(ခ)-ထားဝယ်အထူးစီးပွားရေးဇုန်များနှင့် စပ်လျဉ်းသည်‌့ မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ (၁၁.၁.၂၀၁၃)

တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကိုဆောင်ရွက်လျက်ရှိကြောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းသည် အရေးကြီးသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အတွက်သာမက အာဆီယံနိုင်ငံများအတွက် ပါ အရေးပါသည့်စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ နှစ်နိုင်ငံအတိုင်းအတာဖြင့် တည်ဆောက်နိုင်သလောက် တည်ဆောက်ပြီး မတတ်နိုင်သည်များကို တတိယနိုင်ငံကိုဖိတ်ခေါ်ရမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်း စာများတွင်ဖော်ပြချက်အရသိရှိရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၀ ပုဒ်မခွဲ (ခ) တွင် ပြည်ထောင်စု အစိုးရကသာတင်သွင်းခွင့်ရှိသော နိုင်ငံတော်၏အမျိုးသားစီမံကိန်း နှစ်စဉ်အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့် အခွန်အကောက်ဆိုင်ရာဥပဒေကြမ်းများကို သတ်မှတ်ထားသည့်နည်းလမ်း များနှင့်အညီ ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးဆုံးဖြတ်ရမည်လို့ဖော်ပြထားပါတယ်။ ထိုနည်းတူ ပြည်ထောင်စု အစိုးရအဖွဲ့ပုဒ်မ ၅၅ ပုဒ်မခွဲ (က) တွင်လည်း ပြည်ထောင်စုအစိုးရအဖွဲ့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုအစိုးရ၏ မူဝါဒများကိုချမှတ်ရမည်။ ယင်းမူဝါဒများနှင့်အညီ လိုအပ်သောစီမံကိန်းများကိုရေးဆွဲ၍ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ရမည်ဟုဖော်ပြထားပါတယ်။ နိုင်ငံတိုင်းမှာ အစိုးရအဖွဲ့များဟာ ပြည်သူပြည်သားများ ကောင်းကျိုးအတွက်ဆောင်ရွက်တာမှန်သော်လည်းပဲ ပြည်သူများရဲ့ဆန္ဒနဲ့မကိုက်ညီလျှင် ပြဿနာဖြစ်ပေါ်ပြီးတော့ အကျိုးနည်းတတ်ပါတယ်။ သာဓက အားဖြင့်ဆိုလို့ရှိရင် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းနှင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတို့ ဖြစ်ပါတယ်။ နိုင်ငံတော်အဆင့်စီမံကိန်းကြီးများ ဆောင်ရွက်တဲ့အခါမှာ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု ရှိရန်လိုအပ်တယ်လို့ယူဆပါတယ်။ သို့ဖြစ်ပါ၍ အောက်ပါမေးခွန်းများကို ဖြေကြားပေးနိုင်ပါရန် မေးမြန်းအပ်ပါတယ်- 
    (က)     ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို မည်ကဲ့သို့ဆောင်ရွက်ထားပါသနည်း။
    (ခ)    ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းသည် မြန်မာနိုင်ငံပြည်သူပြည်သားများအတွက် မည်ကဲ့သို့အကျိုးရှိပါသနည်း။ 
    (ဂ)    ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းဆောင်ရွက်ရန်အတွက် ပြည်ထောင်စုလွှတ်တော် သို့တင်ပြအတည်ပြုချက်ရယူရန်အစီအစဉ်ရှိပါသလား။ ရှိလျှင် မည်သည့်ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင်တင်ပြပါမည်လဲ။ မတင်ပြလျှင် မည်သည့်အတွက်ကြောင့် တင်ပြအတည်ပြုချက်ရယူခြင်း မပြုသည်ကို သိလိုပါသဖြင့် ဖြေကြားပေးနိုင်ပါရန် မေးမြန်းပါတယ်။


 

ဖြေကြားသူ
သူရဦးသောင်းလွင် (ဒုတိယဝန်ကြီး၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန)
အဖြေ

မေးခွန်း(၁)ကတော့ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို မည်ကဲ့သို့ ဆောင်ရွက် ထားပါသနည်းဆိုတဲ့မေးခွန်းနှင့်ပတ်သက်ပြီးတော့ ၂၀၀၅ ခုနှစ်မှာ မဟာမဲခေါင်ဒေသခွဲနိုင်ငံတွေ အကြားမှာ လမ်းပန်းဆက်သွယ်မှုတွေ၊ နယ်စပ်ဖြတ်ကျော်မှုတွေ၊ ကုန်သွယ်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းချိတ်ဆက်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် အဲ့ဒီဒေသနှင့် တစ်ဆက် တစ်စပ်တည်းရှိတဲ့ ထားဝယ်ဒေသမှာ အထက်ဖော်ပြပါလုပ်ငန်းများပေါ်ပေါက်ပြီးတော့ စီးပွားရေး၊ လူမှုရေးတိုးတက်ဖို့အတွက် ဒီ့အပြင် ရေနက်ဆိပ်ကမ်း၊ အဝေးပြေးလမ်းနှင့် အခြားစီမံကိန်းများ ဖြစ်ပေါ်လာမယ်ဆိုရင် မဟာမဲခေါင်ဒေသခွဲတစ်လျှောက် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမယ့်ကိစ္စကို ရည်မှန်းပြီးတော့ မြန်မာနှင့် ထိုင်းနိုင်ငံတို့ဟာ ၂၀၀၈ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့မှာ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲ့ဒီအပေါ်မှာအခြေခံပြီးတော့ ထားဝယ်အထူးစီးပွားရေး ဇုန်စီမံကိန်းစတင်ပေါ်ပေါက်လာခဲ့ပါတယ်။  အဲ့ဒီ နားလည်မှုစာချွန်လွှာကိုအခြေခံပြီးတော့ ၂၀၀၈ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့မှာ မိမိတို့ ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် အီတာလျံ-ထိုင်းကုမ္ပဏီတို့ နားလည်မှု စာချွန်လွှာကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့မှာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် အီတာလျံ-ထိုင်းကုမ္ပဏီတို့ မူဘောင်သဘောတူညီချက် Framework Agreement ကိုချုပ်ဆိုပြီးတော့ ဆောင်ရွက်မည့်စီမံကိန်းအလိုက် ဖြစ်မြောက်နိုင်ခြေ လေ့လာတယ်။ လိုအပ်သည့်ရင်းနှီးမြှုပ်နှံငွေရရှိရေးအတွက် စီစဉ်တယ်။ ကျေးရွာတွေရွှေ့ပြောင်းရေးအတွက် မြန်မာ ဘက်မှတာဝန်ရှိသူများနဲ့ညှိနှိုင်းစီစဉ်တယ်။ လုပ်ငန်းစီမံကိန်းအလိုက် အကောင်အထည်ဖော်ဖို့ ကြိုတင်စုဖွဲ့မှုတွေ၊ ထားဝယ်မှနယ်စပ်သို့ ကားလမ်းကြမ်းဖောက်လုပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါတယ်။ ယခုအခါမှာ ကုမ္ပဏီအနေဖြင့် အခြေခံအဆောက်အဦလုပ်ငန်းများဖော်ထုတ်ရန် လိုအပ်တဲ့ငွေကြေး အပြည့်အဝရရှိဖို့စုစည်းရာမှာ အခက်အခဲကြုံတွေ့လာတဲ့အတွက် လုပ်ငန်းအကောင်အထည်ဖော်မှု နှောင့်နှေးခဲ့ပါတယ်။ ဒါကြောင့် နှစ်ဖက်အစိုးရတို့အားပေးမှုနှင့် အရှိန်အဟုန်ကိုမြှင့်တင်နိုင်ဖို့အတွက် ရည်ရွယ်ချက်နဲ့ နှစ်ဖက်အစိုးရတို့ဟာ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့မှာ ထားဝယ်အထူး စီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ ဘက်စုံအကောင်အထည်ဖော်နိုင်ရေးဆိုင်ရာနားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဆိုပါနားလည်မှုစာချွန်လွှာအရ ထားဝယ်အထူး စီးပွားရေးဇုန်နှင့် ဆက်စပ်လုပ်ငန်းစီမံကိန်းများကို အရှိန်မြှင့်တင်ဖို့ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ် Mr. Kittirat Na Ranong တို့ ပူးတွဲဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့ အဆင့်မြင့်ကော်မတီ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်ရုံး ဝန်ကြီးတို့ ပူးတွဲဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော ညှိနှိုင်းပေါင်းစပ်ရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ၊ နောက်အောက်မှာ ကဏ္ဍအလိုက်အကောင်အထည်ဖော်ဖို့အတွက် ဆပ်ကော်မတီ ၆ ခု အဲ့ဒီမှာ မြန်မာဘက်က ဒုတိယဝန်ကြီးတစ်ဦးနှင့် ထိုင်းနိုင်ငံဘက်က ဝန်ကြီးတစ်ဦးတို့ ပူးတွဲကော်မတီ အဖြစ်ဆောင်ရွက်တဲ့ ဆပ်ကော်မတီ ၆ ခု ရှိပါတယ်။  အဲ့ဒါတွေဖွဲ့စည်းပြီးတော့ လုပ်ငန်းများကို အကောင်အထည်ဖော်ဖို့အတွက် နှစ်ဖက်ညှိနှိုင်း အစည်းအဝေးများကိုဆောင်ရွက်ခဲ့ပါတယ်။ ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများအတွက် အခြေခံအဆောက်အအုံ တည်ဆောက်ဖို့ အနည်းဆုံးအမေရိကန်ဒေါ်လာ ၈.၆ ဘီလီယံ လိုအပ်မည်လို့ခန့်မှန်းထားပါတယ်။ အထူးစီးပွားရေး ဇုန်ရှိ စက်ရုံအလုပ်ရုံများအတွက်လည်း ရင်းနှီးမြှုပ်နှံမှုအမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံအထက် လိုအပ်မယ်လို့လည်းခန့်မှန်းထားပါတယ်။ ဒီခန့်မှန်းချက်ဟာလည်း ထိုင်းနိုင်ငံမှာလုပ်တဲ့ စက်မှုဇုန်တွေ နဲ့ဆက်စပ်ပြီးတော့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပတဲ့ အရှေ့အာရှထိပ်သီးအစည်းအဝေးကာလမှာ မြန်မာ-ထိုင်းနှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပြီးတော့ ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေးအတွက် နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်မည့်အကြောင်း ကြေညာချက်ထုတ်ပါ တယ်။ စိတ်ပါဝင်စားတဲ့အခြားနိုင်ငံတွေကို ရင်းနှီးမြှုပ်နှံမှုလာရောက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာတော့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လပ်ရှင်နာဝပ်တို့ ထားဝယ်အထူးစီးပွားရေးဇုန်ကိုရောက်ရှိပြီးတော့ စီမံကိန်းနှင့်ဆက်စပ် လုပ်ငန်းများ လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရေး၊ ဆက်သွယ်ရေးလမ်းကြောင်းနှင့် လျှပ်စစ်မီး ရရှိရေးအပါအဝင် အခြေခံအဆောက်အဦတွေတည်ဆောက်ဖို့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စတွေ၊ နောက် တတိယနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေးတွေကိုဖိတ်ခေါ်ဖို့ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ ထားဝယ်အထူးစီးပွားရေးဇုန်သို့ ပြင်ပမှလာရောက်ရင်းနှီးမြှုပ်နှံရန် လေ့လာ ပြင်ဆင်နေတဲ့သူတွေ အများအပြား ရှိပါတယ်။ သူတို့ဟာ အထူးစီးပွားရေးဇုန်ဥပဒေကို စောင့်မျှော် လျက်ရှိကြောင်း သိရှိရတဲ့အတွက် မြန်မာ့အထူးစီးပွားရေးဇုန်ဥပဒေမူကြမ်းကို မိမိတို့နိုင်ငံသားများ အကျိုးစီးပွားကို ဆောင်ကျဉ်းနိုင်ပြီးတော့ ရင်းနှီးမြှုပ်နှံတဲ့လူတွေအတွက်လည်း ကြောင်းကျိုးမျှတပြီး တော့  လက်ခံနိုင်မည့်ဥပဒေမျိုးဖြစ်စေရေးအတွက် နိုင်ငံတကာအကြံပေးတွေရဲ့ အကူအညီကိုရယူခဲ့ ပါတယ်။ အဲ့ဒါကတော့ ဂျာမန်က GIZ ကနေပြီးတော့ ကျွမ်းကျင်သူတွေ၊ ဂျပန်ကကျွမ်းကျင်သူတွေ၊ နောက် IFC ဆိုတဲ့ International Finance Corporation, World Bank က အဖွဲ့တွေ၊ နောက်ပြီး တော့ ထိုင်းနိုင်ငံကအဖွဲ့တွေ၊ အားလုံးဖြစ်နိုင်ဖွယ်ရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေပါခေါ်ပြီးတော့ ဆွေးနွေးခဲ့ ပါတယ်။ ဒါတွေဟာ ပြုစုပြီးဖြစ်တဲ့အတွက် အစိုးရအဖွဲ့မှတစ်ဆင့် လွှတ်တော်ကို အမြန်ဆုံးတင်ပြမှာ ဖြစ်ပါတယ်။ ယခုနောက်ဆုံးအခြေအနေကတော့ လုပ်ငန်းပုံစံကိုအကောင်အထည်ဖော်မယ့် ဘယ်လို အဖွဲ့အစည်းနဲ့ အကောင်အထည်ဖော်မလဲ။ Special Purpose Vehicle လို့ခေါ်တဲ့အဖွဲ့ကို ဘယ်လို ပုံစံနှင့် ဘယ်လိုမော်ဒယ်နဲ့ ဖွဲ့စည်းမလဲ။ နောက် ရင်းနှီးမြှုပ်နှံငွေရရှိဖို့အတွက် ဘယ်လိုနည်းလမ်းတွေ နဲ့လုပ်မလဲဆိုတာ ညှိနှိုင်းဆဲဖြစ်ပါတယ်။ 
ဒုတိယမေးခွန်းဖြစ်တဲ့ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းဟာ မြန်မာနိုင်ငံ ပြည်သူပြည်သား များအတွက် ဘယ်လိုအကျိုးရှိမလဲလို့မေးထားတဲ့မေးခွန်းဖြစ်ပါတယ်။ ဒီမေးခွန်းနှင့် ပတ်သက်ပြီးတော့ အရင်က ဗီယက်နမ်နိုင်ငံကနေစပြီးတော့ ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံတို့ကို ဆက်သွယ်တဲ့ မဟာမဲခေါင်ဒေသခွဲ တောင်ဘက်စီးပွားရေးစြင်္ကံဆိုတာရှိပါတယ်။ အဲ့ဒီ တောင်ဘက်စီးပွားရေးစြင်္ကံ ဟာ တကယ်တော့ နဂိုကသတ်မှတ်တုန်းက ထားဝယ်ရေနက်ဆိပ်ကမ်းမှာ ဆုံးတာဖြစ်ပါတယ်။ ဒါကြောင့် နဂိုကပြတ်တောက်နေတဲ့ အဲ့ဒီလမ်းပိုင်းကို ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် ထိုင်းနိုင်ငံကို ဆက်သွယ်တဲ့ကားလမ်း တည်ဆောက်ပြီးတာနဲ့ တစ်ဆက်တစ်စပ်တည်း ဆက်သွယ်မိရင် ဒီဒေသ အကျိုးရှိမယ်ဆိုတာကို သုတေသနအဖွဲ့အမျိုးမျိုးကနေပြီးတော့ သုံးသပ်ထားတာတွေ့ရှိပါတယ်။ အထူးအားဖြင့်ဆိုရင် ဂျာကာတာမှာအခြေစိုက်တဲ့ ERIA ဆိုတဲ့ အဖွဲ့ရှိပါတယ်။ အဲ့ဒီအဖွဲ့ကတော့ Economic Research Institute for ASEAN and East Asia အတိုကောက်အားဖြင့် ERIA လို့ခေါ်ပါတယ်။ အဲ့ဒီပညာရှင်တွေရဲ့ သုတေသနစာတမ်းမှာဆိုရင် ထားဝယ်အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်မယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံအတွက် တိုးတက်မှုတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆိုရင် ၆၆ ရာခိုင်နှုန်းလာပြီးတော့ အထောက်အကူပြုတယ်။ တနင်္သာရီတိုင်းဒေသကြီးမှာတော့ ၂၇၂ ရာခိုင်နှုန်းတိုးတက်မှုရှိမယ်ဆိုပြီးတော့ သုံးသပ်ဖော်ပြထားတာရှိပါတယ်။ ထားဝယ်ဒေသ၏ လက်ရှိ ပကတိအခြေအနေတွေကို ယှဉ်ထိုးစဉ်းစားရင်  ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းဟာ ဒေသခံ ပြည်သူအတွက် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးအစရှိသော ကဏ္ဍပေါင်းစုံက တိုးတက်စေရေး အတွက် တိုက်ရိုက်လည်းအကျိုးရှိစေမယ်။ သွယ်ဝိုက်လည်း အကျိုးရှိစေမယ်ဆိုတာ တွေ့ရှိရပါတယ်။ မိမိတို့နိုင်ငံမှာ အလုပ်အကိုင်မရှိတဲ့အတွက် အိမ်နီးချင်းနိုင်ငံများနှင့် ပြည်ပနိုင်ငံများကိုသားတစ်ကွဲ၊ မယားတစ်ကွဲ သွားရောက်အလုပ်လုပ်ကိုင်နေသူများဟာ အထူးစီးပွားရေးဇုန်များမှာ ပေါ်ပေါက်လာ မယ့် စက်ရုံအလုပ်ရုံများ၊ ဆက်စပ်ပေါ်ပေါက်လာမယ့် စီးပွားရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းတွေရှိလာတဲ့ အခါမှာ မိမိတို့နိုင်ငံမှာပဲ အလုပ်အကိုင်ရပြီးတော့ မိမိတို့နိုင်ငံမှာပဲ မိသားစုနှင့်အတူ နေထိုင်လုပ်ကိုင် နိုင်မှာဖြစ်ပါတယ်။ မိမိတို့နိုင်ငံမှာဆောင်ရွက်တဲ့အတွက် အလုပ်လုပ်တဲ့အတွက် နိုင်ငံတော်ကလည်း အပြည့်အဝစောင့်ရှောက်နိုင်မှာဖြစ်ပါတယ်။ နောက် ဒီထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းဟာ ကြီးမားပါတယ်။ လုပ်ငန်းတွေလည်းစုံပါတယ်။ ဒါကြောင့် ထားဝယ်နယ်ခံ၊ တနင်္သာရီနယ်ခံတွေ အတွက်သာ အလုပ်အကိုင်ရရှိစေမှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံအနှံ့က လာရောက်လုပ်ကိုင်သူများ အတွက်ပါ အလုပ်အကိုင်ရရှိစေမှာ ဖြစ်ပါတယ်။ ပညာအခြေခံ၊ အတွေ့အကြုံပိုင်းမှာ အားနည်းတဲ့သူ တွေကိုလည်း အလုပ်ရရှိစေရုံသာမက အင်ဂျင်နီယာတွေ၊ ဆရာဝန်တွေ၊ စီးပွားရေးပညာရှင်တွေ၊ ကွန်ပျူတာပညာရှင်အစရှိတဲ့ ပညာတတ်အုပ်စုများအတွက်ပါ အလုပ်အကိုင်ရော၊ အတွေ့အကြုံ ပါရရှိစေမှာဖြစ်ပါတယ်။ ဒါ့အပြင် ဆင့်ကဲပေါ်ပေါက်မည့်အလုပ်အကိုင်တွေအဖြစ် အထူးစီးပွားရေး ဇုန်နှင့် ဆက်စပ်စီမံကိန်းများကို လာရောက်လုပ်ကိုင်သူများစားသုံးဖို့အတွက် သားငါးထုတ်လုပ်မှုတွေ၊ ဟင်းသီးဟင်းရွက်ထုတ်လုပ်မှုတွေ၊ နောက် အထွေထွေသုံးပစ္စည်းတွေရောင်းချတဲ့လုပ်ငန်းတွေ၊ နောက် ပညာရေး၊ အခြားနိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံတဲ့အခါမှာ သူတို့ရဲ့သားသမီးတွေအတွက်ပညာရေး နောက်ပြီးတော့ သူတို့ရဲ့ လုပ်သားတွေအတွက်လေ့ကျင့်ပေးမယ့် လေ့ကျင့်ရေးကျောင်းတွေ ဒါတွေ လည်းပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ အလားတူပဲ ကျန်းမာရေးအတွက်လည်း အဆင့်မြင့်ကျန်းမာရေး လုပ်ငန်းတွေပါ ဝင်ရောက်လာမှာဖြစ်ပါတယ်။ အဲ့ဒီအပြင် ယာဉ်ယန္တရားပြင်ဆင်မှု၊ အ‌ထွေထွေ ရောင်းဝယ်ဖောက်ကားမှု၊ သယ်ယူပို့ဆောင်မှု၊ ထုပ်ပိုးမှု နောက် Logistic လုပ်ငန်းတွေပါ အများအပြား ပေါ်ပေါက်လာမှာဖြစ်တဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းဟာ များပြားစွာပေါ်ပေါက် မှာ ဖြစ်ပါတယ်။ မိမိ ပြည်သူများအလုပ်အကိုင်ရရှိပြီး ဝင်ငွေတိုးလာမယ်ဆိုရင် မိမိတို့မိသားစုတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးအခြေအနေများ တိုးတက်လာမည့်အပြင် ပြည်သူရဲ့ပညာ အရည်အသွေးမြင့်မားလာတဲ့အတွက် တိုင်းပြည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူထောင် ရန် လိုအပ်တဲ့ Knowledge Industry ဖြစ်ထွန်းမှုကို အထောက်အကူပြုမှာဖြစ်ပါတယ်။ မိမိတို့ရဲ့ သဘာဝသယံဇာတတွေကို လက်ရှိကုန်ကြမ်းအဖြစ် ရရာဈေးနဲ့ရောင်းချနေခြင်းအစား အဆင့်မြင့် ကုန်ချောထုတ်လုပ်ရောင်းချနိုင်တဲ့အတွက် မိမိတို့သဘာဝသယံဇာတအတွက် ထိုက်တန်တဲ့ဈေးနှုန်း တွေရရှိပြီးတော့ တိုင်းပြည်ဝင်ငွေတိုးခြင်း၊ နိုင်ငံခေတ်မီတိုးတက်စေရေးအတွက် မဖြစ်မနေလိုအပ်တဲ့ အဆင့်မြင့်နည်းပညာများ၊ စီးပွားရေးပညာ၊ ခေတ်မီစီမံခန့်ခွဲမှုပညာများ၊ ဈေးကွက်ထိုးဖောက်ခြင်း ဆိုင်ရာပညာရပ်များ၊ ဈေးကွက်ကွန်ရက်တည်ဆောက်မှုပညာရပ်များ၊ ကမ္ဘာ့အဆင့်မီ ငွေကြေးဆိုင်ရာ လုပ်ငန်းများထူထောင်မှု၊ ခေတ်မီအုပ်ချုပ်ထောက်ပံ့မှုစနစ် (Modern Logistic System) များကို ထိတွေ့လုပ်ကိုင်ခွင့်ရမှာဖြစ်တဲ့အတွက် တိုက်ရိုက်အကျိုးကျေးဇူးတွေရော သွယ်ဝိုက်ပြီးတော့ ဆင့်ကဲဆင်‌့ကဲ ပေါ်ပေါက်လာမည့် အကျိုးကျေးဇူးကိုရော အများအပြားရရှိမှာဖြစ်ပါတယ်။ နောက် အခြားနိုင်ငံတွေရဲ့ အတွေ့အကြုံအရဆိုရင် အထူးစီးပွားရေးဇုန်မှာ ဒီလုပ်ငန်းရှင်များကနေပြီးတော့ ငွေကြေး၊ နည်းပညာပံ့ပိုးပြီးတော့ ဒေသခံတွေကို Supporting Industry  ထူထောင်ပေးတာတွေရှိပါ တယ်။ နောက် Sub Contract လုပ်ငန်းတွေရပါတယ်။ ဒီလိုလုပ်ငန်းတွေကနေစပြီးတော့ ဒေသခံ တွေဟာ တစ်စတစ်စကြီးထွားပြီးတော့ အကျိုးရှိလာပြီးတော့ နောင်တစ်ချိန်မှာ သူတို့ကိုယ်တိုင် လုပ်ငန်းရှင်ကြီးတွေဖြစ်လာတာကို အခြားစီးပွားရေးဇုန်အသီးသီးမှာတွေ့ပါတယ်။ အထူးအားဖြင့် ဆိုရင် ရှင်းကျင့်စီးပွားရေးဇုန်မှာတွေ့ပါတယ်။ နောက်တစ်ခုကဘာလဲဆိုလို့ရှိရင် သေချာရည်ရွယ်ချက် ရှိရှိဖြင့် ဆောင်ရွက်မယ်ဆိုရင် နောက်တစ်ချိန်မှာ ကျွန်တော်တို့နိုင်ငံရဲ့ အမှတ်တံဆိပ် ကိုယ်ပိုင် Brand တွေ၊ နည်းပညာတွေ၊ တီထွင်ကြံဆမှုတွေ၊ မူပိုင်ခွင့်တွေပေါ်ပေါက်လာပြီးတော့ မိမိတို့ခြေပေါ် ကိုယ်တိုင်ရပ်တည်နိုင်ဖို့အတွက်ဆောင်ရွက်တဲ့ ဒေသခံလုပ်ငန်းများလည်း ပေါ်ပေါက်လာမှာဖြစ်ပါ တယ်။ ထားဝယ်အထူးစီးပွားရေးဇုန်မှရရှိတဲ့ ခေတ်မီနည်းပညာတွေ၊ စီမံအုပ်ချုပ်မှုတွေ၊ ဈေးကွက် တည်ဆောက်မှု၊ ဈေးကွက်ထိုးဖောက်မှုအစရှိတဲ့ အတတ်ပညာတွေဟာ ထားဝယ်ဒေသသာမက တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားမှာဖြစ်တဲ့အတွက် ကျန်ဒေသတွေရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်း အထောက်အကူပြုမှာဖြစ်ပါကြောင်း အကျဉ်းချုံးရှင်းလင်းတင်ပြအပ်ပါတယ်။ ဒါတွေနှင့်ပတ်သက် ပြီးတော့ အရေးအကြီးဆုံးက တစ်ခြားနိုင်ငံတွေရဲ့ အတွေ့အကြုံအရဆိုရင် ကြိုတင်ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ ဒီဟာ ဒီဟာတွေဖြစ်လာနိုင်တယ်။ အကျိုးတွေ ဒါတွေဖြစ်လာနိုင်တယ်။ အပြစ်တွေက တော့ ဒါတွေဖြစ်လာနိုင်တယ်။ အဲ့ဒါတွေကို ကြိုတင်တွက်ဆပြီးတော့ ဒါတွေကို ရယူနိုင်အောင်အတွက် အစီအမံတွေဆောင်ရွက်ထားရမှာဖြစ်ပါတယ်။ မကောင်းတဲ့အဖြစ်၊ မကောင်းတဲ့အပြစ်တွေကို မရောက် အောင်လည်း စီမံဆောင်ရွက်မှုတွေ၊ ဥပဒေပြဋ္ဌာန်းတာတွေ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အကျိုး ကျေးဇူးတွေလည်း ပိုပိုပြီးတော့ရရှိနိုင်အောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒါဟာတော့ စာအုပ် တွေကိုလေ့လာရင် Best Practices တွေနှင့်ပတ်သက်ပြီးတော့ ထုတ်ပြန်ထားတဲ့စာတမ်းတွေ အများအပြားရှိပါတယ်။ ဒီ SEZ အကောင်အထည်ဖော်မှုနှင့်ပတ်သက်ပြီးတော့ Best Practices တွေ ကို IFC (International Finance Corporation) World Bank က ထုတ်ပြန်ထားတဲ့စာအုပ်တွေ လည်းရှိသလို နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ သုံးသပ်ထားတဲ့အစီရင်ခံစာတွေရှိတဲ့အတွက် ဒါတွေကိုပြန်ဖတ် ပြီးတော့ ဒီကနေပြီးတော့ ကောက်နုတ်ပြုစုပြီးတော့ ကျွန်တော်တို့ နိုင်ငံတိုးတက်ရေးအတွက် အကျိုးရှိ တာတွေကို ပိုပြီးတော့အကျိုးရှိအောင် မဖြစ်သင့်တဲ့ကိစ္စတွေကို လျော့နည်းသွားအောင် ဆောင်ရွက် ကြရမှာဖြစ်ပါတယ်။  
မေးခွန်း(၃) ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းဆောင်ရွက်ရန်အတွက် ပြည်ထောင်စု လွှတ်တော်သို့တင်ပြအတည်ပြုချက်ရယူရန်အစီအစဉ်ရှိသလား။ ရှိလျှင်မည်သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင်တင်ပြပါမည်လဲ။ မတင်ပြလျှင်မည်သည့်အတွက်ကြောင့် အတည်ပြုရယူ ခြင်းမပြုသည်ကိုသိလိုသဖြင့်ဖြေကြားပေးနိုင်ပါရန် မေးမြန်းအပ်ပါတယ်ဆိုတဲ့မေးခွန်းနှင့်ပတ်သက်ပြီး တော့ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီလက်ထက် ၂၀၀၈ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့က အစိုးရအဖွဲ့ရဲ့သဘောတူညီချက်နဲ့ ပို့ဆောင် ရေးဝန်ကြီးဌာနနှင့် အီတာလျံ-ထိုင်းကုမ္ပဏီတို့နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ထားဝယ်အထူးစီးပွားရေးဇုန်တည်ဆောက်မှုအကောင်အထည်ဖော်ရေးဆိုင်ရာမူဘောင် သဘောတူညီချက်စာချုပ် (Framework Agreement) ကို အစိုးရအဖွဲ့ကိုတင်ပြခွင့်ပြုချက်ရယူပြီး တော့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် အီတာလျံ-ထိုင်းကုမ္ပဏီတို့လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ပါတယ်။ ဒီ စီမံကိန်းဟာ စီမံကိန်းအသစ်မဟုတ်ဘဲနဲ့ ယခင်အစိုးရလက်ထက်ကအတည်ပြုပြီး စာချုပ်ချုပ်ဆို ဆောင်ရွက်ခဲ့တဲ့ကိစ္စကို ယခုအစိုးရက ဆက်လက်အကောင်အထည်ဖော်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် သီးခြားတင်ပြခြင်းမပြုဘဲ နောက်ထပ်ဆောင်ရွက်နေတဲ့ လေ့လာစူးစမ်းမှုတွေ၊ အသေးစိတ် အစီအမံတွေ၊ တန်ဖိုးတွေကိုတွက်ချက်ရရှိတဲ့အခါမှာ ပြည့်စုံစွာနဲ့ ပြည်ထောင်စုလွှတ်တော်ကို တင်ပြဖို့ စီစဉ်ထားပါတယ်။ အဲ့ဒီအခြေအနေမှာ အီတာလျံ-ထိုင်းကုမ္ပဏီအနေနဲ့ ငွေကြေးစုစည်းရာမှာ အခက်အခဲဖြစ်ပြီးတော့ လုပ်ငန်းနှောင့်နှေးလာတဲ့အတွက် နှစ်ဖက်နိုင်ငံ အစိုးရကပူးပေါင်း ဆောင်ရွက်ဖို့ကိစ္စတွေပေါ်ပေါက်လာပြီးတော့ တတိယနိုင်ငံတွေကို ဖိတ်ခေါ်ဖို့ဖြစ်လာပါတယ်။ ဒါကြောင့် ရှေ့ဆက်လက်ဆောင်ရွက်မယ့်အစီအစဉ်များ ပီပြင်လာတဲ့အချိန်မှာ ဆက်လက်ဆောင်ရွက် မယ့်စီမံကိန်းလုပ်ငန်းတွေ၊ စီမံကိန်းရင်းနှီးမြှုပ်နှံမှုလျာထားချက်တွေ၊ ဒီဟာတွေကို ပြည်သူ့လွှတ်တော် ကိုတင်ပြဖို့စီစဉ်ထားပါတယ်။ အလားတူပဲ ဒီထားဝယ်အထူးစီးပွားရေးဇုန်အပါအဝင် အထူးစီးပွားရေး ဇုန်နှင့်ပတ်သက်ပြီးတဲ့ SEZ Law ကိုပြုစုတဲ့အခါမှာလည်း ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်ကို ဆက်လက်ပြီးတော့တင်ပြဖို့ရှိပါတယ်။ ဒါနှင့်ဆက်စပ်ပြီးတော့ ပြောရမယ်ဆိုရင် ထားဝယ်ဒေသမှာ ဒီဟာနှင့်ပတ်သက်ပြီးတော့ ဖြစ်လာနိုင်တဲ့အကျိုးသက်ရောက်မှု၊ နောက် အပြစ်သက်ရောက်လာမယ့် ကိစ္စတွေ၊ ဒီဟာတွေကိုဖော်ထုတ်နိုင်ဖို့အတွက်ဆိုပြီးတော့ မကြာသေးခင်ကပဲ ထားဝယ်မှာ Workshop လုပ်ပါတယ်။ အဲ့ဒီ Workshop ကို ထားဝယ်မြို့ပေါ်ကပုဂ္ဂိုလ်တွေ ရော၊ ပါတီပေါင်းစုံခေါ်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေ အားလုံးတက်ပါတယ်။ ဒီ့အပြင် အထူးစီမံကိန်း ဆောင်ရွက်မယ့် နဘူးလယ်ဒေသ၊ နောက် အဲ့ဒီဒေသတစ်ခုလုံးမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေပါခေါ် ပါတယ်။ နောက် စိတ်ပါဝင်စားတဲ့လူတွေခေါ်ပါတယ်။ ခေါ်ပြီးတော့ ဆွေးနွေးခဲ့ပါတယ်။ အဲ့ဒီမှာဘာလဲ ဆိုရင် အကျေအလည်ဆွေးနွေးခဲ့ပါတယ်။ အဓိက အဲ့ဒီမှာဆွေးနွေး သွားတဲ့အကြောင်းအရာကတော့ ပထမဆုံးတစ်ခုကတော့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးကို အဓိကထားပြီးတော့ ဆွေးနွေးသွားပါတယ်။ နောက် ဒုတိယတစ်ခုကတော့ သက်ဆိုင်ရာဒေသမှာ လူမှုရေးအရ ဘယ်လို အကျိုးသက်ရောက်မှုတွေရှိမလဲ။ အဲ့ဒါတွေကို ဘယ်လိုလုပ်ပေးမလဲဆိုတာ ဆွေးနွေးပါတယ်။ နောက်တစ်ခုက အဲ့ဒီဒေသမှာရှိတဲ့ မြေယာတွေကိုသိမ်းဆည်းမှုနှင့်ပတ်သက်ပြီးတော့ လျော်ကြေးပေး တဲ့အခါမှာ ဘယ်နှုန်းနဲ့ပေးမှာလဲ။ သူတို့ကတော့ ဒီနှုန်းတွေလိုချင်တယ်ဆိုပြီးတော့ အဲ့ဒီ မှာဆွေးနွေး ကြပါတယ်။ ဆွေးနွေးကြတဲ့အခါကျတော့ အဲ့ဒီမှာ သက်ဆိုင်ရာဆွေးနွေးပွဲတက်ရောက်လာ တဲ့သူတွေ တောင်းတဲ့အတိုင်း ယခင်ထက်ကိုပိုပြီးတော့ ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဆုံးဖြတ်တဲ့အတွက် အဲ့ဒီမှာ အကျေအလည်ဆုံးဖြတ်ပြီးတော့ Workshop နှင့်ပတ်သက်ပြီးတော့ ဒီ Workshop ကနေပြီးတော့ Out Come အဖြေ ၅ ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီ ထုတ်ပြန်ပြီးတော့ ဒီ Workshop အဆုံးသတ် ခဲ့ပါတယ်။ ရှေ့လျှောက်လည်း ဒီဒေသခံတွေရဲ့အကူအညီ၊  ဒီဟာသည် တစ်တိုင်းပြည်လုံးနဲ့ သက်ဆိုင် တဲ့အတွက် ကျယ်ကျယ်ပြန့်ပြန့်နဲ့ Workshop တွေလုပ်မယ်။ Seminar တွေလုပ်မယ်။ လုပ်ပြီးတော့ အဖြေရှာပြီးတော့ ဒီ ထားဝယ်ဒေသအထူးစီးပွားရေးစီမံကိန်းကို ဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့ နိုင်ငံမထိခိုက်စေရေး၊ ကျွန်တော်တို့ နိုင်ငံအကျိုးရနိုင်သမျှ ရရှိစေရေး၊ ထိုက်သင့်တဲ့အကျိုးတွေကို အားလုံး တစ်နိုင်ငံလုံးမျှဝေခံစားနိုင်ရေးများကို စီမံဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်းတင်ပြအပ်ပါတယ်။