပို့ဖြန့်ဖြူးနိုင်ရန် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း၌ မဟာဓာတ်အားလိုင်းနှင့် လက်ခံပို့လွှတ်ပေးမည့် ပင်မဓာတ်အားခွဲရုံများတိုးချဲ့တည်ဆောက်ရေး၊ (၂) ပင်မဓာတ်အားပေး စက်ရုံမှ အလှမ်းကွာဝေးသည့်ကျေးလက်ဒေသများတွင် ပြည်သူလူထုမှပူးပေါင်းပါဝင်မှုဖြင့် ဇီဝလောင် စာကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးဓာတ်အားပေးစက်များ တပ်ဆင်သုံးစွဲလာရေးနှင့် နည်းပညာနှင့် မူဝါဒပိုင်းဆိုင်ရာအကူအညီများပံ့ပိုးရေး၊ (၃) ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား မရောက်ရှိသေးသောအရပ်ဒေသများတွင် အသေးစားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ဒီဇယ် ဓာတ်အားပေးစက်များဖြင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များဖြည့်ဆည်းပေးရန် ဓာတ်အားပေးစက် များ၏ကြံ့ခိုင်မှုကိုထိန်းသိမ်း၍ စက်စွမ်းအားပြည့်လည်ပတ်ထုတ်လုပ်သွားရေး၊ (၄) မြန်မာနိုင်ငံ၏ ဓာတ်အားစနစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ပို့လွှတ်ဖြန့်ဖြူးသုံးစွဲနေသော လျှပ်စစ်ဓာတ်အား ၏အရည်အသွေးကို စံချိန်စံညွှန်းနှင့်အညီသတ်မှတ်ထားသော ဗို့အားအဆင့်နှင့် ကြိမ်နှုန်းပြည့် တည်ငြိမ်စွာရှိစေပြီး ဓာတ်အားပြတ်တောက်မှု၊ ဓာတ်အားပျောက်ဆုံးမှုအနည်းဆုံးဖြင့်ပို့လွှတ်နိုင်ရေး၊ (၅) မြန်မာနိုင်ငံမှာရေအားလျှပ်စစ်ထုတ်လုပ်မှုများအပြင် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်များ မောင်းနှင်၍ လျှပ်စစ်ဓာတ်အားလိုအပ်ချက်များဖြည့်ဆည်းပေးရန်၊ ဓာတ်ငွေ့တာဘိုင်စက်များကြံ့ခိုင်မှု ကောင်းမွန်၍စက်စွမ်းအားပြည့်လည်ပတ်ထုတ်လုပ်ရေး၊ (၆) သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အား ပေးစက်ရုံများအား ကာလတိုအဖြစ်ရည်မှန်းဆောင်ရွက်လုပ်ကိုင်ရန်နှင့် ရေအားလျှပ်စစ်ကိုအဓိက စွမ်းအင်အရင်းအမြစ်အဖြစ်မှီခိုအားထားဆောင်ရွက်ရန်၊ (၇) စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် လျှပ်စစ်ဓာတ်အားပိုမိုရရှိစေရေးထုတ်လုပ်ဖြန့်ဖြူးရန်၊ (၈) အနာဂတ်မှာလျှပ်စစ်ဓာတ်အားလုံလောက် မှုရှိစေရန်အတွက် လျှပ်စစ်ဓာတ်အားလေလွင့်မှုများလျှော့ချရန်နှင့် ထိန်သိမ်းရန်၊ (၉) စွမ်းအင်အရင်း အမြစ်အသစ်များနှင့် ပြန်လည်ပြည့်ဖြိုးမြဲအရင်းအမြစ်များမှတစ်ဆင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု တိုးမြှင့်သွားရန်တို့ဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ ဆောင်ရွက်ဆဲလျှပ်စစ်စီမံကိန်းများနှင့် ပတ်သက်၍ သင့်လျော်သည့်အချိန်ကာလအတိုင်း နိုင်ငံတော်ပိုင်သတင်းစာ၊ အသံလွှင့်ဌာများမှာ အခါအားလျော်စွာ စီစဉ်ထည့်သွင်းလျက်ရှိပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ပြည်ထောင်စုအစိုးရအဖွဲ့တို့သို့ တင်ပြခွင့်ပြုချက်ရယူပြီးဖြစ်သော စီမံကိန်းအသစ်များ ဆောင်ရွက်ရန်ရှိလာပါကလည်း သတင်း ထုတ်ပြန်ပေးနိုင်ခြင်းရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
