(င)-နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ဆွမ္မရာ မြို့နယ်ခွဲ၊ မိုပိုင်းလွှတ် မြို့နယ်ခွဲ၊ ဒုံဟီး မြို့နယ်ခွဲ၊ ထန်ပါခွေမြို့နယ်ခွဲများတွင်မိုဘိုင်းဆက်သွယ်ရေး တယ်လီဖုန်းများ ချထား ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၈.၆.၂၀၁၃)

နာဂဒေသသည် တောင်နှင့်မြောက် မိုင်ပေါင်း ၄၀၀  ကျော်ကွာဝေးပြီး ဧရိယာ စတုရန်းမိုင်ပေါင်း ၅၁၆၈ စတုရန်းမိုင်အတွင်းတွင်ရှိပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မြို့နယ် ၃ ခု၊ မြို့နယ်ခွဲ ၅ ခု ရှိပြီး မြို့နယ်ခွဲ တစ်ခုနှင့်တစ်ခုသည် လမ်းပန်းဆက်သွယ်ရေးပေါက်ရောက်မှု မရှိသေးပါသည့်အပြင် မြို့နယ်ခွဲ ၄ ခုတွင် ဆွမ္မရာ၊ မိုပိုင်းလွှတ်၊ ဒုံဟီးနှင့် ထန်ပါခွေမြို့နယ်ခွဲများမှာ ဆက်သွယ်ရေးတယ်လီဖုန်း မရှိသေးသောကြောင့် ကျန်မြို့နယ်ခွဲ၊ မြို့နယ်များနဲ့ဆက်သွယ်ရန် မိုဘိုင်းတယ်လီဖုန်းများ ချထားပေးရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် မိုဘိုင်းဆက်သွယ်ရေး တယ်လီဖုန်းများ ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း၊ အစီအစဉ်ရှိပါကလည်း ကျန်မြို့နယ်၊ မြို့နယ်ခွဲများအတွက် လက်ရှိချထားပေးသော ဆက်သွယ်ရေးစနစ်အမျိုးအစား ချထားပေးခြင်း အားဖြင့် တယ်လီဖုန်း ၂ လုံး၊ ၃ လုံး ကိုင်ဆောင်ပြီး သုံးစွဲရသောစနစ် မဖြစ်အောင် ချထားပေးနိုင်ရေးအတွက် တင်ပြအပ်ပါကြောင့်ဖြင့် မေးမြန်းသွားပါသည်။


ဖြေကြားသူ
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသောင်းတင်
အဖြေ

လက်ရှိဆောင်ရွက်နေတဲ့ Liberalization Process အရ ကျွန်တော်တို့ Independent Operator ၄ ဦးဖြစ်ပေါ်လာမှာဖြစ်ပါတယ်ခင်ဗျား။ ဒီ ၄ ဦးကို ကျွန်တော်တို့ ပြည်သူများတောင့်တတဲ့ Quality ကောင်းတဲ့ နိုင်ငံတကာနှုန်းထားလို သက်သာတဲ့ နှုန်းထားတွေဖြစ်ဖို့ အတွက် ကျွန်တော်တို့ ဆက်သွယ်ရေးဝန်ကြီး ဌာနက မူဝါဒနှင့် ပေါ်လစီကိုကိုင်တွယ်ပြီးတော့ Regulator ကနေပြီးတော့ ထိန်းကျောင်းဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီတော့ ခုနက လွှတ်တော်ဥက္ကဋ္ဌကြီးအမိန့်ရှိတာနှင့် နောက်ကိုယ်စားလှယ်တော်ကြီး အမိန့်ရှိတဲ့အတိုင်း လက်ရှိအခြေအနေမှာတော့ ကျွန်တော်တို့ ဆက်သွယ်ရေးစနစ် မျိုးစုံဖြစ်တဲ့အတွက် ကြောင့် တယ်လီဖုန်း ၂ လုံး၊ ၃ လုံး တစ်ခါတစ်ရံ ၄ လုံး အထိကိုင်တွယ်နေရတာရှိပါတယ်ခင်ဗျား။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ နောက်ပိုင်း ဆက်သွယ်တဲ့ အခါမှာ နိုင်ငံတကာအထိဆက်သွယ်ဖို့ အဆင်ပြေတဲ့ International Standard ပေါ့ခင်ဗျား။ အဲ့ဒီ ဆက်သွယ်ရေးနည်းပညာသုံးတဲ့စနစ်ကိုပဲ ကျွန်တော်တို့ ဦးစားပေးပြီးတော့ ဆောင်ရွက်ဖို့ ကျွန်တော်တို့ ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်ခင်ဗျား။ နောက်တည်ဆောက်မယ့် အော်ပရေတာ တွေအနေနဲ့ အဲ့ဒီစနစ် တစ်ကမ္ဘာလုံးအနေနဲ့ Future မှာဖြစ်ပေါ်လာမယ့်စနစ်ကို အသုံးပြုကြမှာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်ကျလို့ရှိရင်တော့ ကျွန်တော်တို့ အခု ၂လုံး၊ ၃ လုံး ကိုင်တွယ်ရတဲ့ဒုက္ခက ကင်းဝေးသွားနိုင်မှာလို့ ဖြစ်ပါတယ်ခင်ဗျား။

          ဒုတိယအချက်ကတော့ ကျွန်တော်တို့ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ မြို့နယ်ခွဲများမှာ တယ်လီဖုန်းချပေးရေးကိစ္စက ကျွန်တော်တို့ခုနက ရှေ့ပိုင်းမေးခွန်းတွေ ဖြေကြားတဲ့အချိန်မှာတင်ပြခဲ့သလို ကျွန်တော်တို့ အော်ပရေတာများကို ကျွန်တော်တို့အနေနဲ့ သူတို့ရဲ့ နောက်ပိုင်းဆောင်ရွက်မယ့် စီမံကိန်းတွေမှာ ထည့်သွင်းဆောင်ရွက်သွားဖို့အတွက် ဝန်ကြီးဌာနအနေနဲ့ တိုက်တွန်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ခင်ဗျား။ အဲ့ဒါအပြင် ကျွန်တော်တို့အနေနဲ့ အော်ပရေတာ များကို သူတို့ရဲ့လိုင်စင်ကန့်သတ်ချက်မှာ ကျွန်တော်တို့အနေနဲ့ ကြိုတင်ပြီးတော့ သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တစ်ခုကတော့ ၅ နှစ်အတွင်းမှာ Service coverage နိုင်ငံတစ်နိုင်ငံ Service coverage ၇၅ ရာခိုင်နှုန်း အနည်းဆုံးလွှမ်းခြုံရပါမယ်။ လူဦးရေ Population coverage  ၉၂ ရာခိုင်နှုန်း အနည်းဆုံးလွှမ်းခြုံနိုင်ရမှာဖြစ်ပါတယ်ခင်ဗျား။ အဲ့ဒီတော့ သူတို့ရဲ့ ဒီ Commitment တွေကို ဒီအတိုင်း ဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့က ဒီဒေသကို ပါဝင်သွားဖို့အတွက် ဦးစား ပေးဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့အနေနဲ့တိုက်တွန်းသွားမှာဖြစ်ကြောင်း ဖြေကြားပါသည်။