နတ်မတောင် အမျိုးသားဥယျာဉ်ကို ၁၉၉၄ ခုနှစ်တွင် စတင် တည်ထောင်ပြီး ၂၀၁၀ ခုနှစ်တွင် နိုင်ငံတော်က အမျိုးသားဥယျာဉ်အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ်တွင် အရှေ့တောင်အာရှဆိုင်ရာ သဘာဝ အမွေအနှစ် အမျိုးသားဥယျာဉ်အဖြစ်လည်းကောင်း သတ်မှတ်ခဲ့သည်ဟု သိရှိရပါကြောင်း၊ ထို့ပြင် ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကမ္ဘာ့သဘာဝအမွေအနှစ်အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်နိုင်ရန် မြန်မာနိုင်ငံအစိုးရက ထပ်မံအဆိုပြုချက်အပေါ် ယူနက်စကိုအဖွဲ့မှ ယဉ်ကျေးမှုနှင့် ပတ်ဝန်းကျင် သိပ္ပံဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တစ်ဦးပါဝင်သည့်အဖွဲ့က ၂၀၁၄ ခုနှစ် ဧပြီလတွင် လာရောက် ကွင်းဆင်းစစ်ဆေးခဲ့ပြီး နတ်မတောင်အမျိုးသားဥယျာဉ်ကို ကမ္ဘာ့သဘာဝအမွေအနှစ် သတ်မှတ်နိုင်ရန် ပထမအဆင့်လူသားနှင့် ဇီဝအဝန်းအဝိုင်းထိန်းသိမ်းရေးနယ်မြေ (Man and Biosphere Reserve) အဖြစ် သတ်မှတ်ပြီးနောက် လေး၊ ငါးနှစ် ကာလအတွင်း ထိန်းသိမ်းရေးအဆင့်အတန်း ပြန်လည် မြင့်မား လာမည်ဆိုပါက ကမ္ဘာ့သဘာဝအမွေအနှစ်အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်နိုင်သည်ဟု ဆွေးနွေး ဖော်ပြခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ်အတွင်း မြို့ပြယဉ်ကျေးမှုဆိုင်ရာ အမွေ အနှစ်များအဖြစ် ဟန်လင်း၊ ဗိဿနိုး၊ သရေခတ္တရာတို့ကို သတ်မှတ်ပေးခဲ့ခြင်းသည် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးများအတွက် ဂုဏ်ယူစရာဖြစ်ပြီး နိုင်ငံတော်၏ခရီးသွားလုပ်ငန်းများ၊ နိုင်ငံခြားဝင်ငွေရရှိရေးနှင့် ဒေသအတွင်း အလုပ်အကိုင် အခွင့်အလမ်း များရရှိစေကာ ဆင်းရဲမှုလျော့ချရေးအတွက် အကျိုးများစွာရရှိစေပါကြောင်း၊ ထို့ကြောင့် နတ်မတောင် အမျိုးသားဥယျာဉ်ကို ကမ္ဘာ့သဘာဝအမွေအနှစ်အဖြစ် အတည်ပြု သတ်မှတ်ရေးအတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုအနည်းဆုံးနှင့် အနာဂတ်ဒေသဖွံ့ဖြိုးရေး အစီအစဉ်အရ စနစ်တကျ ဖော်ဆောင်နိုင်ရန်၊ တန်ဖိုးကြီးများသော ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးတွင် ဒေသခံများ လက်ခံပူးပေါင်းလာစေရေးအတွက် နှစ်တိုနှစ်ရှည်စီမံကိန်း ရေးဆွဲဆောင်ရွက်လျက် (Biosphere Reserve) ဇီဝ အဝန်းအဝိုင်းထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်အကောင်အထည် ဖော်ရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
မိမိတို့ဝန်ကြီးဌာနအနေဖြင့် သဘာဝအမွေအနှစ်များ ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့စေရေးအတွက် ထိန်းသိမ်းကာကွယ်နိုင်ရန် တောရိုင်းတိရစ္ဆာန်နှင့်သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ် မြေများထိန်းသိမ်းရေးဥပဒေကို ၁၉၉၄ ခုနှစ်ကပြဋ္ဌာန်းခဲ့ပြီး ယင်းပြဋ္ဌာန်းချက်နှင့် အညီ သဘာဝနယ် မြေများကို အမျိုးအစားသတ်မှတ်ခွဲခြားကာ ဖွဲ့စည်းတည်ထောင်ရန် ပြဋ္ဌာန်းထား ရှိပြီးလည်း ဖြစ်ပါ ကြောင်း၊ အမျိုးသားသစ်တောကဏ္ဍပင်မစီမံကိန်းကို ၂၀၀၁ ခုနှစ်မှ ၂၀၃၀ ခုနှစ်အထိ ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာတွင်လည်း သဘာဝဝန်းကျင်နှင့်ဂေဟစနစ်၊ ဇီဝမျိုးစုံမျိုးကွဲ ရေရှည်တည်တံ့စေရေးအတွက် ထိန်းသိမ်းကာကွယ်ရန်ရည်ရွယ်ပြီး သဘာဝနယ် မြေများကို နိုင်ငံတော်ဧရိယာ၏ ၁၀ ရာခိုင်နှုန်းအထိတိုးချဲ့ဆောင်ရွက်ရန်လျာထားပါကြောင်း၊
မိမိတို့နိုင်ငံအတွင်း အစိုးရအဖွဲ့အတည်ပြုချက်နှင့် သဘာဝနယ်မြေပေါင်း ၃၉ ခု (၁၅၀၂၁.၈၈ စတုရန်းမိုင်) နိုင်ငံတော်ဧရိယာ၏ ၅.၇၅ ရာခိုင်နှုန်းကို တည်ထောင်ထားရှိပြီးဖြစ်ပါကြောင်း၊ သဘာဝနယ်မြေဖွဲ့စည်းရန် ရည်ရွယ်ကြောင်း အဆိုပြု ထားသည့်သဘာဝနယ်မြေ ခုနစ်ခု၊ ဧရိယာအားဖြင့် ၂၈၄၉.၅၄ စတုရန်းမိုင်၊ နိုင်ငံတော်ဧရိယာ၏ ၁.၀၉ ရာခိုင်နှုန်းကိုလည်း ထပ်မံတိုးချဲ့ဆောင်ရွက်လျက်ရှိပါကြောင်း၊
နတ်မတောင်အမျိုးသားဥယျာဉ်သည် ချင်း ပြည်နယ်၊ မင်းတပ်ခရိုင်၊ မင်းတပ်မြို့နယ်၊ ကန်ပက် လက်မြို့နယ်နှင့် မတူပီမြို့နယ်အတွင်း တည်ရှိပြီး ဧရိယာအားဖြင့် ၂၇၅.၅ စတုရန်းမိုင်ကျယ်ဝန်းကာ ၁၉၃၉ ခုနှစ်ကပင် မိုးကြိုးဝိုင်းအဖြစ် ရေဝေရေလဲ သစ်တောများကို ထိန်းသိမ်းရန် စတင်ဖွဲ့စည်းခဲ့ပြီး ခေတ်အဆက်ဆက်ထိန်းသိမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့နောက် ၁၉၉၇ ခုနှစ်တွင် အမျိုးသား ဥယျာဉ်အဖြစ် ထိန်းသိမ်းကာကွယ်ရန် ရည်ရွယ်ကြောင်းအဆိုပြုခဲ့ပြီး ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် နတ်မတောင်အမျိုးသားဥယျာဉ်အဖြစ် အတည်ပြုအမိန့် ထုတ်ပြန်ကာကွယ်ခဲ့ပါကြောင်း၊ အာဆီယံနယ်မြေအတွင်း အာဆီယံအမွေအနှစ်ဥယျာဉ် (ASEAN Heritage Park) ၃၄ ခုရှိသည့်အနက် မိမိတို့နိုင်ငံမှ နတ်မတောင်အမျိုးသားဥယျာဉ်အပါအဝင် သဘာဝနယ်မြေ ခုနစ်ခုကို အာဆီယံ အမွေအနှစ် ဥယျာဉ်များအဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊
နတ်မတောင်အမျိုးသားဥယျာဉ်ကို UNESCO Natural World Heritage Site အဖြစ် သတ်မှတ်နိုင်ရန် ကွင်းဆင်းလေ့လာချက်များအရ နတ်မတောင်အမျိုးသားဥယျာဉ်အတွင်း လမ်းချဲ့ထွင်ဖောက် လုပ်ထားခြင်း၊ ဥယျာဉ်နယ်နိမိတ်ဧရိယာအတွင်း ကျူးကျော်တောင်ယာများ၊ လူနေအိမ်ခြေဝင်ရောက် အခြေချနေထိုင် မှုများ တွေ့ရှိရသည့်အတွက် ကမ္ဘာလုံးဆိုင်ရာအသိအမှတ်ပြုစံနှုန်းသတ်မှတ်ချက်များ Universal Outstanding Value (OUV) နှင့် ကိုက်ညီမှုမရှိခြင်းကြောင့် ကမ္ဘာ့သဘာဝ အမွေအနှစ်စာရင်းဝင်နယ်မြေအဖြစ် အဆိုပြုတင်သွင်းရန် မဖြစ်နိုင်ခြင်းကြောင့် ဆက်လက်မ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ နတ်မတောင်အမျိုးသားဥယျာဉ်ကို ဇီဝအဝန်း နယ်မြေ(Biosphere Reserve) တစ်ခုအဖြစ် ထိန်းသိမ်းရန်အစီအစဉ်နှင့်ပတ်သက်၍ လက်ရှိအချိန်၌ သတ်မှတ်နိုင်ရေး ဆောင်ရွက်နိုင်ခြင်းမရှိသေးပါကြောင်းနှင့်အင်းလေးကန်ဒေသကို ပထမဦးစားပေး အနေဖြင့် လူသားနှင့် ဇီဝအဝန်းနယ်မြေတွင် ထည့်သွင်းပါဝင်နိုင်ရေးကို တင်ပြဆောင်ရွက်လျက်ရှိပါကြောင်း။
ဇီဝအဝန်းနယ်မြေမှာ ကမ္ဘာလုံးဆိုင်ရာထင်ရှားထူးခြားပြီး ထိန်းသိမ်း ကာကွယ်ရန်လိုအပ်သောဒေသများကို ခေါ်ဝေါ်သတ်မှတ်ထားခြင်းဖြစ်၍ ကမ္ဘာလုံးဆိုင်ရာအသိအမှတ်ပြုရန် မူဘောင်စည်းမျဉ်းများချမှတ်ထား ရှိပြီး ယင်းမူဘောင်စည်းမျဉ်းများနှင့်လည်း သတ်မှတ်တိုင်းတာကြပါကြောင်း၊
ဇီဝအဝန်းနယ်မြေ၏ ရည်ရွယ်ချက်သည် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရန်၊ ၎င်းနယ်မြေအတွင်းနှင့် ပတ်ဝန်းကျင်ရှိ ဒေသနေပြည်သူများ၏ လူမှုစီးပွားရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့် ရှောက်ရန်၊ ပတ်ဝန်းကျင်နှင့်ဒေသနေပြည်သူတို့၏ နေထိုင်လုပ်ကိုင်မှုညီညွတ်မျှတအောင် ထိန်းညှိစီမံ အုပ်ချုပ်မည့့်် စနစ် တစ်ခုရှိစေရန်တို့ဖြစ်ပါကြောင်း၊
မိမိတို့ နိုင်ငံတွင်လည်း ၂၀၁၃ ခုနှစ်၊ မေလ ၁၆ ရက်နေ့ကစပြီး MAB National Committee ကိုလည်းကောင်း၊ အထောက်အကူပြုအဖွဲ့အဆင့်ဆင့်ကိုလည်းကောင်း ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်းနှင့် နတ်မတောင်အမျိုးသားဥယျာဉ်ကို အာဆီယံအမွေအနှစ်ဥယျာဉ်တစ်ခုအနေဖြင့် သဘာဝအမွေ အနှစ်များ၊ ဂေဟစနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲ ရေရှည်တည်တံ့စေရေးဇုန်နယ်များ ခွဲခြားပြီးထိန်းသိမ်းနိုင်ရန် ဌာနဆိုင် ရာများ၊ အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်သော လက်တွေ့ကျပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အုပ်ချုပ်မှုစီမံချက်တစ်ခုကို ရေးဆွဲနိုင်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများအကူအညီဖြင့် စီမံကိန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊
သို့ဖြစ်ပါ၍ နတ်မတောင်အမျိုးသားဥယျာဉ်အတွင်း မြေအသုံးချမှု၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေးလုပ်ငန်းများ အချင်းချင်းဟန်ချက်ညီစေရန် လိုအပ်ခြင်း၊ UNESCO အဖွဲ့ကြီးမှ သတ်မှတ်ထားသော လူသားနှင့်ဇီဝအဝန်းနယ်မြေ၏ ကမ္ဘာလုံးဆိုင်ရာစံနှုန်းများနှင့် ကိုက်ညီ အောင် စီမံဆောင်ရွက်ရန်လိုအပ်ခြင်းများကြောင့် လက်ရှိအချိန်၌ အဆိုပြုသတ်မှတ်နိုင်ရေး ဆောင်ရွက်နိုင်ခြင်းမရှိသေးပါကြောင်းနှင့် အမျိုးသားဥယျာဉ်အုပ်ချုပ်မှုစီမံချက် ထွက်ပေါ်လာပြီးမှသာ ဒေသခံပြည်သူလူထုများ၏ သဘောတူညီချက်များဖြင့် စနစ်တကျအကောင်အထည်ဖော်ပေးနိုင် မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
