(ဃ)-ဘဏ်စည်းကမ်းအရ အာမခံချေးငွေချေးပေးရာတွင် ဒုက္ခရောက်နေချိန်မျိုး၊ အမှန်တကယ် ပိုင်ဆိုင်ခွင့်ရှိသော်လည်း သက်ဆိုင်ရာဌာနမှ ဆောင်ရွက်ပေးချိန်ကြာမြင့်သည်အခါမျိုးတွင် မည်သည့် နည်းလမ်းဖြင့် ငွေချေးပေးနိုင်မည်နှင့်စပ်လျဉ်းသည့် မေးခွန်း မလှိုင်မဲဆန္ဒနယ် ပြည်သူ့လ

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ (၁၈.၁.၂၀၁၃)

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး နဝမနေ့မှာ တောင်သူလယ်သမားများ၏ ချေးငွေ၊ စိုက်ပျိုးရေးဘဏ်မှအပ ကျန်ဘဏ်များ တစ်ဧကတစ်သိန်းနှင့် အထက် နှစ်အလိုက်ချေးငွေအဖြစ် ထုတ်ချေးပေးနိုင်ပါရန် အဆိုတစ်ရပ် တင်သွင်းခဲ့ပါတယ်။ ဒါ့အပြင် လိုအပ်ပါက လိုအပ်သော ဥပဒေ၊ နည်းဥပဒေများပြဋ္ဌာန်းပေးရန်ကိစ္စကိုပါ အဆိုတွင် ဖော်ပြခဲ့ပါတယ်။ ဤအဆိုအပေါ် သက်ဆိုင်ရာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာနတို့မှာ ချေးပေးရန် အစီအစဉ်ရှိကြောင်း၊ တောင်သူလယ်သမားများအတွက် လယ်ယာမြေ ပိုင်ဆိုင်မှုအတွက် အထောက်အထားများ၊ လယ်ယာမြေပိုင်ဆိုင်ခွင့်လက်မှတ်များအား လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပုံနှိပ်ဆောင်ရွက်ရန် စီစဉ်လျက်ရှိပြီး သက်ဆိုင်ရာ တစ်ပြည်လုံးအတိုင်းအတာအနေဖြင့် ထုတ်ပေးမည်ဖြစ်ပြီး အဆိုပါ လယ်ယာမြေပိုင်ဆိုင်ခွင့် လက်မှတ် ရရှိပြီးပါက ဘဏ်များမှ မြေယာကို အာမခံထားလျက် ချေးပေးမည်ဖြစ်ပါကြောင်းနဲ့ အဆိုအား မှတ်တမ်းတင်ပေးပါရန် ဆွေးနွေးခဲ့ပါတယ်။ သို့ပါ၍ ယခုအခါ တောင်သူလယ်သမားများမှာ ရာသီဥတုဒဏ်ကို ဆိုးရွားစွာ ခံစားနေရခြင်း၊ သီးနှံဈေးနှုန်းများ အဆမတန်ကျဆင်းနေမှုကြောင့် အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရပါသဖြင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသို့ မေးမြန်းလိုသည်မှာ ဘဏ်စည်းကမ်းအရ အာမခံထား၍ ချေးငွေချေးပေးရသည်မှာ မှန်ကန်ပါတယ်။ သို့သော် ယခုကဲ့သို့ ဒုက္ခရောက်နေချိန်မျိုး အမှန်တကယ် ပိုင်ဆိုင်ခွင့်ရှိသော်လည်း ထိုပိုင်ဆိုင်မှုအတွက် သက်ဆိုင်ရာဌာနမှ ဆောင်ရွက်ပေးချိန် ကြာမြင့်နိုင်သည့်အခါမျိုးတွင် ဘဏ်များအနေနဲ့ မည်သည့်နည်းဖြင့် ငွေချေးပေး နိုင်သည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း
အဖြေ

ဘဏ်ငွေတွေကို သုံးမျိုး အကြမ်းဖျင်း အားဖြင့်ခွဲခြားလို့ရပါတယ်။ ကူးသန်းရောင်းဝယ်ရေးဘဏ်၊ စိုက်ပျိုးရေးဘဏ်၊ ဖွံ့ဖြိုးရေးဘဏ် စသည်ဖြင့် ဖြစ်နိုင်ပါတယ်။ ယနေ့ မြန်မာနိုင်ငံရဲ့ ဘဏ်လောက၊  ငွေရေးကြေးရေးလောကမှာ နိုင်ငံပိုင်ဘဏ် ၄ ဘဏ်၊ ပုဂ္ဂလိကဘဏ် ၁၉ ဘဏ်နှင့် အသေးစားငွေရေးကြေးရေး အဖွဲ့အစည်း ၁၃၀ က လှုပ်ရှားဆောင်ရွက်ပေးလျက်ရှိပါတယ်ခင်ဗျား။ အဲဒီဘဏ်တွေထဲမှာမှ နိုင်ငံပိုင်ဘဏ်တွေ အားလုံး ၄ ဘဏ်အနက်  ၃ ဘဏ်နဲ့  ပုဂ္ဂလိကဘဏ် အားလုံးသည် ကူးသန်းရောင်းဝယ်ရေးဘဏ်တွေဖြစ်ပါ တယ်။ နိုင်ငံပိုင်ဖြစ်တဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကတော့ စိုက်ပျိုးရေးဘဏ် ဖြစ်ပါတယ်ခင်ဗျ။

          ဘဏ်များအနေနဲ့ အဓိကလုပ်ဆောင်ရသော လုပ်ငန်းသည် ငွေအပ်နှံထားသူများရဲ့ အပ်ငွေ များကို လက်ခံပြီးတော့ အတိုးပြန်ပေးတယ်။ အဲဒီမှ တစ်ဆင့်ပြန်ပြီးတော့ ထုတ်ချေးပေးတာကို လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။ ဘဏ်များအနေနဲ့ သူတို့ကိုအပ်နှံထားသော ငွေများအပေါ်မှာ မပျောက် မပျက်ရ အောင်ထိန်းသိမ်းရမယ့် တာဝန်က လွန်စွာမှ ကြီးလေးပါတယ်။ ထို့ကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ ဘဏ်များရော၊ နိုင်ငံတကာမှာရှိတဲ့ ဘဏ်များအပါအဝင် ငွေကြေးထုတ်ချေးတဲ့ မူဝါဒတွေမှာ အာမခံ အပေါင်ပစ္စည်းမဲ့ ထုတ်မချေးရဘူးဆိုတာ တင်းတင်းကြပ်ကြပ်ကြီး သတ်မှတ်ထားပါတယ်။ သို့သော် လည်း စိုက်ပျိုးရေးဘဏ်ဖြစ်တဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကတော့ စိုက်ပျိုးရေးချေးငွေတွေကို ထုတ်ချေးပြီးတော့ သူသည် ရောင်းဝယ်ရေးဘဏ် မဟုတ်တဲ့အတွက်ကြောင့် သူ့အနေနဲ့တော့ အပေါင်ပစ္စည်းမဲ့ ချေးခွင့်ရှိပါတယ်။ ထို့အတူပဲ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများကလည်း ပဲ အပေါင်ပစ္စည်းမဲ့ ချေးခွင့်ရှိပါတယ်ခင်ဗျား။ သို့သော်လည်းပဲ အပေါင်ပစ္စည်းမဲ့ဆိုသော်လည်းပဲ သူတို့အနေနဲ့ ဝိုင်းကြီးချုပ်စနစ်နဲ့ အာမခံတော့ လိုအပ်ပါတယ်။ ထို့ကြောင့် ဦးအေးမောက်ရဲ့ မေးခွန်းကို ဖြေကြားချင်တာကတော့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နဲ့ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများ ဆက်သွယ်ပြီးတော့ အပေါင်ပစ္စည်းမဲ့ချေးယူနိုင်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။