(ဇ)-ကဝမြို့နယ်ကျားတက်၊ကမာကလဲကျေးရွာများအား မီးလင်းရေး ဆောင်ရွက်ပေးမည် ဆိုပါက မည်သည့် အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိ လိုကြောင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး နဝမနေ့ (၉.၇.၂၀၁၃)

ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ် ကျားတက်၊ ကမာကလဲ ကျေးရွာများသည်  ပဲခူးမြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာများဖြစ်ပြီး ပဲခူးမြစ်အနောက်ဘက်ကမ်းရှိ ကျောက်တန်း ကျေးရွာသည် လျှပ်စစ်မီးရရှိသည်မှာ အနှစ် ၂၀ ကျော်ခန့်ရှိပြီဖြစ်ပါကြောင်း၊ ၂၀၁၀ ခုနှစ်တွင် ကျောက်တန်း ကျေးရွာမှ ပဲခူးမြစ်အရှေ့ဘက်ကမ်း ကမာကလဲကျေးရွာသို့ ဆွစ်ဇလန်နိုင်ငံ၏ အကူအညီဖြင့် ပဲခူးမြစ်ကူး လူကူးတံတား တစ်ဆင်းကို တည်ဆောက်အသုံးပြုလျက်ရှိရာ ထိုသို့တည်ဆောက်ရာတွင် ချဉ်းကပ်တိုင်များကို ကျေးရွာများအစီအစဉ်ဖြင့် တည်ဆောက်ခဲ့ကြရပါကြောင်း၊ တံတားမဆောက်ခင်နှစ်တွင် ကမာကလဲနှင့် ကျားတက်ရွာတို့သည် လျှပ်စစ်မီးလင်းရန် ထရန်စဖော်မာ နှင့် ဓာတ်တိုင်များ ကိုယ့်အားကိုယ်ကိုး တည်ဆောက်ခဲ့ပြီးဖြစ်သော်လည်း ကြိုးတံတားချဉ်းကပ်တိုင်များ တည်ဆောက်ရသဖြင့် စုဆောင်းထားသည့်ငွေများ အသုံးပြုလိုက်ရခြင်းကြောင့် မီးကြိုးတန်းဖိုးကျခံနိုင်ခြင်း မရှိတော့ပါ ကြောင်း၊ ထို့ကြောင့် ၎င်းကျေးရွာ ၂ ရွာအား ထရန်စဖော်မာနှင့် ဓာတ်တိုင်များတည်ဆောက်ပြီး မီးလင်းရေးအတွက် ဆောင်ရွက်ပေး ပါရန်နှင့် ဆောင်ရွက်ပေးမည် ဆိုပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး
အဖြေ

ပဲခူး တိုင်းဒေသကြီး၊ ကဝမြို့နယ်မှာရှိ ကျားတက်၊ ကမာကလဲကျေးရွာ ဓာတ်အားရရှိရေးအတွက် ကဝမြို့မှာ ရှိသော ၃၃/၁၁ ကေဗွီ ၃ အမ်ဗွီအေဓာတ်အားခွဲရုံမှ ၁၁ ကေဗွီလိုင်းများ တည်ဆောက်ခြင်းနှင့် ၁၁/ဝ.၄ ကေဗွီ ဓာတ်အားခွဲရုံငယ် တည်ဆောက်ခြင်းများကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အဆိုပါ ကျားတက်၊ ကမာကလဲ ကျေးရွာများအနေဖြင့် ဝန်ကြီးဌာနသို့ တင်ပြလျှောက်ထားခြင်း မရှိသေး ကြောင်းလည်းသိရပါတယ်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်းလုံးမှာ တိုးတက်သုံးစွဲ လာတဲ့ ဓာတ်အားသုံးစွဲမှုပမာဏနှင့်အညီ ဓာတ်အားပေးနိုင်ရေးကို မဟာဓာတ်အားလိုင်းကြီးများ တည်ဆောက်ခြင်း၊ ပင်မဓာတ်အားခွဲရုံများ၊ ဓာတ်အားပေးစက်ရုံကြီးများ အသစ်တည်ဆောက်ခြင်းနှင့် လက်ရှိဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ အဆင်‌့မြှင့်တင်ခြင်း လုပ်ငန်း များကိုပါ ဦးစားပေးပြီး နှစ်စဉ်ရရှိတဲ့ရန်ပုံငွေနဲ့မျှဝေအသုံးပြုနေရပါသဖြင့် ကျေးရွာများ ဓာတ်အားရရှိ ရေးအတွက် နိုင်ငံတော်အနေဖြင့် အချိန်တိုအတွင်း တစ်ပြိုင်နက်တည်းဆောင်ရွက်ပေးရန် အခက်အခဲ ရှိပါသဖြင့် ဆောလျင်စွာဓာတ်အားအသုံးပြုလိုပါက ကိုယ့်အားကိုယ်ကိုးကျေးရွာ မီးလင်းရေးကော်မတီ ဖွဲ့စည်း၍ သက်ဆိုင်ရာမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ မူဘောင်နှင့် ညီညွတ်ပါက ခွင့်ပြုပေးမည်ဖြစ်ပြီး လိုအပ်သည့်နည်းပညာများကိုလည်း ကူညီပေးသွား မည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

ဦးဝင်းစိန်(ကဝမဲဆန္ဒနယ်)က  ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ရွာ ၂ ရွာကို ကျွန်တော်ကိုယ်တိုင်ရောက်ပါတယ်။ ရောက်တဲ့အချိန်မှာ အဲ့ဒီရွာတွေက ထရန်စ ဖော်မာလည်း တပ်ထားပြီးပါပြီ။ ဓာတ်တိုင်လည်းစိုက်ထားပြီးပြီ။ အဲ့ဒီတော့ မီးကကျောက်တန်းနဲ့ဆို လျှင် ဟိုဘက်ကမ်းနဲ့ဒီဘက်ကမ်း ပေ ၂၀၀ ကျော်လောက်ပဲရှိပါတယ်။ ကျောက်တန်းရွာက မီးလင်း နေပါတယ်။ အဲ့ဒီကျောက်တန်းကနေတစ်ဆင့်သွယ်လို့ရပါတယ်။ သွယ်လို့ရလို့ သူတို့လည်းလုပ်ခဲ့ပြီး ပါပြီ။ လုပ်တဲ့အခါမှာ သူတို့စုထားတဲ့ငွေတွေကို အရင်တုန်းကဆိုရင် ပဲခူးမြစ်ကို ဟိုဘက်ကမ်း ဒီဘက် ကမ်း လှေနဲ့လှော်ပြီးတော့ ကျောင်းတက်သွားနေရပါတယ်။ ဟိုဘက်ကမ်းမှာတော့ ၁၀ တန်းကျောင်း ရှိတယ်။ ဒီဘက်ကမ်းမှာတော့ မူလတန်းကျောင်းပဲရှိတယ်။ သွားနေရတဲ့အတွက်ကြောင့် သူတို့ပိုက်ဆံစု ပြီးတော့ မီးလင်းဖို့လုပ်ပါတယ်။ လုပ်တဲ့အခါမှာ အဲ့ဒီဆွစ်ဇာလန်နိုင်ငံကနေပြီးတော့ ကြိုးတံတား ဆောက်ပေးတယ်။ ဆောက်ပေးတဲ့အခါမှာ ချဉ်းကပ်တိုင်ကိုတော့ ကိုယ့်ဘာသာကိုယ် ရွာတွေကနေကျ ခံရပါတယ်။ ကျောက်တန်းကတစ်ဖက်ကျခံရတယ်။ အဲ့ဒီ ကမာကလဲတို့ဘက်က တစ်ဖက်ကျခံရတယ်။ ကျခံလို့စုထားတဲ့ငွေတွေ အဲ့ဒီအထဲ သုံးလိုက်တဲ့အတွက်ကြောင့် မီးလင်းဖို့မဖြစ်သေးပါဘူး။ ဒါ့ကြောင့် မို့လို့ ဒီဥစ္စာက တန်းလန်းကြီးဖြစ်နေတဲ့ဥစ္စာမို့လို့ နိုင်ငံတော်ရဲ့ဘတ်ဂျက်နဲ့ ဆောင်ရွက်ပေးသင့်ပါကြောင်း တင်ပြမေးမြန်းပါသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး

နိုင်ငံတော်ဘတ်ဂျက်နှင့် ဆောင်ရွက်ပေး ရမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ရရှိတဲ့ နိုင်ငံတော်ဘတ်ဂျက် အခြေအနေပေါ်မူတည်ပြီးတော့မှ ပြန်လည်စိစစ်ပြီးဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း ဖြေကြားပါသည်။