(ဂ)-တရားစီရင်ရေး ဖြောင့်မတ် မှန်ကန် နိုင်ရေးအတွက် မမှန်ကန်သော၊ မှားယွင်းနေသော၊ ခေတ်မမီသော စီရင်ထုံးများကို ပယ်ဖျက်ရန် အစီအစဉ် ရှိ/မရှိ သိလိုသည် နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၁၈.၇.၂၀၁၂)

ယနေ့ တရားစီရင်မှု အပေါ်မှာ ပြည်သူများက များစွာဝေဖန်မှုပြုနေကြပါတယ်။ အဓိကအားဖြင့် ပြည်သူများ လက်ခံထိုက် သော အမှန်တရားမရရှိ၍သာ ဝေဖန်ကြခြင်းဖြစ်ပါတယ်။ ယင်းသို့ အမှန်တရားမရရှိခြင်းမှာလည်း တရားရုံးများက ခေတ်မမီတော့သော၊ ဥပဒေပြဋ္ဌာန်းခြင်းနှင့်မကိုက်ညီသော၊ စီရင်ထုံးများကို အကာ အကွယ်ယူလျက် မမှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်ခြင်းများရှိသဖြင့် တရားစီရင်ရေးအပေါ် အမြင်မကြည်လင်မှုများ ပိုမိုတိုးပွားစေနေခြင်းဖြစ်ပါတယ်။ အမှားကို အမှန်ဖြစ်အောင် အချိန်မီ ပြင်ဆင်နေရန်လိုအပ်နေကြောင်းလည်း တွေ့ရှိရပါတယ်။ ဥပမာ ၁၉၉၁ ခုနှစ် မြန်မာနိုင်ငံ တရားစီရင် ထုံးများ စာမျက်နှာ ၁၁၃ တွင်ပါရှိသည့် ဒေါ်မြဦးနှင့် နိုင်ငံတော်အမှုတွင် မွေးစားကြောင်းအဆိုရှိသူ မွေးစားသူ ဦးလှဖေ၏ လက်ဗွေ၊ လက်မှတ်များမပါသည့်အပြင် မှတ်ပုံတင်လည်း တင်မထားသော စာချုပ်ကို တရားရုံးချုပ်က ကိတ္တိမမွေးစားစာချုပ်အဖြစ် သုံးနှုန်းရေးသားထားသဖြင့် ဥပဒေပြဋ္ဌာန်း ချက်များ၊ စီရင်ထုံးများနှင့် လုံးဝဆန့်ကျင်နေပြီး စကားရပ်အသုံးအနှုန်းမှားယွင်းနေသောကြောင့် ယင်းသို့ ဥပဒေနှင့် မညီသော စကားရပ်အသုံးအနှုန်းကို တရားရုံးအချို့က ကိုးကားပြီး ဥပဒေနှင့်အညီ ကိတ္တိမမွေးစားစာချုပ် ချုပ်ဆိုမှတ်ပုံတင်ထားသောသူများအပေါ် ပြစ်မှုဆိုင်ရာဥပဒေကြောင်းအရ ဖြေရှင်းစေရန် အမိန့်ချမှတ်မှုများရှိနေကြောင်း လေ့လာတွေ့ရှိရပါတယ်။ အမှန်အားဖြင့် မှတ်ပုံတင် ထားသော ကိတ္တိမမွေးစားစာချုပ်အပေါ် ပျက်ပြယ်ကြောင်း တရားမတရားရုံးက ဆုံးဖြတ်ချက်မရှိဘဲ ရာဇဝတ်တရားရုံးက အမိန့်မချမှတ်ထိုက်ပါသဖြင့် ဥပဒေပြဋ္ဌာန်းချက်တို့နှင့် မကိုက်ညီသော ဆုံးဖြတ် ချက်ဖြစ်ပြီး ပြစ်မှုမကြီးလွန်သူကို ပြစ်မှုကျူးလွန်သူအဖြစ် စွပ်စွဲဖြေရှင်းခိုင်းရာလည်း ရောက်နေပါ သဖြင်‌့ ယင်းစီရင်ထုံးမျိုးကို ပယ်ဖျက်သင်‌့ကြောင်း နမူနာတစ်ရပ်အဖြစ်တင်ပြအပ်ပါတယ်။ ယင်းကဲ့သို့ မှားယွင်းနေသဖြင့် ပယ်ဖျက်ထိုက်သော စီရင်ထုံးများစွာရှိနေကြောင်း ဝါရင့်ဥပဒေပညာရှင်ကြီးများ ကလည်း သိရှိနေကြပြီး ယင်းကဲ့သို့ မှားယွင်းမှုများကို အမှန်ရအောင် ပြုပြင်ပေးနိုင်ခြင်းမရှိသည်မှာ ကြာပြီဖြစ်သဖြင်‌့ နစ်နာသူများမှာ ပြည်သူများသာ ဖြစ်ပါတယ်။ တရားစီရင်ရေးဖြောင့်မတ်မှန်ကန် နိုင်ရေးအတွက် မမှန်ကန်သော၊ မှားယွင်းနေသော၊ ခေတ်မမီသော စီရင်ထုံးများကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် ရှေ့နေချုပ်ရုံးတို့မှ ပယ်ဖျက်ရန်အစီအစဉ်ရှိ၊မရှိနှင့် အစီအစဉ်ရှိလျှင် မည်သည့်ကာလတွင် အပြီးအပြတ်ဆောင်ရွက်မည်ကိုသိရှိလိုသည့်အတွက် မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးစိုးညွန့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မေးခွန်းနဲ့စပ်လျဉ်းပြီးတော့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် ပေါင်းစပ်ညှိနှိုင်းပြီးတော့ ဖြေကြားသွားမှာဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးမေးမြန်းထားတဲ့ မေးခွန်းနှင့်စပ်လျဉ်းပြီးတော့ ဖြေဆိုရပါက စီရင်ထုံးဆိုတာဟာ ခေတ်အဆက်ဆက် အမြင့်ဆုံးတရားရုံးများက သက်ဆိုင်ရာအမှုရဲ့အချက်အလက်၊ အကြောင်း အချင်းအရာကို မှန်ကန်မျှတစွာ ဖော်ထုတ်ပြီးတော့ သက်ဆိုင်ရာဥပဒေနှင့် ညှိနှိုင်းသုံးသပ်ပြီးတော့ ခေတ်အလျောက် စီရင်ဆုံးဖြတ်ထားတဲ့ စီရင်ချက်များအနက်က အောက်တရားရုံးများအတွက် လမ်းညွှန်မှုပေးနိုင်ရန်နှင့် အောက်တရားရုံးများက အကိုးအကားပြုနိုင်ရန်အတွက် ရွေးချယ်ထုံးဖွဲ့ ထားတဲ့ အမြင့်ဆုံးတရားရုံးရဲ့ စီရင်ချက်များဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးက တရားစီရင်ရာမှာ အမှန်တရား မရရှိခြင်းမှာ တရားရုံးများက ခေတ်မမီတော့တဲ့အတွက် ဥပဒေပြဋ္ဌာန်းချက်များနှင့် မကိုက်ညီတဲ့ စီရင်ထုံးများကို ကိုးကားပြီးတော့ မမှန်မကန်ဆုံးဖြတ်ချက်များ ချမှတ်ခြင်းများရှိနေတဲ့အတွက် တရားစီရင်ရေးအပေါ် အမြင်မကြည်လင်နေမှုများ တိုးပွားနေခြင်းဖြစ်ကြောင်း သို့ဖြစ်၍ အမှားကို အမှန်ဖြစ်အောင် အချိန်မီပြုပြင်ရန်လိုအပ်ကြောင်းဖော်ပြပြီးတော့ ဥပမာအဖြစ်နဲ့ ဒေါ်မြဦးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အမှု ၁၉၉၁ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် တရားစီရင်ထုံးများ စာမျက်နှာ ၁၁၃ အမှုကို ရည်ညွှန်းပြီးဖော်ပြထားပါတယ်။ အဲဒီ အမှုမှာ မွေးစားကြောင်းအဆိုရှိသူ ဦးလှဖေရဲ့လက်ဗွေ၊ လက်မှတ်များမပါရှိတဲ့အပြင် မှတ်ပုံတင်လည်း မထားတဲ့စာချုပ်ကို တရားရုံးချုပ် က ကိတ္တိမမွေးစားစာချုပ်အဖြစ် သုံးနှုန်းရေးသားထားတဲ့အတွက် ဥပဒေပြဋ္ဌာန်းချက်များ၊ စီရင်ထုံး များနှင့် လုံးဝဆန်ကျင့်နေတဲ့အကြောင်း ဤသို့ဥပဒေနှင့်မညီတဲ့ စကားရပ်အသုံးအနှုန်းကို တရားရုံး အချို့ကကိုးကားပြီးတော့ တရားဥပဒေနှင့်အညီ ကိတ္တိမမွေးစားစာချုပ် ချုပ်ဆိုမှတ်ပုံတင်ထားသူများ အပေါ်မှာ ပြစ်မှုဆိုင်ရာဥပဒေကြောင်းအရ ဖြေရှင်းရန်အမိန့် ချမှတ်မှုများရှိနေတယ်ဟုကြားသိ ရကြောင်း ဒါကြောင့် ဒီလို စီရင်ထုံးမျိုးကို ပယ်ဖျက်သင့်ကြောင်း နမူနာတစ်ရပ်အဖြစ်တင်ပြပါကြောင်း ဖော်ပြထားပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ဒေါ်မြဦးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အမှုမှာ ကိတ္တိမမွေးစားစာချုပ် လို့သုံးနှုန်းရေးသားထားခြင်းမှာ အဆိုပါ စီရင်ထုံးရဲ့ စာမျက်နှာ ၁၁၅ စာကြောင်းရေ ၈ မှာ တစ်ကြိမ် သာဖော်ပြထားတယ်လို့တွေ့ရပါတယ်။ အဲဒီလိုဖော်ပြထားခြင်းမှာလည်း တရားရုံးချုပ်ရဲ့ သုံးသပ်ချက်၊ ဆုံးဖြတ်ချက်အနေနဲ့ ဖော်ပြသုံးနှုန်းခြင်းမျိုးမဟုတ်ဘဲနဲ့ လျှောက်ထားသူ ဒေါ်မြဦးက ပြင်ဆင်မှု အကြောင်းပြချက်အဖြစ် တင်ပြတဲ့အချက် တစ်ချက်အနေနဲ့သာ ထည့်သွင်းဖော်ပြထားခြင်းဖြစ်ကြောင်း ရှင်းလင်းအပ်ပါတယ်။ အဲဒီအမှုမှာ တရားရုံးချုပ်ရဲ့ သုံးသပ်ချက်ကတော့ ပြစ်မှုဆိုင်ရာအမှုများမှာ တရားလိုသက်သေထွက်ချက်အရ စွပ်စွဲခံရသူဟာ ပြစ်မှုကျူးလွန်တယ်လို့ မှတ်ယူနိုင်ရန်ငြိစွန်းချက် ရှိမယ်ဆိုရင် စွဲချက်တင်ရမယ်ဖြစ်တယ်။ တရားမကြောင်းအရ စွဲဆိုထားခြင်းကြောင့် ပြစ်မှုကြောင်းအရ မစွဲဆိုနိုင်လို့ ဥပဒေတားမြစ်ချက်မရှိပေ။ ကိတ္တိမသမီးဖြစ်၊မဖြစ်၊ ပစ္စည်းများကို သေသူက လွှဲပြောင်း ပေးခဲ့ခြင်းမှန်၊မမှန် စတဲ့ပြဿနာများကို တရားခံများအနေနဲ့ ပြန်လည်ရှင်းလင်းတင်ပြရန် တာဝန်ရှိ နေတယ်လို့ သုံးသပ်ပြီး ဆုံးဖြတ်ထားတာကိုတွေ့ရပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ အဲဒီစီရင်ချက်ပါ တရားမကြောင်းအရ စွဲဆိုထားသောကြောင့် ပြစ်မှု ကြောင်းအရ မစွဲဆိုနိုင် ဥပဒေတားမြစ်ထားချက်မရှိကြောင်း သုံးသပ်ချက်ဟာဆိုလို့ရှိရင်တော့ တရားစီရင်ရေးသမိုင်းခေတ်အဆက်ဆက်က လက်ခံလိုက်နာကျင့်သုံးခဲ့တဲ့မူဖြစ်ပါကြောင်း တင်ပြအပ် ပါတယ်။ တစ်ဆက်တည်းမှာပဲ တရားရုံးချုပ်က ဒေါ်စန်းစန်းဦးအား ဦးလှဖေက ကိတ္တိမသားသမီး အဖြစ် မွေးစားတဲ့ကိတ္တိမစာချုပ်ဖြစ်ကြောင်း သုံးသပ်ချက်ကို လက်ခံထားကြောင်းကိုလည်း မတွေ့ရှိရ ပါ။ ကိတ္တိမသားသမီးဖြစ်၊မဖြစ်ပြဿနာကို တရားခံများအနေနဲ့ ပြန်လည်ရှင်းလင်းတင်ပြရန် တာဝန်ရှိ တယ်လို့သာ သုံးသပ်ထားတာကိုတွေ့ရတဲ့အတွက် မေးခွန်းမှာမေးမြန်းချက်နှင့် စီရင်ထုံးမှာ ဆုံးဖြတ်ချက်၊ ကိုးကားဖော်ပြချက်များဟာ အမှန်တကယ်ပါရှိတဲ့အချက်များနဲ့ ကွဲပြားနေကြောင်းတွေ့ရှိ ရပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြတဲ့ ပြစ်မှုမကျူးလွန်သူကို ပြစ်မှုကျူးလွန်သူ အဖြစ် စွပ်စွဲဖြေရှင်းခိုင်းရာရောက်နေကြောင်း ဤအချက်မှာ ဒေါ်မြဦးနှင့် နိုင်ငံတော်အမှုတွင်ဖော်ပြတဲ့ မှားယွင်းတဲ့စကားရပ်ကို တရားရုံးက ကိုးကားမိတဲ့အတွက် တရားမျှတမှုမှ သွေဖြည်သွားပါတယ်။ ဒါကြောင့် ဒီစီရင်ထုံးများကို ပယ်ဖျက်သင့်ပါကြောင်း ဖော်ပြချက်ဟာလည်း ဒီစီရင်ထုံးမှာပါတဲ့ အချက်များနှင့် အမှန်တရားနဲ့ဆီလျော်မှုမရှိကြောင်း တွေ့ရှိရပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ပြစ်မှုဆိုင်ရာမူခင်းတစ်ရပ်ရပ်ကို စစ်ဆေးစီရင်ရာမှာ ပြစ်မှုမြောက်စေတဲ့ ပညာရပ်များ ပေါ်ပေါက်လာခြင်းရှိ၊မရှိကို စစ်ဆေးရပြီးတော့ ပြစ်မှုမြောက်စေတဲ့အင်္ဂါရပ်များ ပေါ်ပေါက်တာတွေ့ရှိရလို့ရှိရင် တရားမမှုစွဲဆိုထားသည်ဖြစ်စေ၊ တရားမမှုစွဲဆိုထားခြင်းမရှိသည် ဖြစ်စေ ပြစ်မှုကြောင်းအရ ဖြေရှင်းရပါကြောင်း တင်ပြအပ်ပါတယ်။ ဆက်လက်ပြီးတော့ တင်ပြလိုတဲ့ အချက်ကတော့ စီရင်ထုံးတစ်ရပ်ကို လေ့လာဖတ်ရှုတဲ့အခါမှာ စီရင်ထုံးဖွဲ့တဲ့အနှစ်သာရကို နားလည် သဘောပေါက်အောင် အာရုံစူးစိုက်ပြီးတော့ ဖတ်ရှုရန်လိုအပ်ပါကြောင်းလည်း တင်ပြအပ်ပါတယ် ခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့မေးခွန်းမှာ မှားယွင်းနေတဲ့ အတွက် ပယ်ဖျက်ထိုက်တဲ့စီရင်ထုံးတွေများစွာရှိကြောင်း ဥပဒေပညာရှင်ကြီးတွေ ဆရာကြီးတို့၏အကြံ များကိုရယူပြီးတော့ မှားယွင်းတဲ့စီရင်ထုံးများကို ပယ်ဖျက်ရန်အစီအစဉ်ရှိ၊မရှိ သိလိုပါကြောင်း မေးမြန်းထားပါတယ်။ မှားယွင်းနေတဲ့ ခေတ်မမီတဲ့စီရင်ထုံးများကို ပယ်ဖျက်ဖို့အတွက်                လုပ်ထုံးလုပ်နည်းကတော့ စီရင်ထုံးပြုထားတဲ့အမှုနှင့် အလားတူ အမှုမျိုး ပြည်ထောင်စုတရား လွှတ်တော်ချုပ်ကို အယူခံမှုအနေနဲ့လည်းကောင်း၊ ပြင်ဆင်မှုအနေနဲ့ လည်းကောင်း၊ စာချွန်တော်အမှု၊ အထူးအယူခံအမှုများ လျှောက်ထားလာတဲ့အခါမှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အကြောင်း အချင်းအရာ အချက်အလက်တွေကို၊ ဥပဒေဆိုင်ရာအချက်အလက်တွေကို ယခင်ထုံးဖွဲ့ထားတဲ့ ထုံးဖွဲ့ချက်များနှင့် နှိုင်းယှဉ်သုံးသပ်ပြီးတော့ ယခင်စီရင်ထုံးကိုပယ်ဖျက်သင့်ကြောင်း တွေ့ရှိရတဲ့ အခါမှာ ပယ်ဖျက်ရန်သင့်တဲ့အချက်များကို ကျိုးကြောင်းဆီလျော်စွာဖော်ပြပြီးတော့ ယခင်စီရင်ထုံးကို လွှမ်းမိုးပယ်ဖျက်ကြောင်း ဆုံးဖြတ်အပ်ပါတယ်။ တူညီတဲ့ အကြောင်းအချင်းအရာပေါ်မှာ ဆန့်ကျင် ကွဲပြားတဲ့စီရင်ထုံးပြုလိုပါက နောက်ကျဆုံးဖြတ်တဲ့အမှုမှာ ယခင်စီရင်ထုံးကို လိုက်နာဆောင်ရွက်ရန် မလိုအပ်ကြောင်း ထည့်သွင်းဖော်ပြရပါတယ်။ ဥပမာအားဖြင့်တင်ပြရရင် မောင်နေလင်းနှင့် နိုင်ငံတော်အမှု ၂၀၀၀ ပြည့်နှစ် မြန်မာနိုင်ငံတော် တရားစီရင်ထုံးများ စာမျက်နှာ ၂၉ စီရင်ထုံးမှာ မိုးသီးစီရင်ထုံးဟာ ယခင်စီရင်ထုံးများနှင့် ဆန့်ကျင်ကွဲလွဲ ဆုံးဖြတ်ထားသဖြင့်လည်းကောင်း၊ မိုးသီးစီရင်ထုံးပါဆုံးဖြတ်ချက်သည် ရှေ့နောက်ညီညွတ်မှုမရှိသဖြင့်လည်းကောင်း မိုးသီးစီရင်ထုံးအား လိုက်နာဆောင်ရွက်ရန်မလိုကြောင်း ဖော်ပြပြီးတဲ့နောက် နိုင်ငံတော်နှင့်မိုးသီး ၁၉၉၅ ခုနှစ် ွမန်မာနိုင်ငံ တရားစီရင်ထုံးကို ယခင်စီရင်ထုံးဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်တယ်လို့ဆုံးဖြတ်ပြီတော့ စီရင်ထုံး ပြုခဲ့တာကိုတွေ့ရှိရပါတယ်။ နောက်ထပ် ဥပမာအားဖြင့်ဆိုရင် ၁၉၉၄ ခုနှစ်မှာ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၁၂၈ မှာဖော်ပြထားတဲ့ ဦးမားပသီးနှင့် ဦးဘီစနပ်ဆိုတဲ့ အမှုမှာ ၁၉၉၂ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၁၄၀ ပါ ကိုဝင်းအေးနှင့် ဦးဆယ်ပါ ၂ အမှုမှ မှားယွင်းမှု များကိုဖော်ပြပြီးတော့ ထိုစီရင်ထုံးကို တရားရုံးများက လိုက်နာရန်မသင့်လို့ လမ်းညွှန်ထုံးဖွဲ့ထားတာ ကိုတွေ့ရှိရပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးက မမှန်ကန်သော၊ မှားယွင်းသော၊ ခေတ်မမီသော စီရင်ထုံးများကိုပယ်ဖျက်ရန် အကြံပြုတင်ပြခြင်းဟာ တရားစီရင်ရေးဖြောင့်မတ် မှန်ကန်ရေးအတွက် အပြုသဘောတင်ပြခြင်းဖြစ်တဲ့အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြလိုပါတယ်။ ဤကိစ္စကို ဆောင်ရွက်တဲ့နေရာမှာတော့ အချိန်ကာလ ကန့်သတ်၍ ဆောင်ရွက်လို့မရရှိကြောင်း ဆက်လက်ပြီးတင်ပြအပ်ပါတယ်။ ဒါကြောင့်မို့လို့ မှားယွင်း တဲ့၊ ခေတ်မမီတဲ့ စီရင်ထုံးများကို နောက်စီရင်ထုံးနဲ့သာ ကျိုးကြောင်းဖော်ပြပြီးတော့ ပယ်ဖျက်ရတဲ့ အစဉ်အလာသာဓကရှိပါတယ်။ အခြားနိုင်ငံများမှာရှိတဲ့တရားလွှတ်တော်၊ တရားလွှတ်တော်ချုပ်များ ကလည်း ဤသာဓကအတိုင်းသာ ဆောင်ရွက်ကြပါတယ်။ ဒါကြောင့် မေးမြန်းတဲ့မေးခွန်းနဲ့စပ်လျဉ်း ပြီးတော့ကာ မှားယွင်းသော၊ ခေတ်မမီသော စီရင်ထုံးများကို ပယ်ဖျက်ရန် အလားတူအမှုမျိုး ကြုံတွေ့ လာတဲ့အခါမှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ရှေ့ကချမှတ်ခဲ့တဲ့ စီရင်ထုံးကို ပယ်ဖျက်ဖို့ သင့်တယ်လို့ သဘောရရှိလို့ရှိရင် ကျိုးကြောင်းဆီလျော်စွာသုံးသပ်ပြီးတော့ ပယ်ဖျက်တဲ့စီရင်ချက်ကို ချမှတ်ပြီး စီရင်ထုံးပြုနိုင်ရန်အတွက် အလေးအနက်ထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။