ကျွန်တော့်အနေနဲ့မေးမြန်းလိုတဲ့မေးခွန်းကတော့ (က) နိုင်ငံအနှံ့ လိုင်စင်မဲ့မော်တော်ယာဉ်များ အသုံးပြုမောင်းနှင်မှု များပြားလာလျက်ရှိရာ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ အစိုးရအဖွဲ့မှ မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်ကို သိရှိလိုပါတယ်။ (ခ) နယ်စပ်ဒေသ မှတစ်ဆင့် မော်တော်ယာဉ်များ တရားဝင်တင်သွင်းခွင့်ပြုရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါတယ်။ မည်သည့် ကာလမှာ စတင်ခွင့်ပြုမယ်။ မည်သည့်နည်းလမ်းဖြင့်ဆောင်ရွက်မည်နှင့် ဆောင်ရွက်ရန်အစီအစဉ် မရှိပါက အဘယ်ကြောင့်နည်း။ (ဂ) မိမိနှစ်သက်သော မော်တော်ယာဉ်အမျိုးအစားများကို သက်သာ သောနှုန်းထားဖြင့် ဈေးကွက်စီးပွားရေးနှင့်အညီ အများပြည်သူ ဝယ်ယူအသုံးပြုနိုင်ရေး မည်ကဲ့သို့ ဆက်လက် ဆောင်ရွက်မည်ကို သိရှိလိုပါတယ်။ (ဃ) ခရိုင်တစ်ခုအတွင်း ဒါမှမဟုတ် ပြည်နယ်/ တိုင်းဒေသကြီး တစ်ခုအတွင်းသာမောင်းနှင်ခွင့်ရှိတဲ့ ဒေသတွင်း မော်တော်ယာဉ် လိုင်စင်များအား သက်သာသောအခွန် နှုန်းထားဖြင့် ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် မြို့ကြီးများတွင် ယာဉ်ကြော ပိတ်ဆို့မှုများအား မည်ကဲ့သို့ဖြေရှင်းဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လိုင်စင်မဲ့မော်တော်ယာဉ်များနှင့်ပတ်သက်၍ ပြည်တွင်းသို့ အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် တရားမဝင်တင်သွင်းသွားလာနေခြင်းဖြစ်ပြီး တည်ဆဲဥပဒေ၊ နည်းဥပဒေများကို ဖောက်ဖျက်ကျူးလွန် နေခြင်းသာ ဖြစ်ပါတယ်။ အဆိုပါယာဉ်များအား သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များ ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒေသဆိုင်ရာအုပ်ချုပ်ရေး တာဝန်ရှိအဖွဲ့အစည်းများ ပူးပေါင်း၍ ရှောင်တခင်စစ်ဆေးခြင်း၊ အရေးယူခြင်းများကို ထိရောက်စွာ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ မှတ်ပုံတင်မဲ့ယာဉ်များ လျော့နည်းပပျောက်နိုင်မှာ ဖြစ်ပါတယ်။ ထိုသို့ ဆောင်ရွက်သည့် နည်းတူ တစ်ဖက်မှလည်း နယ်စပ်ဒေသဝင်ပေါက်များမှ ထပ်မံ၍ ဝင်ရောက်မလာနိုင်ရန် တင်းကြပ်စွာ တားမြစ်ပြီး အရေးယူဆောင်ရွက်ရမှာဖြစ်ပါတယ်။ ပြည်တွင်းသို့ အကြောင်းအမျိုးမျိုးဖြင့် တရားမဝင် ရောက်ရှိနေသော မှတ်ပုံတင်မဲ့မော်တော်ယာဉ်များအား ကာလတန်ဖိုး၏ ၈၅ ရာခိုင်နှုန်း အခွန်ကောက်ခံ၍ မှတ်ပုံတင်ပေးခြင်းအား ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ဦးဆောင်၍ ပြည်နယ်/တိုင်းဒေသကြီး ခရိုင်များအလိုက် ၁၆-၇-၂၀၁၀ ရက်နေ့မှ ၂၂-၉-၂၀၁၀ ရက်နေ့အထိ စုစုပေါင်း မော်တော်ယာဉ် ၆၂၂၆ စီး မှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ပါတယ်။ ထို့သို့ ဆောင်ရွက်ပေးခဲ့တဲ့ လုပ်ငန်းရပ်ကို အခြေခံပြီးတော့ နယ်စပ်ဒေသများမှ လိုင်စင်မဲ့မော်တော်ယာဉ်များကို ဝယ်ယူထားသူ များသည် ထပ်မံဆောင်ရွက်ပေးဦးမည်ဟု ယူဆလျက် ဝယ်ယူထားရှိခြင်းသာ ဖြစ်နိုင်ပါတယ်။ နယ်စပ်ဒေသများမှ ဝင်ရောက်လာသော လိုင်စင်မဲ့မော်တော်ယာဉ်များ မှတ်ပုံတင်ခွင့်ကိစ္စနှင့် ပတ်သက်၍ ကရင်ပြည်နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစေအွာ၊ ကယားပြည်နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ခိုင်ဝင်းတို့မှ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးများမှာ အလားတူမေးခွန်းများ မေးမြန်းခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ မှတ်ပုံတင်ပေးရန် အစီအစဉ်မရှိကြောင်း ပြန်လည်ဖြေကြားတင်ပြထားခဲ့ ပါတယ်။ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်လိုင်စင်မဲ့ မော်တော်ယာဉ်များ ဝင်ရောက်မှုမရှိစေရေးနှင့် ထိန်းချုပ်ဟန့်တား နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများအနေဖြင့် နယ်စပ် ချစ်ကြည်ရေးတံတားများတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိဌာနဆိုင်ရာများ တပ်မတော်တို့ ပူးပေါင်း ပါဝင်သည့်အဖွဲ့ ဖြင့်လည်းကောင်း၊ နယ်စပ်ဂိတ်များ နယ်ခြားစောင့်တပ်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့များ ဖြင့် လည်းကောင်း၊ နယ်စပ်ဂိတ်များမှ တရားမဝင် ဝင်ရောက်လာနိုင်သည့် မြဝတီ-မော်လမြိုင်-ရန်ကုန် လမ်းကြောင်းပေါ်ရှိ ဂျိုင်း၊ ဇာသပြင်၊ သံလွင်၊ ဒုံသမိတံတားတို့တွင် ပုံမှန်လုံခြုံရေးဆောင်ရွက်နေ သည့် တပ်ဖွဲ့ဝင်များဖြင့်လည်းကောင်း စစ်ဆေးအရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ထို့အပြင် တနင်္သာရီတိုင်းဒေသကြီး နယ်စပ်ကုန်သွယ်ရေးဂိတ်များဖြစ်သည့် မောတောင်နှင့် ထီးခီးနယ်စပ် ကုန်သွယ်ရေးဂိတ်များမှာ သက်ဆိုင်ရာ ခရိုင်ရဲတပ်ဖွဲ့မှူးများမှ အနီးကပ်ကြပ်မတ်စေခြင်းနှင့် ဖြတ်သန်းရာလမ်းတစ်လျှောက်တွင် ဌာနဆိုင်ရာအဖွဲ့များ ဖွဲ့စည်း၍ ရှောင်တခင်စစ်ဆေးခြင်း၊ ကော့သောင်းမြို့နယ်ရှိ တရားမဝင်လမ်းကြောင်းများမှ မဝင်ရောက်နိုင်ရေးအတွက် မြို့နယ်အုပ်ချုပ် ရေးမှူးမှ ဦးဆောင်၍ ဌာနဆိုင်ရာအဖွဲ့များဖြင့် ရှောင်တခင်စစ်ဆေးခြင်း တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်ဆက်စပ်နေတဲ့ ပြည်ထောင်စုလမ်းမကြီးဖြစ်သော ရေဖြူမြို့နယ် မလွဲတောင်မှ ဝင်ရောက်မှု မရှိစေရေး ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ကြပ်မတ်စစ်ဆေးခြင်း၊ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ကော့သောင်းခရိုင်များအတွင်း မြို့ဝင်၊ မြို့ထွက်များတွင် ယာဉ်ထိန်းတပ်ဖွဲ့၊ နယ်ြမေခံ ရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော အဖွဲ့များဖြင့် လမ်းမများပေါ်တွင် နေ့စဉ်ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့အနေဖြင့် သတင်းအရဖြစ်စေ၊ အခြား ပြစ်မှုတစ်ခုခုအရဖြစ်စေ၊ စစ်ဆေးပေါ်ပေါက်ချက်အရဖြစ်စေ လိုင်စင်မဲ့ယာဉ်စစ်ဆေးခြင်းများကို ဖော်ထုတ်အရေးယူခဲ့ရာ ၂၀၁၂ ခုနှစ်အတွင်း နေပြည်တော်/တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့အသီးသီးမှ လိုင်စင်မဲ့မော်တော်ယာဉ် ၉၃၅ စီးကို ဖမ်းဆီးဖော်ထုတ်အရေးယူ ခဲ့ပါတယ်။ နယ်စပ်ဒေသမှတစ်ဆင့် မော်တော်ယာဉ်တင်သွင်းမှုများကို ကုမ္ပဏီအလိုက် Truck နှင့် Light Truck များကိုလည်း တင်သွင်းခွင့်ပြုပေးထားပြီဖြစ်ပါတယ်။ နယ်စပ်စခန်းများမှ လူစီးယာဉ် ငယ်များအား တင်သွင်းခွင့်ကို ခွင့်ပြုထားခွင့်မရှိပါဘူး။ နယ်စပ်စခန်းများမှနေပြီးတော့ Light Truck မော်တော်ယာဉ်ငယ်များ လုပ်ငန်းသုံးယာဉ်ယန္တရားများကိုသာ မော်တော်ယာဉ်တင်သွင်းခွင့် ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ၏ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ တင်သွင်းခွင့်လိုင်စင် ခွင့်ပြုပေး လျက်ရှိပါတယ်။ မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးဆောင်ပြီး အဖွဲ့ဝင် ၁၁ ဦးပါဝင်သော အဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီကော်မတီသည် ပြည်တွင်းမှာရှိတဲ့ အိုမင်းဟောင်းနွမ်း နေသော နှစ် ၄၀၊ နှစ် ၃၀၊ နှစ် ၂၀ ကျော် ကြာပြီးသားဖြစ်တဲ့ မှတ်ပုံတင်သက်တမ်းကြာ မြင့်မော်တော်ယာဉ်များ ပယ်ဖျက်အပ်နှံ၍ ၁၉၉၅ ခုနှစ်မော်ဒယ်မှ ၂၀၀၆ ခုနှစ်မော်ဒယ်အထိ မော်တော်ယာဉ်များ ပြည်ပမှ တင်သွင်းအစားထိုးတင်သွင်းခွင့်ပြုခဲ့ခြင်း၊ မော်တော်ကားအရောင်း စင်တာများ ဖွင့်လှစ်ရောင်းချခွင့်ပြုခြင်း၊ Taxi များကို အက္ခရာနံပါတ် သတ်မှတ်မှုမရှိဘဲ ယာဉ်အို၊ ယာဉ်ဟောင်းလဲလှယ်မှုများအတိုင်း ဆောင်ရွက်ခွင့်ပေးခြင်း၊ ၂၀၁၂ ခုနှစ်၊ မေလ ၄ ရက်နေ့မှစတင်ပြီး နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ထားသူ နိုင်ငံသားတိုင်းအား လူစီးမော်တော်ယာဉ်များကို တင်သွင်းခွင့် ပြုထားခြင်းများ ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ခရီးသည် သယ်ယူပို့ဆောင်ရေးအား အထောက်အကူ ဖြစ်စေရန် Bus နှင့် Taxi များ အခွန်အခများလျော့နည်းသွားစေရန် ဆောင်ရွက်ပေး လျက်ရှိပါတယ်။ သက်တမ်းလွန် ယာဉ်အိုယာဉ်ဟောင်းများအပ်နှံ၍ မော်တော်ကားအပ်နှံတင်သွင်းသူများအား ပြည်ပမှ မှာယူတင်သွင်းခွင့်ပြုရာတွင် ပြည်တွင်း၌ပင် လွယ်လင့်တကူ ဝယ်ယူနိုင်ဖို့အတွက် Used Car Sale Center များကို ဖွင့်လှစ်နိုင်ဖို့အတွက် စည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ခြင်း၊ မော်တော်ကား အရောင်းစင်တာများအတွက် တိုင်းဒေသကြီးအလိုက် ြမေပြင်စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းတာဝန် ပေးအပ်ခြင်းများ ဆောင်ရွက်ပေးခဲ့ပါတယ်။
မော်တော်ယာဉ်သုံးစွဲရာတွင် မိမိနှစ်သက်သော မော်တော်ယာဉ် အမျိုးအစားများကို ဈေးကွက် စီးပွားရေးစနစ်နှင့်အညီ အများပြည်သူများ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် မော်တော်ယာဉ်လုပ်ငန်း ရှင်များအား အရောင်းပြခန်းဖွင့်လှစ်ခွင့်ပြုခဲ့ရာမှာ ရန်ကုန်တိုင်းအတွင်း ၁၂၁ ခန်း၊ မန္တလေးမှာ ၆ ခန်း၊ နေပြည်တော်မှာ ၃ ခန်း ဖွင့်လှစ်ခွင့်ပြုထားပြီးဖြစ်တဲ့အပြင် မော်တော်ကားပြုပြင်ထိန်းသိမ်းခြင်းနှင့် Spare Parts ရောင်းချခြင်းများကိုလည်း ခွင့်ပြုနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းတင်ပြ အပ်ပါတယ်။ ယခုအခါတွင် နိုင်ငံတော်အစိုးရမှ ယာဉ်အိုယာဉ်ဟောင်း ပပျောက်ရေးရည်ရွယ်လျက် ပြည်သူလူထုလက်ဝယ်တွင်ရှိသော မှတ်ပုံတင်သက်တမ်းကြာမြင့်နေသည့် ယာဉ်အိုယာဉ်ဟောင်း များအား အပ်နှံစေပြီးမှ မော်တော်ယာဉ်များ တင်သွင်းခွင့်ပြုခြင်းကို ၁၉-၉-၂၀၁၁ ရက်နေ့မှ စပြီးဆောင်ရွက်ပေးခဲ့ရာမှာ ၂၅-၆-၂၀၁၃ ရက်နေ့ မနေ့ကအထိ စုစုပေါင်း ၉၉၇၉၆ စီးအပ်နှံပြီးတော့ မော်တော်ယာဉ်စီးရေ ၉၁၆၇၁ စီး ပြန်လည်တင်သွင်းမှတ်ပုံတင်ပေးခဲ့ပြီး ဖြစ်တဲ့အတွက်ကြောင့် ပြည်နယ်/တိုင်းဒေသကြီး တစ်ခုအတွင်းသာ မောင်းနှင်ခွင့်ရှိသော ဒေသတွင်းမော်တော်ယာဉ်လိုင်စင် များအား ဆောင်ရွက်ပေးရန်အစီအစဉ် မရှိသေးပါကြောင်း ဖြေကြားအပ်ပါတယ်။
ယာဉ်စီးရေ များပြားလာခြင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် ခေတ်မမီခြင်း၊ ခရီးသည် ပို့ဆောင်ရေးယာဉ်များ လုံလောက်မှုမရှိခြင်းနှင့် လမ်းအသုံးပြုသူများ စည်းကမ်းလိုက်နာမှု အားနည်းခြင်းများကြောင့် ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိပါတယ်။ ရန်ကုန်မြို့တွင် လူဦးရေ ၁၀၀၀ လျှင် ကား ၄၆.၆ စီး ပိုင်ဆိုင်ကြောင်း စိစစ် တွေ့ရှိရပါတယ်။ ရန်ကုန်မြို့၏ လမ်းများမှာ ယနေ့ ယာဉ်စီးရေနှင့် နှိုင်းယှဉ်လို့ရှိရင် အခြေအနေ အမျိုးမျိုးကြောင့် ကျဉ်းမြောင်းနေပါတယ်။ အနှေးယာဉ်နှင့် ယာဉ်ကြီးများအတွက် သီးခြားလမ်းမရှိ ခြင်းနှင့် လမ်းကွန်ရက်ချိတ်ဆက်မှုများ အားနည်းခြင်းတို့အား ဦးစားပေး ဖြေရှင်းသွားရန်လိုအပ်နေ ပါတယ်။ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ် ဖြစ်ပေါ်ဖို့အတွက် မြို့ပတ်ရထားစနစ်အား အရည်အသွေးနှင့် အရေအတွက်ပါ တိုးတက်အောင်ဆောင်ရွက်လျက်ရှိပါတယ်။ ယာဉ်ကြော ပိတ်ဆို့မှုများနှင့် ပတ်သက်၍ ရေရှည်တွင် ယာဉ်အမျိုးအစား၊ ယာဉ်အရေအတွက်၊ သွားလာမှုပုံစံ၊ လမ်းအြခေအနေ၊ လမ်းကွန်ရက်၊ လူအများ သွားလာလျက်ရှိတဲ့ ကျောင်း၊ ဆေးရုံ၊ ဈေး စသည့် နေရာများတွင် မရှိမဖြစ် လိုအပ်သော ဘက်စုံ အချက်အလက်များ (Database)များ ပြည့်စုံစွာ မှတ်တမ်းကောက်ခံရရှိရေး ဆောင်ရွက်ခြင်း၊ ယာဉ် အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်သွားလာမှု မြန်ဆန်ချောမွေ့စေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အလေးထားမှုကို အမြဲမြှင့်တင်ပေးခြင်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်သွားလာမှုစနစ်များ ချောမွေ့စေရေး လုပ်ငန်းများအတွက် အထောက်အပံ့ပေးနိုင်မည့် ခိုင်မာတဲ့ ဘဏ္ဍာငွေထောက်ပံ့ရေးအဖွဲ့အစည်းတစ်ရပ် ထူထောင်ခြင်း တို့ကို ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
ယခုအခါ ဂျပန်နိုင်ငံ JICA အဖွဲ့ဖြင့် The Project for the Strategic Urban Development Plan of The Greater Yangon ကို ရေးဆွဲလျက်ရှိပါတယ်။ Traffic Control ကို Centralized လုပ်သွားမှာဖြစ်ပြီး ခုံးကျော်တံတားများကိုလည်း တည်ဆောက်ပေးလျက်ရှိနေပါတယ်။ မန္တလေးမြို့တွင်လည်း ဆိုင်ကယ်စီးနင်းမှုများတဲ့အတွက်ကြောင့် ဆိုင်ကယ်သီးသန့်လမ်းများ သတ်မှတ် ပေးခြင်း၊ ယာဉ်တိုက်မှု မဖြစ်ပွားစေရန်နှင့် ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်စေရန် ယာဉ်သွားလာမှု ထိန်းသိမ်းကြီးကြပ်မည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် အင်အားကို ဖြည့်တင်းခြင်း၊ အများပြည်သူတို့၏ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိစိတ်ကြွယ်ဝမှုနှင့် စည်းကမ်းလိုက်နာရေးဟာ အရေးကြီးဆုံးဖြစ်တဲ့အတွက်ကြောင့် ယာဉ်တိုက်မှုအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ အသိပညာဗဟုသုတ တိုးပွားစေရန် အတွက် Media ကို အသုံးပြုပြီးတော့ အသိပညာ ပြန့်ပွားရေးများ၊ ဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။
