ကျွန်တော် အခုမေးမယ့်မေးခွန်းဟာ လွန်ခဲ့သော ၂ လကျော်က ပေးပို့ထားတဲ့မေးခွန်းဖြစ်ပါတယ်။ ဒီ မေးခွန်းနဲ့ပတ်သက်ပြီးတော့ ယခုအခါမှာ အဖြေထွက်ရှိပြီးဖြစ်ပါတယ်။ ဒါပေမယ့် အခုထွက်ရှိတဲ့ အဖြေဟာ တရားဝင်ထုတ်ပြန်ရခြင်းမရှိသေးတဲ့အတွက် ကျွန်တော်ဒီမေးခွန်းကို ဆက်လက်မေးမြန်းမှာ ဖြစ်ပါတယ်။ နိုင်ငံတော်မှာ ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ ဆေးတက္ကသိုလ်(၂) ရန်ကုန်၊ မန္တလေးဆေးတက္ကသိုလ်နှင့် မကွေးဆေးတက္ကသိုလ်ဆိုပြီးတော့ ဆေးတက္ကသိုလ်ကြီး ၄ ခုရှိ ပါတယ်။ အဲဒီ ဆေးတက္ကသိုလ်ကြီး ၄ ခုမှာ တစ်နှစ်လျှင် ကျောင်းသူကျောင်းသား ဝင်ခွင့်ဦးရေ ၂၄၀၀ ခန့် လက်ခံတာဖြစ်ပါတယ်။ အဲဒီ ဆေးတက္ကသိုလ်များက ဒီဆေးတက္ကသိုလ် ၄ ခုက ဘွဲ့ရပြီး ဆရာဝန်များကို နိုင်ငံတော်အနေနဲ့ တာဝန်ယူအလုပ်ခန့်ထားနိုင်မှု ရာခိုင်နှုန်းနည်းပါးတာကိုတွေ့ရပါ တယ်။ ဘွဲ့ရဆရာဝန်များအနေနဲ့ အလုပ်ရရှိမှုအတွက်နှစ်ရှည်လများစောင့်ဆိုင်းနေရပြီးတော့ နစ်နာမှု များရှိနေပါသဖြင့် ဒီဆေးတက္ကသိုလ် ၄ ခုဝင်ခွင့်ကျောင်းသားကျောင်းသူဦးရေ ဝင်ခွင့်ကိုပြန်လည် သုံးသပ်ပြီး သုံးသပ်ပြောင်းလဲရန်အစီအစဉ်ရှိ၊ မရှိသိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။
မြန်မာ့ကျန်းမာရေးဆိုင်ရာမျှော်မှန်းချက် နှစ် ၃၀ နှစ်ရှည်စီမံကိန်းနှင့် အမျိုးသားပညာရည်မြင့်မားရေးအထူး ၄ နှစ်စီမံကိန်း ကျန်းမာရေးကဏ္ဍတို့အရ နိုင်ငံတော်အတွက် လိုအပ်သောဆရာဝန်များရရှိရန် ယခင်ကကျောင်းသား၊ ကျောင်းသူဦးရေစုစုပေါင်း ၅၅၀ ဦးလက်ခံ ရာမှ ၂၀၀၁ ခုနှစ်မှစ၍ ၂၀၁၁ ခုနှစ်အထိ နှစ်စဉ် ၂၄၀၀ ဦးသို့တိုးမြှင့်လက်ခံခဲ့ပါတယ်။ ထိုသို့တိုးမြှင့် လက်ခံသင်ကြားရ၍ သင်ကြားရေးဆရာ၊ဆရာမများအခက်အခဲနှင့် လူနာရရှိရေးအခက်အခဲများရှိ နေပြီး မွေးထုတ်လိုက်သော ဆရာဝန်များ၏ အရည်အသွေးပြည့်မီရန်လိုအပ်ပါသဖြင့် ဆေးသိပ္ပံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဆေးသိပ္ပံပညာဦးစီးဌာနအောက်မှာရှိသော တက္ကသိုလ်များမှ ပါမောက္ခချုပ်များ ညှိနှိုင်းအစည်းအဝေးပွဲများတွင် အကြိမ်ကြိမ် အကျေအလည် ညှိနှိုင်းဆွေးနွေးခဲ့ကြ ပါတယ်။
၂၀၁၁ ခုနှစ်၊ ဇူလိုင်လမှာ ကျင်းပပြုလုပ်ခဲ့သော နဝမ အကြိမ် ဆေးပညာသင်ကြားရေး နှီးနှောဖလှယ်ပွဲမှ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစ၍ ဆေးတက္ကသိုလ် များသို့ ဝင်ခွင့်ပြုလက်ခံသည့် ကျောင်းသားကျောင်းသူဦးရေကို ၂၄၀၀ ဦးမှ ၁၂၀၀ ဦးသို့ ကျောင်းသားကျောင်းသူ အချိုးတူညီစွာဖြင့် လျှော့ချလက်ခံသင့်ပါကြောင်းနှင့် ဆေးတက္ကသိုလ်များ၏ သင်တန်းကာလကိုလည်း စုစုပေါင်း ၆ နှစ်မှ ၇ နှစ်သို့ တိုးမြှင့်သင်ကြားသင့်ပါကြောင်း ဆွေးနွေး သဘောတူခဲ့ကြပါတယ်။ ၎င်းအပြင် ၂၆-၁၁-၂၀၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ကျန်းမာရေး ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး အမှတ်စဉ် (၁၄/၂၀၁၁) မှလည်း ထောက်ခံသဘော တူညီခဲ့သဖြင့် နိုင်ငံတော်သမ္မတရုံးသို့တင်ပြခဲ့ရာ ၂၄-၂-၂၀၁၂ ရက်နေ့တွင် သဘောတူခွင့်ပြုခဲ့ ပါတယ်။ ဥက္ကဋ္ဌကြီးရှင်။ အဆိုပါသဘောတူညီချက်များအား ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နှင့် ၂၈ ရက်နေ့များတွင် ကျင်းပပြုလုပ်တဲ့ တက္ကသိုလ်ပညာရေးအဖွဲ့များကောင်စီနှင့် တက္ကသိုလ်များ ဗဟိုကောင်စီအစည်းအဝေး (၁/၂၀၁၂) သို့ တင်ပြအတည်ပြုချက်ရယူခဲ့ပါတယ်။
ဆက်လက်၍ ၂၆-၄-၂၀၁၂ ရက်နေ့မှာ ကျင်းပ ပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၅/၂၀၁၂) သို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးသိပ္ပံပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ် များသို့ ဝင်ခွင့်ပြုကျောင်းသား၊ ကျောင်းသူဦးရေ လျှော့ချပြီး ၁၂၀၀ ဦးခေါ်ယူရန် ကျောင်းသား ကျောင်းသူ အချိုးတူခေါ်ယူရန်နှင့် သင်တန်းကာလ တိုးမြှင့်ပြီး ၇ နှစ် သတ်မှတ်နိုင်ရန်အတွက် တင်ပြခဲ့ရာ အစည်းအဝေးမှ သဘောတူညီခဲ့ပါတယ်။ သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာန ဆေးသိပ္ပံပညာဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များသို့ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစတင်၍ ကျောင်းသားကျောင်းသူ အချိုးတူညီစွာဖြင့် ကျောင်းသားကျောင်းသူ ၁၂၀၀ ဦးအား ဝင်ခွင့်ပြု လက်ခံ နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့နှင့် ညှိနှိုင်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားအပ်ပါတယ်
