မေးခွန်းနံပါတ်(၁)အနေနဲ့ အစိုးရဝန်ထမ်းအပါအဝင် ဥပဒေပညာရပ်အဖြစ် အသက်မွေးဝမ်းကျောင်းပြုနေသူများကို ဘာသာရပ်ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှင့်စပ်လျဉ်းတဲ့ မွမ်းမံသင်တန်းများဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ။ နံပါတ် (၂)အနေနဲ့ ဥပဒေဘွဲ့ ရထားတဲ့သူတွေ မိမိတို့သင်ကြားထားတဲ့ ပညာရပ်များကို အသုံးချနိုင်ရေးအတွက် အထောက်အကူပြု မယ့် ကျွမ်းကျင်မှုဆိုင်ရာဘာသာရပ်များပို့ချပေးတဲ့ သင်တန်းများ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ။ နံပါတ်(၃) မေးခွန်းကတော့ တက္ကသိုလ်မှာ ဥပဒေပညာ သင်ကြားနေကြတဲ့ ကျောင်းသူ ကျောင်းသား များကို ဥပဒေရေးဆွဲရေး၊ တရားစီရင်ရေး၊ အမှုများ လိုက်ပါဆောင်ရွက်ရေး ပြည်တွင်း၊ ပြည်ပစာချုပ်စာတမ်းများ ချုပ်ဆိုရေးစတဲ့ ကဏ္ဍအလိုက် စိတ်ကြိုက်ဘာသာရပ်များ ခွဲခြားပြီး တတိယ နှစ်ကစပြီး စာတွေ့နှင့်လက်တွေ့ပေါင်းစပ်သင်ကြား ပေးရန် အစီအစဉ်ရှိ/မရှိ။ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် မည်သည့်စာသင်နှစ်တွင် စတင်နိုင်ပါမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
အစိုးရဝန်ထမ်းအပါအဝင် ဥပဒေဘာသာရပ်နှင့် အသက်မွေးဝမ်းကျောင်းနေသူများကို ဘာသာရပ်ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့်စပ်လျဉ်းတဲ့ မွမ်းမံ သင်တန်းများဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိဆိုတဲ့နေရာမှာ ဥပဒေဘွဲ့ရရှိပြီးတော့ ဥပဒေအရာရှိ အဖြစ်တာဝန်ထမ်းဆောင်နေတဲ့သူတွေ၊ အခြားဝန်ကြီးဌာနများမှာရှိတဲ့ ဥပဒေနှင့် သက်ဆိုင်တဲ့ ဌာနခွဲ တွေမှာ တာဝန်ထမ်းဆောင်လျက်ရှိတဲ့သူတွေနဲ့ ပြင်ပမှာ ဥပဒေပညာရပ်နဲ့ အသက်မွေး ဝမ်းကျောင်းပြုနေတဲ့သူတွေအားလုံး အကျုံးဝင်ပါတယ်။ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှာ ဥပဒေ အရာရှိအဖြစ် တာဝန်ထမ်းဆောင်နေသူများနှင့်ပတ်သက်လို့တော့ ပြည်ထောင်စုရှေ့နေချုပ်ရုံးအဖြစ် ဖွဲ့စည်းခြင်းမပြုမီ ဗဟိုဥပဒေရုံး၊ ရှေ့နေချုပ်ရုံးလို့ ဖွဲ့စည်းဆောင်ရွက်တဲ့ ကာလကပင် ဥပဒေအရာရှိအဆင့် ၄ (အစမ်းခန့်)များအဖြစ် ခန့်အပ်ခြင်းခံရတဲ့သူတွေ၊ ဥပဒေရုံးအဆင့်ဆင့်မှာ တာဝန်ထမ်းဆောင်လျက်ရှိတဲ့ ဥပဒေအရာရှိတွေနဲ့ ဥပဒေရုံးအဆင့်ဆင့်မှာရှိတဲ့ဝန်ထမ်းတွေကို လေ့ကျင့်ရေးနှင့် အရည်အသွေးမြှင့်တင်ရေးတို့အတွက် သင်တန်းအသီးသီး ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါ သည်။ ပြည်ထောင်စုရှေ့နေချုပ်ဥပဒေအရ ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေနဲ့ အခြားဌာနမှ ဥပဒေ ဘွဲ့ရတွေနဲ့ ဥပဒေပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူကို လေ့ကျင့်သင်ကြားပေးဖို့ တာဝန်မရှိပေမယ်လို့ သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းတွေက ဖွင့်လှစ်တဲ့သင်တန်းတွေမှာ ပြည်ထောင်စုရှေ့နေချုပ်ရုံးက အရာရှိတွေက သက်ဆိုင်ရာဘာသာရပ်တွေအလိုက် သွားရောက် သင်ကြားပို့ချခြင်းဖြင့် အစိုးရဝန်ထမ်းတွေရဲ့ အရည်အသွေး တိုးတက်မြင့်မားရေးကို ကူညီဆောင်ရွက် လျက်ရှိပါတယ်။ ယင်းသို့သင်တန်းပို့ချခြင်းနှင့်စပ်လျဉ်းပြီးတော့ ၂၀၁၁ ခုနှစ်မှာ သင်တန်း ၂၈ ခု၊ ၂၀၁၂ ခုနှစ်မှာ သင်တန်း ၄၀ ခု၊ ၂၀၁၃ ခုနှစ်မှာ သင်တန်း ၁၅ ခု၊ စုစုပေါင်း သင်တန်း ၈၃ ခုမှာ သွားရောက်ပို့ချခဲ့ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဖွင့်လှစ်တဲ့ ဥပဒေအရာရှိ အဆင့် ၄ (အစမ်းခန့်) လုပ်ငန်းခွင်သင်တန်းမှာလည်း အခြားဝန်ကြီးဌာနတွေက ဥပဒေဘွဲ့ရဝန်ထမ်းတွေကို လက်ခံပြီး သင်ကြားပို့ချပေးပါတယ်။ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှာ စီမံခန့်ခွဲရေးဌာန၊ လေ့ကျင့်ရေး နှင့်သတင်းအချက်အလက်နည်းပညာဌာနခွဲကို ဖွင့်လှစ်ထားရှိပြီးတော့ ဌာနတွင်း လေ့ကျင့်သင်ကြားမှု တွေကိုလည်း ရှေ့နေချုပ်နည်းဥပဒေများရဲ့ နည်းဥပဒေ ၁၂၉ နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ဥပဒေအရာရှိများ အရည်အသွေးတိုးတက်ရေးအတွက် ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှာ သင်တန်းများဖွင့်လှစ်၍လည်းကောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဦးဆောင် ပြီးတော့ အစည်းအဝေးနှင့် အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပပြုလုပ်ပြီးတော့လည်းကောင်း လေ့ကျင့် ပေးလျက်ရှိပါတယ်။
ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဖွင့်လှစ်တဲ့သင်တန်းတွေဟာ ဥပဒေအရာရှိအဆင့် ၄ (အစမ်းခန့်) တွေအတွက် လုပ်ငန်းခွင်သင်တန်းတွေ၊ ဥပဒေအရာရှိတွေ၊ မွမ်းမံသင်တန်းတွေ၊ ဥပဒေရေးဆွဲခြင်းဆိုင်ရာ ရက်တိုသင်တန်းတွေနဲ့ ဥပဒေဆိုင်ရာ အင်္ဂလိပ်စာသင်တန်းတွေပဲ ဖြစ်ပါ တယ်။ ဥပဒေအရာရှိအဆင့် ၄ (အစမ်းခန့်) တွေ လုပ်ငန်းခွင်သင်တန်းမှာ ဥပဒေအရာရှိအဆင့် ၄ အဖြစ် အစမ်းခန့်အပ်ခြင်းခံရတဲ့ ဥပဒေဘွဲ့နှင့် မဟာဥပဒေဘွဲ့ရရှိသူတွေကို သက်ဆိုင်ရာ မြို့နယ် အသီးသီးကို တာဝန်ပေးစေလွှတ်ခြင်းမပြုမီမှာ တက္ကသိုလ်မှာ သင်ကြားခဲ့တဲ့ ဥပဒေပညာ ဘာသာ ရပ်တွေကို လက်တွေ့ကျင့်သုံးဆောင်ရွက်ရာမှာ အထောက်အကူဖြစ်စေဖို့အတွက် လိုအပ်တဲ့ ဥပဒေ အကြံဉာဏ်ပေးခြင်းဆိုင်ရာ ဘာသာရပ်ကိုလည်းကောင်း၊ အမှုလိုက်ပါဆောင်ရွက်ခြင်းဆိုင်ရာ ဘာသာရပ်ကိုလည်းကောင်း၊ လက်တွေ့တရားခွင်ပုံစံဖြင့် လေ့ကျင့် သင်ကြားခြင်းကိုလည်းကောင်း၊ စီမံရေးရာနှင့် ငွေစာရင်းဘာသာရပ်ကိုလည်းကောင်း စာတွေ့၊ လက်တွေ့ဖြင့် တစ်ကြိမ်လျှင် သင်တန်း ကာလ ၃ လသတ်မှတ်ပြီးတော့ ဖွင့်လှစ်ပို့ချလေ့ကျင့်ပေးလျက်ရှိပါတယ်။
မွမ်းမံသင်တန်းတွေကိုလည်း ဥပဒေရုံးအဆင့်ဆင့်မှာ တာဝန်ထမ်းဆောင်လျက်ရှိတဲ့ မြို့နယ် ဥပဒေအရာရှိနှင့် ဒုတိယမြို့နယ်ဥပဒေအရာရှိတွေကို အရည်အသွေးတိုးတက်မြင့်မားစေရေးအတွက် တစ်ကြိမ်လျှင် သင်တန်းကာလ ၂ လဖြင့် ဖွင့်လှစ်ပို့ချပေးလျက်ရှိပါတယ်။ ဥပဒေရေးဆွဲခြင်းဆိုင်ရာ ရက်တိုသင်တန်းကို ဒုတိယတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေအရာရှိတွေ၊ ဒုတိယ ညွှန်ကြားရေးမှူးတွေ၊ ခရိုင်ဥပဒေအရာရှိတွေ၊ လက်ထောက်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေအရာရှိတွေ၊ ဒုတိယခရိုင်ဥပဒေအရာရှိတွေနဲ့ လက်ထောက်ညွှန်ကြားရေးမှူးတွေကို တစ်ကြိမ် လျှင် သင်တန်းကာလ ရက်သတ္တနှစ်ပတ်ဖြင့် ဖွင့်လှစ်ပို့ချပေးပါတယ်။ ဥပဒေဆိုင်ရာ အင်္ဂလိပ်စာ သင်တန်း ပြည်ထောင်စုရှေ့နေချုပ်နဲ့ အဆင့်ဆင့်သော ဥပဒေရုံးများမှ ဥပဒေအရာရှိတွေကို တစ်ကြိမ်လျှင် သင်တန်းကာလတစ်လဖြင့် ဖွင့်လှစ်ပို့ချပါတယ်။ ၁-၄-၂၀၁၁ ရက်နေ့မှစပြီး ယနေ့အထိ ဥပဒေအရာရှိ အဆင့် ၄ (အစမ်းခန့်) တွေ လုပ်ငန်းခွင်သင်တန်း ၂ ကြိမ်၊ ဥပဒေအရာရှိများ မွမ်းမံသင်တန်း ၁ ကြိမ်၊ ဥပဒေရေးဆွဲခြင်းဆိုင်ရာ ရက်တိုသင်တန်း ၂ ကြိမ်နဲ့ အင်္ဂလိပ်စာ သင်တန်း ၁ ကြိမ်တို့ ဖွင့်လှစ်ပို့ချနိုင်ခဲ့ပါတယ်။ ဥပဒေရေးရာနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ဗဟုသုတများ ရရှိနိုင်ရေးအတွက် ပြည်တွင်းမှဥပဒေပညာရှင်များနှင့် နိုင်ငံအသီးသီးမှ ဥပဒေပညာရှင်များ တက်ရောက်နေသော အစည်းအဝေးများနှင့်အလုပ်ရုံဆွေးနွေးပွဲများကို ပြည်ထောင်စုရှေ့နေချုပ်ရုံးက ကြီးမှူးပြီးတော့ ၂၀၁၁ ခုနှစ်မှာ ၃ ကြိမ်၊ ၂၀၁၂ ခုနှစ်မှာ ၂ ကြိမ်၊ ၂၀၁၃ ခုနှစ်မှာ ၈ ကြိမ်၊ စုစုပေါင်း ၁၃ ကြိမ်ပြုလုပ်ခဲ့ပါတယ်။ ဥပဒေရေးရာ အရည်အသွေးမြင့်မားစေဖို့အတွက်လည်း ပြည်တွင်း၊ ပြည်ပ ဆွေးနွေးပွဲတွေ၊ အစည်းအဝေးနှင့်သင်တန်းတွေကို အရာရှိတွေကို စေလွှတ်လျက်ရှိရာမှာ ၂၀၁၁ ခုနှစ် မှာ ပြည်ပနိုင်ငံ ၁၈ နိုင်ငံမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲအစည်းအဝေးနှင့် သင်တန်းတွေကို အရာရှိ ၈၀ ဦး ကိုလည်ကောင်း၊ ၂၀၁၂ ခုနှစ်အတွင်းမှာ ပြည်ပနိုင်ငံ ၁၈ နိုင်ငံမှာပြုလုပ်တဲ့ ဆွေးနွေးပွဲအစည်းအဝေး နှင့်သင်တန်းတွေကို အရာရှိ ၇၉ ဦးကိုလည်ကောင်း၊ ၂၀၁၃ ခုနှစ်အတွင်းမှာ ပြည်ပနိုင်ငံ ၉ နိုင်ငံမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲအစည်းအဝေးနှင့် သင်တန်းတွေကို အရာရှိ ၃၃ ဦးကိုလည်းကောင်းစေလွှတ် နိုင်ခဲ့ပါတယ်။
တက္ကသိုလ်မှာ ဥပဒေပညာသင်ကြားနေကြတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ပတ်သက် လို့လည်း ပညာရေးဝန်ကြီးဌာန အနေနဲ့အစိုးရဝန်ထမ်းအပါအဝင် ဥပဒေပညာရပ်ဖြင့် အသက်မွေး ဝမ်းကျောင်းပြုသူများအား ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန် အဝေးသင်တက္ကသိုလ်တွေမှာ ဥပဒေပညာဌာနမှ ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းများ၊ နိုင်ငံခြား တက္ကသိုလ်များမှ ဥပဒေပါမောက္ခများက ဥပဒေဘာသာရပ်နယ်ပယ်အသီးသီးအတွက် မွမ်းမံသင်တန်း တွေ ပို့ချပေးနေတာ ရှိပါတယ်။ ဥပဒေဘွဲ့ရတွေက မိမိတို့သင်ကြားထားတဲ့ ပညာရပ်များကို အသုံးချနိုင်ဖို့ အတွက် ရန်ကုန်တက္ကသိုလ်မှာ B.A (Business Law), M.A(Business Law)၊ ပင်လယ် ရေကြောင်းဆိုင်ရာဥပဒေပညာဒီပလိုမာနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေဒီပလိုမာ တို့ကိုလည်းကောင်း၊ မန္တလေးတက္ကသိုလ်မှာ၊ စီးပွားရေးဆိုင်ရာ ဥပဒေဒီပလိုမာနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေဒီပလိုမာ တို့ကိုလည်းကောင်း၊ ဒဂုံတက္ကသိုလ်များ B.A (Business Law) ကိုလည်းကောင်း၊ ရန်ကုန်အဝေးသင် တက္ကသိုလ်များ ဥပဒေဒီပလိုမာ On line ကိုလည်းကောင်းဖွင့်လှစ်ပို့ချပေးလျက်ရှိပါတယ်။ တက္ကသိုလ် မှာရှိတဲ့ ဥပဒေအထူးပြု ကျောင်းသားကျောင်းသူများကို ဥပဒေပညာ ပထမနှစ်မှစ၍ စတုတ္ထနှစ်အထိ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အမှုလိုက်ပါဆောင်ရွက်ရေး၊ အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းများ ချုပ်ဆိုရေးဘာသာရပ်တွေကို သတ်မှတ်သင်ရိုးညွှန်းတမ်းတွေနှင့်အညီ သက်ဆိုင်ရာတက္ကသိုလ်တွေက သင်ကြားပို့ချပေးလျက်ရှိတဲ့အပြင် စိတ်ကြိုက်အထူးပြုဘာသာရပ် နယ်ပယ်အနေဖြင့် မဟာဘွဲ့ (ဥပဒေ) ကျောင်းသား ကျောင်းသူများကို ပြည်တွင်း ဥပဒေအထူးပြု ဘာသာရပ်များလည်း စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးလျက်ရှိပါတယ်။ တက္ကသိုလ်တွေက ဥပဒေအထူးပြုဘာသာရပ်နဲ့ ဘွဲ့ရရှိတဲ့ ကျောင်းသားကျောင်းသူတွေကို နိုင်ငံတော်၏ အဓိကမဏ္ဍိုင်ကြီး ၃ ခုမှာ ဥပဒေနှင့် သက်ဆိုင်တဲ့ကိစ္စ တွေမှာပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ပညာရေးဆိုင်ရာရည်ရွယ်ချက်၊ ရည်မှန်းချက်တွေအတိုင်း နှစ်စဉ်ပို့ချဆောင်ရွက်နေတာရှိပါတယ်။ ဒါ့ကြောင့်မို့လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး ဒေါ်ဒွဲဘူရဲ့ အစိုးရဝန်ထမ်းတွေအပါအဝင် ဥပဒေပညာရပ်နှင့်အသက်မွေးဝမ်းကျောင်း ပြုနေသူများ ဥပဒေဘွဲ့ရများ၊ ဥပဒေပညာသင်ယူနေတဲ့ ကျောင်းသားကျောင်းသူတွေကို ဥပဒေအထောက်အကူပြု တဲ့ သင်တန်းတွေဖွင့်လှစ်ခြင်း၊ စာတွေ့၊ လက်တွေ့ပေါင်းစပ်သင်ကြားခြင်းပြုဖို့ အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်းပြီတော့ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပညာရေးဝန်ကြီးဌာတို့အနေနဲ့ အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။
