(ခ)-ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် စံရွေးကျေးရွာအုပ်စု စံရွေးကျေးရွာအား မြစ်မခမြစ် ရေတိုက်စားမှုမှ ကာကွယ်ရန် မြစ်ကြောင်းဖြောင့် တူးဖော်ပေးနိုင်ခြင်းရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ (၁၈.၁.၂၀၁၃)

သာယာဝတီမြို့နယ် စံရွေးကျေးရွာ အုပ်စု စံရွေးကျေးရွာဟာ ဒီသာယာဝတီမြို့ရဲ့အနောက်ဘက် ၇ မိုင်အကွာ မြစ်မခမြစ်ရဲ့ အနောက်ဘက်မှာ တည်ရှိပါတယ်။ စံရွေးကျေးရွာအုပ်စုမှာ အိမ်ခြေပေါင်း ၇၁၂ အိမ်၊ အိမ်ထောင်စု ပေါင်း ၇၂၂ စုနှင့် လူဦးရေ ၃၄၇၀ ရှိပြီး၊ ဧရိယာအကျယ်အဝန်းအားဖြင့် ၃.၃၇ စတုရန်းမိုင် ကျယ်ဝန်းပါတယ်။ စံရွေးကျေးရွာမှာ ဗုဒ္ဓသာသနိက အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများ၊ မြေ ၁.၆၃ ဧကပေါ်ရှိ ခုတင် ၁၆ လုံးဆန့်တိုက်နယ်ဆေးရုံတစ်ရုံ၊ အုတ်ညှပ်အုတ်ကာ၊ သွပ်မိုး ကျေးလက်ကျန်းမာရေးအဆောက်အဦတစ်လုံး၊ နှစ်ထပ်ဆောင်အပါအဝင် စာသင်ဆောင် ၄ ဆောင် နှင့် ဝန်ထမ်းအိမ်ရာပါ စံရွေးအထက်ကျောင်းတစ်ကျောင်း၊ မူလတန်းကျောင်း ၂ ကျောင်းနှင့် ဝန်ထမ်း အိမ်ရာပါ ရဲတပ်ဖွဲ့စခန်း ၁ ခု၊ ဉာဏ်တော် ၂၇ ပေရှိ ရွာလယ်ရုပ်ပွားတော်မြတ်ကြီး ၁ ဆူ အသီးသီး ရှိပါတယ်။ စံရွေးကျေးရွာမှာ လယ်မြေ ၇၉.၂၅ ဧက၊ ကိုင်း ၁၆၂၁.၆၆ ဧကရှိ၍ စိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်လျက်ရှိပြီးတော့ နွေအခါမှာ မြစ်ကြောင်းကိုဖြတ်ပြီး တော့မှ ဟုမ်းအော်ကျေးရွာမှတစ်ဆင့် မြို့ကိုသွားနိုင်ပြီးတော့ မိုးတွင်းအခါမှာ မြစ်ကြောင်းမှတစ်ဆင့် သုံးဆယ်ချောင်းအတိုင်း မြို့ကို မော်တော်များဖြင့် လမ်းပန်းဆက်သွယ်အသုံးပြုရပါတယ်။ မြစ်မခမြစ် ရေဟာ စံရွေးကျေးရွာအနောက်ဘက်ခြမ်း ရွာထိပ်နေရာသို့ တိုက်ရိုက်ထိတွေ့စီးဆင်းမှုကြောင့် မြစ်ကမ်းများတစ်လျှောက် နှစ်စဉ်ကမ်းပြိုမှုများဖြစ်ကာ နေအိမ်နှင့် လယ်ယာကိုင်းကျွန်းများ နှစ်စဉ် ဆုံးရှုံးလျက်ရှိပါသည်။ ယမန်နှစ်က ရွာမြေ ၃.၀၆ ဧက နှင့် ကိုင်းမြေ ၁.၇၄ ဧကပေါင်း ၄.၈ ဧကသည် မြစ်ကြောင်းရေအောက်မြေ အဖြစ်ရောက်ရှိကြောင်း ခံစားတွေ့ရှိပါတယ်။ ၂၀၁၁-၂၀၁၂ ခုနှစ်မှာ အိမ်ထောင်စု ၂၀ သည် နီးစပ်ရာဆွေမျိုးအသိုင်းအဝိုင်းမြေလွတ်များရှိရာသို့ လည်းကောင်း၊ အိမ်ထောင်စု ၃၄ စုသည် ကိုင်းအတွင်းရှိ မြေယာများသို့လည်းကောင်း၊ မြစ်ကမ်းပါး ပြိုကျနိုင်မည့်နေရာများမှ ပြောင်းရွှေ့ နေထိုင်ခဲ့ကြရပါတယ်။ ၁၉၇၉ ခုနှစ်မှနေပြီး ၂၀၁၂ ခုနှစ်အထိ မြစ်ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးခဲ့သောအခြေအနေမှာ စံရွေးကျေးရွာ သင်္ဘောကျင်းတိုက်နေရာဟောင်းမှာ ယနေ့ယခု လက်ရှိ ကမ်းပါးနေရာအထိ ပေ ၃၃၀၀ ခန့်မြစ်ကြောင်းပြောင်းခြင်း၊ ပြောင်းရွှေ့ခဲ့ရသော အိမ်ခြေပေါင်း ၂၀၀ ကျော်၊ စေတီရုပ်ပွားတော်မြတ်နှင့် သိမ်ကျောင်းအပါအဝင် ဘုန်းတော်ကြီးကျောင်း ၂ ကျောင်း၊ သုသာန်မြေတစ်ခုနှင့် ကိုင်းမြေ ၁၅၀ ကျော် ပျက်စီးခဲ့ရပါတယ်။ မြစ်ကြောင်းအနေအထားသည် စံရွေးကျေးရွာအား ထိပ်တိုက်တိုးနေခြင်း၊ ရေစီးသန်မြန်လွန်းခြင်း၊ ကမ်းပြိုခြင်းများအား တားဆီး ကာကွယ်နိုင်ခြင်းမရှိ၍ ကျေးရွာအတွက် အလွန်အန္တရာယ်ကြီးမားလျက် ရှိပါတယ်။ စံရွေးကျေးရွာ ဘက်ကမ်းမှာ ကမ်းပါးတစ်လျှောက်ကမ်းပြိုမှု အလျားပေ ၆၀၀၀ ခန့်ရှိပြီး ကမ်းပြိုတိုက်စားမှုအနေဖြင့် စံရွေးကမ်းပါးနှင့် စံရွေးကျေးရွာကျန်းမာရေးဌာန အကွာအဝေး ပေ ၁၀၀ ခန့်၊ မြစ်ကမ်းပါးနှင့် ဝန်ထမ်းအိမ်ရာပါ စံရွေးအထက်တန်း ကျောင်း အကွာအဝေး ပေ ၅၅၀ ခန့်၊ မြစ်ကမ်းပါးနှင့် ခုတင် ၁၆ လုံးတိုက်နယ်ဆေးရုံအကွာအဝေး ပေ ၈၅၀ ခန့်၊ မြစ်ကမ်းပါးနှင့် ရဲစခန်းအကွာအဝေး ပေ၇၅၀ ခန့်၊ မြစ်ကမ်းပါးနှင့် ယခင်ပြောင်းရွှေ့ခဲ့သော သ‌င်္ဘောကျင်းဘုန်းတော်ကြီးကျောင်းနှင့် ဗုဒ္ဓရုပ်ပွားတော် များ အကွာအဝေး ပေ ၆၅၀ ခန့် အသီးသီးကမ်းပြိုမှုအန္တရာယ်နှင့် နီးကပ်လျက်ရှိပါသည်။

၂၀၀၃ နှင့် ၂၀၀၄ ခုနှစ်များမှာ ရေအရင်းမြစ်နှင့်မြစ်ကြောင်းဖွံ့ဖြိုးတိုးတက်ရေးဌာန ဒေသခွဲ (၃) မှာ တိုင်းတာမှုကွင်းဆင်းဆောင်ရွက်ခဲ့ပြီးတော့ မြစ်ကြောင်းဖြောင့်ဖောက်လုပ်ရန် အကွာအဝေး တိုင်းတာခဲ့ရာ ပေ ၇၅၀၀ ခန့် သတ်မှတ်ထားသော်လည်း ယခုနှစ်ကြာလာသည်နှင့်အမျှ ရေတိုက်စားမှု ကြောင့် ကမ်းပါးနှစ်ဖက်ညှပ်ပြို၍ အိုမီဂါပုံစံဖြင့်တည်ရှိရာ ယခုအခါ ပေ ၆၅၀၀ ခန့်သာရှိပြီဖြစ်ပါ တယ်။ မြစ်ကြောင်းသည် စံရွေးကျေးရွာအား အိုမီဂါပုံသဏ္ဍာန် ကွေ့ဝိုက်စီးဆင်းနေသဖြင့် မြစ်ကြောင်း ဖြောင့်မှသာ ရေရှည်တွင် အန္တရာယ်မှ လွတ်ကင်းမည် ဖြစ်ပါတယ်။ ထိုကဲ့သို့ မြစ်ကြောင်းဖြောင့်တူး ခြင်းဖြင့် စံရွေးကျေးရွာအုပ်စု၊ ဒေါဝီကျေးရွာအုပ်စု၊ ကြေးစင်ကုန်းကျေးရွာအုပ်စု၊ ဖိုးခေါင်ကျေးရွာ အုပ်စုတို့သည် ရေတိုက်စားခံရမည့် အိမ်ခြေစုစုပေါင်း ၈၀၀ ကျော်အတွက် (၁) မြစ်ကမ်းပါးပြိုကျမှု ရေတိုက်စားမှု အန္တရာယ်မှကင်းလွတ်ခြင်း၊ (၂)  မူလလယ်ယာလုပ်ငန်းကိုလည်း စဉ်ဆက်မပြတ် လုပ်ကိုင်နိုင်ခြင်း၊ (၃)  အဆိုပါမြစ်ကြောင်းသည် စံရွေးကျေးရွာ၏ အနောက်ဘက်တွင် ကျန်ရစ်ခဲ့မည် ဖြစ်သောကြောင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုလွယ်ကူလျင်မြန်လာမည်ဖြစ်သဖြင့် ဒေသနေပြည်သူများ ရဲ့ ပညာရေး၊ ကျန်းမာရေး၊  စီးပွားရေးစသော လူမှုစီးပွားရေးဘဝ အခြေအနေများ တိုးတက်လာနိုင် ရေး၊ ဆင်းရဲနွမ်းပါးမှု လျော့နည်းစေနိုင်ခြင်း၊ (၄) ပေါ်ထွက်လာမည့်မြစ်ကျိုးအင်းကြောင့် စိုက်ပျိုးမြေ များ ပေါ်ထွန်းလာနိုင်ခြင်း၊ (၅)  အစိုးရဌာနဆိုင်ရာအဆောက်အဦများ၊ သာသနိကအဆောက်အဦများ၊ လူနေအိမ်များ ပျက်စီးခြင်းနှင့် ရွှေ့ပြောင်းခြင်းမပြုရဘဲ ရေရှည်တည်တံ့နိုင်ခြင်းစသည့် အကျိုး ကျေးဇူးများကို ခံစားရမှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် သာယာဝတီမြို့နယ် စံရွေးကျေးရွာ အုပ်စုအပါအဝင် လေးအုပ်စုတို့အား မြစ်မခမြစ်ရေတိုက်စားမှုနှင့် မြစ်ကမ်းပါးပြိုကျမှုအန္တရာယ်ကို ခံစားနေရသော ဒေသခံပြည်သူများ၏ ရှေ့ရေးအတွက် ၎င်းဖော်ပြပါ အကျိုးကျေးဇူးများခံစားရရှိ နိုင်ရန် လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်ရေးကို ထောက်ရှု၍ အထက်ပါ စံရွေးကျေးရွာ မြစ်မခမြစ်ရဲ့ ရေတိုက်စားထားသော အိုမီဂါပုံစံဖြစ်နေသည့် မြစ်ကြောင်းထိပ်စွန်းနှစ်ခုအား မြစ်ကြောင်းဖြောင့် ဖောက်ပေးခြင်းဖြင့် ပြည်သူများရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မှာဖြစ်ပါတယ်။ သို့အတွက်ကြောင့် ကျွန်တော်မေးလိုသည့်မေးခွန်းမှာ စံရွေးကျေးရွာအား မြစ်မခမြစ်ရေတိုက်စားမှုမှ ကာကွယ်ရန် မြစ်ကြောင်းဖြောင့်တူးဖော်ပေးနိုင်ခြင်းရှိ၊ မရှိနှင့် ဖောက်လုပ်ပေးမည်ဆိုပါက မည်သည့်အချိန်ကာလ တွင် ဖောက်လုပ်နိုင်မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟန်စိန်
အဖြေ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် စံရွေးကျေးရွာအုပ်စု စံရွေး ကျေးရွာအား မြစ်မခမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုအခြေအနေများကို ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့နဲ့ ညှိနှိုင်းချက်အရ ပို့ဆောင်ရေးဝန်ကြီးဌာန ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနဒေသ(၃) ပဲခူးတိုင်းဒေသကြီးရုံးကနေပြီးတော့ ကျွန်တော်တို့ ၂၈-၈-၂၀၁၂ ရက်နေ့ကနေ စပြီး ကွင်းဆင်းတိုင်းတာ စစ်ဆေးဆောင်ရွက်ခဲ့ပါတယ်။ စစ်ဆေးတွေ့ရှိချက်တွေအရစံရွေးကျေးရွာရဲ့ အနောက်ဘက်မှာ ကမ်းပြိုမှုအလျား ၅၉၀၀ ပေခန့်ဖြစ်ပါတယ်။ စံရွေးကျေးရွာတည်ရှိရာ မြစ်ကမ်းပါး ဟာ မြစ်ကွေးရဲ့အပြင်ဘက်မှာရှိခြင်း၊ ကမ်းပါးမြေသားများမှာ ရေတိုက်စားမှုကို ခံနိုင်ရည်မရှိသော စေးကပ်မှုနည်းသည့် နုန်းသဲများဖြစ်ခြင်းတို့ကြောင့် ကမ်းပြိုမှုဖြစ်ပေါ်ကြောင်းတွေ့ရှိရပါတယ်။ စံရွေးကျေးရွာဟာ မြစ်မခမြစ်ရဲ့ အိုမီဂါပုံသဏ္ဍာန်မြစ်ကွေးအတွင်းကျရောက်နေပြီး မြစ်ကွေးကိုဖြတ် ဖောက်လိုက်မည်ဆိုပါက စံရွေးကျေးရွာကမ်းပြိုမှုမှကာကွယ်နိုင်မည်ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ တိုင်းတာတွေ့ရှိချက်အရ မြစ်ကွေးကိုဖြတ်ဖောက်မည်ဆိုပါက ကျွန်တော်တို့ အလျားပေ ၉၀၀ဝခန့် ဖြတ်ဖောက်သွားရမှာဖြစ်ပါတယ်။ အဲလိုဖြတ်ဖောက်မယ်ဆိုရင်  မြေကြီးကျင်းပေါင်း ၁၈၀၀၀၀၀ ခန့် တူးဖော်ရမှာဖြစ်ပြီးတော့ မြစ်ကွေးဖြတ်ဖောက်ခြင်းအတွက် ခန့်မှန်းကုန်ကျစရိတ်မှာ ခန့်မှန်းကျပ် သန်းပေါင်း ၁၃၀၀၀ ခန့်ကုန်မယ်လို့ ခန့်မှန်းတွက်ချက်ရပါတယ်။ ဒီအဆိုပါစစ်ဆေးတွေ့ရှိချက်နှင့် ခန့်မှန်းကုန်ကျစရိတ်တွေကို  ပဲခူးတိုင်းဒေသကြီးအစိုးရသို့ ပို့ဆောင်ရေးဝန်ကြီးဌာန ရေအရင်း အမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဒေသ(၃) ပဲခူးတိုင်းဒေသရုံးမှလည်း ပေးပို့ ထားပြီးဖြစ်ပါတယ်။  ကျွန်တော်တို့ ပို့ဆောင်ရေးဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးချုပ်အနေနဲ့ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်တို့ရဲ့ ရေလမ်းကြောင်း ကောင်းမွန် ရေးအတွက် မြစ်ကြောင်းပြုပြင်ထိန်းသိမ်းရေးကို အဓိကထားပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့ကြောင့်မို့လို့ မြစ်ကြောင်းတွေရဲ့ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းတွေကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် မှစ၍ သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေမှာ ထည့်သွင်းရေးဆွဲဆောင်ရွက် လျက်ရှိကြောင်း တင်ပြအပ်ပါတယ်။

ဒါ့ကြောင့်မို့လို့ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် စံရွေးကျေးရွာအုပ်စု စံရွေးကျေးရွာ မြစ်မခ ရေတိုက်စားမှုမှကာကွယ်ရန် မြစ်ကြောင်းဖြောင့်ခြင်းလုပ်ငန်းကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်မှာတော့ ကျွန်တော်တို့ ထည့်သွင်းနိုင်ခဲ့ခြင်းမရှိသေးဘဲနဲ့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ရန်ပုံငွေတင်ပြတောင်းခံသွားဖို့ ကျွန်တော်တို့ညှိနှိုင်းပေးထား ကြောင်းနှင့် လိုအပ်တဲ့ နည်းပညာများတွေကိုတော့ ကျွန်တော်တို့ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။