အမ်းချောင်းရေအားလျှပ်စစ်စီမံကိန်းသည် လွန်ခဲ့သော (၇) နှစ်ခန့်က စတင်တည်ထောင်ခဲ့ပြီး ၁၀ မဂ္ဂါဝပ်ရရှိစေရန် ကြိုးစားဆောင်ရွက်ရာတွင် ကုန်ကျလာမည့် စရိတ်နှင့် ရရှိသောဓာတ်အားအချို့သည် အလွန်ကွာခြားချက်ရှိ ပါကြောင်း၊ ထိုအချိန်က ရခိုင်ပြည်နယ်တွင် လျှပ်စစ်ဓာတ်အား ၂၄ နာရီရရှိရန် ခဲယဉ်းသည့်အတွက် ယခုကဲ့သို့ အကုန်အကျ အမြောက်အများရှိမည့် စီမံကိန်းကို နိုင်ငံတော် က ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ သို့ရာတွင် ယခုအခါ မဟာဓာတ်အားလိုင်းကြီးသည် အမ်းမြို့ကို ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ၂၀၁၂-၁၃၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် နှစ်ခု လုံး အမ်းချောင်းရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းထားသည်ကို တွေ့ရှိရပါကြောင်း၊ စီမံကိန်း၏ ကုန်ကျငွေသည် သန်းပေါင်းသုံးထောင်၊ လေးထောင် ခန့်ကုန်ကျပြီးဖြစ်သည့်အပြင် ရေစိမ့်တားနံရံသည် ပြီးစီးပြီဖြစ်သောကြောင့် စီမံကိန်းကို ရပ်နားလိုက်မည့်အစား ၂ မဂ္ဂါဝပ်လောက်ပဲထုတ်မည့် Low-Head စီမံကိန်းမျိုး လုပ်ရန်ရှိပါက အမ်းမြို့သည် သောက်ရေသုံး ရေ ဖူလုံနိုင်သည့်အတွက် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ၁၀ မဂ္ဂါဝပ် အမ်းချောင်းရေ အားလျှပ်စစ်စီမံကိန်းအား ၂ မဂ္ဂါဝပ်အထိ လျှော့ချပြီး Low-Head Dam Scheme အနေဖြင့် အကောင်အထည်ဖော်ဆောင် ရွက်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်းမေးမြန်းပါသည်။
အမ်းမြို့သည် ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်ဓာတ်အားစနစ်နှင့် အလှမ်းကွာဝေးသောဒေသတွင် တည်ရှိသည့်အတွက် ဒေသအတွင်း သီးခြားဓာတ်အား ထုတ်လုပ်ဖြန့်ဖြူပေးနိုင်ရန် ၂၀၀၈ ခုနှစ်က နောက်ပိုင်း တွင် အမ်းချောင်းရေအားလျှပ်စစ် စီမံကိန်းကို တိုင်းတာဆောင်ရွက်ခဲ့ပါကြောင်း၊ မိုးရာသီတွင် အများဆုံး ၁၀ မဂ္ဂါဝပ်အထိရနိုင်ပြီး နွေရာသီတွင် ၂ မဂ္ဂါဝပ်အထိ ရနိုင်သည်ဆို၍ ၁၀ မဂ္ဂါဝပ်တပ်ဆင်မည်ဟု ရည်မှန်းထားခဲ့ပါကြောင်း၊ စီမံကိန်းသည် အမ်းမြို့အထက်ဘက် အမ်းချောင်းပေါ်တွင် တည်ရှိပြီး ဘူမိဗေဒ အခြေအနေအရ ချောင်းတစ်လျှောက် ပေ ၆၀ ခန့် အနည်ကျသဲ/ကျောက်စရစ်များ ရှိနေသည့်နေရာဖြစ်သည့် အတွက် ကွန်ကရစ်တမံနှင့် တည်ဆောက်ရန် မဖြစ်သောကြောင့် မြေသားတမံကို ရွေးချယ်ခြင်းဖြစ်ပါကြောင်း၊ တမံအမြင့် ၁၅၇ ပေ မြင့်မည်ဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ စတင်မှုအဖြစ် ၂၀၁၀ ခုနှစ်တွင် တမံအောက်ခြေ၌ ပေ ၆၀ ခန့်ထူသော အနည်ကျသဲ/ကျောက်ထုအတွင်း ရေစိမ့်မထွက်ရန် တမံအူကြောင်း တစ်လျှောက် စိမ့်ရေတားသော ကွန်ကရစ်နံရံကို မြေဖယောင်းဖြင့် ဆောင်ရွက်ဆဲဖြစ်ပြီး တည်ဆောက်ရေးကာလအတွင်း ကြီးမားသော မိုးရာသီရေတူစီးနှုန်းကို လွှဲနိုင်ရန် ကွန်ကရစ်ရေလွှဲရေထုတ်ပြွန်ကို ဆောင်ရွက်ဆဲဖြစ်ပါကြောင်း။
စီမံကိန်းတည်ဆောက်ရန် (၅) နှစ်ခန့် ကြာမြင့်မည်ဖြစ်ပြီး လုပ်ငန်းရာသီနှစ်ခုကို ဖြတ်သန်းခဲ့ပြီးဖြစ်ပါကြောင်း၊ စီမံကိန်းတစ်ခု လုံး၏ ကုန်ကျစရိတ်သည် ၆၄ ဘီလီယံခန့်အထိ ရှိနိုင်ပါကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ရခိုင်ပြည်နယ်တစ်ခုလုံးကို သုံးနှစ်အတွင်း နိုင်ငံတော် မဟာဓာတ် အလိုင်းမှ ဓာတ်အားပို့လွှတ်ပြီး ဓာတ်အားဖြန့်ဖြူးရေးအတွက် သေးငယ်ပြီး စီးပွားရေး တွက်ခြေ မကိုက်သော၊ ကုန်ကျစရိတ်များသော အမ်းချောင်းစီမံကိန်းကိုရပ်ပြီး ရခိုင်ပြည်နယ်ဓာတ်အားလိုင်းများမှ အင်အားဖြည့်ကျခံ သုံးစွဲရန် စီစဉ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ စီစဉ်ခဲ့သည့်အတိုင်း ၂၀၁၄ ခုနှစ် မေလတွင် သံတွဲနှင့် တောင်ကုတ်မြို့များကို ဓာတ်အားလိုင်းရောက်ရှိနေပြီး သြဂုတ်လအတွင်း မအီနှင့် အမ်းဒေသများကို ဓာတ်အား ပေးနိုင်တော့မည်ဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းအထိ မဟာဓာတ်အားလိုင်း ပြီးစီးပြီး နိုင်ငံတော်အတွင်း ကြေညာထားသော ဓာတ်အားခဈေးနှုန်းအတိုင်းပဲ ဓာတ်အားပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဆုံးဖြတ်ရပ်နားပြီးနောက် လက်ရှိဆောင်ရွက်ထားသော အမ်းချောင်းစီမံကိန်းလုပ်ငန်းများ သင့်တင့်သော အနိမ့်ပုံစံဖြင့် ဆောင်ရွက်သွားရန် စဉ်းစားပြီးတော့ နည်းမျိုးစုံဖြင့် စီမံကိန်းစနစ်ကို ပြောင်းလဲစဉ်းစားခဲ့ပြီး တမံအမြင့်ကို နိမ့်ချပြီးတော့ ဆောင်ရွက်ရေးတွင် တမံနိမ့်လာပါက ရေထိန်းနိုင်မှုပိုနည်းပြီး မိုးရာသီ၌ အားလုံးနီးပါး ထုတ်လွှတ်ရမည်ဖြစ်ပါကြောင်း၊ ရေပို့လွှဲတွင် ကွန်ကရစ်ကိုသာ သုံးရမည်ဖြစ်သည့်အတွက် အောက်ခံကလည်း အမာခံရှိရန် လိုအပ်ပါကြောင်း၊ မိုးရာသီတွင် စီးဝင်လာသော ရေအများစုကို လွှဲပေးနိုင်ရန် ကွန်ကရစ်ရေဗို့လွှဲတစ်ခုကို တည်ဆောက်ပေးရန် ချောင်းကြမ်းပြင်သည် ပေ ၆၀ ခန့်ထူသော သဲကျောက်များ ရှိနေခြင်းကြာင့် ချောင်းကြမ်းပြင်ပေါ်မှလွှဲရန် အခက်အခဲရှိသည့်အတွက် နီးစပ်ရာတောင်ကုန်းကို ဖြို၍ ရေဗို့လွှဲတစ်ခု လုပ်ရမည်ဖြစ်ပြီး ချောင်းအကျယ် တစ်ခုလုံးနီးပါးကို ကွန်ကရစ်ရေဗို့လွှဲပြုလုပ်ရမည်ဖြစ်ပြီး အခြေခံတမံတစ်ခုလုံးကို ကွန်ကရစ်တမံအဖြစ် တည်ဆောက်ရမည် ဖြစ်သောကြောင့် နည်းပညာအရ အလွန်ခက်ခဲပါကြောင်း၊ ထို့ကြောင့် တမံအနိမ့်များ၏ထုံးစံအရ နုန်းထုတ်ပေါက်ကလည်း လုံလောက်စွာ ထည့်သွင်းပေးရမည် ဖြစ်သောကြောင့် တမံသည် ကွန်ကရစ် Structure ဖြစ်နေရမည့်အတွက် နည်းပညာပိုင်းဆိုင်ရာအရ အခက်အခဲ ဖြစ်လျက်ရှိပါကြောင်း၊ သို့သော် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည့်အနက်မှ ပြန်လည်ဖြုတ်ယူ၍မရသော ကွန်ကရစ်ရေလွှဲရေထုတ်ပြွန် အစိတ်အပိုင်းတချို့နှင့် တည်ဆောက်ပြီးစီးထားသော စိမ့်ရေတားအစိမ်းအပိုင်းတချို့ကို အကျိုးရှိစေရေးအတွက် ကျွမ်းကျင်မှုရှုထောင့်၊ စီးပွားရေးရှုထောင့်နှင့် အမ်းမြို့သူ/မြို့သားများ၏ အန္တရာယ်ကင်းရှင်းရေး ရှုထောင့်တို့ကို အားလုံးထည့်သွင်းစဉ်းစားပြီး ဆောင်ရွက်ရန် ဌာနပညာရှင်များနှင့် အခြားကျွမ်းကျင်သူများပါ နည်းလမ်းရှာဖွေ ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
