(ဂ)-အရေးပေါ်စီမံမှုဥပဒေတွင်ပြစ်ဒဏ်များတိုးထားခြင်း အားပြန်လည် လျှော့ပေါ့ရန် နှင့်ဝိသမ လောဘ စီးပွားရေးသမားများကိုနှိမ်နင်းမှုများ၌သုံးစွဲနေခြင်း များအားဖယ်ရှားရန်အစီအစဉ်ရှိ၊မရှိတို့နှင့်စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး နဝမနေ့ (၉.၇.၂၀၁၃)

အရေးပေါ်စီမံမှုဥပဒေ အမိန့် ကြော်ငြာစာများအနက် ပြစ်ဒဏ်များကို တိုးမြှင့်ထားသော ဥပဒေများ။ ဥပမာအားဖြင့် ၁၀ (က)၊ (ခ) ပုဒ်မ ၅ ပုဒ်မခွဲ(ည) အစရှိသော ဥပဒေများကို ပြန်လည်လျော့ပေါ့ရန် အစီစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း၊ ထို့ပြင် အရေးပေါ်စီမံမှုဥပဒေပါ ပုဒ်မများကို ရပ်ကွက်ထဲ အလစ်သုတ်ခြင်း၊ ရန်ဖြစ်ခြင်း၊ ခါးပိုက်နှိုက်ဖမ်းဆီးခြင်း၊ စီးပွားရေးဝိသမ သောင်းကျန်းမှု ကိစ္စများတွင် သုံးစွဲနေသည့် ကိစ္စများရပ်ကို ဖယ်ရှားပေးရန် အစီအစဉ် ရှိ/မရှိ တို့ကို သိရှိလိုပါကြောင်း။

ဤအချက်များကို မေးမြန်းရသည့် အကြောင်းအရင်းမှာ အရေးပေါ်စီမံမှု အဓိပ္ပာယ်သည် မြန်မာတစ်နိုင်ငံလုံးတွင်ဖြစ်စေ၊ မြန်မာနိုင်ငံ၏ တစ်ထောင့်တစ်နေရာ တစ်ချိန် တစ်ခါမှာ ဖြစ်စေ၊ သွားလာ လုပ်ရှားရုန်းကန်ရသည့် အနေအထားကို ပျက်ယွင်းစေမည့်အခြေအနေ ပေါ်ပေါက်လာပါက ယင်းကိစ္စရပ်များကို ဟန့်တားနိုင်စေရန် အဓိပ္ပာယ် ဖြစ်သည့်အတွက်၊ တိုင်းပြည်အတွင်း အများပြည်သူသွားလာ လှုပ်ရှားရုန်းကန် စားသောက်ရာတွင် အဟန့်အတားဖြစ်စေမည့် မလိုလားအပ်သော အနေအထားမျိုး မဖြစ်ရအောင် သက်ဆိုင်ရာလှုပ်ရှားသူများကို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ တစ်ရက်၊ တစ်လ၊ သုံးလ၊ ခြောက်လ အစရှိသည့် ကာလ သတ်မှတ်ချက်တစ်ခုဖြင့် ထိန်းသိမ်းထားနိုင်ပါက လုံလောက်သည့် အနေအထားအဖြစ်ထင်မြင်မိပါကြောင်း၊ သို့သော်လည်း လက်ရှိဥပဒေအရ ပုဒ်မ ၅(ည)တွင် ထောင်ဒါဏ် ၇ နှစ်အထိ ပြစ်ဒဏ်တိုးမြှင့်ထားသည်ကိုတွေ့ရှိနေရပါကြောင်း၊

မိမိအနေဖြင့် ပြစ်မှုနှင့် ပြစ်ဒဏ် မျှရန်ကိုသာ ရည်ရွယ်ပါကြောင်း၊ အရေးပေါ်စီမံမှုဥပဒေသည် လိုအပ်ချက်အရ ပြဌာန်းထားသော ဥပဒေတစ်ရပ်ဖြစ်သည်ကို မိမိမအနေဖြင့် လက်ခံပါကြောင်း သို့သော် ဤကိစ္စရပ်များကို အကြောင်းပြုပြီး မူလရည်ရွယ်ချက်ဖြစ်သည့် နိုင်ငံသူနိုင်ငံသာများ စားဝတ်နေရေး အတွက် ရုန်ကန်လှုပ်ရှားမှုကို ထိပါးစေသောကိစ္စမျိုးကို မဖြစ်လောက်ဘဲ ဖြစ်လောက်သည်အထိ ဆွဲဆန့်ပြီး စဉ်းစားသည့်ပုံမျိုးဖြင့် အရေးပေါ် စီမံမှု ဥပဒေကို သုံးစွဲထားခြင်းကို ဖယ်ရှားပေးနိုင်ရန် အစီအစဉ် ရှိ/မရှိကို သိရှိလိုသည့်အတွက် မေးမြန်းရခြင်းဖြစ်ပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများရဲ့  ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေဟာ ၁၉၇၅ ခုနှစ် ပြည်သူ့လွှတ်တော်ဥပဒေ အမှတ်(၃)ဖြင့် ပြဋ္ဌာန်းထားတဲ့ဥပဒေဖြစ်ပါတယ်။ ဒီဥပဒေ ပုဒ်မ ၁၀ ဟာ ဗဟိုအဖွဲ့က နိုင်ငံတော် လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိပါးမယ့်အန္တရာယ်ကနေ ကြိုတင်ကာကွယ်ရေးအတွက် ကန့်သတ်မိန့်ချမှတ်ရန် လုပ်ပိုင်ခွင့်ပေးထားခြင်း ဖြစ်ပါတယ်။ အဆိုပါဥပဒေ ပုဒ်မ ၁၀ ပုဒ်မခွဲ(က) အရ အရေးယူခြင်းခံရသူကို တစ်ကြိမ်လျှင် ရက်ပေါင်း ၆၀ ထက်မပိုစေဘဲ စုစုပေါင်း ရက်ပေါင်း ၁၈၀ အထိ ဖမ်းဆီးချုပ်နှောင်ထားနိုင်ပြီ ပုဒ်မ ၁၀ ပုဒ်မခွဲ(ခ)မှာ အရေးယူခြင်းခံရသူအား တစ်နှစ်အထိ တားဆီးမှုပြုလုပ်နိုင်တာကို ပြဋ္ဌာန်းထားကြောင်း တွေ့ရှိရပါတယ်။ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးသူများရဲ့ ဘေးအန္တရာယ်မှကာကွယ်စောင်‌့ရှောက်တဲ့ဥပဒေကို ၁၉၉၁ ခုနှစ်မှာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥပဒေအမှတ်(၁၁/၉၁)ဖြင့် တစ်ကြိမ်သာပြင်ဆင်ခဲ့ရာ ပုဒ်မ ၁၀ ပုဒ်မခွဲ(က)နဲ့ (ခ)ပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ခြင်းမပြုခဲ့ဘဲ ပုဒ်မ ၁၄ မှာ ပြဋ္ဌာန်းထားတဲ့ ဆက်လက် ဖမ်းဆီးချုပ်နှောင်ရန်ဖြစ်စေ၊ ဆက်လက်တားဆီးမှုပြုလုပ်ရန်ဖြစ်စေ ကြိုတင်ခွင့်ပြုချက်ပေးရာမှာ တစ်ကြိမ်လျှင် ရက်ပေါင်း ၁၈၀ ထက်မပိုစေဘဲ စုစုပေါင်း ၃ နှစ်အထိ ခွင့်ပြုနိုင်ကြောင်း ပြဋ္ဌာန်းချက် ကို တစ်ကြိမ်လျှင် တစ်နှစ်ထက်မပိုစေဘဲ စုစုပေါင်း ၅ နှစ်အထိ ခွင့်ပြုနိုင်ကြောင်း အစားထိုးပြင်ဆင် ခဲ့တာကို တွေ့ရှိရပါတယ်။ ဒါကြောင့် အဲ့ဒီဥပဒေမှာပါရှိတဲ့ ဆက်လက်ဖမ်းဆီး ချုပ်နှောင်ရန် သို့မဟုတ် ဆက်လက်တားဆီးမှုပြုလုပ်ရန် ကာလနဲ့စပ်လျဉ်းတဲ့ အမိန့်ကြော်ငြာစာနဲ့ တိုးမြှင့်သတ်မှတ်ခဲ့ခြင်းမရှိ ဘဲ တည်ဆဲဥပဒေတစ်ရပ်ကို ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်းပြီး ပြင်ဆင်ခဲ့ကြောင်း တွေ့ရှိရပါတယ်။ နိုင်ငံ တော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများရဲ့ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်များဟာ ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအ‌ြခေခံဥပဒေ အခန်း(၁၁) အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များမှာပါတဲ့ ပုဒ်မ ၄၁၀၊ ၄၁၂၊ ၄၁၄ တို့နဲ့ ဆန့်ကျင် ခြင်းမရှိဘဲ ညီညွတ်နေဆဲဖြစ်တဲ့အတွက် ပြစ်ဒဏ်များကို ပြန်လည်လျှော့ပေါ့ရန် အစီအစဉ်မရှိပါ ကြောင်း ဖြေကြားအပ်ပါတယ်။ အရေးပေါ်စီမံမှုအက်ဥပဒေကို ၁၉၅၀ ပြည့်နှစ်အက်ဥပဒေအမှတ် (၁၇) ဖြင့် ပြဋ္ဌာန်းခဲ့ပါတယ်။ အဆိုပါဥပဒေက ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် နိုင်ငံတော်အတွင်း ငြိမ်ဝပ်ပိပြားရေးနှင့် ငြိမ်းချမ်းသာယာရေး အမြန်ရစေရန်နဲ့ ‌ြမေအောက်လှုပ်ရှားမှု များပြုလုပ်၍ဖျက်ဆီးခြင်း၊ ဝင်ရောက်စွက်ဖက်ခြင်းတို့ကို ကာကွယ်ရန်အတွက်လည်းကောင်း၊ တိုင်း ပြည်ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက်လည်းကောင်း၊ နိုင်ငံတော်၏ ဘောဂဗလ၌သော်လည်း ကောင်း၊ အစိုးရချေးယူငွေ၌သော်လည်းကောင်း၊ အစိုးရရဲ့ အာမခံ၌သော် လည်းကောင်း၊ တရားဝင် ငွေစက္ကူ၌သော်လည်းကောင်း၊ ပြည်သူကို အယုံအကြည်ပျက်ပြားစေရန် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး အတွက် ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်း၊ အစိုးရအပေါ် အကြည်ညိုပျက်စေရန် ပြောဆိုခြင်း၊ ပြုမူခြင်း၊ မေတ္တာပျက်စေရန်နဲ့ တာဝန်ဝတ္တရား ဆောင်ရွက်မှုကို ယုတ်လျော့စေရန် ကြံရွယ်လုပ်ဆောင်မှုများကို ထိရောက်ဟန့်တား ဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်း ပြဋ္ဌာန်းထား တဲ့ဥပဒေဖြစ်ပါတယ်။ အဆိုပါဥပဒေအရ ဆောင်ရွက်ရတဲ့မှုခင်းများဟာ နိုင်ငံတော်အတွက် အရေးကြီး တဲ့ မှုခင်းများဖြစ်တဲ့အတွက် တရားစွဲဆိုနိုင်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သဘောတူညီချက်ရယူပြီး မှသာ ဆောင်ရွက်ရတဲ့အမှုများဖြစ်ပါတယ်။ ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေပုဒ်မ ၅ ပုဒ်မခွဲ(ည)မှာ ပြည်ထောင်စု၏ လုံခြုံရေးကိုသော်လည်းကောင်း၊ ငြိမ်ဝပ်ပိပြားမှု ပြန်လည်ထူထောင် ရေးကိုသော်လည်းကောင်း ထိခိုက်စေရန် အကြောင်းရှိသော နည်းလမ်းဖြင့် အများပြည်သူ၏ သို့တည်းမဟုတ် ပြည်သူတစ်စု၏ ကိုယ်ကျင်‌့တရားကိုဖြစ်စေ၊ အပြုအမူကိုဖြစ်စေ ဖောက်လွဲ ဖောက်ပြန်ဖြစ်စေရန် ကြံရွယ်၍ တစ်ခုခုလုပ်လျှင် သို့တည်းမဟုတ် ယင်းသို့ဖြစ်စေရန်အကြောင်း ရှိသော အပြုအမူကို ပြုလုပ်လျှင် ခုနစ်နှစ်အထိ ထောင်ဒဏ်စီရင်ခြင်း ခံရမည့်အပြင် ငွေဒဏ်လည်း စီရင်ခြင်းခံရမည်ဆိုပြီး ပြဋ္ဌာန်းထားရှိပါတယ်။ မည်သည့်နိုင်ငံတွင်မဆို နိုင်ငံတော်လုံခြုံရေးနှင့် ပြည်သူများရဲ့လုံခြုံရေးကို ကာကွယ်ပေးနိုင်ရေးအတွက် ဖွံ့ဖြိုးတိုးတက်လာတဲ့ခေတ်စနစ်နဲ့အညီ ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါတယ်။ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများရဲ့ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်တဲ့ဥပဒေနဲ့ ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေတို့က နိုင်ငံတော်လုံခြုံရေးနှင့် ပြည်သူများရဲ့ လူမှုဘဝလုံခြုံရေးကို အကာအကွယ်ပေး ထားတဲ့ ဥပဒေများဖြစ်ပါတယ်။ အဲ့ဒီဥပဒေများမှာ ထိရောက်စွာဟန့်တားနိုင်လောက်တဲ့ ပြစ်ဒဏ်များ ပြဋ္ဌာန်းထားပြီးဖြစ်တဲ့အတွက် ထပ်မံတိုးမြှင့်ရန် မရှိသကဲ့သို့ ထပ်မံလျှော့ပေါ့ရန် အစီအစဉ်များ မရှိပါကြောင်း ဖြေကြားအပ်ပါတယ်။ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်တဲ့ အလစ်သုတ်၊ ဆူညံရန်ဖြစ်၊ ခါးပိုက်နှိုက်မှုများနဲ့ ဇူဇကာစတဲ့ ဝိသမလောဘသားများကို ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ အထူးဥပဒေပြဋ္ဌာန်းချက်များမှာပါတဲ့ သက်ဆိုင်ရာပုဒ်မများဖြင့်သာ အရေးယူပြီး ၁၉၅၀ ပြည့် နှစ် အရေးပေါ်စီမံမှုအက်ဥပဒေပုဒ်မ ၅ ပုဒ်မခွဲ(ည)ဖြင့်လည်းကောင်း၊ ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများရဲ့ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁၀ ပုဒ်မခွဲ (က)နဲ့ ပုဒ်မခွဲ(ခ)ဖြင့်လည်းကောင်း အရေးယူခဲ့ခြင်းများမရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။