ကျွန်တော်ကတော့ ရခိုင်ပြည်နယ်၊ စစ်တွေမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညို ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးမှတစ်ဆင့် စစ်တွေမြို့နယ်နှင့်ပတ်သက်တဲ့ မေးခွန်းက ၃ ခုရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့အခြေအနေအရ မေးခွန်းတစ်ခုပဲ မေးပါမယ်။ အခြေအနေပေးတဲ့အလျောက် မေးခွန်း ၂ ခု ချန်ထားပြီးတော့ တစ်ခုပဲမေးပါမယ်။ အဲ့ဒီမေးခွန်းက ပုဏ္ဏားကျွန်း-ကျောက်တော် ရထားလမ်းပိတ်ထားပါတယ်။ အဲ့ဒီတုန်းက ကျွန်တော် စာတင်တဲ့အချိန်တုန်းက ပိတ်ထားတာပါ။ အခုတော့ ဖွင့်ထားပါတယ်။ ဆိုလိုတာကတော့ အဲ့ဒီအချိန်ကတင်တဲ့အတွက် အချိန်ကနှောင်းသွားပါ တယ်။ ဒီနှစ်ဆိုလို့ရှိရင် စစ်တွေနဲ့ ကျောက်တော် မီးရထားလမ်းမဖွင့်သေးဘူး။ စစ်တွေမီးရထားလမ်း ဘယ်တော့ဖွင့်မလဲ မေးချင်ပါတယ်။
စစ်တွေ-ကျောက်တော်လမ်းပိုင်းကို လုံခြုံရေးအခြေအနေအရ ၁၂-၆-၂၀၁၂ ရက်နေ့မှစပြီးတော့ ရထားပြေးဆွဲမှုများ ရပ်ဆိုင်းခဲ့ပါတယ်။ သို့သော် လုံခြုံရေးအခြေအနေပေးတဲ့ ပုဏ္ဏားကျွန်း-ကျောက်တော်လမ်းပိုင်းကို ၁၈-၈-၂၀၁၂ ရက်နေ့မှ စပြီးတော့ ရထားပြေးဆွဲနေပြီဖြစ်ပါတယ်။ အလားတူပဲ ကွမ်းတောင်-ပုဏ္ဏားကျွန်း လမ်းပိုင်း ၆ မိုင်ခန့် ကိုလည်း ၁၅-၁၂-၂၀၁၂ ရက်နေ့က ရထားများစတင် ပြေးဆွဲနေပြီ ဖြစ်ပါတယ်။
ကျန်ရှိတဲ့ စစ်တွေ-ရေချမ်းပြင်လမ်းပိုင်းဟာ ရထားပြန်လည် ပြေးဆွဲရေးအတွက် လမ်းပိုင်းတွေ ပြုပြင်ပါတယ်။ ၂၁-၁၀-၂၀၁၂ မှာ ရထားစမ်းသပ်ခုတ်မောင်းမှုပြုလုပ်ခဲ့ပါတယ်။ သို့သော်လည်း တည်ငြိမ်မှုအနေအထား စိတ်မချရသေးတဲ့အတွက် ရခိုင်ပြည်နယ်အစိုးရက ရထားပြေးဆွဲရန်ခွင့်ပြု ခြင်းမရှိသေးပါ။ နောက်လောလောလတ်လတ် အခြေအနေတင်ပြရမယ်ဆိုရင် စစ်တွေ-ရေချမ်းပြင် လမ်းပိုင်းဟာ ဒုက္ခသည်စခန်း ၄ ခုရှိပါတယ်။ အဲ့ဒီ ဒုက္ခသည်စခန်း ၄ ခုကနေပြီးတော့ သံလမ်းခင်း ထားတဲ့ ဇလီဖားတွေကိုခိုးယူပြီး ထင်းအဖြစ်နဲ့ အသုံးပြုကြောင်း သတင်းရတဲ့အတွက် ပူးပေါင်းအဖွဲ့နဲ့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ စစ်ဆေးတဲ့အခါမှာ သစ်သားဇလီဖား ၄၄၈၈ တုံးကို သံလမ်း အောက်ကနေဖြုတ်ယူပြီးတော့ လောင်စာထင်းအဖြစ်အသုံးပြုကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။ ဒါကြောင့် ပျောက်ဆုံးသွားတဲ့သစ်သားဇလီဖားတွေအစား နောင်အခိုးမခံရအောင်ဆိုပြီးတော့ ကွန်ကရစ်ဇလီဖားတုံးတွေနဲ့အစားထိုးပြီးတော့ လမ်းကိုပြုပြင်သွားဖို့အတွက် ပြည်နယ်အစိုးရ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနဲ့ ညှိနှိုင်းထားပြီး ဖြစ်ပါတယ်။ အဲဒါတွေကို ပြီးစီးတဲ့အခါမှာတော့ ပြည်နယ်အစိုးရ ခွင့်ပြုတဲ့အပေါ်မှာ မူတည်ပြီးတော့ ရထားပြေးဆွဲမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါ တယ်။ အဲ့ဒီလမ်းပိုင်းမှာဆိုရင် ကျွန်တော်တို့ ပြည်တော်သာ-စစ်တွေ-ရေချမ်းပြင်လမ်းပိုင်း ပြီးစီးပြီ ဖြစ်ပါတယ်။ နောက် ရေချမ်းပြင်ကနေ ပါတိတ်-ကွမ်းတောင်လမ်းပိုင်း ဆက်လက်ပြီးတော့ ဆောင်ရွက် ဖို့ရှိပါတယ်။ ရေချမ်းပြင်နှင့် ပါတိတ်လမ်းပိုင်း ၆ မိုင်ကို ကျွန်တော်တို့ ဇလီဖား၊ ကျောက်သံလမ်း အားလုံး အဆင်သင့်ဖြစ်ပါပြီ။ ကျွန်တော်တို့ ဆက်ပြီးတော့ခင်းဖို့ အစီအစဉ်ရှိပါတယ်။ ကျွန်တော်တို့ မြန်နိုင်သမျှ မြန်အောင်လုပ်ပြီးတော့ လမ်းပိုင်းဖွင့်လှစ်ပေးမှာဖြစ်တဲ့အကြောင်း တင်ပြအပ်ပါတယ်။
