ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ရန်ကုန်-ပြည်မော်တော် ကားလမ်းဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံး စတင်ဖောက်လုပ်ခဲ့တဲ့ လမ်းတစ်လမ်းဖြစ်ပါတယ်။ လက်ရှိအနေအထား မှာ ရန်ကုန်-လက်ပံတန်းလမ်းအပိုင်းမှာ ၂၂ ပေကျယ်ဝန်းပြီးတော့ လက်ပံတန်း-ပြည်လမ်းပိုင်းမှာ ၁၈ ပေကျယ်ဝန်းပါတယ်။ ယနေ့အနေအထားမှာ နိုင်ငံတော်မှ မော်တော်ယာဉ်များတင်သွင်းခွင့်ပေးပြီး နောက်ပိုင်းမှာ ခရီးသည်တင်ယာဉ်ကြီးများ အသွားအပြန် တစ်စီးနှင့်တစ်စီး ယှဉ်ပြိုင်ရှောင်ကြရာမှာ အင်မတန်အန္တရာယ်ကြီးမားစွာ သွားလာနေကြသည်မှာ နေ့စဉ်နှင့်အမျှ ဖြစ်ပါတယ်။ အထူးသဖြင့် ခရီးသည်တင်ကားကြီးများမှာ ပြည်သူများစီးနင်းလာပြီဖြစ်ရာ ခရီသည်တင်ကားကြီးများနှင့် ကုန်တင်ယာဉ်များ၊ ၁၂ ဘီးယာဉ်များ၊ လောင်စာဆီတင်ယာဉ်ကြီးများ သံချောင်းများတင်ဆောင်ထား သည့် ဝန်တင်ယာဉ်ကြီးများ ရှည်လျားမှုကြောင့် တစ်စီးနှင့် တစ်စီးအရှိန်ဖြင့် ရှောင်တိမ်းကြရာမှာ လမ်းကျဉ်းမြောင်းပြီး လမ်းပခုံးညီညာမှုမရှိခြင်းတို့ကြောင့် အင်မတန် အန္တရာယ်ကြီးမားစွာသွားလာ မောင်းနှင်နေကြရပါတယ်။ ယာဉ်မတော်တဆမှုအများဆုံး ဖြစ်ပွားတဲ့တိုင်းများမှာလည်း ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအပါအဝင် ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ပြည်သူများ ယာဉ်မတော်တဆမှုမှ ကင်းဝေးစေရေးအတွက် ပြည်သူများရဲ့ လိုလားတောင့်တချက်အရ အောက်ပါမေးခွန်းများကို မေးမြန်းရခြင်းဖြစ်ပါတယ်။ မေးခွန်း(၁) ရန်ကုန်-ပြည်မော်တော်ကား လမ်းပိုင်းအား လိုအပ်ချက်အရ အလျင်အမြန်တိုးချဲ့ပေးရန် အစီအစဉ် ရှိ၊ မရှိသိလိုပါတယ်။ မေးခွန်း (၂) တိုးချဲ့ပေးရန်အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းကို သိလိုပါကြောင်းမေးမြန်းပါသည်။
ရန်ကုန်-ပြည်ကားလမ်းဟာ ရန်ကုန်-ပြည်-မကွေး အထိ မိုင်ပေါင်း ၃၄၀ မိုင် ၂ ဖာလုံခွဲ ရှည်လျားပြီးတော့ မက်စ်မြန်မာကုမ္ပဏီကနေပြီးတော့ ဘီအိုတီ စနစ်ဖြင့် ဆောင်ရွက်လျက်ရှိတဲ့ လမ်းဖြစ်ပါတယ်။ သို့သော်လည်း ဒီလမ်းရဲ့ မူလပိုင်ရှင်ဟာ ဆောက်လုပ်ရေးဝန်ကြီးဌာနဖြစ်တဲ့အတွက် ကျွန်တော်တို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှာပဲ လုံးဝ တာဝန်ရှိတဲ့အတွက် ဒီမေးခွန်းကို ကျွန်တော့်အနေနဲ့ ရှင်းလင်းြဖေကြားမှာ ဖြစ်ပါတယ်ခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့်မြို့မိုင် ၂၂/၃ ကနေပြီးတော့ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်း မြို့နယ် မိုင် ၈၉ အထိဟာ ဒီလမ်းရဲ့ အကျယ်ဟာ ၂၂ ပေအကျယ် ရှိတာဖြစ်ပါတယ်။ ဒီလမ်းကိုလည်း ကျွန်တော်တို့ ၂၂ ပေအကျယ်ကနေပြီးတော့ ၂၄ ပေအကျယ်အထိချဲ့ပြီးတော့ လမ်းဘေး တစ်ဖက် တစ်ချက်မှာ အမာခံလမ်းပခုံးကို ၃ ပေစီနဲ့ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။ ဒီအပြင် ပဲခူးတိုင်း ဒေသကြီး ၈၉ မိုင်၊ လက်ပံတန်းကနေပြီးတော့ ၁၇၈ မိုင် ပြည်အထိပိုင်းမှာလည်းပဲ လမ်းရဲ့အကျယ် ဟာ ကတ္တရာလမ်းအမျိုးအစား ၁၈ ပေဖြစ်ပြီးတော့ ဒီလမ်းကိုလည်းပဲ ကျွန်တော်တို့ ၂၄ ပေ အကျယ် ချဲ့ပြီးတော့ တစ်ဖက်ကို အမာခံလမ်းပခုံး ၃ ပေစီနဲ့ ဆောင်ရွက်ဖို့ မက်စ်မြန်မာကုမ္ပဏီကို ညွှန်ကြားတဲ့ အခါမှာ ကုမ္ပဏီကနေပြီးတော့ ဒီလုပ်ငန်းကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ စတင်ဆောင်ရွက်မှာ ဖြစ်ကြောင်း ကျွန်တော်တို့နဲ့ ညှိနှိုင်းထားပြီးဖြစ်ပါတယ်။ ဒီ့အပြင် လမ်းချဲ့တဲ့အပိုင်း အားလုံးမှာလည်းပဲ အမာခံလမ်းပခုံးတွေကို ဆောင်ရွက်တဲ့အခါမှာ တစ်ဆင့်တစ်ဆင့်တက်ပြီး နောင်မှာကတ္တရာလမ်း အဆင့်အထိ ရရှိအောင် ဆောင်ရွက်ဖို့လည်း ညှိနှိုင်းထားပြီးဖြစ်ပါတယ်။
လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးခင်မောင်မြင့် တင်ပြ သွားတဲ့အတိုင်း ရန်ကုန်-ပြည်မော်တော်ကားလမ်းအပိုင်းဟာ လမ်းချောမွေ့စွာ သွားလာနိုင်ရေး အတွက် ပြင်ဆင်ထိန်းသိမ်းရေးနဲ့ တိုးတက်မှုလုပ်ငန်းများကို ဆောင်ရွက်မယ့်အပြင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးရဲ့ ဇန်နဝါရီလ ၅ ရက်၊ ၆ ရက်နဲ့ ၇ ရက်နေ့ ခရီးစဉ်များမှာ ဇန်နဝါရီလ ၅ ရက်နေ့ ပဲခူးမြို့ကို ရောက်တဲ့ ခရီးစဉ်မှာ ပြည်သူ့ရဲ့ဆန္ဒကို ကြိုတင်မှန်းဆထားတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးက ကျွန်တော်တို့ကို လမ်းညွှန်ခဲ့တာရှိပါတယ်ခင်ဗျား။ အဲဒါကတော့ ဒီ ရန်ကုန်-ပြည်-မကွေးလမ်းနဲ့ ရန်ကုန်-မန္တလေးလမ်းတွေကိုချဲ့ပေးဖို့ ကိစ္စဖြစ်ပါတယ်။ ဒီအပြင် အမြန်ဆုံးချဲ့ပေးဖို့ကိစ္စကတော့ ဒီလမ်းတစ်လျှောက်ကို ဖြတ်သန်းသွားတဲ့ မြို့ကြီးတွေမှာ မကြာခဏမတော်တဆမှုတွေဖြစ်နေတဲ့ အတွက်ကြောင့် မြို့တွင်းလမ်း တစ်မိုင်နှစ်မိုင်စသည်ဖြင့် မြို့အရှည်အလိုက်ကို ပေ ၃၀ အထိ ချဲ့ပေးဖို့ လမ်းညွှန်ခဲ့တဲ့အတွက် ဇန်နဝါရီလ ၁၅ ရက်နေ့ကနေ စတင်ပြီးတော့ သက်ဆိုင်ရာ ဘီအိုတီယူထားတဲ့ ကုမ္ပဏီများက စတင်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။
