လိုင်စင်မဲ့ မော်တော်ယာဉ်များကို ထိန်းချုပ်ဟန့်တားနိုင်မည့် ဆောင်ရွက်ချက်များဖြင့် ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် တစ်နှစ်အာမခံလိုင်စင်(ဝှီးတက်) များသည် မည်သူတို့ထံမှ ထွက်ရှိအသုံးပြုနေသည်၊ ဖမ်းဆီးအရေးယူမှုမည်မျှရှိ၍ မည်ကဲ့သို့ ထိရောက်စွာအရေးယူဆောင်ရွက်သည်နှင့်စပ်လျဉ်း သည့်မေးခွန်း
ယခုအခါ နိုင်ငံတော်မှ မော်တော်ကားအမျိုးအစားအဆင့်အလိုက် တတ်နိုင် သမျှ ဖြေလျှော့၍ ထိုက်သင့်သော အခွန်အခနှုန်းထားများဖြင့်ကောက်ခံပြီး မော်တော်ယာဉ်တင်သွင်းမှုများ ကို ခွင့်ပြုဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့သော် နယ်စပ်ဂိတ်နှင့် ပြည်တွင်းဂိတ် အသီးသီးတို့ကို နည်းမျိုးစုံဖြင့် ဖြတ်သန်းလျက် နိုင်ငံတော်အတွင်း တရားမဝင် မော်တော်ယာဉ်များ သယ်ယူနေကြကာ ရန်ကုန်-မန္တလေးမြို့ကြီးများ အပါအဝင် နယ်စပ်ဒေသမြို့များ၌ လိုင်စင်မဲ့မော်တော်ယာဉ်များကို တစ်နှစ်အာမခံသည်ဆိုသော ဝှီးတက်များဖြင့် တရားဝင်လိုင်စင်ကဲ့သို့ အသုံးပြုမောင်းနှင်နေကြသည်ကို ကြားသိနေရပါကြောင်း၊ အချို့သောယာဉ်ထိန်း တပ်ဖွဲ့ဝင်များစစ်ဆေးသည့်အခါ တရားမဝင်သောညှိနှိုင်းမှုများဖြင့် အဆင်ပြေအသုံးပြုလျက်ရှိနေကြသည်ကိုလည်း ကြားသိနေရပါကြောင်း၊ ထိုသို့ ဆောင်ရွက်နေမှုများကြောင့် နိုင်ငံတော်အတွက် ရရှိမည့်အခွန်အခများ မရရှိခြင်း၊ ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်လျက် ရှိခြင်း၊ မလိုလားအပ်သော ပြဿနာကြီးငယ်များပေါ်ပေါက်လျက်ရှိခြင်း စသည့် ဆိုးကျိုးများ ဖြစ်ပေါ်နေလျက်ရှိရာ လိုင်စင်မဲ့ မော်တော်ယာဉ်များကို ယခုထက်ပိုမိုထိရောက်သော ထိန်းချုပ်ဆောင်ရွက်မှုများဖြင့် ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်မည်နှင့် တရားဝင်လိုင်စင်ကဲ့သို့ အသုံးပြုနေသော လိုင်စင်(ဝှီးတက်)များသည် မည်သည့်အဖွဲ့အစည်း သို့မဟုတ် မည်သူတို့ထံက ထွက်ရှိ အသုံးပြုနေပါသနည်း။ ဖမ်းဆီး အရေးယူစိစစ် ဆောင်ရွက်ချက်မှုများတွင် ထိုကဲ့သို့သော ကိစ္စရပ်များကို တွေ့ရှိပါသလား။ တွေ့ရှိမှု မည်မျှ ရှိပါသနည်း။ တွေ့ရှိပါက မည်ကဲ့သို့ ထိရောက်စွာအရေးယူထားသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံအတွင်းကို ဝင်ရောက်လာတဲ့ လိုင်စင်မဲ့မော်တော်ယာဉ်များဟာ နယ်စပ်ဒေသမှာရှိတဲ့ လုံခြုံ ရေးစိုးမိုးမှုအားနည်းသော လမ်းကြောင်းများနှင့် ရှောင်ကွင်းလမ်း တောလမ်းခရီးများမှဝင်ရောက် ခဲ့ခြင်းဖြစ်ပြီး တရားဝင်ဖွင့်လှစ်ထားတဲ့ နယ်စပ်ဂိတ်များမှ ဝင်ရောက်ခြင်းမရှိပါကြောင်း ဖြေကြားအပ် ပါတယ်။ ယခင်က နယ်မြေအေးချမ်းမှုမရှိတာကို အခွင့်ကောင်းယူပြီး တစ်ဖက်နိုင်ငံများနှင့် မြန်မာ နိုင်ငံနယ်စပ်တစ်လျှောက်မှာ အခါအခွင့်သင့်သလို လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဝင်ရောက်ခြင်း၊ နယ်စပ်မြစ်ကြောင်းမှ ဖြတ်ကျော်ဝင်ရောက်ခြင်းနှင့် တရားဝင်ဖွင့်လှစ်ထား တဲ့ နယ်စပ်ဂိတ်များကို ရှောင်ကွင်းလမ်းများမှ နည်းမျိုးစုံအသုံးပြုဝင်ရောက်ခြင်းများရှိကြောင်းသိရှိရ ပါတယ်။ အဲ့ဒီလိုဝင်ရောက်မှုများကိုလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒေသခံနယ်ခြားစောင့်တပ်၊ ပြည်သူ့ စစ်တပ်ဖွဲ့များနှင့် တာဝန်ရှိအဖွဲ့အစည်းများ နေ့စဉ်စောင့်ကြည့်စိစစ်ပိတ်ဆို့ဖမ်းဆီးလျက်ရှိရာ နိုင်ငံ တစ်ဝန်း ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့မှ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ လိုင်စင်မဲ့ မော်တော်ယာဉ်စုစုပေါင်း ၁၂၄၂ စီးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်းကို တရားမဝင်လိုင်စင်မဲ့ မော်တော်ယာဉ်များ ဝင်ရောက်မှုမရှိစေရေးနှင့် ထိန်းချုပ်ဟန့်တားနိုင်ရေး အတွက် နယ်စပ်ချစ်ကြည်ရေးတံတားများနှင့် နယ်စပ်ဂိတ်များမှလည်းကောင်း၊ တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှာရှိတဲ့ မောတောင်၊ ထီးခီးနယ်စပ်ကုန်သွယ်ရေးဂိတ်များမှလည်းကောင်း၊ ကော့သောင်းမြို့နယ်ရှိ တရားမဝင်လမ်းကြောင်းများမှလည်းကောင်း၊ ပြည်ထောင်စုလမ်းမကြီးဖြစ်တဲ့ ရေဖြူမြို့နယ် မလွှဲတောင်ဒေသမှလည်းကောင်း၊ မြို့ဝင်မြို့ထွက်များမှလည်းကောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အပါအဝင်တာဝန်ရှိ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့နှင့်ကြပ်မတ်စစ်ဆေးခြင်းများကို ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မော်တော်ယာဉ်လိုင်စင်(ဝှီးတက်)နှင့်ပတ်သက်လို့ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ စိစစ်ထုတ်ပေးလျက်ရှိပါတယ်။ ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှာ မော်တော်ယာဉ်များကို မှတ်ပုံတင်ဆောင်ရွက်ရာမှာ အလွယ်တကူ တုပဆောင်ရွက်နိုင်ခြင်းမရှိစေရန်အတွက် ယာဉ်ဓာတ်ပုံပါတဲ့ လုံခြုံရေးအမှတ်အသား ဝှီးတက်များ အသုံးပြုပြီး အဲ့ဒီမှာ ကတ်အမှတ်စဉ် UB Rays နှင့်ဖတ်ရှုထုတ်နိုင်တဲ့ သင်္ကေတများ၊ 2D Bar Code ဖြင့်သာ ဖတ်ရှုနိုင်တဲ့စာတမ်းများဖြင့် ထည့်သွင်းထားရှိ၍လည်းကောင်း၊ ယာဉ်မှတ်ပုံတင်စာအုပ်များ ကိုလည်း လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများ ညွှန်ကြားရေးမှူးလက်အောက်မှာရှိတဲ့ လုံခြုံရေး နှင့်ဆိုင်တဲ့ ပုံနှိပ်လုပ်ငန်းစက်ရုံမှာရိုက်နှိပ်၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါတယ်။ ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)အနေနဲ့ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်ရုံးများသို့ ဝှီးတက်၊ ယာဉ်မှတ်ပုံတင်စာအုပ်များကို စနစ်တကျမှတ်ပုံတင်ပြီး ဖြန့်ဝေပေးလျက်ရှိသလို သက်ဆိုင်ရာရုံးများ ကလည်း လုပ်ငန်းလာရောက်ဆောင်ရွက်တဲ့ မော်တော်ယာဉ်အတွက် အသုံးပြုတဲ့ကတ်အမှတ် ယာဉ်မှတ်ပုံတင်စာအုပ်များကို စနစ်တကျမှတ်တမ်းတင်ပြီးထုတ်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် ထုတ်ပေးပြီးစီးမှုကို ယာဉ်အမှတ်နှင့်တကွ ရုံးချုပ်သို့ လစဉ်ပြန်တမ်းပေးပို့စေခြင်းဖြင့် မသမာမှုများ မဖြစ်စေရန် ကာကွယ်ဆောင်ရွက်လျက်ရှိပါတယ်။ မော်တော်ယာဉ်သက်သေခံလက်မှတ်(ဝှီးတက်) အတွင်း ထည့်သွင်းထားတဲ့ လုံခြုံရေးအမှတ်အသားများကို တုပခြင်းမပြုနိုင်ပေမယ့်လည်း ခေတ်မီစက် ကိရိယာများအသုံးပြုပြီး အပေါ်ယံအမြင်မှာ အနီးစပ်ဆုံးတူညီမှုရှိအောင် တုပပြုလုပ်အသုံးပြုမှုများ ရှိနိုင်လို့ သက်ဆိုင်ရာကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနများကို ယာဉ်မှတ်ပုံတင်ဆိုင်ရာ လုပ်ငန်းများ သက်တမ်းတိုးခြင်းလုပ်ငန်းနှင့် ယာဉ်စစ်ဆေးဖို့ရှိတဲ့ ကိစ္စရပ်များလာရောက်ဆောင်ရွက်မှ သာ အတုအစစ်ဖော်ထုတ်နိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့လည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်မှုများ၊ ယာဉ်တိမ်းမှောက်မှု၊ ယာဉ်တိုက်မှုများနှင့် မသင်္ကာ ယာဉ်များစစ်ဆေးရာမှာ အမှုဖြစ်စဉ်များအပြင် သက်သေခံလက်မှတ်နှင့် ယာဉ်မှတ်ပုံတင်စာအုပ်များ မှန်ကန်မှုရှိ/မရှိနှင့်စပ်လျဉ်းလို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှာရှိတဲ့ မှတ်တမ်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးဆောင်ရွက်လျက်ရှိပါတယ်။ အဲ့ဒီလို မသမာနည်းနဲ့ ယာဉ်သက်သေခံလက်မှတ်အတု နှင့် ယာဉ်မှတ်ပုံတင်စာအုပ်အတုများ အသုံးပြုဆောင်ရွက်နေခြင်းကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများသို့ အကြောင်းကြား ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတော်အတွင်းကို နည်းလမ်းမျိုးစုံနှင့် လိုင်စင်မဲ့မော်တော်ယာဉ်များ သယ်ယူနေကြတဲ့အတွက် ရန်ကုန်၊ မန္တလေးမြို့ကြီးများအပါအဝင် နယ်စပ်ဒေသမြို့များမှာ လိုင်စင်မဲ့ မော်တော်ယာဉ်များကို တစ်နှစ်အာမခံတယ်ဆိုတဲ့ ဝှီးတက်နှင့် တရားဝင်လိုင်စင်ကဲ့သို့ အသုံးပြု မောင်းနှင်နေကြသည်ဆိုခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့ တိုင်း ဒေသကြီး/ပြည်နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးလမ်းကြီးကြပ်မှုကော်မတီရဲ့ အနီး ကပ်ကြီးကြပ်မှုများဖြင့် မော်တော်ယာဉ်များကို အသေးစိတ်စစ်ဆေးချက်များအရ တရားဝင်ဝှီးတက် များကိုသာ သုံးစွဲနေကြသည်ကို စိစစ်တွေ့ရှိရပြီး ဝှီးတက်အတုနှင့်သွားလာမှုများကို ဖမ်းဆီးရရှိမှုများ မရှိခဲ့ကြောင်းသိရှိရပါတယ်။ ဝှီးတက်အတုများ တပ်ဆင်ထားကြောင်း စိစစ်ဖမ်းဆီးရမိပါကလည်း ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၂၀၊ ၄၆၈ အရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြည်ထဲရေးဝန် ကြီးဌာနမှ ၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့ထုတ် သတင်းစာများမှာ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းများ မမှန်မကန်ဆောင်ရွက်မှုများရှိပါက မည်သူမဆို တိုက်ရိုက်တိုင်ကြားနိုင်ကြောင်းကို လည်းကောင်း၊ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့ထုတ် သတင်းစာများမှာ လာဘ်ပေးလာဘ်ယူ ကင်းရှင်းရေးဆိုင်ရာ သတင်းထုတ်ပြန်ကြေညာချက်ဖြင့်လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်တဲ့ ဌာန လိပ်စာနှင့် တယ်လီဖုန်းနံပါတ်များကို ဖော်ပြကြေညာထားရှိပြီးဖြစ်ပါတယ်။ ဒါ့အပြင် ရထားပို့ဆောင် ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ၂၀၁၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ထုတ် သတင်းစာမှာ မော်တော်ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်(ဝှီးတက်)အတု ရောင်းချသူ၊ ပြုလုပ်သူ၊ ကိုင်ဆောင်သူများတွေ့ရှိပါက သတင်းပေးတိုင်ကြားရန် ဌာနဝန်ထမ်းများနှင့်ပတ်သက်မှုတွေ့ရှိရပါက ဖော်ထုတ်တိုင်ကြားရန်နှင့် တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်းဖြင့် တိုင်ကြားနိုင်ရေးအတွက် တယ်လီဖုန်းနံပါတ်များ ဖော်ပြလျက်ကြော်ငြာထားရှိပြီး ဖြစ်ပါတယ်။ သို့ဖြစ် ပါ၍ နိုင်ငံတော်အတွင်း ဂိတ်အသီးသီးကို ဖြတ်သန်းသယ်ဆောင်လျက်ရှိသော လိုင်စင်မဲ့မော်တော် ယာဉ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ တရားဝင်လိုင်စင်ကဲ့သို့ အသုံးပြုနေသော မော်တော်ယာဉ် မှတ်ပုံတင်သက် သေခံလက်မှတ်(ဝှီးတက်)အတုများနှင့်စပ်လျဉ်း၍လည်းကောင်း၊ အဆိုပါကိစ္စရပ်များ မှာ ပါဝင်ပတ်သက်မှုရှိတဲ့ ဝန်ထမ်းများနှင့်စပ်လျဉ်း၍လည်းကောင်း သိရှိသူမည်သူမဆို ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ တိုင်ကြားနိုင်ပါကြောင်းနှင့် စစ်ဆေးပေါ်ပေါက်ချက်အရ တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးသိန်းထွန်းဦး(အမရပူရမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
မိမိတို့မေးခွန်းသည် ဧပြီလ ၂၂ ရက်နေ့က တင်လိုက်ပါတယ်။ ဒီလိုတင်လိုက်တဲ့မေးခွန်းပေါ်မှာ ဒီနေ့ ဖြေကြားပါ တယ်။ ၉ ရက်နေ့ သတင်းစာမှာ ကြော်ငြာထားတယ်ဆိုတာလည်း ဖတ်ရှုရပါတယ်။ ဝမ်းသာပါတယ်။ သို့သော် ကျွန်တော်တို့ အခုမေးချင်တဲ့မေးခွန်းက တိုင်ကြားမှုမပါဘဲနှင့် တာဝန်ရှိသူတွေက မိမိတို့ တွေ့ရှိတယ်၊ စုံစမ်းလို့ရတယ်ဆိုတဲ့ကိစ္စမျိုး၊ ဒီလိုကိစ္စမျိုးတွေကို စုံစမ်းဖော်ထုတ်မှုအစီအစဉ်ရှိ/မရှိ ဒါတစ်ချက်ဖြစ်ပါတယ်။ နောက်တစ်ချက်က တချို့သော အဖွဲ့အစည်းများမှာ ရှိနေကြတဲ့ လိုင်စင်မဲ့ ကားတွေကို ဘယ်လိုအရေးယူဆောင်ရွက်မယ်ဆိုတာလေး သိရှိလိုပါကြောင်း ထပ်ဆင့်မေးမြန်း ပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်း
လိုင်စင်မဲ့ကားများ စုံစမ်း ဖော်ထုတ်မှုနှင့် ပတ်သက်ပြီးတော့မှ သက်ဆိုင်ရာတိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ်တွေမှာ တပ်ဖွဲ့ဝင်များ နှင့် တရားမဝင်လိုင်စင်မဲ့ကားများကို စစ်ဆေးဖော်ထုတ်တွေ့ရှိလို့ရှိရင် ဥပဒေအရ ယာဉ်ကို သိမ်းဆည်းပြီးတော့မှ အရေးယူဆောင်ရွက်လျက်ရှိပါတယ်။ ဒီဝှီးတက်အတုနှင့်ပတ်သက်လို့လည်း အခုလက်ရှိအချိန်ထိတော့ ဝှီးတက်အတုကို သိမ်းဆည်းရမိအရေးယူခြင်း မရှိပါဘူး။ ဒါနှင့်ပတ်သက်ပြီး တော့လည်း သက်ဆိုင်ရာပြည်သူလူထုတွေအနေနဲ့ တွေ့ရှိမယ်၊ သိရှိမယ်ဆိုလို့ရှိရင် အကြောင်းကြား လို့ရှိရင်တော့ ဖော်ထုတ်ဖမ်းဆီးရတာ ပိုမိုလွယ်ကူမှာဖြစ်ပါတယ်။ ပြည်သူလူထု ပူးပေါင်းပါဝင်တဲ့ စနစ်မှသာ အောင်မြင်နိုင်မှာဖြစ်တဲ့အတွက် ဒါပြည်သူလူထုက အားလုံးပူးပေါင်းပါဝင်ပြီးတော့ သတင်း ပေးဆောင်ရွက်ကြမှ ပိုမိုအောင်မြင်နိုင်မှာဖြစ်ကြောင်း ဖြေကြားပါသည်။
