(င)-အရေးပေါ်သွေးလိုအပ်သူ ချို့တဲ့လူနာများအတွက် အကူအညီပေးနေသော စေတနာသွေးလှူရှင်များ အတွက် သက်ဆိုင်ရာက မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ပေးနိုင်သည်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ (၁၁.၁.၂၀၁၃)

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်တချို့မှာ စေတနာရှင် သွေးလှှူရှင်အဖွဲ့များဖွဲ့စည်းပြီးတော့ ချို့တဲ့တဲ့အရေးပေါ်သွေးလိုအပ်သော လူနာများကို အခမဲ့   သွေးလှူဒါန်းမှုများ ပြုလုပ်ပေးလျက်ရှိနေပါတယ်။ အသင်းအဖွဲ့အလိုက်သွေးလှူဘဏ်များမှာ သွေးလှူဒါန်းကြတဲ့အခါမှာတော့ သွေးစစ်ဆေးခြင်းများ၊ သွေးအိတ်များ အခမဲ့ဝန်ဆောင်မှုရရှိ သော်လည်း အထက်ဖော်ပြပါ စေတနာရှင် သွေးလှူရှင်အဖွဲ့များအနေနဲ့ လူနာရှင်သွေးစစ်ဆေးမှုများ အတွက် တစ်ဦးလျှင် ၃၅၀၀ ကျပ်၊ သွေးအိတ်တစ်ခုလျှင် ၂၈၀၀ ကျပ်ပေးရပါသဖြင့် စေတနာရှင် သွေးလှူရှင်အဖွဲ့များအတွက် အခက်အခဲများဖြစ်ရပြီးတော့ ရေရှည်ရပ်တည်နိုင်ခြင်းမရှိတာကို တွေ့ရပါတယ်။ လောလောလတ်လတ်အခြေအနေမှာပဲ ဒီလအထဲမှာ မြောက်ဥက္ကလာပမြို့နယ်မှာ အရေးပေါ် သွေးလိုအပ်တဲ့ OG Case နှစ်ခုကို စေတနာရှင် သွေးလှူရှင်များအနေနဲ့လည်း သူတို့မှာ ငွေပြတ်လပ်မှုဖြစ်တဲ့အတွက် သွေးလှူဒါန်းနိုင်ခြင်းမရှိတာကို ဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒီတော့ မေးခွန်းအနေနဲ့ ကျွန်တော်မေးချင်တာကတော့ အရေးပေါ်သွေးလိုအပ်သူ ချို့တဲ့လူနာများအတွက် အခမဲ့စေတနာ သက်သက်ဖြင့် လိုက်လံအကူအညီပေးဆောင်ရွက်နေသော စေတနာရှင် သွေးလှှူရှင် များအတွက် သက်ဆိုင်ရာက မည်ကဲ့သို့စီစဉ်ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါသည်ခင်ဗျား။ ကျေးဇူးတင်ပါတယ်ခင်ဗျား။


 

ဖြေကြားသူ
ဒေါက်တာဝင်းမြင့်(ဒုတိယဝန်ကြီး၊ကျန်းမာရေးဝန်ကြီးဌာန)
အဖြေ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းမှ အရေးပေါ်သွေးလိုအပ်သူ ချို့တဲ့ လူနာများအတွက် အကူအညီပေးနေသောစေတနာ သွေးလှူရှင်များအတွက် သက်ဆိုင်ရာက မည်ကဲ့သို့စီစဉ်ဆောင်ရွက်ပေးနိုင်မည် မေးခွန်းနှင့်ပတ်သက်၍ ဖြေကြားခွင့်ပြုပါရန် တင်ပြအပ်ပါ တယ်။ ယခင်ကာလက ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ သွေးခံအိတ်နှင့် သွေးစစ်ဆေးတဲ့ ဓာတုပစ္စည်း တွေ နောက် ကတ်စတစ် ခေါ်တဲ့ သွေးစစ်တဲ့ကိစ္စတွေကို ဖြန့်ဖြူးပေးနေသော်လည်း ကန့်သတ်ချက်ရှိ တဲ့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် လုံလောက်မှုမရှိပါဘူး။ ဒါကြောင့်မို့လို့ တချို့တတ်နိုင်တဲ့ လူနာရှင်များမှ သွေးခံအိတ်များဝယ်ယူရခြင်းနှင့် လူနာရှင်သွေးစစ်ဆေးမှုများအတွက် ကုန်ကျမှုများ ကျွန်တော်တို့ ဆောင်ရွက်နေရခြင်း ဖြစ်ပါတယ်။ သို့သော် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ တိုးမြှင့်ရရှိ ခဲ့တဲ့ ဘဏ္ဍာငွေအရ ပြည်နယ်/တိုင်းဒေသကြီးများမှာရှိတဲ့ ပြည်သူ့ဆေးရုံများအတွက် တိုးမြှင်‌့ထောက်ပံ့ နိုင်ရန် ဆေးနှင်‌့ဆေးပစ္စည်းများကို အိတ်ဖွင့်တင်ဒါခေါ်ပြီးတော့ စိစစ်ရွေးချယ်ထားပြီးဖြစ်ပါတယ်။ အဆိုပါ တိုးမြှင့်ထောက်ပံ့တဲ့ဆေးနှင်‌့ ဆေးပစ္စည်းများမှာလည်း ခုနက သွေးလှူဒါန်းတဲ့ကိစ္စနှင့် ပတ်သက်တဲ့ သွေးအိတ်တွေ ကတ်စတစ်တွေကို ကျွန်တော်တို့ အလုံအလောက်ထည့်သွင်း ဝယ်ယူ ထားပြီး ဖြစ်တဲ့အတွက် အဆိုပါဆေးနှင့်ဆေးပစ္စည်းများ ဖြန့်ဝေပြီးတဲ့အခါမှာ ခုနကသွေးလှူဒါန်းတဲ့ သွေးလှူရှင်များအနေနဲ့  သွေးလှူဒါန်းမှုများအတွက် အခမဲ့ရရှိနိုင်မည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားတင်ပြအပ်တယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။