ရန်ကုန်-နေပြည်တော် အမြန်လမ်းမ ဟာ မိုင် ၂၀၀ ကျော်ရှိပြီးတော့ အခု ဖွင့်လှစ်သွားလာနေသည်မှာ ၃ နှစ်ကျော်ရှိပါပြီ။ ထိုနည်းတူပဲ နေပြည်တော်-မန္တလေးအမြန်လမ်းမကြီးလည်း တစ်နှစ်နီးပါးခန့် ဖွင့်လှစ်သွားလာလျက်ရှိပါတယ်။ ဒီလမ်းမကြီး ၂ ခုဟာ ကျွန်တော်တို့ ပြည်နယ်/တိုင်းဒေသကြီးများမှ လွှတ်တော်ကိုယ်စားလှယ်များနဲ့ လုပ်သားပြည်သူများ အချိန်တိုတိုနဲ့ ခရီးသွားလာလို့ရပြီဖြစ်ပါတယ်။ ဒီ ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးကို ဖြစ်မြောက်အောင်၊ ပြီးစီးအောင်ဆောင်ရွက်ပေးခဲ့တဲ့ ယခင်အစိုးရနဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ကိုလည်း အထူးပဲကျေးဇူးတင်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး အချိန်ကုန် သက်သာစွာနဲ့ ခရီးရောက်အောင် ဆောင်ရွက်ပေးခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒီလမ်းမကြီးကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဦးဆောင်ပြီးတော့ တိုင်းရင်းသားကုမ္ပဏီများနဲ့ အပိုင်းလိုက်ခွဲပြီးတော့ ဖောက်လုပ်ခဲ့ကြကြောင်း ကြားသိရပါတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များသွားလာ နေကြရာမှာ ရန်ကုန်-မန္တလေးအမြန်လမ်းမတစ်လျှောက် ထပ်မံလုပ်ဆောင်စရာတွေ၊ ပြုပြင်စရာတွေ အများကြီးရှိနေကြောင်း တွေ့မြင်ရပါတယ်။ အကျဉ်းချုံးပြီးဖော်ပြရရင် အမြန်လမ်းမကြီးတစ်လျှောက် ဘေးဘယ်ညာ အားလုံးကာရံထားမှုမရှိခြင်း၊ ရပ်နားစားသောက်ဆိုင်များကို မိုင် ၅၀ အကွာတွင် ဆောက်လုပ်ပေးထားမှုမရှိခြင်း၊ လမ်းဘေးသတိပြုဆိုင်းဘုတ်များကို မြန်မာဘာသာဖြင့်သာရေးသားပြီး အင်္ဂလိပ်ဘာသာဖြင့် ရေးသားမှုမရှိခြင်းနှင့် ကွန်ကရစ်လမ်းဖြစ်၍ ညီညာမှုမရှိသည့်အပြင် ကားတာယာများ ကြာရှည်ခံနိုင်မှုမရှိခြင်းစသည်တို့ကို တင်ပြသွားမှာဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ အမှန်တကယ် ရန်ကုန်-မန္တလေးအမြန်လမ်းမှာ လူ၊ တိရစ္ဆာန်နှင့် ယာဉ်များ အားလုံး လုံးဝဖြတ်သန်း၍မရအောင် အကာအရံအတားအဆီးရှိရမှာ ဖြစ်ပါတယ်။ နိုင်ငံခြားသားတချို့ အခုဆိုလို့ရှိရင်အမြန်လမ်းမမှာ ကိုယ်တိုင်မောင်းနှင်ခြင်းမျိုးရှိလာပါတယ်။ ထိုသို့ မောင်းနှင်တဲ့အခါ မှာ ဖြတ်သန်းသွားလာတဲ့ လူ၊ တိရစ္ဆာန်များကို တိုက်ခိုက်မိပါက မောင်းနှင်သူမှာ တာဝန်မရှိပါ။ တိုက်ခိုက်ခံရသူ၌သာ တာဝန်ရှိပါသည်။ ထိုသို့ မတော်တဆတိုက်ခိုက်မှုဖြစ်ပါက အနီးအနားမှာရှိတဲ့ ပြည်သူ့ရဲနဲ့ ရပ်ကျေးအုပ်ချုပ်သူများက ယာဉ်မောင်းသူအပေါ်၌ တာဝန်ရှိသည်ဟု မှားယွင်းစွာ စွပ်စွဲလာတတ်ပါတယ်။ ဒီကိစ္စယာဉ်မောင်းသူနိုင်ငံခြားသားကလည်း ကျွန်တော်တို့ လူ၊ ယာဉ်များ စည်းကမ်းမရှိ၍ ဖြစ်ရတဲ့အတွက်ကြောင့် လုံးဝကျေနပ်မှုမရှိကြောင်းကို ကြားသိနေရပါတယ်။ ၎င်းအပြင် ကျွန်တော်တို့ရဲ့ မော်တော်ဆိုင်ကယ်များ၊ ထော်လာဂျီများ၊ စက်ဘီးများ လမ်းပြောင်းပြန် မောင်းနှင်ခြင်း၊ လမ်းဟိုဘက်ဒီဘက်ဖြတ်ကူးခြင်းများကြောင့် မတော်တဆတိုက်ခိုက်မှုများလည်း မကြာခဏဖြစ်နေကြောင်းကိုလည်း ကြားသိနေရတဲ့အတွက် လမ်းမကြီးရဲ့ ဘယ်ဘက်ညာဘက်ကို လည်း အကာအရံများ ပြည့်စုံစွာ ဆောက်လုပ်ကာရံပေးထားသင့်ကြောင်း တင်ပြအပ်ပါတယ်။ ဒီအတွက်လည်း ယခုနှစ်ဘတ်ဂျက်မှာ ကာရံဖို့အတွက် ချထားပေးတာကိုလည်းတွေ့ရတဲ့အတွက် ကြောင့် အမြန်ဆုံးအကောင်အထည်ဖော်ပေးပါလို့ ထပ်မံတင်ပြလိုပါတယ်။ ဒုတိယအချက်ကတော့ မော်တော်ယာဉ်ကားကြီး၊ ကားငယ်များဟာ ရန်ကုန်-မန္တလေး-နေပြည်တော်၊ ရန်ကုန်-နေပြည်တော် ၁၁၅ မိုင်စခန်းနဲ့ နေပြည်တော်-မန္တလေး ၈၅ မိုင်တို့၌သာ ရပ်နားစားသောက်၊ အပေါ့၊ အလေးသွား ကြရပါတယ်။ ယခုကဲ့သို့ ခရီးမိုင်ရှည်လျားစွာဖြင့် သွားလာရတဲ့အခါမှာ လူကြီးများနဲ့ ကလေးများ အတွက် အပေါ့၊ အလေးသွားရန် အခက်အခဲရှိနေကြပါတယ်။ ရန်ကုန်-နေပြည်တော်၊ နေပြည်တော်-မန္တလေးအမြန် လမ်းမတစ်လျှောက် မိုင် ၅၀ စီအကွာမှာ ကားများရပ်နားရာနှင့် အစားအသောက်ဆိုင် များ၊ ကျန်းမာရေးလေ့ကျင့်စခန်းပိုက်လိုင်းများ ပြုလုပ်ပေးထားသင့်ပါတယ်။ ထိုသို့ ခရီးသွားယာဉ် များဟာ လမ်းမရဲ့ ဘယ်ညာအသွားအပြန် ကားလမ်းရဲ့ ညာဘက်တွင် ရပ်နားစားသောက်ပြီး ညာဘက် အတိုင်း ဆက်လက်ထွက်ခွာသွားကြရန် ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုအခါ နိုင်ငံခြားသား ခရီးသည်များလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာ၍လည်းကောင်း၊ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ မှာ အရှေ့တောင်အာရှ SEA Game အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံသို့ရောက်ရှိလာမည့် နိုင်ငံခြားသားများအားလည်းကောင်း၊ ရန်ကုန်-မန္တလေးလမ်းမဘေး ဘယ်ညာတစ်လျှောက် မြန်မာ ဘာသာဖြင့် သတိပေးဆိုင်းဘုတ်များအပြင် ကမ္ဘာသုံးအင်္ဂလိပ်ဘာသာအဖြစ်လည်း Road Sign များကို ရေးသားထားပေးပါက အလွန်ပင် လျော်ကန်သင့်မြတ်မည်ဟု ထင်မြင်မိပါတယ်ခင်ဗျား။ နောက်ဆုံးအချက်အနေနဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် ကွန်ကရစ်လမ်းဖြင့်ခင်းထား သည်မှာ ညီညာမှုမရှိတဲ့အပြင် တံတားများကို ဖြတ်ကျော်ရာတွင် ဒုံး၊ ဒိုင်းမည်ပြီးတော့ အသံများလည်း အလွန်အမင်း ဆူညံပါတယ်။ ရန်ကုန်မှ နေပြည်တော်သို့ ၈၅ မိုင် မိုင်တိုင်အထိ ကွန်ကရစ်လမ်း ခင်းထားခြင်းသည် အလွန်ပင်ဆိုးရွားနေပါသည်။ ကားတာယာများလည်း သက်သာစေရန်အတွက် ကတ္တရာထပ်ပိုးလွှာများကို အမြန်ဆုံးထပ်မံခင်းသင့်ပါကြောင်း မေးမြန်းတင်ပြပါသည်။
ပထမဦးစွာ ယခုလို မေးခွန်းကို မေးမြန်းပေးတဲ့ ရခိုင်ပြည်နယ်၊ မာန်အောင်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိန်အား အထူးကျေးဇူးတင်ရှိပါကြောင်း တင်ပြလိုပါတယ်ခင်ဗျား။ ဘာဖြစ်လို့လဲဆိုတော့ ဦးအောင်စိန်တင်ပြသွားတဲ့ ကိစ္စရပ်များဟာ ကျွန်တော်တို့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ မဖြစ်မနေဆောင်ရွက်ရမယ့်ကိစ္စရပ်များအားလုံးဖြစ်ပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဟာ ရန်ကုန်ကနေ မန္တလေးအထိ မိုင်ပေါင်း ၃၆၆ မိုင် ၃ ဖာလုံရှိပါတယ်။ ဒီလုပ်ငန်းကို ကျွန်တော်တို့ ဆောင်ရွက်တဲ့အခါမှာလည်းပဲ ကျွန်တော်တို့ဟာ လုပ်ငန်းကိုပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။ ကွန်ကရစ်ခင်းပြီး အမှန်တကယ်က အရပ်အခေါ်နိုင်လွန်ကတ္တရာ A.C ကို ကျွန်တော် တို့ အပေါ်ကတင်ရမှာဖြစ်ပါတယ်။ သို့သော်လည်းပဲ နိုင်ငံတော်ရဲ့ လိုအပ်ချက်အရ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားများ အမြန်ဆုံးအသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ပြီးတော့ ကျွန်တော်တို့ လမ်းကို ဖွင့်ပေးပြီးတော့ ကွန်ကရစ်လမ်းအဆင့်နဲ့ပဲ လမ်းဖွင့်ပေးလိုက်တဲ့အတွက် ကွန်ကရစ်လမ်းတို့ရဲ့ သဘာဝအတိုင်း မော်တော်ကားရဲ့တာယာပွတ်စားခြင်းမျိုး ဖြစ်ပြီးတော့ ဒီအပေါ်မှာ အခက်အခဲဖြစ်နေ တယ်ဆိုတာကိုလည်းပဲ ကျွန်တော်တို့ သိရှိပါတယ်။ ဒါနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ မိုင်ဟာ ၃၆၆ မိုင် ၃ ဖာလုံဖြစ်တဲ့အတွက် အင်မတန်ရှည်လျားတာကြောင့် အဆင့်လိုက် အဆင့်လိုက် ကျွန်တော် တို့ ဒါ A.C ခေါ်တဲ့ ဒီနိုင်လွန်ကတ္တရာကို ခင်းပြီးဆောင်ရွက်မှာ ဖြစ်ပါကြောင်း တင်ပြပါတယ်။ ဆိုတော့ ဒီမှာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ရပ်နားစားသောက်ရန်အတွက် လက်ရှိအသုံးပြုနေတာက တော့ ရပ်နားစခန်း ၂ နေရာပဲဖြစ်ပါတယ်။ အဲဒီ ၂ နေရာကတော့ မိုင်တိုင် ၁၁၅ မှာရှိတဲ့ တစ်နေရာနဲ့ မိုင်တိုင် ၂၈၅ မိတ္ထီလာဘက်အဝင်မှာရှိတဲ့ နေရာတို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ အနေနဲ့ ဆက်လက်ပြီးတော့ နောက်ထပ်နေရာ ၃ ခု ကျွန်တော်တို့ ဆောင်ရွက်ဖို့ ရည်ရွယ်ထားပါတယ်။ အဲဒါတွေကတော့ (၁) ရန်ကုန်-နေပြည်တော်အပိုင်းမှာ မိုင်တိုင် ၃၉ နဲ့ ၃၉/၃ အကြားမှာရှိတဲ့ ဘောနပ်ကြီးစခန်းဖြစ်ပါတယ်။ (၂) ရန်ကုန်စီလမ်းဆုံမှာရှိတဲ့ အပိုင်းမှာ နေပြည်တော်စီလမ်းဆုံမှာရှိတဲ့ မိုင်တိုင် ၂၀၅ ကနေ ၂၀၇ မှာရှိတဲ့ စီလမ်းဆုံစခန်းဖြစ်ပါတယ်။ (၃)ကတော့ မန္တလေး-နေပြည်တော် အပိုင်းမှာ မိုင်တိုင် ၃၅၂ နဲ့ ၃၅၂/၄ ကြားမှာရှိတဲ့ စကားအင်းယာဉ်ရပ်နားစခန်းတို့ကို ကျွန်တော်တို့ ဆက်လက်ပြီးတော့ တည်ဆောက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသွားတဲ့အတိုင်း ခရီးသည်များအတွက် မိုင် ၅၀ ခန့် အကွာအဝေးမှာ ကျန်းမာရေးအတွက် Toilet များကိုလည်း အသွားအပြန် လမ်းတစ်လျှောက် အမြန်ဆုံးတည်ဆောက်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း တင်ပြအပ်ပါတယ်။ ဒီအပြင် ဒီလမ်းဟာ ဘေးကနေပြီးတော့ ကာရံထားရမယ်ဆိုတာလည်း ကျွန်တော်တို့ သဘောပေါက်ပါတယ်။ နိုင်ငံတကာ မှာလည်းပဲ ဒီလို Express Highway တွေမှာ အမြန်လမ်းမကြီးတွေမှာ ဘေးနှစ်ဖက်ကို ကာရံထားတာ ဖြစ်ပါတယ်။ အဲဒီတော့ ဘေးနှစ်ဖက်ကို ကာရံမယ်ဆိုရင် ကျွန်တော်တို့ ကာရံရမယ့် မိုင်ပေါင်းဟာ အသွားအပြန် ၇၃၂ မိုင်နဲ့ ၆ ဖာလုံရှိပါတယ်။ ဒါကိုလည်းပဲ စီမံချက်ချပြီးတော့ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နှစ်အလိုက်စီမံချက်ရေးဆွဲပြီး ဆောင်ရွက်သွားမှာဖြစ် ပါကြောင်းနဲ့ တင်ပြပါတယ်။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက် လမ်းဘေးမှာရှိတဲ့ သတိပေးဆိုင်းဘုတ်၊ အသိပေးဆိုင်းဘုတ်၊ လမ်းညွှန်ဆိုင်းဘုတ်စတဲ့ ဒီဆိုင်းဘုတ်သုံးမျိုးကိုလည်းပဲ မြန်မာလိုရေးသားထားတဲ့အပြင် အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားဖို့ လည်း ကျွန်တော်တို့ ဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြအပ်ပါတယ်။ ဒါကြောင့်မို့ လွှတ်တော် ကိုယ်စားလှယ်ကြီး တင်ပြသွားတဲ့ကိစ္စရပ်များအားလုံးဟာ ကျွန်တော်တို့ ဆောင်ရွက်ရမယ့်ကိစ္စရပ်များ ဖြစ်ပါကြောင်း ဖြေကြားပါသည်။
